no

Font
Theme

အပိုင်း (၅၃) - ဆောင်းဦးအအေးဓါတ် (၁)

ရှန်ဇယ်ချွမ်းတစ်ယောက် ချက်ချင်းဆိုသလို ပြုံးလိုက်သည်။ "အဲ့ဒါက လျှို့ဝှက်ချက်ကြီးမဟုတ်ပါဘူး။ နှုတ်ဆက်ပါတယ်။"

"ဘာလို့ ငါပြောတာကို အဆုံးထိနားမထောင်ရတာလဲ။"

ရှောင်းချီရယ်က ပျောက်သွားသောလက်စွပ်ကို ပြန်လည်ရရှိပြီးနောက် စိတ်အခြေအနေကောင်းနေ၏။

"ကျိကန်းက မင်းရဲ့ရှစ်ဖူဆိုတော့ ငါတို့က သိုင်းမျိုးရိုးတူတဲ့ တပည့်တွေပဲ။ ဒါပေမဲ့ ငါက မင်းထက်အသက်ပိုကြီးတော့ ငါ့ကို ရှစ်ရှုန်း*လို့ခေါ်တာ ပိုသင့်တော်လိမ့်မယ်။"

[TN/ ရှစ်ရှုန်း - ဆရာတူ/ ဂိုဏ်းတူအစ်ကို။]

"ကျိမိသားစုက လိပေမှာ ဘာအဆက်အသွယ်မှမရှိဘူး။"

သို့သော် ထိုသို့ပြောပြီးသည်နှင့် ရှန်ဇယ်ချွမ်းတစ်ယောက် လွန်ခဲ့သောငါးနှစ်က နှင်းထဲမှာ ရှောင်းချီရယ်နှင့်တိုက်ခိုက်ခဲ့သည့်အချိန်ကို ပြန်လည်အမှတ်ရလိုက်၏။ ထိုအချိန်က ဖျောက််ဖျက်၍မရသော ရင်းနှီးကျွမ်းဝင်မှုကို သူ ခံစားခဲ့ရသည်။

"ဟုတ်ရင်လည်း ဟုတ်မယ်၊ မဟုတ်ရင်လည်း မဟုတ်ဘူးပေါ့။" ရှောင်းချီရယ်က ပြောလိုက်သည်။ "ကံကြမ္မာဖန်တဲ့ တွေ့ဆုံမှုတွေနဲ့ပတ်သက်လာရင် အတပ်ပြောဖို့ခက်တယ်လေ။"

ရှန်ဇယ်ချွမ်းက ကောချင်းချင်းနှင့် ရှောင်ဝူကို စောင့်နေဖို့လက်ဟန်ပြကာ ရှောင်းချီရယ်ဘေးမှာ ပြန်ထိုင်လိုက်သည်။ "ခင်ဗျား ကောချင်းချင်းအကြောင်း စုံစမ်းထားတာပဲ။"

"ငါ ဘယ်မေ့နိုင်ပါ့မလဲ။" ရှောင်းချီရယ်က သူ့ကိုကြည့်လိုက်သည်။ "လွန်ခဲ့တဲ့ငါးနှစ်တုန်းက သူ ငါ့ဆီကနေ အလွယ်တကူထွက်ပြေးသွားခဲ့တယ်။ ငါးနှစ်ကြာသွားပြီး အခုကျတော့ သူက မင်းနဲ့အရမ်းရင်းနှီးလာတယ်။ ဒီလောက်ထိတိုက်ဆိုင်နေတော့ ဘယ်လိုလုပ်ပြီး သံသယမဖြစ်ဘဲ နေနိုင်မှာလဲ။ ဒီတော့ အဲ့ဒီအချက်ကနေလိုက်ပြီး သူ့အကြောင်းအားလုံးကို ဖော်ထုတ်ခဲ့ရတာပေါ့။"

"ခင်ဗျား ဘာလိုချင်လို့လဲ။" ရှန်ဇယ်ချွမ်းက အပြုံးလေးဖြင့် မေးလိုက်သည်။

"ဘာမှမလိုပါဘူး။" ရှောင်းချီရယ်က လက်မြှောက်ကာ ရှန်ဇယ်ချွမ်း၏မျက်လုံးများကို လက်ဟန်ပြလိုက်သည်။ "မင်းရဲ့အပြုံးတုတွေကို မလိုအပ်ဘူး။ ငါတို့က အခုဆို သေရေးရှင်ရေးကို အတူတူကျော်ဖြတ်ခဲ့တဲ့ ညီအစ်ကိုတွေလို့ ပြောလို့ရတယ်၊ ဘာဖြစ်လို့ ဟန်ဆောင်မျက်နှာဖုံးတပ်ဖို့လိုဦးမှာလဲ။ မင်း ထိတ်လန့်နေတယ်။ အခု ကြောက်နေပြီမဟုတ်လား၊ ဟမ်။"

"သိပ်တော့လည်း မကြောက်ပါဘူး။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။

ရှောင်းချီရယ်က သူ၏တူကိုဇောက်ထိုးလှန်ကာ စားပွဲပေါ်ကို ပုတ်လိုက်သည်။ "ကျိကန်းက မင်းရဲ့ရှစ်ဖူဆိုရင် အရင်တုန်းက ကောချင်းချင်းဦးဆောင်ခဲ့တဲ့ တော်ဝင်အစောင့်တပ်က မင်းအသက်ကို သက်ညှာပေးခဲ့တာ မထူးဆန်းတော့ပါဘူး။"

"ခင်ဗျားက သံသယလွန်ကဲနေပြီ။" ရှန်ဇယ်ချွမ်းက စားပွဲပေါ်ရှိ အညိုရောင်ဆီကွက်များကို ငုံ့ကြည့်လိုက်သည်။ "အဲ့ဒီကန်ချက်က ကျွန်တော့်ကိုမသတ်နိုင်တာနဲ့ပဲ ခင်ဗျားက သံသယဝင်ပြီး အကြိမ်ကြိမ်စမ်းသပ်ဖို့ ကြိုးစားနေတယ်။ ခင်ဗျားက တကယ်ကို အစွဲကြီးလွန်းတယ်။"

"ငါ့မှာ သူတော်ကောင်းတရား များများစားစားမရှိဘူး။" ရှောင်းချီရယ်က ပြောလိုက်သည်။ "ဒါပေမဲ့ အဲ့ဒါတွေအားလုံးကို မင်းအတွက် သုံးလိုက်ပြီးပြီ။"

"ကျွန်တော်တို့က သိုင်းမျိုးရိုးတူတပည့်တွေလို့ ခင်ဗျားကပြောတော့။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "ခင်ဗျားရှစ်ဖူရဲ့နာမည်ကို ထိမ်ချန်ထားတာက မသင့်တော်ဘူးလေ၊ ဟုတ်တယ်မလား။"

ရှောင်းချီရယ်က တူကို ဝါးခွက်ထဲ ပြန်ထည့်လိုက်ရာ ခွက်က လဲသွားခဲ့သည်။ "ငါ့ကို ရှစ်ရှုန်းလို့ခေါ်တာကို အရင်နားထောင်ရအောင်လေ။"

ရှန်ဇယ်ချွမ်းက ဘာမှမပြောခဲ့ပေ။

"ကျိကန်းက သိပ်ကိုပြောင်မြောက်တဲ့လူပဲ။" ရှောင်းချီရယ်က ပြောလိုက်သည်။ "ငါ သွမ်ကျိုးကို လူလွှတ်ပြီးစုံစမ်းခိုင်းခဲ့တယ်၊ လူတိုင်းက သူ့ကို မီးထဲပါသွားတယ်လို့ ထင်နေကြတာ။ မင်းပြောကြည့်၊ သူက ရှောင်ဖုကျစ်ကို သတ်လိုက်တဲ့လူများဖြစ်နေမလား။"

"မဟုတ်ဘူး။" ရှန်ဇယ်ချွမ်းက တူခွက်ကို ပြန်ထောင်လိုက်သည်။ "ကျွန်တော့်ရှစ်ဖူက အသက်ကြီးနေပြီ၊ သူ့အရွယ်နဲ့ ဘယ်လိုလုပ်ပြီး လူသတ်နိုင်ပါ့မလဲ။"

လေပြည်တစ်ချက်က ဖြတ်တိုက်သွားပြီး အမျိုးသားနှစ်ယောက်လုံး မလှုပ်ကြပေ။

"ကြည့်ရတာ မင်း ဘာမှမလုပ်ခဲ့တဲ့ပုံပဲ။" ရှောင်းချီရယ်က ပြောလိုက်သည်။ "ဒါပေမဲ့ မင်းက အားလုံးလုပ်ခဲ့တယ်လို့ ငါခံစားနေရတယ်။"

"ကျွန်တော် လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ ခင်ဗျားက ကျွန်တော့်ကို လွှတ်ပေးမှာမှမဟုတ်တာ။" ရှန်ဇယ်ချွမ်းက ခုံကိုဆုပ်ကိုင်လျက် ရှောင်းချီရယ်ဘက်လှည့်ကာ တိတ်တဆိတ်ရယ်မောလိုက်သည်။ "ဒါဆိုလည်း ကောင်းပြီလေ၊ ခင်ဗျား ကျွန်တော့်ကိုမုန်းဖို့ အကြောင်းပြချက်ရှိအောင် မကောင်းတဲ့အရာတွေအားလုံးကို ဘာလို့ မလုပ်ဘဲနေရမှာလဲ။"

...

နောက်တစ်နေ့တွင် ရှောင်းချီရယ် နန်းတွင်းထဲဝင်သည့်အချိန်မှသာ တော်ဝင်ကိုယ်လုပ်တော်ဝေ့၏ သေဆုံးမှုအကြောင်းကို ကြားသိခဲ့ရသည်။

လီကျန်းဟန်က ဧကရာဇ်ဝတ်ရုံတော်ကို လက်ခံပြီးလေပြီ။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင် သူက အလွန်ငိုကြွေးခဲ့သည့်အလျောက် ပင်ပန်းနွမ်းနယ်နေ၏။ ပလ္လင်ပေါ်မှာထိုင်နေသည့် သူက ပြောလာခဲ့သည်။ "သူတို့က သူ(မ) ရေတွင်းထဲခြေချော်ပြီးကျသွားတာလို့ ပြောကြတယ်။ မနေ့ညကမှ သူ(မ)ရဲ့အလောင်းကို ရှာတွေ့ခဲ့ကြတာ။"

ထိုခြေချော်မှုက မည်မျှ မသက်မသာဖြစ်လိုက်သနည်း။

ပတ်ပတ်လည်မှာ မည်သူမှမရှိသောအခါ လီကျန်းဟန်က တီးတိုးပြောလာခဲ့သည်။ "ချဲ့အန်း၊ အဲ့ဒါ မင်းလုပ်ရပ်လို့ မပြောနဲ့နော်။"

ရှောင်းချီရယ်က ခေါင်းယမ်းပြလိုက်သည်။

လီကျန်းဟန်က ချက်ချင်းဆိုသလို စိတ််သက်သာရာရသွားပုံပင်။ သူက ဧကရာဇ်၏ပလ္လင်ပေါ်မှာ မသက်မသာဖြစ်ကာ ဖင်တကြွကြွဖြစ်နေ၏။ "အခု ငါ နန်းတော်ထဲမှာနေရတော့ ငါ မျက်လုံးဖွင့်လိုက်တိိုင်း မိန်းမစိုးတွေကိုပဲ မြင်နေရတယ်။ အဲ့ဒါက တော်တော်လေး ကြောက်စရာကောင်းတာပဲ။ သူတို့က ဖန်းရူကွေ့ကို လောင်ကျူကျုန်းဆိုပြီး ခေါ်နေကျ၊ အခုကျ သူတို့ရဲ့လောင်ကျူကျူန်းက အကျဥ်းထောင်ထဲမှာ! ချဲ့အန်း၊ သူတို့တွေ ငါ့ကို မုန်းနေလောက်မလား။"

သူက စိုးရိမ်ပူပန်မှုများကို ဖွင့်ဟနေပြီး သူ၏စကားလုံးတိုင်းမှာ သူမည်မျှကြောက်ရွံ့နေကြောင်း ထင်ရှားနေသည်။ အဆုံးသတ်မှာ သူက အနည်းဆုံး အခုလောလောဆယ်အတွက် အစောင့်တာဝန်နှင့် ကင်းလှည့်ဖို့တာဝန်များ ထမ်းဆောင်ရန် တော်ဝင်စစ်တပ်၏စစ်သည်တော်တချို့ကို နန်းဆောင်ထဲစေလွှတ်ပေးဖို့ ရှောင်းချီရယ်ကို တောင်းဆိုလိုက်သည်။ ထုံးစံအတိုင်း ရှောင်းချီရယ်က မငြင်းခဲ့ပေ။ နောက်အခိုက်အတန့်၌ လီကျန်းဟန်က ပြောလိုက်သည်။

"လီပေကနေ စာပို့လာတယ်။ လီပေဘုရင်နဲ့ မင်းရဲ့သာ့ကောက လမ်းမှာရောက်နေကြပြီတဲ့။ ချဲ့အန်း၊ ရက်နည်းနည်းနေရင် မင်း သူတို့ကို တွေ့ရတော့မှာ။"

လီကျန်းဟန်က ရှောင်းချီရယ်ကို သိသိသာသာ မြှောက်စားနေခြင်းဖြစ်၏။ ယခု သူက နယ်မြေများအားလုံး၏ သခင်ဖြစ်လာပြီး အရင်ကထက် ပို၍ကြောက်တတ်လာ၏။ သူ၏မာနထောင်လွှားမှုများက ဆောင်းဦးရာသီအမဲလိုက်ပွဲမှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားပုံပင်။ နောက်ဆုံးတော့ အာဏာအစစ်အမှန်ကို မည်သူကဆုပ်ကိုင်ထားကြောင်း သူ နားလည်လာခဲ့သည်။

ရှောင်းချီရယ်က ဆုလာဘ် သို့မဟုတ် ချီးမွမ်းထောပနာပြုခြင်းကို ရှာဖွေနေခြင်းမဟုတ်သော်လည်း သူ ဆန္ဒအရှိဆုံးအရာကို အခြားသူများထက် လီကျန်းဟန်က ပိုသိသည်။ သို့သော် လီကျန်းဟန်က သူ့အား လီပေသို့ အိမ်ပြန်ခွင့်ပေးသည့်အကြောင်းနှင့်ပတ်သက်ပြီး တစ်ခွန်းမှမဟခဲ့ပေ။

ရှောင်းချီရယ်၏မျက်နှာက တည်ငြိမ်နေဆဲဖြစ်သော်လည်း သူ၏နှလုံးသားကတော့ အနည်းငယ်နစ်မြုပ်သွား၏။

ငါးရက်ကြာပြီးနောက် လီပေဘုရင်က ချွိတူးသို့ရောက်လာခဲ့သည်။ ဆောင်းဦးမိုးက တစ်နေ့လုံး စဲမသွားဘဲ တစ်ဖြောက်ဖြောက်ကျနေသော်လည်း ရှောင်းချီရယ်တစ်ယောက် မနက်အစောကြီးကတည်းက သူ၏မြင်းနှင့်အတူ နန်းမြို့တော်ကနေထွက်ကာ ဟိုးအရင်နှစ်များတုန်းက ၎င်းတို့ကို လိုက်ပို့ခဲ့သည့်ဇရပ်မှာပဲ ရပ်စောင့်နေခဲ့သည်။ လေးနာရီကြာစောင့်ဆိုင်းပြီး နောက်ဆုံးတော့ အဝေးကမိုးကုပ်စက်ဝိုင်းတစ်လျှောက် သိမ်းငှက်များပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ သူ့ပခုံးပေါ်ရှိ မာန်က စိတ်လှုပ်ရှားနေပြီး ၎င်း၏ညီအစ်ကိုမောင်နှမများနှင့်တွေ့ဆုံရန် ကောင်းကင်ထက် ပျံသန်းသွားခဲ့သည်။

သံချပ်ကာမြင်းတပ်က မိုးရေစက်ကုလားကာနောက်ကနေ ထွက်ပေါ်လာ၏။ ၎င်းက ရေကိုဖြတ်သန်းသွားသော မင်နက်စုတ်ချက်ကဲ့သို့ ရှောင်းချီရယ်ဆီ ချီတက်လာခဲ့သည်။ ရှောင်းချီရယ်တစ်ယောက် မစောင့်နိုင်တော့ဘဲ ဇရပ်ထဲကထွက်ကာ မိုးရေထဲကို ဒရောသောပါးပြေးသွားပြီး ၎င်းတို့ကို နှုတ်ဆက်လိုက်၏။

"အဖေ!"

မြင်းပေါ်မှာထိုင်နေသော ရှောင်းကျိမင်က ကျယ်လောင်စွာရယ်မောကာ သူ့အဖေကိုပြောလိုက်သည်။ "သူက အခု လူကောင်အရမ်းထွားပြီး သိပ်ကိုသန်မာတဲ့ပုံပေါက်ပေမဲ့ အဖေ့ကိုတွေ့လိုက်တာနဲ့ သူ့ရဲ့အရောင်အစစ်အမှန်က ပေါ်လာတော့တာပဲ။"

ရှောင်းဖန်းရွှီက သူ၏ဝါးခမောက်ကိုချွန်ကာ ရှောင်းချီရယ်၏ဦးခေါင်းပေါ် ဆောင်းပေးလိုက်သည်။ "မင်းက အရပ်ရှည်လာတာပဲ။" သူက သူ့သားကို အခိုက်အတန့်တစ်ခုလောက် စူးစမ်းနေပြီးနောက် ပြောလိုက်သည်။

ရှောင်းချီရယ်က အကျယ်တဝင့်ပြုံးလိုက်သည်။ "ဟုတ်တယ်။ အခုဆို သာ့ကောကတောင် ကျွန်တော့်ထက် ခေါင်းတစ်လုံးစာ ပိုပုသွားပြိ!"

"ကောင်စုတ်လေး။" ရှောင်းကျိမင်က ပြောလိုက်၏။ "သူ ကျွန်တော့်ထက် အရပ်ပိုရှည်သွားကတည်းက ကျွန်တော်တို့တွေ့တိုင်း ဒါကိုပဲပြောနေတော့တာ။"

ရှောင်းဖန်းရွှီက သူ၏မြင်းဇတ်ကြိုးကို ကျောင်းဟွေးထံပေးကာ မြင်းပေါ်ကနေဆင်းလိုက်သည်။ ထို့နောက် လက်လှမ်းကာ သူ၏သားငယ်ကိုပွေ့ဖက်၍ ကျောပြင်ကိုပုတ်ပေးလိုက်သည်။ "အရူးလေး!"

ရှောင်းချီရယ်က ရယ်မောလိုက်၏။ "ကျွန်တော်စောင့်နေတာ ကြာပြီ။ လမ်းမှာ တစ်ခုခုဖြစ်နေလို့လား။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment