အပိုင်း (၄၀) - ဆုံးဖြတ်ချက် (၂)
"မင်းက ဒီလိုပြောလာတော့..." ချီထိုက်ဖူက သူ၏စုတ်တံကို ဘေးဖယ်လိုက်သည်။ "ငါ မင်းကို တစ်ခုမေးမယ်။"
"ဟုတ်ကဲ့ပါ၊ ရှန်းရှုန်း။"
"မင်းရဲ့အမြင်မှာ ရှောင်းချီရယ်က ဘယ်လိုလူစားမျိုးလဲ။"
ရှန်ဇယ်ချွမ်းက မျက်လွှာချကာ မြေပုံကိုကြည့်လိုက်သည်။ "စူးရှတယ်၊ ထက်မြက်တယ်၊ သမားရိုးကျမလုပ်တတ်ဘူး။"
"ငါထင်တာတော့ သူက..." ချီထိုက်ဖူက သင့်တော်သောစကားလုံးကို ရှာမတွေ့သကဲ့သို့ သူ၏ဦးခေါင်းကို ကုတ်ခြစ်လိုက်သည်။ ခဏတာ စိတ်ရှုပ်နေပြီးနောက် စားပွဲကိုမှီကာ လျှို့ဝှက်စွာပြောလိုက်သည်။ "သူက ဒီရေလှိုင်းကိုပြန်လှည့်ဖို့ ကောင်းကင်ဘုံကနေ လီပေကိုပေးပို့လိုက်တဲ့ မဟာအခွင့်အရေးလို့ ငါထင်တယ် - သိပ်ကိုထူးခြားတဲ့ဉာဏ်ကြီးရှင်ပေါ့။"
ရှန်ဇယ်ချွမ်းက သူ၏စုတ်တံကို လက်ချောင်းများကြား လှည့်ပတ်လိုက်သည်။ "ရှန်းရှုန်းက ဘာလို့ အဲ့လိုပြောရတာလဲ။"
ချီထိုက်ဖူက စားပွဲအောက်ကို ငုံ့ကိုင်းကာ သူကိုယ်တိုင်ရေးထားသောစာအုပ်ကို ဆွဲထုတ်လိုက်သည်။ နှစ်ပေါင်းများစွာ ကုန်လွန်လာသည်နှင့်အမျှ အသက်ကြီးလာပြီး မေ့တတ်လာကြောင်း သူ့ကိုယ်သူသိသဖြင့် သူတတ်နိုင်သလောက် စာရွက်ပေါ်မှာချရေးထားခဲ့သည်။ သူက စာရွက်အနည်းငယ် တဖျပ်ဖျပ်လှန်လိုက်ပြီး စားပွဲပေါ်ကိုတင်၍ ရှန်ဇယ်ချွမ်းဆီ တွန်းပို့လိုက်၏။
"ဒါတွေက ကောချင်းချင်း စစ်ဌာနကနေရယူနိုင်ခဲ့တဲ့ အသေးစိတ်အချက်အလက်တွေ။ လွန်ခဲ့တဲ့ရှစ်နှစ်၊ ရှန်သျယ်နန်းတက်တဲ့ ပထမနှစ်မှာ ရှောင်းချီရယ်က ဆယ့်လေးနှစ်ပေါ့။ သူက ပျန်းရှားတွေကို ဆန့်ကျင်တဲ့တိုက်ပွဲမှာ ရှောင်းကျိမင်နောက်ကလိုက်သွားခဲ့တယ်။ နွေခေါင်ခေါင်တစ်ရက်မှာ ရှောင်းကျိမင် ဟုန်ယန်တောင်ရဲ့အရှေ့ဘက်အခြမ်းမှာ ပျန်းရှားတပ်ဖွဲ့သုံးဖွဲ့ဆီကနေ အဝိုင်းခံလိုက်ရတယ်။ ဟုန်ကျန်းမြစ်ကမ်းပါးမှာ ထောင််ချောက်မိပြီး တပ်ပြန်ဆုပ်ဖို့ကိုလည်း တားဆီးခံခဲ့ရတယ်။ သုံးရက်ကြာပြီးနောက်မှာတောင် သူတို့အဖေရဲ့တပ်ကူတွေ ရောက်မလာသေးဘဲ ရှောင်းကျိမင်က အသက်ရှင်ဖို့အတွက် ပြင်းထန်တဲ့နောက်ဆုံးတိုက်ပွဲထဲ ဝင်ရောက်ရတော့မဲ့အခြေအနေဖြစ်လာတယ်။ ပျန်းရှားတပ်ဖွဲ့သုံးဖွဲ့ရဲ့ မြင်းစီးသမားတွေက သိပ်မြန်တာ။ လီပေသံချပ်ကာမြင်းတပ်က သံမဏိလိုသန်မာပြီး ထိပ်တိုက်ယှဥ်ပြိုင်မှုတွေမှာ သိပ်ကိုထက်မြက်ပေမဲ့ သူတို့က အပြန်အလှန်စေ့စပ်မှုတွေမှာ အလျင်အအမြန် မလှုပ်ရှားနိုင်ကြတော့ဘူး။ တကယ်လို့ တိုက်ပွဲကသာ ရှည်မယ်ဆိုရင် ရှောင်းကျိမင်ရဲ့စစ်တပ်က အရင်ဆုံးခြေကုန်လက်ပန်းကျသွားမှာ။"
ချီထိုက််ဖူက ခဏနားကာ အရက်တစ်ငုံသောက်လိုက်သည်။ "ဒါပေမဲ့ အဲ့ဒီတတိယမြောက်ညမှာ ပျန်းရှားတပ်ဖွဲ့တွေအားလုံး ဒီရေအလား ပြန်ဆုတ်ခွာသွားခဲ့ကြတယ် - ဖြစ်ချင်တော့ သူတို့သေချာစောင့်ရှောက်ထားတဲ့ ရိက္ခာတွေအားလုံး မီးရှို့ခံလိုက်ရလို့ပဲ။ မီးက သူတို့ရဲ့တပ်စခန်းအလယ်ကနေစလောင်ပြီး နောက်တန်းအဖွဲ့တွေအားလုံးကို ကမောက်ကမဖြစ်သွားစေခဲ့တာပေါ့။ ရှောင်းကျိမင်က အခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး တစ်ညအတွင်း အပြင်းအထန်တိုက်ခိုက်ပြီး ပိတ်ဆို့ထားတာကို ဖြတ်ကျော်နိုင်ခဲ့တယ်။"
"စစ်ဌာနမှာ မှတ်တမ်းတင်ထားတဲ့ လီပေရဲ့မှတ်တမ်းက အဲ့ဒီနေရာမှာပဲအဆုံးသတ်တယ်။ ငါ ဆက်ပြောမဲ့အရာက မင်းရဲ့ရှစ်ဖူ အားထုတ်ပြီးရှာဖွေထားရတဲ့ သတင်းအချက်အလက်တွေပဲ။ အစောင့်တွေထူထဲအောင်ချထားတဲ့ ရိက္ခာတွေ ဘယ်လိုလုပ်ပြီး မီးလောင်သွားလဲဆိုတာကို မင်း ခန့်မှန်းကြည့်နိုင်လား။ ပျန်းရှားရဲ့ တတိယမြောက်တပ်ဖွဲ့က ရေအိမ်အဖြစ်အသုံးပြုဖို့ မြစ်ကမ်းပါးအနီးမှာ တူးမြောင်းတူးခဲ့တယ်။ ရှောင်းချီရယ်က ဟုန်ကျန်းမြစ်ကနေ အဲ့ဒီတူးမြောင်းအထိ ခိုးဝင်လာပြီး ရွှံ့တွေထဲ ညအချိန်တစ်ဝက်လောက် တွားသွားပြီးတော့မှ ရန်သူ့တပ်စခန်းထဲ ခိုးဝင်ခဲ့တာ။"
ချီထိုက်ဖူက သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။ "ဒါပေမဲ့ လီပေက ဒီလိုအသိအမှတ်ပြုလောက်စရာလုပ်ရပ်ကို သတင်းဖုံးဖိထားခဲ့ကြတယ်။ အဲ့ဒါတင်မကသေးဘူး။ ရှောင်းချီရယ် ချွိတူးကိုရောက်လာကတည်းက လတ်လျားလတ်လျားနေတဲ့ ငပျင်းတစ်ယောက်လို့ သူ့ကိုယ်သူနာမည်တပ်ထားပေမဲ့ ငပျင်းတစ်ယောက်က အဲ့လိုသတ္တိမျိုးကို ပိုင်ဆိုင်ထားပါ့မလား။ စဥ်းစားကြည့်လိုက်၊ အဲ့ဒီတာဝန်ကို သူ ကျရှုံးခဲ့ရင် သူ့အစ်ကိုအတွက် သေခြင်းတရားဖြစ်လာမှာ။ သူက နှစ်ရက်တိုင်တိုင် ပုန်းအောင်းနေခဲ့ပြီး ပျန်းရှားတပ်တွေ သတိလက်လွတ်ဖြစ်တဲ့အချိန်ကို စောင့်ပြီးတော့မှ မီးရှို့ခဲ့တာ။ အဲ့ဒီနှစ်ရက်လုံး သူ့အစ်ကိုက အသက်အန္တရာယ်ရှိတဲ့အခြေအနေမှာ။ တကယ်လို့ မီးမစွဲခဲ့ရင် ဒါမှမဟုတ် သူ့ရဲ့အချိန်ကိုက်ညီမှုက လွဲမှားသွားခဲ့ရင် ဘာဖြစ်လာမလဲ။ စောလွန်းရင် ပျန်းရှားတပ်တွေက ရှေ့တန်းလိုမျိုးခိုင်မာနေကြမယ်၊ နောက်ကျလွန်းပြန်ရင်လည်း လီပေတပ်သားတွေ စိတ်ဓါတ်ကျသွားနိုင်တယ်! ဒါပေမဲ့ သူက အချိန်အတိအကျကို ဖမ်းဆုပ်နိုင်ခဲ့တယ်။ သိပ်ကိုထူးခြားတဲ့အမြင်မရှိဘဲ ဘယ်လိုလုပ် အဲ့ဒါကိုလုပ်နိုင်ပါ့မလဲ။"
ရှန်ဇယ်ချွမ်းက အတွေးနက်သွား၏။
"အဲ့ဒီကောင်လေးက သိပ်ကိုရူးသွပ်တယ်။ ဒီလိုစွန့်စားခန်းမှာ သူနဲ့အတူ ဒီလောက်လူလေးကိုပဲ ခေါ်လာခဲ့တာ-" ချီထိုက်ဖူက လက်နှစ်ချောင်းထောင်ပြလာပြီး ခဏရပ်တန့်သွားခဲ့သည်။ "လန်ကျိုး၊ ဖန်းရူကွေ့ သူ့ကို တော်ဝင်စစ်တပ်ကိုပို့လိုက်တာက စွန့်စားမှုကို လျှော့ချဖို့ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲ့လိုလုပ်လိုက်တာက သူ့ရဲ့သေစေနိုင််တဲ့မဟာအမှားပဲ။ သူက တော်ဝင်စစ်တပ်ကို နောက်ဆုံးအခြေအနေရောက်နေပြီလို့ ထင်လိုက်ပေမဲ့ သူ့နောက်ခံကိုကြည့်ရင် - အမျိုးသားတွေအားလုံးက ဧကရာဇ်အတွက်အမှုထမ်းတဲ့ မင်းမှုထမ်းမိသားစုတွေဆီက ဆင်းသက်လာခဲ့ပြီး ချွိတူးနဲ့ ချွိတူးတစ်ဝိုက်မှာ နေထိုင်ကြတယ်။ မဟာတပ်ရင်းရှစ်ခုကလည်း သူတို့ကို များများစားစားထည့်မတွေးဘူး၊ ဒီတော့ ဒီစစ်တပ်ဟာ ဧကရာဇ်တစ်ပါးတည်းကိုသာ ခစားကြတယ်။ အခု ဧကရာဇ်ကလည်း သူတို့ကို မလိုချင်တော့ဘူးဆိုတော့ ဒီတပ်သားနှစ်သောင်းက သခင်မရှိတဲ့လက်နက်တွေဖြစ်လာရော။ သူတို့သာ အဖြစ်မရှိတဲ့ သခင်လေးတစ်ယောက်ယောက်ရဲ့လက်ထဲ ကျရောက်သွားမယ်ဆိုရင် ကိစ္စတစ်ခုဆိုပေမဲ့ အခု ရှောင်းချီရယ်ရဲ့လက်ထဲမှာရှိနေတယ်.... အခု ရှောင်းကျိမင်က မင်းသားချူးကိုကာကွယ်နေတာကို ဘယ်အရာက တားဆီးနိုင်တော့မှာလဲ။"
ဒီတော့ အဲ့လိုကိုး!
ယခင်က ရှန်ဇယ်ချွမ်း ရှုပ်ထွေးနေခဲ့သောအရာများအားလုံးက ယခု ရှင်းလင်းလာခဲ့သည်။ ရှောင်းချီရယ်ကို ချွိတူးမှာချန်ထားခဲ့လျှင် သူ၏ရှောင်တိက နယ်ရုပ်တစ်ရုပ်ဖြစ်လာမည်ကို ရှောင်းကျိမင် နားလည်မည်ဟု သူခန့်မှန်းမိသည်။ ထို့ကြောင့် ရှောင်းကျိမင်က ထိုနယ်ရုပ်ကို စွန့်လွှတ်ရင်စွန့်လွှတ် ထိုသို့မဟုတ်ပါက သတိဖြင့်ရှေ့ဆက်ရလိမ့်မည်။ သို့သော် သူသာ သတိထားနေလျှင် ရှောင်းချီရယ်အား ချူးဘုရင်နား ကပ်ခွင့်ပေးမည်မဟုတ်ပေ။ ၎င်းက ပြဿနာရှာခြင်းသာဖြစ်ပေ၏ - ရှောင်းချီရယ်က အမြဲတမ်းသည်းခံကာ ချူးဘုရင်၏အနောက်ကနေ သူ၏အရှုပ်တော်ပုံများကို ရှင်းပေးနေရလိမ့်မည်။
"ဒီနှစ် ချွိတူးမှာ အရိုးခိုက်လုမတတ် အအေးဓါတ်ပြင်းထန်တယ်။ ငါတို့က အရေအတွက််နည်းသလို အင်အားလည်းနည်းတယ်၊ ဒီတော့ ကင်းကင်းရှင်းရှင်းနေတာ အကောင်းဆုံးပဲ။" ချီထိုက်ဖူက စကားအကြာကြီးပြောလိုက်ရာ လည်ချောင်းများခြောက်သွေ့လာ၏။ "တော်ဝင်ကျောင်းတော်က အဓိကရုဏ်းဖြစ်ပြီးနောက်ပိုင်း ဧကရီမယ်မယ်နဲ့ ရှီးကုအန်းတို့ကြား ခွာပြဲလာကြပြီ။ သူ(မ)ကသာ အာဏာကိုချုပ်ကိုင်ချင်ရင် ဆက်ခံသူက အရေးကြီးကိစ္စဖြစ်လာမှာပဲ။ အဲ့သလိုပဲ ချူးဘုရင် တစ်ခုခုဖြစ်ခဲ့ရင် ရှောင်းချီရယ် အားထုတ်ခဲ့သမျှဟာလည်း အကုန်အချည်းနှီးဖြစ်သွားလိမ့်မယ်။ ဒီနေ့ ရှောင်းချီရယ် မင်းကို အရေးတကြီးတွေ့ချင်တာက သူ ကြိုတင်သတိထားနေလို့ပဲဖြစ်မှာ။"
"ဒါပေမဲ့ ဧကရီမယ်မယ်ကလည်း ပါးနပ်နေတုန်းပဲ။ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက နင်းဘုရင်* အခုလက်ရှိထိုင်နေတဲ့နေရာကို တက်လှမ်းနိုင်ဖို့ သူ(မ)က အရှေ့နန်းဆောင်တစ်ခုလုံးကို မဆိုင်းမတွဘဲ သုတ်သင်ခဲ့တယ်။ အခုလည်း မမျှော်လင့်ထားတဲ့အရာတွေကို ကာကွယ်ဖို့အတွက် ချူးဘုရင်ကို ဝမ်းမြောက်စွာနဲ့ ဖယ်ရှားလိုက်မှာပဲ။ ဒီတော့ ဘုရင့်ရဲ့လုံခြုံမှုကို သေချာစေဖို့ ရှောင်းချီရယ်အတွက် လွယ်ကူမှာတော့မဟုတ်လောက်ဘူး။"
[TN/ နင်းဘုရင် - ရှန်သျယ်ဧကရာဇ် မင်းသားဘဝတုန်းကနာမည်ပါ။]
"ဧကရီမယ်မယ်က ရှီးကုအန်းကို အသုံးမချဘူးဆိုရင် ကျန်တာဆိုလို့ ကျိလေပဲရှိတော့တယ်။" ရှန်ဇယ်ချွမ်း၏မျက်လုံးများက တည်ငြိမ်နေ၏။ "တော်ဝင်အစောင့်တပ်မှာ ကျွမ်းကျင်တဲ့သူတွေအပြည့်ပဲဆိုတော့ သူတို့ရဲ့အလုပ်တွေကို သေသေသပ်သပ်နဲ့ ထိထိမိမိဆောင်ရွက်နိုင်တယ်။"
"ဒါက ကျားနဲ့ နဂါးကြားက တိုက်ပွဲပဲ။" ချီထိုက်ဖူက ပြောလိုက်သည်။ "အခုချိန်မှာ မင်း ချူးဘုရင်နဲ့ပူးပေါင်းမလား၊ ဒါမှမဟုတ် ဧကရီမယ်မယ်နဲ့ ပူးပေါင်းမလားဆိုတာကို ဆုံးဖြတ်ရလိမ့်မယ်။"
ရှန်ဇယ်ချွမ်းက လက်ဆန့်ထုတ်ကာ မြေပုံကို ဖုံးအုပ်လိုက်လေသည်။
***
Aurora Novel Translation Team