အပိုင်း (၁၅) - သံသယ (၁)
တော်ဝင်စစ်တပ်အတွက် တာဝန်ချိန်အလှည့်အပြောင်းလုပ်ဖို့ အချိန်မတိုင်ခင်လေး၌ စစ်သည်တော်များမှာ အေးခဲနေပြီး ရပ်နေသည့်နေရာ၌ ကိုယ့်ကိုယ်ကိုယ်ပွေ့ဖက်ထားကြရ၏။
ချွိတူး၏တော်ဝင်စစ်တပ်သည် တစ်ချိန်က မြို့ရှစ်မြို့၏ တော်ဝင်အစောင့်တပ်ဖြစ်ခဲ့ဖူးပြီး ချွိတူး၌ တော်ဝင်နန်းတော်၏ ခိုင်မာသောတံတိုင်းများဖြစ်ခဲ့သည်။ အကျဥ်းသားကို စောင့်ကြပ်ခြင်း၊ လိုက်ပါပို့ဆောင်ခြင်းကဲ့သို့ အသေးအဖွဲကိစ္စများက ၎င်းတို့၏အလုပ်မဟုတ်ပေ။ သို့သော်လည်း မဟာတပ်ရင်းရှစ်ခု အာဏာရလာသောအခါ ၎င်းတို့၏တာဝန်များက တဖြည်းဖြည်းဆုတ်ယုတ်လာပြီး နောက်ပိုင်းတွင် တော်ဝင်စစ်တပ်က ချွိတူးအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုထက် မပိုတော့ပေ။ စစ်ရေးဆိုင်ရာတာဝန်များကို မထမ်းဆောင်ရတော့ဘဲ ၎င်းတို့က နန်းမြို့တော်၏ အောက်ခြေသိမ်းအလုပ်သမားများလို ဖြစ်လာခဲ့၏။ ထိုအချိန်တုန်းက တော်ဝင်စစ်တပ်မှာ တကယ့်တိုက်ပွဲကို တစ်ခါမှမမြင်ဖူးသည့် စစ်ရေးအရာရှိဟောင်းများ၏သားများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
[TN/ တော်ဝင်စစ်တပ်နဲ့ တော်ဝင်အစောင့်တပ်က မတူပါဘူး။]
တော်ဝင်အစောင့်တပ်၏ စစ်ဆေးရေးမှူးဖြစ်သည့် ကောချင်းချင်းက ချွိတူးမှာ ရာထူးမြင့်အမတ်တစ်ယောက်မဟုတ်သော်လည်း သူက ဘုရားကျောင်း၌ အစောင့်တာဝန်ထမ်းဆောင်ဖို့ တာဝန်ကျသည့်အစောင့်များအတွက်မူ သင့်တော်ပေ၏ - မြှောက်ပင့်ခံရဖို့ လုံလုံလောက်လောက်မြင့်မားသလို ဖော်ရွေသောစကားဝိုင်းကို မျှဝေဖို့အတွက်လည်း နှိမ့်ချနိုင်သည်။ မည်သို့ပင်ဆိုစေ တူညီသောချွိတူးလမ်းမများထက် နေ့တိုင်း သွားလာလှုပ်ရှားနေရသဖြင့် တစ်ယောက်နှင့်တစ်ယောက် သတိထားဖို့လို၏။ ရာထူးနည်းနည်းလေးမြင့်တဲ့သူကိုတောင် ထိုအစောင့်များက အလွယ်တကူ 'အရိုအသေ' မပေးဝံ့ကြပေ။ သို့သော် ကောချင်းချင်းက ၎င်းတို့နှင့်ဆက်ဆံရာတွင် အလွန်ရက်ရောသဖြင့် သူက ကျိကန်းကိုခေါ်လာသောအချိန်မှာ တော်ဝင်အစောင့်များက မျက်ကွယ်ပြုပေးခဲ့ကြပြီး ဘုရားကျောင်းရှိ မူလအစေခံ၏တာဝန်များကို ကျိကန်းအား လွှဲယူခွင့်ပြုခဲ့ကြသည်။
ကောချင်းချင်းက တာဝန်ကျအစောင့်များကို နှုတ်ဆက်ကာ လမ်းမှာရပ်ဝယ်ခဲ့သော ပေါက်စီပူပူများကို မျှဝေပေးလိုက်သည်။ ကျိကန်းက ထွက်မလာသေးပေ။ အတွေးနက်နေသော သူ၏အမူအရာကို မြင်လိုက်ရသောအခါ အဖွဲ့ခေါင်းဆောင်က အကြံပြုလာ၏။ "ချင်းကော၊ အလျင်လိုနေတယ်ဆိုရင် ကျွန်တော်တို့ကိုယ်စား အထဲကိုသွားကြည့်လိုက်ပါ။"
"အဲ့ဒါက စည်းကမ်းချိုးဖောက်ရာရောက်တယ်မဟုတ်ဘူးလား။"
အဖွဲ့ခေါင်းဆောင်က အနောက်တံခါးကိုစောင့်နေသူအား လမ်းဖွင့်ပေးဖို့ အချက်ပြလိုက်သည်။ "ချင်းကောက ကျွန်တော်တို့ထဲကတစ်ယောက်ပဲလေ။" သူက ပေါက်စီကိုတစ်ကိုက်ကိုက်ကာ ပြောလာ၏။ "ပြီးတော့ ဒီဘုရားကျောင်းကို လုံးဝဝန်းရံထားတာမို့ ရေတစ်စက်ကလေးတောင် ဖြတ်မသွားနိုင်သလို သူလည်း ဘယ်မှမသွားနိုင်ပါဘူး။"
ကောချင်းချင်းက နှစ်ခါငြင်းမနေတော့ဘဲ ဘုရားကျောင်းထဲဝင်သွားခဲ့သည်။
ကျိကန်းက တံစက်မြိတ်အောက်မှာထိုင်နေပြီး ကောချင်းချင်းကို တွေ့လိုက်ရသောအခါ ထရပ်၍ မေးမြန်းလာခဲ့သည်။ "အချိန်ကျပြီလား။"
"နေမထွက်သေးလို့ ကျိရှူး နည်းနည်းလောက် ထပ်နေလို့ရပါသေးတယ်။" ကောချင်းချင်းက ဘုရားကျောင်းခြံဝန်းကို စစ်ဆေးလိုက်သည်။ "ဒီနေရာက နေထိုင်ဖို့အဆင်မပြေနိုင်ဘူး။ အထူးသဖြင့် ဆောင်းရာသီမှာ ပိုဆိုးလိမ့်မယ်။ ကျွန်တော် ဒီကနေ့ စောင်တချို့ပို့ခိုင်းလိုက်ပါ့မယ်။"
သူ စိုးရိမ်ပူပန်နေကြောင်း ကျိကန်း မြင်နေရ၏။ "ကိစ္စတစ်ခုခုရှိလို့လား။"
"ဘာမှမဟုတ်ပါဘူး။" ကောချင်းချင်က တွန့်ဆုတ်နေသည်။ "ဒီနေ့ ဒုတိယသခင်လေးရှောင်းနဲ့ လမ်းမှာတွေ့ခဲ့လို့ပါ။"
ရှန်ဇယ်ချွမ်းက မော့ကြည့်လိုက်သည်။ "ဒီရှောင်းက..."
"ရှောင်းချီရယ်။" ကောချင်းချင်းက ပြောလိုက်၏။ "လီပေမင်းသားရဲ့ ဒုတိယမြောက်သား။ မင်းကိုကန်ခဲ့တဲ့တစ်ယောက်လေ။ ဒီနေ့တွေ့ခဲ့တာတော့ ခြေလှမ်းတွေလည်းမမှန်၊ အရက်နံ့ကလည်း ထောင်းထောင်းထနေတာ။ ကြည့်ရတာ မနေ့ညက အရက်သွားသောက်ခဲ့တဲ့ပုံပဲ။"
"ရှောင်းကျိမင်မဟုတ်တာ တော်သေးတာပေါ့။" ကျိကန်းက ချီထိုက်ဖူဘက်လှည့်ကြည့်လိုက်၏။ "ထိုက်ဖူက ဒီနေရာကနေမထွက်တာ အနှစ်နှစ်ဆယ်ရှိပြီဆိုတော့ ဒီတိုင်းပြည်ရဲ့ မဟာစစ်သူကြီးလေးယောက်ကို သိမှာမဟုတ်လောက်ဘူး။ လီပေဘုရင်က ဆက်ခံသူကောင်းလေးကို မွေးထုတ်ထားတယ်။ အဲ့ဒီရှောင်းကျိမင်က အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲ!"
ရှန်ဇယ်ချွမ်းက ကောချင်းချင်းကို မေးလိုက်သည်။ "ချင်းကော၊ သူ တစ်ခုခုမေးသေးလား။"
ကောချင်းချင်းက ဂရုတစိုက်တွေးတောလိုက်သည်။ "သူက ငါ့ကို ဘယ်သွားမလို့လဲလို့မေးတော့ ငါ ရုံးတော်ကို ဖြတ်လမ်းကနေသွားနေတာလို့ ဖြေလိုက်တယ်။ သူက ဒီလမ်းကို ရှန်းဝူလမ်းဆီ ရောက်တဲ့ပုံမပေါ်ပါဘူးလို့ပြောလာလို့ ငါ ဆင်ခြေတစ်ခုပေးလိုက်တယ်။ ဘုရင်ရဲ့သားက လမ်းကြိုလမ်းကြားလေးတွေထဲ ကိုယ်တိုင်စစ်ဆေးမှာမဟုတ်လောက်ပါဘူး။"
"ရှောင်းမျိုးနွယ်နဲ့ပတ်သက်လာရင် အရာရာကို သတိထားရမယ်။ မင်း ခဏနေရင် နန်းတော်ကိုသွားပြီး တာဝန်ကျတဲ့နေရာမှာ နာမည်ဖြည့်ဖို့လုပ်လိုက်ဦး။" ကျိကန်းက သူ့လက်နှစ်ဖက်ကို နှင်းများဖြင့်ပွတ်ကာ သန့်ရှင်းလိုက်သည်။ "ချွမ်းအာ၊ လေ့ကျင့်ဖို့အချိန်ရောက်ပြီ။"
"ခဏလေးပါ။" ရှန်ဇယ်ချွမ်း၏အကြည့်များက နက်ရှိုင်းကာ မည်းမှောင်သွား၏။ "အဲ့ဒါက လူနေအဆောက်အအုံတွေကြားက သာမန်လမ်းကြားလေးလို့ ခင်ဗျားပြောလိုက်တယ်နော်။ သူ့လို မျိုးရိုးမြင့်သခင်လေးတစ်ယောက်က မနက်အစောကြီး အဲ့ဒီမှာဘာလုပ်နေတာလဲ။"
ကောချင်းချင်းက အံ့အားသင့်သွား၏။ "အခု မင်းပြောတော့မှပဲ၊ ဖျော်ဖြေရေးအဆောက်အအုံတွေအကုန်လုံးက အဲ့ဒီလမ်းကြားနဲ့ နည်းနည်းအလှမ်းဝေးတဲ့ သုန်းလုံလမ်းမှာရှိတာ။ အပြင်မှာ ရာသီဥတုကအေးခဲနေသလို သူကလည်း အရက်မူးနေတာ။ သူ အဲ့ဒီမှာ ဘာလုပ်နေတာပါလိမ့်။"
"စောင့်နေတာဖြစ်နိုင်တယ်။" ကန့်ကန့်ကာကိုခြုံကာ လဲလျောင်းနေသော ချီထိုက်ဖူက အပြင်ဘက်သို့မျက်နှာမူရန် တင်ပါးကိုလှည့်လာခဲ့သည်။ "ရှန်ဝေ့ရဲ့အမှုက ရှောင်းမျိုးနွယ်အတွက် သိပ်ကိုစိုးရိမ်စရာဖြစ်ခဲ့တယ်။ အဲ့ဒီရှောင်းချီရယ်က ဒီကလေးကိုသတ်ဖို့ ကန်ခဲ့တယ်ဆို။ ဒီကလေးက အခု ကောင်းကောင်းအသက်ရှင်နေသေးတော့ အဲ့ဒီသခင်လေးက ဘယ်လိုလုပ်ပြီး သံသယမဖြစ်ဘဲနေမှာလဲ။"
"သူသာ တကယ်အာရုံမစိုက်ရင် ဒုတိယမေးခွန်းကို မေးခဲ့မှာမဟုတ်ဘူး။" ရှန်ဇယ်ချွမ်း ထိုကန်ချက်ကို ပြန်တွေးမိလိုက်သောအခါ တစ်ချက်တုန်ယင်သွား၏။
"သေစမ်း။" ကောချင်းချင်းက ဖြူဖျော့သွားလေသည်။ "ပေါ့လျော့မိတာ ကျွန်တော့်အပြစ်ပါ။ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ သူ အခု ဒီကိုရောက်လာနိုင်တယ်။"
ရှန်ဇယ်ချွမ်းက ချီထိုက်ဖူကိုလှည့်ကြည့်လိုက်သည်။ "အဆင်ပြေပါတယ်။ ရှန်းရှုန်းက ဒီလောက်ထိခန့်မှန်းထားပြီးပြီဆိုတော့ စိတ်ထဲမှာ တွေးထားတာရှိနေလောက်မှာပါ။"
...
ကျောင်းဟွေးတစ်ယောက် တော်ဝင်အစောင့်တပ်၏ဌာနချုပ်သို့ တစ်ယောက်တည်းရောက်လာ၏။ တာဝန်ကျလက်ထောက်စစ်ဆေးရေးမှူးက သူနှင့်အဆင့်တူသော်လည်း လီပေဆက်ခံသူ၏ညာလက်ရုံးရှေ့မှာ ဟိတ်ဟန်မထုတ်ဝံ့ပေ။ သူက ကျောင်းဟွေးကို မှတ်တမ်းအခန်းထဲခေါ်သွားလိုက်သည်။ "စစ်သူကြီးကျောင်းက ဘာကိုကြည့်ချင်တာပါလဲ။ ဒါက ဒီကနေ့ ရုံးတော်ဆယ့်နှစ်ခုမှာ တာဝန်ကျအမည်စာရင်းပါ။"
ကျောင်းဟွေးက အာလာပ သလ္လာပပြောရန် ရောက်လာခြင်းမဟုတ်ရာ မှတ်တမ်းများကို အသံတိတ်လှန်လှောကြည့်လိုက်သည်။ "တော်ဝင်အစောင့်တပ်က ညီအစ်ကိုတွေက အလုပ်ကြိုးစားကြတာပဲ။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ကျွန်တော် ကောချင်းချင်းလို့ခေါ်တဲ့ စစ်ဆေးရေးမှူးဆီကနေ အကူအညီတစ်ခုယူခဲ့တယ်။ ကျွန်တော် သူ့ကိုကျေးဇူးတင်ချင်လို့ပါ။ သူက ဒီနေ့တာဝန်ချိန်ရှိတာလား။"
"ရုံးတော်ဆယ့်နှစ်ခုက ကြီးမားရှုပ်ထွေးလွန်းပြီး ဒီမှာစာရင်းသွင်းထားတဲ့ စစ်ဆေးရေးမှူးတွေက တော်တော်လေးများပါတယ်။" လက်ထောက်စစ်ဆေးရေးမှူးက ရှင်းရှင်းလင်းလင်းခွဲထားသော ရုံးတော်ဆယ့်နှစ်ခု၏ တာဝန်ကျစာရင်းကိုချိတ်ဆွဲထားသည့်နံရံဆီ သွားလိုက်သည်။
ကျောင်းဟွေးက ၎င်းတို့ကိုကြည့်လိုက်၏။ ထိုမှတ်တမ်းများက နန်းတော်ပြင်ပမှလူများအတွက် ကန့်သတ်ထားရာ သူ ထိလို့မရခဲ့ပေ။
"သူ ဘယ်မှာတာဝန်ကျသလဲဆိုတာကို စစ်သူကြီးသိလားမသိဘူး။" လက်ထောက်စစ်ဆေးရေးမှူးက ပြောလာ၏။
"မနက်ခင်းတာဝန်ကျတယ်လို့ပဲ ကျွန်တော်သိထားတယ်။ ကြည့်ရတာ တော်ဝင်ရထားလုံးဌာန၊ တော်ဝင်ထီးတော်ဌာန ဒါမှမဟုတ် ဆင်မြင်းလေ့ကျင့်ရေးဌာနမှာ ရှိနေလောက်တယ်။"
[TN/ ရထားလုံးဌာနက ဧကရာဇ် ဒါမှမဟုတ် တော်ဝင်မိသားစုဝင်တွေ စီးတဲ့ရထားလုံးတွေကို ပြင်ဆင်ပေးရတဲ့ဌာန။ ထီးတော်ဌာနကလူတွေကျ ဧကရာဇ်နဲ့တော်ဝင်မျိုးတွယ်တွေအတွက် အမိုးအကာလိုက်မိုးပေးရတာပါ။ ဆင်မြင်းလေ့ကျင့်ရေးဌာနကတော့ ရှင်းမယ်ထင်ပါတယ်။]
လက်ထောက်စစ်ဆေးရေးမှူးက နာမည်တစ်ခုစီကို သေသေချာချာစစ်ဆေးလိုက်သည်။ အခိုက်အတန့်တစ်ခုကြာပြီးနောက် သူက ကျောင်းဟွေးဘက်သို့လှည့်ပြောလာ၏။ "စစ်သူကြီး အဲ့ဒီနာမည်နဲ့ပုဂ္ဂိုလ်က ဒီနေ့ တာဝန်မကျပါဘူး။ ကျွန်တော် တခြားနေရာမှာ ရှာပေးရမလား။"
ကျောင်းဟွေးက သူ့လက်ထဲမှစာအုပ်ကို ညင်သာစွာပိတ်လိုက်၏။ "မလိုတော့ပါဘူး။ ကျွန်တော့်ဘာသာပဲ ရှာလိုက်ပါ့မယ်။"
ကျောင်းဟွေး မှတ်တမ်းအခန်းကပြန်ထွက်လာချိန်မှာ ကောင်းကင်ကြီးက လင်းချင်းနေပြီဖြစ်၏။ သူက လမ်းအတိုင်း နန်းတော်ထဲကနေ ပြန်ထွက်လာခဲ့သည်။ ရှန်းဝူလမ်းပေါ်မှ ကျဆင်းနေသောနှင်းများကို လှည်းကျင်းထားသော်လည်း လမ်းက ချော်နေဆဲပင်။ ထိုစဥ် ဝေါယာဥ်သယ်လာသောအထမ်းသမားများက အလျင်အမြန်မရွေ့လျားရဲဘဲ တစ်လှမ်းချင်းစီ ဂရုတစိုက်လှမ်းနေခဲ့ကြ၏။
ကျောင်းဟွေး ဝေါယာဥ်ကိုဖြတ်ကျော်ချိန်၌ ဝေါယာဥ်သယ်ဆောင်သူတစ်ဦး၏ခါးထက် ချိတ်ဆွဲထားသောဓါးတစ်လက်ကို သတိပြုမိလိုက်သည်။ ထိုအကြည့်တစ်ချက်က သူ့ကို မျက်မှောင်ကြုတ်သွားစေခဲ့၏။
"ကျေးဇူးပြုပြီး ခဏနေပါဦး။" ကျောင်းဟွေးက ဝေါယာဥ်ကိုတားဆီးလိုက်သည်။ "ဒီဝေါယာဥ်က တပ်မှူးချုပ်ကို သယ်ဆောင်လာတာလား။"
ဝေါယာဥ်သယ်ဆောင်လာသူများက တော်ဝင်အစောင့်တပ်၏ အဖွဲ့ဝင်များဖြစ်၏။ ခေါင်းဆောင်ဖြစ်သူက ခေါင်းညိတ်လိုက်သည်။ "အထဲမှာပါတဲ့သူက ဘယ်သူဆိုတာကိုသိနေရင် ဘာဖြစ်လို့လမ်းပိတ်နေတာလဲ။ မြန်မြန်ဖယ်စမ်း!"
ကျောင်းဟွေးက သူ၏လီပေတံဆိပ်ပြားကို ထုတ်ပြလိုက်၏။
ထိုအခါ အစောင့်က အလျင်အမြန်ဦးညွတ်လိုက်လေသည်။ "ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ စစ်သူကြီး!"
ထိုစဥ် သွယ်လျသောလက်တစ်ဖက်က ပြတင်းပေါက်ကန့်လန့်ကာကို မလိုက်ပြီး ချစ်စဖွယ်မျက်နှာလေးတစ်ခု ပေါ်ပေါက်လာ၏။ အမျိုးသမီးတစ်ယောက်က ကျောင်းဟွေးကို တစ်ချက်ကြည့်လာပြီး အထဲမှတစ်စုံတစ်ယောက်ကို ညုတုတုအသံဖြင့် ပြောလိုက်သည်။ "လူတစ်ယောက် လာရှာနေပါတယ်၊ သာ့ရန်!"
ကျိလေက တစ်ညလုံး အရက်သောက်နေခဲ့ခြင်းဖြစ်သည်။ ဝေါယာဥ်ထဲမှာ ခြေကားယားဖြင့် သက်တောင့်သက်တာနေနေရင်း သူကပြောလာ၏။ "စစ်သူကြီးကျောင်း! ကိစ္စတစ်ခုခုရှိလို့လား။"
ကျောင်းဟွေးက ဝေါယာဥ်ကိုဦးဆောင်သယ်လာသူအား စိုက်ကြည့်ကာ ပြန်ဖြေခဲ့၏။ "ထွေထွေထူးထူးမဟုတ်ပါဘူး။ ကျွန်တော်တို့သခင်လေး မနေ့ညက သာ့ရန်နဲ့အတူ အရက်သွားသောက်တယ်လို့ကြားမိလို့ပါ။ သာ့ရန်က အခုမှပြန်ရောက်တာလားမသိဘူး။"
ကျိလေက ရယ်လိုက်၏။ "ဒီတော့ မင်းက ဒုတိယသခင်လေးကို စိတ်ပူနေတာပဲကိုး! မနက်မိုးလင်းလို့ ငါမျက်လုံးဖွင့်ကြည့်လိုက်တော့ မင်းရဲ့ဒုတိယသခင်လေးကဖြင့် ပြန်တောင်ပြန်သွားခဲ့ပြီ။ ဘာလဲ၊ လီပေရဲ့ဆက်ခံသူက သူ့ကိုလိုက်ရှာနေတာလား။"
"စိုးရိမ်ပူပန်နေမိတဲ့သူက ကျွန်တော်ပါ။" ကျောင်းဟွေးက ဦးညွတ်လိုက်၏။ "နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်၊ သာ့ရန်။"
"ကိစ္စမရှိပါဘူး! ငါ အခု အရက်မူးပြေသွားပါပြီ။" ကျိလေက လက်ယမ်းပြလိုက်၏။ "စောစောက စစ်သူကြီးကိုပြန်ပြောတဲ့သူက ဘယ်သူလဲ။ တောင်းပန်လိုက်စမ်း။"
ခေါင်းဆောင်က ဒူးထောက်ချလိုက်သည်။ "နိမ့်ကျတဲ့ဒီအစေခံ ကောချင်းချင်းက စစ်သူကြီးကို မမှတ်မိတဲ့အထိ ကန်းနေခဲ့တာပါ။ ကျွန်တော့်ရဲ့အပြစ်တွေအတွက် အပြစ်ခံယူပါ့မယ်!"
ကျောင်းဟွေ့ အမြင်မမှားပေ။ ထိုအစောင့်၏ခါးရှိ ဓါးရိုးဘေးမှာ တွဲလောင်းကျနေသောတံဆိပ်ပြား၌ ကောချင်းချင်းဟူ၍ ထွင်းထားပေသည်။
***
Aurora Novel Translation Team