no

Font
Theme

အပိုင်း (၅၆) - လမ်းကြားထဲကအရက်သမား (၂)

အာဏာကို လက်ဝယ်ဆုပ်ကိုင်ထားရသည့် ရင်ဖိုမှုက နှင်းပွင့်လေးလို လွင့်စင်သွားပြီး ၎င်း၏အနောက်မှာ တာဝန်ဝတ္တရားဆိုသည့်စကားလုံးက လိုက်ပါလာခဲ့သည်။ လီကျန်းဟန်တစ်ယောက် မဆုံးနိုင်သော မနက်ခင်းညီလာခံများကို အမီလိုက်ဖို့ အခက်တွေ့နေ၏။ သူက နေ့တိုင်းဆိုသလို နဂါးပလ္လင်ပေါ်ကနေ ငုံ့ကြည့်နေရသော်ငြား သူ့အောက်မှလူများ အငြင်းပွားနေသည့်အရာတို့ကို သူနားမလည်ပေ။

'ပိုက်ဆံမရှိဘူးလား၊ ဒါဆို အခွန်ကောက်လိုက်လေ! အကျင့်ပျက်ခြစားနေတဲ့ အမတ်တချို့ကို သတ်လိုက် - အဲ့လိုဆို ပိုက်ဆံတွေပြန်ရမှာပဲမဟုတ်ဘူးလား။ ဘာတွေ အငြင်းပွားစရာရှိလို့တုန်း။'

သို့သော် လီကျန်းဟန်တစ်ယောက် သူ၏အတွေးများကို မဖော်ထုတ်ရဲပေ။ သူ ဟိုင်လျန်းယိကိုကြောက်သည်၊ အနှီအရပ်ဘက်အမတ်များနှင့် စစ်ရေးအရာရှိများကို ပိုလို့တောင်ကြောက်သည်။ ၎င်းတို့ မည်သည့်အရာအတွက် တိုက်ခိုက်နေကြောင်း၊ သို့မဟုတ် အဘယ့်ကြောင့် ဟွားမျိုးနွယ်ကို ချက်ချင်းမကွပ်မျက်သေးကြောင်း နားမလည်သလို နောက်ဆုံးကုန်ကုန်ပြောရလျှင် ဧကရီမယ်မယ်က အဘယ့်ကြောင့် သူ့ဆီကို အစာပြေမုန့်များ နေ့တိုင်းပို့ပေးနေကြောင်းလည်း မသိတော့ပေ။ လီကျန်းဟန်တစ်ယောက် အရာအားလုံးက အိပ်မက်တစ်ခုကဲ့သို့ နဂါးပလ္လင်ပေါ်မှာ ခွေခေါက်နေလေ၏။

"အရှင်မင်းမြတ်က နေမကောင်းဖြစ်နေတာလား။" ရှောင်းချီရယ်က ဆင့်ခေါ်မှုကြောင့်ရောက်လာပြီး တော်ဝင်နန်းတော်ထဲ ဝင်လာသည့်လမ်းမှာ မင်လိခန်းမအပြင်၌ တော်ဝင်သမားတော်နှင့် တွေ့ဆုံခဲ့သည်။

"စိုးရိမ်မှုတွေကြောင့် စိတ်ဖိစီးနေပြီး ဆောင်းအအေးဓါတ်ကြောင့် အအေးမိသွားတာပါ။ တပ်မှူးချုပ် အရှင်မင်းမြတ်နဲ့တွေ့တဲ့အခါ ကျေးဇူးပြုပြီး သူ့ကို ဖျောင်းဖျပေးပါဦး။"

ရှောင်းချီရယိက လန်လိဓါးနှင့်အတူ မင်လိခန်းမဆောင်ထဲ ခြေလှမ်းကျဲများဖြင့် လှမ်းဝင်လာခဲ့သည်။

လီကျန်းဟန်က ဆေးသောက်ထားပြီး သူ၏သလွန်ပေါ်ကနေ တစ်နေရာရာသို့ ဆုံချက်မဲ့စွာငေးမောနေခဲ့သည်။ ရှောင်းချီရယ်ရောက်လာကြောင်း ကြားလိုက်ရသောအခါ ဖိနပ်ကိုအမြန်စီး၍ သူ့ကို အထဲခေါ်လိုက််၏။

"ချဲ့အန်း။" လီကျန်းဟန်က ပြောလိုက်သည်။ "မင်းရောက်လာတာ အတော်ပဲ။ ခဏနေရင် စားဖိုဆောင်က ဟူးရန်သကြားလုံး*ကို လာပို့ပေးမှာ။ မင်းလည်း မြည်းကြည့်လေ၊ ငါတို့ အဲ့ဒါကို ဟိုးလွန်ခဲ့တဲ့နှစ်အနည်းငယ်က ပွဲတော်တစ်ခုမှာ စားခဲ့ဖူးတယ်လေ။"

[TN/ ဟူးရန်က ကျားမျက်လုံးကိုပြောတာပါ။ ဟူးရန်သကြားလုံးက တချို့တွေညောင်စေးလို့ခေါ်တဲ့ သကြားလုံးပုံစံပါ။]

ရှောင်းချီရယ်က ဦးညွတ်လိုက်၏။ "လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်။"

ဧကရာဇ်ဝတ်ရုံတော်က တွဲလောင်းကျနေပြီး လီကျန်းဟန်တစ်ယောက် အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်သွား၏။ "ထိုင်လေ ချဲ့အန်း။"

ရှောင်းချီရယ်က ထိုင်လိုက်ပြီး ခန်းမထဲမှ အစေခံများက ထွက်ခွာသွားခဲ့ကြသည်။ လီကျန်းဟန်က မတ်တတ်ရပ်နေပြီး ထိုနေရာမှာ တောင်ကြည့်မြောက်ကြည့်ကြည့်ပြီးမှ ပြောလာ၏။ "ချဲ့အန်း၊ သူတို့က ဟွားစစ်ချန်းကို ဘာလို့ ခေါင်းမဖြတ်သေးတာလဲ။ တရားစီရင်ရေးရာဌာနက ပြန်စစ်ဆေးဖို့ ပြောနေကြတယ်၊ ဘာကို စစ်ဆေးဖို့လိုသေးလို့လဲ၊ ဟား!"

"တရားစီရင်ရေးရာဌာနက အမှုတိုင်းကို သုံးကြိမ်စစ်ဆေးကြပါတယ်။" ရှောင်းချီရယ်က စိတ်ရှည်ရှည်ရှင်းပြလိုက်သည်။ "ဒါက မှားယွင်းတဲ့စွပ်စွဲချက်တွေနဲ့ မှားယွင်းတဲ့စီရက်ချက်တွေကို တားဆီးဖို့အတွက် စည်းမျဥ်းပါ။ ဟွားစစ်ချန်းရဲ့ပြစ်မှုအတွက် ထင်ရှားတဲ့သက်သေတွေရှိပါတယ်။ သူ့ကို နှစ်သစ်မတိုင်ခင် ကွပ်မျက်နိုင်မှာပါ။"

"ညတွေကြာလေ၊ အိပ်မက်တွေ ရှည်လေပဲ။" လီကျန်းဟန်က စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။ "ဧကရီမယ်မယ်က ငါ့ကို ထိတ်လန့်တဲ့ပုံမပေါ်ဘူး။ မင်းသိလား၊ သူ(မ)က ငါ့ဆီ နေ့တိုင်း အစာပြေမုန့်တွေပို့ပေးနေတာ။ သူ(မ)က ဘာလိုချင်နေတာလဲ။ ငါ့ကို အဆိပ််ခတ်ဖို့ ကြံစည်နေတာများလား။"

"ဟွားမျိုးနွယ်က အခုချိန်မှာ ပြည်သူတွေရဲ့ဝေဖန်မှုကို ခံနေရတာကြောင့် ဧကရီမယ်မယ်က မိခင်မေတ္တာကိုဟန်ပြဖို့ ကြိုးစားနေတာပါ။" လီကျန်းဟန်၏ ထိတ်လန့်နေသောအမူအရာနှင့် သူ့မျက်လုံးများအောက်မှ အမည်ကွက်များကို မြင်လိုက်ရသောအခါ ရှောင်းချီရယ်က မေးလိုက်သည်။ "အရှင်မင်းမြတ် ကောင်းကောင်းအိပ်မပျော်ပါဘူးလား။"

"ဘယ်လိုလုပ်ပြီး အိပ်ပျော်မှာလဲ။" လီကျန်းဟန်က ပြောလိုက်သည်။ "သူတို့ အသက်ရှင်နေသရွေ့ ငါ ဘယ်လိုလုပ်ပြီး အိပ်ပျော်မှာလဲ။ ချဲ့အန်း၊ မင်း ငါ့ကိုယ်စား ဟိုင်လျန်ယိဆီသွားပြီး ပြန်လည်စစ်ဆေးတာကိုကျော်ဖို့နဲ့ ချက်ချင်းကွပ်မျက်လိုက်ဖို့ သွားပြောပေးလို့မရဘူးလား!"

သို့သော် သူက ထိုကဲ့သို့အရာကို မည်သို့လုပ်နိုင်လိမ့်မည်နည်း။ ရှောင်းချီရယ်က တော်ဝင်စစ်တပ်၏ တပ်မှူးချုပ်ဖြစ်သည်။ သူက တရားစီရင်ရေးဌာနသုံးခုနှင့် ပါဝင်ပတ်သက်မှာမရှိရာ ထိုကိစ္စကို မည်သို့ ဝင်စွက်ဖက်နိုင်မည်နည်း။ ထို့အပြင် ဆောင်းဦးအမဲလိုက်ပွဲမှာ ဖြစ်ပျက်ခဲ့သည့်အရာများအရ နောက်ထပ် အန္တရာယ်အများဆုံးလူက ရှောင်းချီရယ်ကိုယ်တိုင်ဖြစ်နေသည်။ ဟိုင်လျန်းယိအပါအဝင် အရပ်ဘက်အမတ်များအားလုံးက ရှောင်းချီယယ်ကို လွှတ်မပေးချင်ကြပေ။ လွန်ခဲ့သောရက်အနည်းငယ်က ရှောင်းဖန်းရွှီတောင် ထိုသတင်းကို ကြားသိခဲ့ရသည်။

ဤကိစ္စနှင့်ပတ်သက်လာသောအခါ မည်သူကမှ လောင်းကြေးမထပ်ရဲကြပေ။ ရှောင်းချီရယ်က ချွိတူးမှာရှိနေသရွေ့ လီပေက သတိထားနေရသည်။ ကျန်းပေါ်၏ခရိုင်ခြောက်ခု၏ အကျပ်အတည်းက ဆူးအဖြစ်ကျန်နေဆဲပင်။ ရှောင်းကျိမင်က ချွိတူးကို တစ်ကြိမ်၊ နှစ်ကြိမ် ကယ်တင်နိုင်၏။ သို့သော် ဘာအကျိုးအမြတ်မှမရဘဲ အကြိမ်ပေါင်းများစွာ ကယ်တင်နိုင်မည်လော။ သူ ကယ်တင်ပါ့မည်ဟု ကျိန်ပြောလျှင်တောင် မည်သူက ယုံကြည်လိမ့်မည်နည်း။

ရှောင်းချီရယ်က ဤအချိန်မှာ အမတ်များနှင့်အငြင်းပွားမှာကို သေချာပေါက်ရှောင်ရှားသင့်သည်။

လီကျန်းဟန်က ပြောသာပြောလိုက်သော်လည်း အလုပ်မဖြစ်မှန်း သိပေ၏။ သူက ကုန်လွန်သွားသော အချိန်နှင့်အမျှ ပို၍စိတ်ဓါတ်ကျလာခဲ့သည်။ ဟူးရန်သကြားလုံး ရောက်လာသောအခါ သူ အနည်းငယ်စားလိုက်သော်လည်း ဘာအရသာကိုမှ မခံစားမိချေ။

ရှောင်းချီရယ် ထွက်ခွာသွားပြီးနောက် လီကျန်းဟန်က သလွန်ပေါ်မှာ ခြေပစ်လက်ပစ်လဲလျောင်းကာ ဧကရာဇ်ဖြစ်ရသည့် ငြီးငွေ့ဖွယ်ဘဝကို တွေးတောနေ၏။

ထိုစဥ် သူ နန်းတက်ချိန်ကတည်းက ခစားခဲ့သော မိန်းမစိုးဖြစ်သူ ရွှမ်းလုက ဒူးထောက်လျက် တီးတိုးပြောလာ၏။ "အရှင်မင်းမြတ်၊ အပြင်မှာလမ်းလျှောက်ဖို့ ဒီငယ်သား အဖော်ပြုပေးရပါမလား။"

"မသွားချင်ဘူး။" လီကျန်းဟန်က ပြောလိုက်သည်။ "ကျန်း ပင်ပန်းနေတယ်။"

မိန်းမစိုးက ရုတ်တရက် အကြံပြုလာ၏။ "ဒါဆို မိန်းကလေးကို ဗျပ်စောင်းတီးဖို့ ဖိတ်ခေါ်လိုက်ပါလား။"

လီကျန်းဟန်က ခန်းမ၏တံခါးများကိုလှည့်ကြည့်လိုက်ပြီး မည်သူမှမရှိကြောင်း တွေ့လိုက်ရသောအခါ သူက မေးလိုက်သည်။ "မသင့်တော်ဘူးမလား။ တိုင်းပြည်က ဝမ်းနည်းပူဆွေးနေတာကို။ ပြီးတော့ သူ(မ)က ဖန်းရူကွေ့ရဲ့အိမ်တော်မှာပဲရှိသေးတယ်။ သူ(မ)ကို အခုချက်ချင်း နန်းတော်ထဲခေါ်လာရင် ကျန်းကို အပြစ်ပြောကြမှာမဟုတ်ဘူးလား။"

ရွှမ်းလုက ခိုးခိုးခစ်ခစ်ရယ်လိုက်သည်။ "အရှင်မင်းမြတ်က ဧကရာဇ်လေ။ ဒီနန်းတော်ထဲမှာ အရှင်မင်းမြတ်ကပဲ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတယ်။ ကျွန်တော်တို့ အတွင်းနန်းဆောင်ထဲကကိစ္စတွေကို အပြင်ကအမတ်တွေ ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ။ ကျွန်တော်မျိုးတို့ ဒါကို တိုးတိုးတိတ်တိတ် လုပ်လိုက်ပါ့မယ်။"

လီကျန်းဟန်၏စိတ်ဝိညာဥ်က ချက်ချင်းတက်ကြွလာ၏။ သူက သကြားလုံးကိုဘေးချကာ မေးလိုက်သည်။ "အတွင်းဝန်အမတ်ဟိုင် သိမှာမဟုတ်ဘူးပေါ့?"

"ဘယ်သူမှ မသိစေရပါဘူး။" ရွှမ်းလုက ဒူးထောက်လျက် ပြောလိုက်သည်။ "အရှင်မင်းမြတ်က ကျွန်တော်မျိုးတို့ရဲ့သခင်ပါ။ အရှင်မင်းမြတ်က မသိစေချင်ရင် သူတို့တွေ ဘယ်တော့မှသိရမှာမဟုတ်ပါဘူး။"

"ကောင်းတယ်!" လီကျန်းဟန်က လက်ခုပ်တီးလိုက်သည်။ "သိပ်ကောင်းတယ်! မုရူကို ခေါ်ခဲ့ကြ။ ဖန်းရူကွေ့က သေရတော့မှာဆိုတော့ အဲ့ဒီခြံဝန်းထဲမှာနေတာ သူ(မ)အတွက် ကံဆိုးခြင်းတွေပဲ ဖြစ်လာမှာ!"

...

ရှောင်းချီရယ် နန်းတော်ထဲကထွင်လာချိန်မှာ မိုးက တစ်ဖန်ကျလာပြန်၏။ သူက အကြောင်းပြချက်မရှိဘဲ စိတ်ကသိကအောက်ဖြစ်နေသည်။ ဆောင်းဦးအမဲလိုက်ပွဲ၌ သူ့မှာရှိခဲ့သည့် စိတ်အားထက်သန်မှုများက ညတွင်းချင်း ပျောက်ကွယ်သွားပုံပင်။ သူ သူ၏ဓါးကို ဆွဲထုတ်ရသည့်ခံစားချက်ကိုတောင် မသိတော့ပေ။

ချန်းယန်နှင့် ကျောင်းဟွေးတို့က သူ့ကိုကြိုရန် ရောက်လာပြီး ရှောင်းချီရယ်က မိုးရေထဲကိုဖြတ်ကာ ရထားလုံးပေါ်တက်လိုက်သည်။ လမ်းတစ်ဝက်၌ ရှောင်းချီရယ်က ကန့်လန့်ကာကိုမ၍ ပြောလိုက်၏။ "ဒီည ပြန်မလာတော့ဘူးလို့ ငါ့အဖေနဲ့ အစ်ကိုကိုပြောလိုက်။"

တုံ့ပြန်မှုကို စောင့်မနေဘဲ သူက ရထားလုံးထဲကနေခုန်ဆင်းကာ သူနှင့်အတူ ဘာမှမယူဘဲ သုန်းလုံလမ်းဆီ ဦးတည်ခဲ့သည်။

ကျောင်းဟွေးက သူ့အနောက်ကနေ ရထားလုံးပေါ်က ဆင်းလိုက်သည်။ "သူ သွားသောက်ပြန်ပြီထင်တယ်။" သူက ချန်းယန်ကို ပြောလိုက်သည်။ "မင်း ဝမ်ရယ်နဲ့ ရှစ်ကျိကို သတင်းပို့ဖို့ ပြန်နှင့်လိုက်။ ငါ သူ့နောက်ကလိုက်သွားလိုက်မယ်။ တိုင်းပြည် ဝမ်းနည်းပူဆွေးနေတဲ့အချိန်မှာ သူ အရက်မူးပြီး ပြဿနာရှာရင်မကောင်းဘူး။"

"ခင်ဗျား စကားလည်းဆုံးရော သူ့ကို ရှာလို့တွေ့မှာတောင် မဟုတ်တော့ဘူး။" ချန်းယန်က ပြောလိုက်သည်။ "အာ့ကုန်းကျစ်က သူ့နောက်ကနေ ဘယ်သူမှလိုက်မလာစေချင်ဘူး။ ခင်ဗျား သူ့ကို လွှတ်ပေးထားလိုက်တာ အကောင်းဆုံးပဲ။"

ရှောင်းကျိမင်က ကျောင်းဟွေးကို သူ၏လက်ထောက်စစ်သူကြီးအဖြစ် လေ့ကျင့်ပေးထားပြီး ရှောင်းချီရယ်က ချန်းယန်ကို လေ့ကျင့်ပေးထားသည်။ ထို့ကြောင့် ကျောင်းဟွေးက သူ့အတွက် အစ်ကိုကြီးတစ်ယောက်လို ဖြစ်နေသည်မှာမဆန်းပေ။ နှစ်ယောက်လုံးက ရှောင်းမျိုးနွယ်ဝင်များဖြစ်သော်လည်း ၎င်းတို့ထည့်သွင်းစဥ်းစားသည့် အကြောင်းအရာများက လုံးဝကွဲပြားပေသည်။ ကျောင်းဟွေးလှည့်ကြည့်လိုက်ချိန်မှာ သေချာပေါက်ဆိုသလို ရောင်းချီရယ်၏အရိပ်အယောင်ကို မတွေ့ရတော့ပေ။

...

တံတိပ်ပြားများကို ပြန်လည်သိမ်းယူခံထားရသော တော်ဝင်အစောင့်တပ်သားများအားလုံး လက်ရှိ၌ လှည့်ကင်းတာဝန်ကိုထမ်းဆာင်ရန် တော်ဝင်စစ်တပ်မှာ ယာယီစာရင်းသွင်းထားရ၏။ ရှန်ဇယ်ချွမ်းက ယနေ့ညအတွက် သူ၏တာဝန်ကို ပြီးဆုံးသွားပြီး သုန်းလုံလမ်းမှ ရှန်းယွင်စားသောက်ဆိုင်၏ အနောက်လမ်းကြားကနေဖြတ်ကာ အိမ်သို့လမ်းလျှောက်ပြန်နေသည်။ မိုးက ဖွဲဖွဲလေးသာကျနေသဖြင့် သူ၏ထီးကို မဖွင့်ခဲ့ပေ။

ထိုစဥ် အရှေ့ကနေ အော်ဂလီဆန်စရာအသံကို ရုတ်ခြည်းကြားလိုက်ရသည်။ ခြေအိတ်မပါဘဲ သစ်သားဖိနပ်ကိုစီးထားသော ပြည့်တန်ဆာတစ်ဦးက လမ်းကြားထဲမှာ ကုန်းကွနေသောအမျိုးသားဆီကနေ သိမ်မွေ့စွာ တားဆီးခံလိုက်ရသည်။

ရှောင််းချီရယ်က သူ့ကိုယ်သူ နံရံနှင့်ထောက်ထားပြီး အနောက်တံခါးကိုညွှန်ပြကာ အနောက်ဆုတ်နေဖို့ ညွှန်ပြလိုက်သည်။ ရှန်းယွင်စားသောက်ဆိုင်မှ ပြည့်တန်ဆာများက သူ၏အကျင့်ကို သိထားပြီးသားဖြစ်၏။ သူက အရက်မူးနေချိန်မှာ မည်သူ့ကိုမှ သူ့အားအထိမခံကြောင်း သူ(မ)သိသဖြင့် လက်ကိုင်ပဝါကိုခေါက်ကာ သိမ်မွေ့စွာပြောလိုက်သည်။ "သက်သာသွားရင် အထဲဝင်လာခဲ့နော် အာ့ကုန်းကျစ်။ ကျွန်မ ရှင့်အတွက် စွပ်ပြုတ်ပူပူလေး ပြင်ဆင်ပေးထားမယ်။"

ရှောင်းချီရယ်က မတုံ့ပြန်ခဲ့ပေ။ သစ်သားဖိနပ်သံများ မှေးမှိန်သွားချိန်၌ သူက ဆောင့်ကြောင့်ထိုင််ချလိုက်သည်။ သူ၏အစာအိမ်က အန်ချင်စိတ်များဖြင့် မခံမရပ်နိုင်အောင် ထကြွနေ၏။

ဤသည်မှာ အမျိုးသားတစ်ယောက် နေထိုင်သင့်သည့်နည်းလမ်းဖြစ်သည် - စားမယ်၊ သောက်မယ်၊ မူးတဲ့အထိ ပျော်ပါးမယ်။ ယင်းက သူ၏တစ်ခုတည်းသောထွက်ပေါက်ပင်။

ထိုစဥ် ရုတ်တရက်ဆိုသလို သူ၏ကျောပေါ်ကနေ အလေးချိန်တစ်ခုကို ခံစားလိုက်ရသည်။

ရှောင်းချီရယ်က သူ့ပခုံးပေါ်ကနေ ကျော်ကြည့်လိုက်ပြီး သူ၏အကြည့်စူးစူးက သွေးများကိုတောင် အေးခဲသွားစေလောက်၏။ သူ့ကိုလာထိသူအား တွေ့လိုက်ရသောအခါ အခိုက်အတန့်တစ်ခုလောက် တွေးတောပြီး ပြောလိုက်သည်။ "မင်း ဘာလို့ ငါ့ကိုကန်လိုက်တာလဲ။"

"ကျွန်တော် မကန်ပါဘူး။" ရှန်ဇယ်ချွမ်းက မျက်တောင်မခတ်ဘဲ ပြန်ဖြေလိုက်၏။

ရှောင်းချီရယ်က သူ့နောက်ကျောကိုပြန်ထိကာ သူ၏အဝတ်ကိုဆွဲပြ၍ ခေါင်းမာစွာဖြင့် ငြင်းဆိုလိုက်၏။ "ဒီမှာလေ မင်းအပြစ်ရဲ့သက်သေ!"

ရှန်ဇယ်ချွမ်းက သူ့ကို စူးစမ်းလိုက်သည်။ "ခင်ဗျား အမူးသောက်ပြီး ရူးသွားပြီလား ရှောင်းအာ့။"

"ငါက အရူးနဲ့တူနေလို့လား။" ရှောင်းချီရယ်က ပြန်ပက်လိုက်၏။ ထို့နောက် ရှန်ဇယ်ချွမ်း၏အဖြေကို မစောင့်ဘဲ သူ့ဘာသာသူ ပြန်ဖြေလိုက်သည်။ "ငါ မရူးပါဘူး။"

သူ့ကိုယ်ပေါ်မှ အရက်နံ့ကိုရလိုက်ပြီး ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "ကျွန်တော့်လမ်းကို မပိတ်ပါနဲ့။ ကျွန်တော် အိမ်ပြန်ချင်တယ်။"

ရှောင်းချီရယ်က အကြည့်လွှဲကာ အခိုက်အတန့်တစ်ခုလောက် မှင်တက်စွာစိုက်ကြည့်နေပြီးနောက် နံရံကြီးကို ပြောလိုက်သည်။ "ငါ့လမ်းကိုမပိတ်နဲ့။ ငါလည်း အိမ်ပြန်ချင်တယ်။"

ရှန်ဇယ်ချွမ်းတစ်ယောက် ရယ်မိတော့မည့်ဆဲဆဲမှာ ထိုသူဆက်ပြောလာသည့်အသံကို ကြားလိုက်ရသည်။ "ငါအိမ်မပြန်နိုင်ရင် မင်းလည်း အိမ်ပြန်မဲ့အကြောင်း တွေးတောင်မတွေးလိုက်နဲ့။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment