no

Font
Theme

အပိုင်း (၂၀) - အရက်မူးခြင်း (၂)

ရှောင်းချီရယ်၏မျက်ဝန်းများထဲမှအကြည့်က တပ်ခွဲခေါင်းဆောင်ကိုတောင် ကြောက်ရွံ့သွားစေခဲ့သည်။ သူက ရင်တထိတ်ထိတ်ဖြင့် ရှန်ဇယ်ချွမ်းကို အကြိမ်အနည်းငယ်တိုက်တွန်းလိုက်၏။ မျက်နှာမှာ သွေးရောင်မရှိတော့သည့် ရှန်ဇယ်ချွမ်းက မဝံ့မရဲပြောလိုက်သည်။ "အနည်းဆုံးတော့ တခြားဘယ်သူမှမမြင်တဲ့နေရာမှာ လုပ်ခွင့်ပေးပါ။"

ရှောင်းချီရယ်က အချိန်ဖြုန်မနေပေ။ "သွား၊ လှိမ့်သွားလိုက်။"

တပ်ခွဲခေါင်းဆောင်က ချက်ချင်းဆိုသလို စိတ်အေးသွားပြီး ရှန်ဇယ်ချွမ်းကိုကြည့်ကာ ပျော်ရွှင်စွာပြောလိုက်သည်။ "လှိမ့်သွားရမယ်! ဟုတ်ကဲ့ပါ သာ့ရန်၊ ကျွန်တော်တို့ ချက်ချင်းလှိမ့်သွားလိုက်ပါ့မယ်..."

ရှောင်းချီရယ်၏ ပြတ်သားသောအကြည့်များက တပ်ခွဲခေါင်းဆောင်ထံ ကျရောက်သွားခဲ့သည်။ ခေါင်းဆောင်မှာ ဒူးများပျော့ခွေသွားခဲ့၏။ ထို့နောက် သူ့ကိုယ်သူလက်ညှိုးထိုးပြကာ ဘောလုံးတစ်လုံးနှယ်စုကျုံ့လိုက်ပြီး နှင်းတောထဲမှာ အကြိမ်အနည်းငယ်လှိမ့်ကာ မလှမ်းမကမ်း၌ ရပ်လိုက်လေသည်။

ရှန်ဇယ်ချွမ်းက အနားတိုးကပ်သွားလိုက်၏။ သူက အရှေ့သို့တိုးကာ ရှောင်းချီရယ်၏နားထဲ တီးတိုးပြောလိုက်လေသည်။ "ခင်ဗျား ကျွန်တော့်ကို ညှာတာပေးရင်တောင် ကျွန်တော်က ခင်ဗျားကို ညှာတာပေးမယ်လို့ထင်နေတာလား။"

ရှောင်းချီရယ်က ရှန်ဇယ်ချွမ်း၏ သံကြိုးခတ်ထားသောလက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ရာ သူ့လက်ထဲမှနှင်းများက လေထဲပျံ့လွင့်သွားခဲ့သည်။ သူ၏အမူအရာကလည်း မတူမတန်သလို ပြုမူနေ၏။ "ဒီတော့ မြေခွေးလေးက အမြီးထုတ်ပြလာပြီပေါ့။ မင်းရဲ့ ဆိုးဝါးလှတဲ့သရုပ်ဆောင်စွမ်းရည်တွေကို ငါကြည့်ချင်နေခဲ့တာ!"

နှစ်ဦးသား နှင်းတောထဲ လဲကျသွားခဲ့ကြသည်။ သံကြိုးခတ်ခံထားရဆဲဖြစ်သော ရှန်ဇယ်ချွမ်းက ရှောင်းချီရယ်၏ဝမ်းဗိုက်ကို ဖိနပ်ဖြင့်ကန်၍ သူ့ဘာသာသူ ရုန်းထလိုက်၏။ "ဧကရာဇ်က ကျွန်တော့်ကို အကျဥ်းချထားဖို့ အမိန့်ပေးခဲ့ပေမဲ့ ရှောင်းမိသားစုက အမိန့်ကိုမနာခံဘဲ ကျွန်တော့်အသက်ကိုယူဝံ့ကြတယ်။ ဒီနေ့ညပြီးရင်—"

ရှောင်းချီရယ်က ရှန်ဇယ်ချွမ်းကို လက်ထိပ်ခတ်ထားသောသံကြိုးကနေ သူ့ဘက်သို့ဆွဲလိုက်၏။ ရှန်ဇယ်ချွမ်းမှာ မြေပြင်ပေါ် ပြန်လဲကျလာပြီး အံကြိတ်ကာ အော်ပြောလိုက်လေသည်။ "—ခင်ဗျားတို့အားလုံး ရှောင်းမိသားစုပုန်ကန်မှုရဲ့ ကြံရာပါတွေဖြစ်လာလိမ့်မယ်! ကျွန်တော့်ရဲ့သေခြင်းတရားက သေးငယ်ပေမဲ့ ကျွန်တော် အုတ်ဂူထဲရောက်သွားတဲ့အချိန်ကျ တော်ဝင်စစ်တပ်တစ်ခုလုံး ကျွန်တော်နဲ့အတူ မြှုပ်နှံခံရလိမ့်မယ်!"

ရှောင်းချီရယ်က အပေါ်ကနေ ရှန်ဇယ်ချွမ်း၏လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး အတင်းအကျပ်ခေါင်းမော့စေကာ ရယ်မောလိုက်လေသည်။ "မင်းက ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတာပဲ။ မင်းကိုယ်မင်း မြှုပ်နှံခံရဖို့ထိုက်တန်တဲ့ အဖိုးတန်ရတနာလေးလို့ ထင်နေတာလား။ မင်းကိုသတ်ရတာက မြက်ပင်လေးတွေကိုဆွဲနှုတ်လိုက်သလိုပဲ!"

အသက်ရှူဖို့ ခက်ခဲလာသည့် ရှန်ဇယ်ချွမ်းက သူ၏သံကြိုးကို ရှောင်းချီရယ်၏လည်ပင်းအနောက်သို့ ရစ်ပတ်ကာ အားကုန်သုံး၍ သူ့ကို မြေပြင်ပေါ်ဆွဲလှဲလိုက်သည်။ ရှောင်းချီရယ်က သတိလက်လွတ်ဖြစ်သွားပြီး ရုန်းကန်လိုက်သော်လည်း သူ့ရင်ဘတ်ပေါ်သို့ ရှန်ဇယ်ချွမ်း၏ကန်ချက်က ကျရောက်လာခဲ့သည်။ ချက်ချင်းဆိုသလို အနေအထားများက ပြောင်းပြန်ဖြစ်သွားလေ၏။

"မြင်ပင်လေးတွေကို ဆွဲနှုတ်သလိုပဲ?" ရှန်ဇယ်ချွမ်းက ငုံ့ကိုင်းကာ ရုန်းရင်းဆန်ခတ်များကြားကနေ ရှောင်းချီရယ်နှင့် အကြည့်ချင်းဆုံလိုက်သည်။ "ခင်ဗျားက အခွင့်အရေးကို ဖြုန်းတီးပစ်လိုက်တာပဲ။" သူက ကွဲအက်သောအသံဖြင့် ပြောလိုက်၏။ "အခု ဘယ်သူက အမဲလိုက်ခွေးဖြစ်ပြီး ဘယ်သူက သားကောင်ဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့!"

ရှောင်းချီရယ်က ဒေါသထွက်လာလေ၏။ "ဘယ်သူက မင်းကို လျှို့ဝှက်ကူညီနေရလောက်အောင်ထိ ရဲတင်းရတာလဲ! ငါ သူတို့ကို ရှာတွေ့တာနဲ့ အားလုံးကိုသတ်ပစ်မယ်!"

တပ်ခွဲခေါင်းဆောင်က ရုတ်တရက်ပြောင်းလဲသွားသောခြေအနေများကြောင့် ထိတ်လန့်သွားပြီး အပြေးရောက်လာခဲ့သည်။ "သာ့ရန်! သာ့ရန် သူ့ကိုသတ်လို့မဖြစ်ပါဘူး!"

"အမှန်ပဲ!" ရှန်ဇယ်ချွမ်းက အော်လိုက်သည်။ "အာ့ကုန်းကျစ်က ဒီနေ့ည ကျွန်တော့်ကိုသတ်ချင်နေတာ!"

"ပါးစပ်ပိတ်ထား!" ရှောင်းချီရယ်က သူ့လက်ဖြင့် ပါးစပ်က်ုအုပ်ရန်ပြင်လိုက်သည်။ အံ့အားသင့်စရာမှာ ရှန်ဇယ်ချွမ်းက သူ့ကို အညှာအတာမဲ့စွာ ကိုက်ခဲလာခဲ့လေ၏။ သူက ရှောင်းချီရယ်ကို မြေပြင်ပေါ်ဖိထားရင်း ရှောင်းချီရယ်၏ လက်မနှင့်လက်ညှိုးကြားရှိ အသားထူသောနေရာကို သွားများဖြင့်ဖိကိုက်ထားခဲ့သည်။

"မင်း အခုလိုအကြမ်းဖက်ပြီးတော့ ပုန်းနေနိုင်မယ်လို့ထင်နေတာလား။" ရှောင်းချီရယ်၏အသံက အေးစိမ့်နေ၏။ "ဒါတွေက နောက်ဆုံးထွက်သက်ကို ဆုပ်ကိုင်ထားရတဲ့သူတစ်ယောက်ရဲ့ လှုပ်ရှားမှုတွေဆိုတာ လုံးဝဖြစ်နိုင်စရာအကြောင်းမရှိဘူး!"

သူ၏တိုက်တွန်းချက်က အချည်းနှီးဖြစ်နေချိန်မှာ တပ်ခွဲခေါင်းဆောင်က အော်လိုက်သည်။ "သူတို့ကို လူချင်းခွဲလိုက်ကြ၊ မြန်မြန်လုပ်!"

ရှန်းဇယ်ချွမ်း၏သွားကြားထဲကနေ သွေးများစီးကျလာသော်လည်း လွှတ်ပေးဖို့ကို ငြင်းဆန်ခဲ့သည်။ ရှောင်းချီရယ်က ယခု လုံးဝကိုအသိစိတ်ကပ်သွားလေပြီ။ သူက ရှန်ဇယ်ချွမ်း၏ကော်လံအနောက်ကို ဆုပ်ကိုင်ကာ သူ့ကိုဆွဲဖယ်ရန် ကြိုးစားခဲ့သည်။ သူ့လက်မှနာကျင်မှုက သူ့နှလုံးသားထဲထိ တိုက်ရိုက်ထိုးဖောက်သွားတော့မလို ခံစားနေရသော်လည်း ရှောင်းချီရယ်၏မှတ်ဉာဏ်များထဲ စိမ့်ဝင်သွားသည်မှာ ရှန်ဇယ်ချွမ်း၏မျက်ဝန်းများဖြစ်နေခဲ့သည်။

"ကုန်းကျစ်!" ကျောင်းဟွေးက ၎င်းတို့ဆီကို မြင်းနှင့်ဒုန်းစိုင်းရောက်လာပြီး အော်ခေါ်လာ၏။

ရှောင်းချီရယ် လှည့်ကြည့်လိုက်သောအခါ မြင်းပေါ်ကနေဆင်း၍ ၎င်းတို့ဆီသို့ ခြေလှမ်းကျဲများဖြင့်လာနေသော သူ့အစ်ကိုကိုပါ တွေ့လိုက်ရသည်။ ချက်ချင်းဆိုသလို သူ့ကို အရှက်တရားများဖြင့် ဖုံးလွှမ်းသွားခဲ့လေသည်။ သူက ကိုယ်တုံးလုံးအနေအထားဖြင့် ၎င်းတို့အားလုံးမြင်တွေ့နိုင်စေရန် ဖော်ပြထားသော တန်ဖိုးမဲ့သည့်အခြေအနေတွင် ရှိနေသကဲ့သို့ပင်။

ရှောင်းကျိမင်က ၎င်းတို့ဘေးမှာ ဒူးတစ်ဖက်ထောက်လိုက်ပြီးနောက် ရှန်ဇယ်ချွမ်းက ရှောင်းချီရယ်၏လက်ကို ချက်ချင်းလွှတ်ပေးလိုက်သည်။ သူ့လက်မနှင့် လက်ညှိုးကြားနေရာမှာ အသားစများလန်နေပြီး သွေးများလည်းထွက်ကာ သွားရာကြီးကလည်း ခပ်နက်နက်ရှိနေခဲ့သည်။

ကျောင်းဟွေးက သူ့အနောက်ကနေ အနီးကပ်လိုက်လာရာ ဒဏ်ရာကို ချက်ချင်းဆိုသလိုမြင်တွေ့သွားခဲ့သည်။ "ဒီမှာ ဘာဖြစ်ခဲ့တာလဲ။"

"သူ့ကို အထဲပြန်ခေါ်သွားလိုက်။" ရှောင်းကျိမင်၏ တိုးလျသောအသံက ထွက်ပေါ်လာခဲ့သည်။ ကျောင်းဟွေးက ရှန်ဇယ်ချွမ်းကိုဆွဲထူကာ ဘုရားကျောင်းထဲ ပြန်ခေါ်သွားခဲ့သည်။

"ကုန်းကျစ်က အရက်မူးနေတယ်။" ရှောင်းကျိမင်က တပ်ခွဲခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်သည်။ "ဒီနေ့ညအဖြစ်အပျက်တွေကို ဖြန့်ဖို့မလိုဘူး။ အရှင်ဧကရာဇ်က ငါကိုယ်တိုင်ဆီကနေ တောင်းပန်စကားကိုကြားနာလိမ့်မယ်။"

ခေါင်းဆောင်က အကြိမ်များစွာ ခေါင်းညိတ်ပြခဲ့သည်။ "ဟုတ်ကဲ့၊ ရှစ်ကျိပြောတဲ့အတိုင်းပါပဲ!"

ရှောင်းကျိမင်က ထရပ်လိုက်သည်။ ကျောင်းဟွေးက ရှန်းဇယ်ချွမ်းကို ဘုရားကျောင်းထဲလိုက်ပို့ပြီး အခြေအနေကို သိရှိသွားပြီးနောက် တပ်ခွဲခေါင်းဆောင်ဘက်သို့ လှည့်ပြောလိုက်သည်။ "ဒီနေ့ည ကျွန်တော်တို့ရဲ့ကုန်းကျစ်ကို အိမ်တော်အထိ ဘေးကင်းလုံခြုံစွာနဲ့လိုက်ပို့ပေးတဲ့အတွက် တော်ဝင်စစ်တပ်ကညီအစ်ကိုတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ ဆောင်းတွင်းကြီးဆိုတော့ ညဘက် အပြင်မှာစောင့်ကြပ်နေဖို့တာက လွယ်တာမဟုတ်ဘူးလေ။ ဒီကညီအစ်ကိုတွေကို ဝိုင်နွေးနွေးလေးသောက်ဖို့ဖိတ်ခေါ်ချင်ပါတယ်။ အားလုံး မငြင်းဖို့မျှော်လင့်ပါတယ်။"

တပ်ခွဲခေါင်းဆောင်က သူ့ကို စော်ကားမိမည်စိုး၍ အလွန်ပါးနပ်စွာဖြင့် လက်ခံလိုက်လေ၏။

ထိုအချိန်မှ ရှောင်းကျိမင်က ရှောင်းချီရယ်ကို အသံတိတ်ကြည့်လိုက်သည်။

ရှောင်းချီရယ်က သူ့လက်မှသွေးများကို ရှင်းလင်းဖို့တောင် မလှုပ်ရှားခဲ့ပေ။ သူ ပါးစပ်ဖွင့်ဟလိုက်ချိန်မှာ သူ့အစ်ကိုက လှည့်ထွက်သွားပြီး မြင်းပေါ်တောင်တက်သွားခဲ့လေပြီ။

"သာ့ကော။" ရှောင်းချီရယ်က နူးညံ့စွာခေါ်လိုက်၏။

ရှောင်းကျိမင်က သူ့အသံကိုကြားသော်လည်း ဘာမှမပြောဘဲ အဝေးသို့စီးနင်းသွားခဲ့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment