no

Font
Theme

အပိုင်း (၄၃) - မိုးကြိုး (၁)

နောက်တစ်နေ့မနက်တွင် ရှန်သျယ်ဧကရာဇ်က ဆောင်းဦးအမဲလိုက်ပွဲ၌ အမိန့်တစ်ခုချမှတ်ခဲ့သည်။ သူ၏ကျန်းမာရေးအရ မြင်းကုန်းနှီးပေါ်ထိုင်ကာ အမဲလိုက်ဖို့မဖြစ်နိုင်သဖြင့် သူက ဆုလာဘ်တချို့ကိုပြင်ဆင်ကာ အမဲလိုက်ကွင်း၌ လူငယ်များအား ဆုလာဘ်များအတွက် ပြိုင်ဆိုင်ကြဖို့ ပြောကြားခဲ့၏။

လီကျန်းဟန်တစ်ယောက် သူ့မြင်းပေါ်တက်ရန် အကြိမ်များစွာရုန်းကန်ခဲ့ပြီးမှ မြင်းကုန်းနှီးပေါ်ကို ရောက်ရှိသွား၏။ ဧကရာဇ်က သူ့ကို စူးရှစွာကြည့်လိုက်သည်။ "ကျန်းဟန်၊ မင်းက နမူနာအဖြစ် ဦးဆောင်ရမယ်။ မင်းရဲ့အရည်အချင်းတွေ သရုပ်ပြမှာကို ကျန်းစောင့်နေမယ်!"

ချူးဘုရင်က သူ၏မြင်းဇတ်ကြိုးကို ဆုပ်ကိုင်လိုက်၏။ သူက သူ၏အစောင့်များကို ညွှန်ကြားချက်ပေးထားပြီးသားပင်။ သူကိုယ်တိုင်က ပစ်မှတ်ကို မထိနိုင်ခဲ့လျှင်တောင် သေချာပေါက် လက်ဗလာဖြင့်ပြန်လာလိမ့်မည်မဟုတ်ပေ။ သူက စိတ်အားထက်သန်စွာဖြင့် ထွက်ခွာလာပြီး သူ၏အစောင့်များက အနီးကပ်လိုက်လာသလို သူ့ဘေးမှာ ရှောင်းချီရယ်လည်းရှိသည်။

နန်လင်အမဲလိုက်ကွင်းအတွင်း ကျယ်ပြန့်သော မြက်ခင်းပြင်၏အဆုံးတွင် တောအုပ်ကြီးတစ်ခုရှိသည်။ မနက်ခင်းနှင်းရည်စက်များက အဝါရောင်သစ်ကိုင်းများပေါ် တွဲလွဲခိုနေပြီး စတင်လိုက်သောကစားပွဲကြောင့် မြင်းခွာသံများနှင့် အော်ဟစ်သံများဖြင့် ညံသွားလေ၏။

မြင်း၏ကျောပေါ်မှာထိုင်လျက် သူ၏လေးကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး အားတစ်ခုဖြင့်လေးကြိုးကိုဆွဲကာ ယုန်တစ်ကောင်ကိုပစ်လိုက်သည်။ မြားက သူ့ပစ်မှတ်နှင့်မလှမ်းမကမ်းရှိ မြေပြင်ပေါ်သို့ စိုက်သွားခဲ့၏။ သို့သော်လည်း သူ၏အစောင့်တစ်ယောက်က ကြိုတင်ပြင်ဆင်ထားသောယုန်သေဖြင့် ပြန်ရောက်လာသောအခါ လက်ခုပ်သံများ၊ အားပေးသံများဖြင့် ချက်ချင်းပြည့်နှက်သွားခဲ့သည်။

ကျေနပ်သွားသော လီကျန်းဟန်က ရှောင်းချီရယ်ဘက်လှည့်ကာ ပြောလိုက်သည်။ "ငါ့ရဲ့လေးပစ်စွမ်းရည်က မဆိုးဘူးမလား။ ငါ့ရဲ့အဖိုးတော်က သင်ပေးခဲ့တာလေ!"

"လီပေမှာတောင် ဒီလိုလေးပစ်စွမ်းရည်မျိုး တစ်ခါမှမမြင်ဖူးခဲ့ဘူး။" ရှောင်းချီရယ်က အရိုးသားဆုံးပြောလိုက်၏။

လီကျန်းဟန်က ရယ်မောလိုက်သည်။ "မင်း ချွိတူးမှာရှိနေတာ အရမ်းကြာနေပြီဆိုတော့ လေးကို ဘယ်လိုဆွဲရမလဲဆိုတာ မေ့သွားလောက်ပြီပေါ့?"

ရှောင်းချီရယ်က တော်ဝင်အစောင့်တပ်များသုံးသော ပုံမှန်လေးတစ်ခုကိုသာ ယူလာခဲ့သည်။ "ကျွန်တော့်အရည်အချင်းကိုလည်း ပြရတာပေါ့။"

ရှောင်းချီရယ်က လေးကြိုးကိုဆွဲကာ ၎င်းတို့ရှေ့မှာတင် ရှင်းရှင်းလင်းလင်း မြားကိုလွှတ်လိုက်သည်။ သူ၏ပစ်ချက်က ချူးဘုရင်ထက် အားနည်းပြီး မြားက မြေကြီးကိုတောင်မထိပေ။ နောက်ထပ် မြှောက်ပင့်ချီးကျူးသံများက ထွက်ပေါ်လာပြီး ရှောင်းချီရယ်တစ်ယောက် လှောင်ပြုံးပြုံးလိုက်လေသည်။

၎င်းတို့အနောက်မှ ချောင်ထျန်းယာက စောင့်ရတာစိတ်မရှည်သော်လည်း ထိုမြင်ကွင်းအား စိတ်ဝင်စားနေ၏။ "အဲ့ဒါကို တွေ့လား။ မင်း ကောင်းကောင်းမလေ့ကျင့်ရင် အရူးတစ်ယောက်လို ဆက်ဆံခံရလိမ့်မယ်!"

ရှောင်းချီရယ်၏ပခုံးနှင့် လက်မောင်းတို့ကိုကြည့်ရင်း ရှန်ဇယ်ချွမ်းတစ်ယောက် လက်စွပ်ကို သတိရမိသွားပြီး မပြုံးဘဲ မနေနိုင်ခဲ့ပေ။

ချူးဘုရင်မှာ အချိန်ဘယ်လောက်မှမကြာသေးဘဲ ခါးနာလာသဖြင့် တောနက်ထဲ ဆက်မသွားချင်တော့ပေ။ ၎င်းမှာ မနေ့ညက အရက်သောက်ခြင်း၏အကျိုးဆက်များဖြစ်ပြီး ယခုအခိုက်အတန့်၌ သူ နေထိုင်လို့မကောင်းဖြစ်နေ၏။ သူက ခဏလောက် ဦးတည်ချက်မဲ့စွာ လျှောက်သွားနေခဲ့ပြီး အချိန်ကျလာတော့မှ သူ့လူများကို ပြန်လှည့်ရန်တိုက်တွန်းခဲ့သည်။

အနောက်မှအစောင့်များမှာ မြားကို ကုန်အောင်တောင််မပစ်ရသေးဘဲ သူ့ကို လေအလျင်လို ပြန်လည်ပို့ဆောင်ပေးခဲ့ကြသည်။ ၎င်းတို့က အရှေ့အရပ်ရှိ တောအုပ်ထဲကိုတောင် မသွားခဲ့ကြပေ။

လီကျန်းဟန်က မြင်းပေါ်မှဆင်းကာ ဧကရာဇ်၏ရှေ့၌ ဒူးထောက်လိုက်သည်။ နံဘေးမှာ ဖန်းရူကွေ့က ရှန်သျယ်ဧကရာဇ်အတွက် သားကောင်များကို ရေတွက်ပေးနေ၏။ လီကျန်းဟန် နားထောင်လေလေ ပို၍ကျေနပ်လာလေလေပင်။ သူက ပြောလိုက်သည်။ "အစ်ကိုတော်! အဲ့ထဲမှာ မြေခွေးနီတစ်ကောင်တောင် ပါသေးတယ်။ သူ့ရဲ့အမွေးအရောင်က သိပ်ကိုကောင်းမွန်တယ်။ အဲ့ဒါနဲ့ အစ်ကိုတော့်အတွက် သားမွေးကော်လံတစ်ခု ပြုလုပ်နိုင်လောက်တယ်။"

ရှန်သျယ်ဧကရာဇ်ကလည်း ကျေနပ်နေ၏။ သူက ပြောလိုက်သည်။ "အခု ကျန်း ချွိတူးမှာထက်တောင် တက်ကြွလန်းဆန်းနေသလို ခံစားရတယ်! ဖန်းရူကွေ့၊ ချူးဘုရင်ကို အဲ့ဒီပစ္စည်းပေးလိုက်။"

လီကျန်းဟန်က ပျော်ရွှင်စွာဖြင့် ပိုးသားအဝတ်စကို မ'လိုက်ရာ သာမန်လူများ လေးကြိုးမဆွဲနိုင်လောက်သည့် ကြီးမားသောလေးကြီးတစ်လက်ကို တွေ့လိုက်ရသည်။ သူက ချက်ချင်းဆိုသလို စိိတ်ဝင်စားမှုမရှိတော့သော်လည်း ပြန်ပြောလိုက်လေ၏။ "ဆုတော်အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်!"

ရှန်သျယ်ဧကရာဇ်က ရယ်မောကာ အကြိမ်အနည်းငယ်ချောင်းဆိုးလိုက်ပြီး ထပ်ပြောလိုက်သည်။ "မင်း သဘောမကျဘူးမဟုတ်လား။ ဒါက မင်းအသုံးပြုဖို့လည်းမဟုတ်ပါဘူး။ ဒီလေးကို မင်းဆက်တည်ထောင်သူဧကရာဇ်က ချန်ထားပေးခဲ့တာ။ အဲ့ဒါကို သံနက်နဲ့ နဂါးကြေးခွံပေါင်းပြီး ပြုလုပ်ထားတယ်။ အလေးချိန်က တစ်ရာ့နှစ်ဆယ်ကတ်တီရှိတယ်။ လက်ရှိ မဟာစစ်သူကြီးလေးယောက်ကတောင် ဒါကို မဆွဲနိုင်ကြဘူး။ မင်းကို ဒီဟာဆုချီးမြှင့်တာက တစ်ချိန်လုံး သတိရနေစေချင်လို့။ ဒီလေးကိုတွေ့လိုက်တိုင်း မင်းဆက်တည်ထောင်သူဧကရာဇ် ဒီအင်ပါယာထူထောင််ဖို့ ဘယ်လိုအခက်အခဲတွေ ကျော်ဖြတ်ခဲ့ရလဲဆိုတာ မှတ်မိနေစေချင်တယ်။"

လီကျန်းဟန်က ဧကရာဇ်စကားများကို အသိအမှတ်ပြုကာ သူ၏အစောင့်များကိုခေါ်၍ ထိုလေးကိုသယ်ခိုင်းလိုက်သည်။ ညစာစားချိန်အတွင်း ရှန်သျယ်ဧကရာဇ်က လီကျန်းဟန်ကို သူနှင့်အတူထိုင်ရန် ပြောလာပြီး သူ့အနားကို တိုးကပ်သွား၏။ ၎င်းထက် ပို၍ထင်သာမြင်သာရှိသော အရိပ်အမြွက်မရှိနိုင်တော့ပေ။ ဤနေရာမှာရှိနေသော အမတ်များအားလုံး သိကြသော်လည်း ချူးဘုရင်နှင့် အဆင့်တူသော အတွင်းဝန်အမတ်ဖြစ်သူ ဟွားစစ်ချန်းကြောင့် ရူးချင်ယောင်ဆောင်နေကြသည်။

လူတိုင်း အရက်သေစာများ သောက်စားပြီးနောက် မီးပုံကြီးကို ဖိုလိုက်ကြသည်။ ရှန်သျယ်ဧကရာဇ်က ပြန်မနားသေးသဖြင့် ရှိနေသူများကလည်း မထွက်ခွာကြသေးပေ။ လီကျန်းဟန်က ထိုင်နေရသည်ကို ငြီးငွေ့လာသော်လည်း ရှန်သျယ်ဧကရာဇ်က အနားယူဖို့ ရည်ရွယ်ချက်မရှိသေးကြောင်း တွေ့လိုက်ရသည်။

ဘာဖြစ်နေတာလဲ။

လီကျန်းဟန်က ရှောင်းချီရယ်ကို ပဟေဠိဖြစ်စွာ အကြည့်ဖြင့်မေးလိုက်၏။

ရှောင်းချီရယ်က သတိမပြုမိသလို ဟန်ဆောင်ခဲ့သည်။

ထိုအချိန်၌ အကအလှများနှင့် ဂီတသံတို့က ရပ်တန့်သွားခဲ့ပြီး မီးပုံ၏မီးတောက်ကြီးက တလိပ်လိပ်မြင့်တက်နေခဲ့သည်။ ရှန်သျယ်ဧကရာဇ်က ရုတ်တရက် သူ၏ဝတ်စုံကို စုစည်းလိုက်ပြီး ခေါ်လိုက်၏။ "အမတ်ဟိုင်။"

ဟိုင်လျန်းယိက သူ၏ဝတ်ရုံကို သပ်သပ်ရပ်ရပ်ပြင်ကာ ဧကရာဇ်အရှေ့မှာ တလေးတစားဒူးထောက်၍ ပြန်လည်လျှောက်တင်ခဲ့၏။ "ကျွန်တော်မျိုး ရှိပါတယ်!"

ရှန်သျယ်ဧကရာဇ်က မေးလိုက်သည်။ "ဒီကနေ့ မင်း ဘာလုပ်ဖို့ရည်ရွယ်ထားလဲ။"

ဟိုင်လျန်းယိက ဝပ်တွားကာ လျှောက်တင်လိုက်သည်။ "အခွန်ကိစ္စအတွက် ဝန်ကြီးဌာနခြောက်ခုရဲ့ အခွန်ဘဏ္ဍာစိစစ်ရေးဌာန ကြီးကြပ်ရေးမှူးချုပ် ရွှယ်ရှိုးကျော်ကို အရှင်မင်းမြတ်ထံ အသနားခံတင်ပြခွင့်ပေးဖို့ အကြံပြုလိုပါတယ်။"

ဟွားစစ်ချန်းက တစ်စုံတစ်ခုကို အာရုံခံလိုက်မိသည်။ သူက သူ၏မုတ်ဆိတ်ကိုပွတ်သပ်ကာ ပြောလိုက်၏။ "ရန်ရှစ်*၊ ဘာဖြစ်လို့ အဲ့လိုပြောရတာပါလဲ။ အစကတည်းက ကြီးကြပ်ရေးမှူးချုပ်မှာ အရှင်မင်းမြတ်ထံ တိုက်ရိုက်လျှောက်တင်ခွင့်ရှိတာပဲ။"

[TN/ ရန်ရှစ် - လူကြီးမင်း။]

"အဲ့လိုဆိုပေမဲ့။" ဟိုင်လျန်းယိက ပြောလိုက်သည်။ "ရွှယ်ရှိုးကျော်ရဲ့မှတ်တမ်းစာလိပ်က အရှင်မင်းမြတ်ထံကို မရောက်ဘဲဖြစ်နေလို့ပါ။ အဲ့ဒါကြောင့် အရှင်မင်းမြတ်နဲ့ တိုက်ရိုက်တွေ့ဆုံခွင့်ရဖို့အခွင့်အရေးကို လိုက်ရှာနေတာဖြစ်နိုင်တယ်။"

"ဘယ်လိုလုပ်ပြီး မှတ်တမ်းစာလိပ်က အရှင်မင်းမြတ်ဆီမရောက်ရတာလဲ။" ဟွားစစ်ရှန်းက မေးလိုက်သည်။

ရှန်သျယ်ဧကရာဇ်က ပြောလာ၏။ "ကျန်းလည်း သိချင်မိသား။ အမတ်ဟိုင်၊ သူ့ကို ခေါ်လိုက်ပါ။"

အမိန့်ကိုလက်ခံပြီးနောက် ဖန်းရူကွေ့က ဟွားစစ်ရှန်းနှင့် အကြည့်ချင်းဖလှယ်ကာ ခြေလှမ်းကျဲများဖြင့်ထွက်သွားပြီး ခေါ်လိုက်သသည်။ "အခွန်ဘဏ္ဍာစိစစ်ရေးဌာနရဲ့ကြီးကြပ်ရေးမှူးချုပ် ရွှယ်ရှိုးကျော်ကို အရှင်မင်းမြတ်က ဆင့်ခေါ်လိုက်ပါတယ်!"

ရွှယ်ရှိုးကျော်က ရုံးတော်ဝတ်စုံကို မဝတ်ထားချေ။ သူက မြင်းပေါ်ကနေဆင်းကာ ခရီးပန်းနေသည့်ပုံပင်။ သူက မည်သူ့ကိုမှမကြည့်ဘဲ သူ့လမ်းသူလျှောက်လာ၏။ ထို့နောက် အရင်ဆုံးဒူးထောက်ကာ ရှန်သျယ်ဧကရာဇ်ကို ဦးညွတ်၍ အရိုအသေပေးလိုက်သည်။

"မင်းမှာ ဘာတင်ပြစရာရှိသလဲ။" ရှန်သျယ်ဧကရာဇ်က လေထုအလယ်မှာ မေးလိုက်သည်။

ရွှယ်ရှိုးကျော်က လျှောက်တင်လာ၏။ "ကျွန်တော်မျိုးက စိစစ်ရေးရံးရဲ့ ကြီးကြပ်ရေးမှူးပါ။ ကျွန်တော့်ရဲ့အဓိကတာဝန်က အခွန်ဘဏ္ဍာဌာနရဲ့ ဘဏ္ဍာရေးကိစ္စတွေကို အသေးစိတ်စစ်ဆေးဖို့ဖြစ်ပါတယ်။ ရှန်သျယ်ရဲ့ ပဉ္စမမြောက်နှစ်၊ သုံးလပိုင်းမှာ ကျွန်တော်မျိုး ရှန်သျယ်ရဲ့စတုတ္ထမြောက်နှစ်အတွက် အထွေထွေအသုံးစရိတ်စာရင်းကို စစ်ဆေးလိုက်တော့ သုံးငွေဟာ ၂၀၀၀၀၀၀ ကိုမှတ်တမ်းတင်ထားကြောင်း ရှာတွေ့ခဲ့ပါတယ်။ အထူးသဖြင့် အခွန်ဘဏ္ဍာဌာနရဲ့ ဖော်ပြချက်မှာ အဲ့ဒါကို 'ကျွယ်ရှီးရဲ့ မြို့ဆယ့်သုံးမြို့ကို ထောက်ပံ့ပေးခြင်း' လို့ အလင်းပြထားတာကြောင့် ကျွန်တော်မျိုး ကိုယ်တိုင်ကိုယ်ကျ ကျွယ်ရှီးကို ခရီးနှင်ခဲ့ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးအမတ် ကျန်းချင်းရှန်းက ကျွန်တော်မျိုးနဲ့အတူ ရှန်သျယ်ရဲ့ စတုတ္ထမြောက်နှစ်အတွင်း စာရင်းမှတ်တမ်းတွေကို ပြန်လည်တွက်ချက်လိုက်တဲ့အချိန်မှာ ကျွယ်ရှီးအတွက် ငွေဟာ ၁၅၃၀၀၀၀ ကိုသာ အမှန်တကယ်ပေးခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျန်နေတဲ့ ၄၇၀၀၀၀ က ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားကြောင်းပါ။"

"ပြီးတော့ အဲ့ဒီနှစ်ရဲ့ ရှစ်လပိုင်းမှာပဲ စစ်ဌာနက ရှေ့တန်းတပ်တွေဆီ လစာတွေဖြန့်ဝေပေးခဲ့ပါတယ်။ အခွန်ဘဏ္ဍာဌာနကနေ ဒီရည်ရွယ်ချက်အတွက် ငွေ ၂၈၀၀၀၀၀ ကို ထုတ်ယူခဲ့ပါတယ်။ အဲ့ဒီထဲက ၁၈၀၀၀၀၀ ဟာ ချီသုန်းရဲ့မြို့စောင့်တပ်ငါးခုအတွက်ဖြစ်ပြီး လီပေတပ်ဖွဲ့အတွက် ၁၀၀၀၀၀၀ ပါ။ ဒါပေမဲ့ ငွေတွေကိုလက်ဆင့်ကမ်းပြီး လော့ရှားတောင်ကြားကို ကျွန်တော်မျိုးရောက်သွားတဲ့အချိန်မှာ ၈၃၀၀၀၀ ပဲ ကျန်ပါတော့တယ်! ဒီလိုနဲ့ တိုင်းပြည်ဘဏ္ဍာတိုက်ရဲ့ စာရင်းပျောက်နေတဲ့ငွေပမာဏက တဖြည်းဖြည်း ပိုများလာပါပြီ။ အဲ့ဒီငွေတွေအားလုံး ဘယ်ကိုရောက်သွားတာပါလဲ။ သူတို့ကို ဘယ်သူက ယူသွားတာလဲ။ အတွင်းဝန်အမတ်ဟွားက မသေချာနိုင်ပေမဲ့ အရှင်မင်းမြတ် ကြည့်ရှုဖို့အတွက် ကျွန်တော်မျိုးမှာ မှတ်တမ်းတွေရှိပါတယ်!"

"မင်းက အဓိပ္ပါယ်မရှိတာတွေ ပြောနေတာပဲ!" ဟွားစစ်ချန်းက အေးစက်သောလေသံဖြင့် ပြောလိုက်သည်။ "အခွန်ဘဏ္ဍာဌာနက နှစ်စဥ်နှစ်တိုင်း အရှင်မင်းမြတ်ရဲ့ရှေ့တော်မှောက်မှာပဲ စာရင်းစစ်ရတာ! တကယ်လို့ လိုငွေတွေရှိနေခဲ့ရင် ဘဏ္ဍာရေးအမတ်၊ အတွင်းဝန်အမတ်နဲ့ တော်ဝင်အခမ်းအနားကြီးကြပ်ရေးရဲ့ စုတ်တံကိုင်တဲ့ညွှန်ကြားရေးမှူးတွေက ဘယ်လိုလုပ်ပြီး မသိဘဲနေမှာလဲ!"

ဟိုင်လျန်းယိက ခေါင်းမော့ကာ တည်ငြိမ်စွာပြောလာ၏။ "ကျွန်တော်မျိုး သိပါတယ်! ရှန်သျယ်ရဲ့ ဒုတိယမြောက်နှစ်ကနေစတင်ပြီး စာရင်းစာအုပ်တွေကို အခွန်ဘဏ္ဍာရေးဌာနက အစစ်နဲ့ အတုခွဲခြားပြီး တင်ပြခဲ့တာပါ။ နှစ်စဥ် တင်သွင်းရမဲ့အရာကို ဆုံးဖြတ်တဲ့နေရာမှာ အခွန်ဘဏ္ဍာရေးရာအမတ်ရဲ့ စကားတွေက အရေးမပါဘဲ အဲ့ဒါ ခင်ဗျားရဲ့ဆုံးဖြတ်ချက်ပဲ ဟွားစစ်ချန်း!"

ရုတ်တရက်ဆိုသလို မီးပုံမှ မီးတောက်ကြီး၏အသံက မိုးခြိမ်းသံအလား ပေါက်ကွဲသွားပြီး လူတိုင်းကို တိတ်ဆိတ်သွားစေခဲ့သည်။ ရှန်သျယ်ဧကရာဇ်က ရုတ်တရက်ဆန်သောအမူအရာဖြင့် ယခုလို တင်းမာသောမေးခွန်းများကို ဖော်ပြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ကောင်းပြီ။" ဟွားစစ်ချန်းက ရယ်မောကာ စားပွဲကိုရိုက်လိုက်ပြီး ထရပ်လိုက်၏။ "ခင်ဗျားက ကြုံသလိုစွပ်စွဲနေတာပဲ။ ဟွားမျိုးနွယ်က ဘာမို့လို့လဲ။ ဒီလောကကြီးရဲ့ နယ်မြေတွေအားလုံး ဧကရာဇ်ရဲ့အပိုင်ပဲ။ ကျုပ်၊ ဟွားစစ်ချန်းက အရာအားလုံးကို ပွင့်ပွင့်လင်းလင်းပဲလုပ်သလို အရှင်မင်းမြတ်ကိုပဲ ရှေ့တန်းတင်တယ်! တကယ်လို့ သံသယဖြစ်စရာ မှတ်တမ်းတစ်ခုခုရှိရင် အခုချက်ချင်းယူလာခဲ့။ ကျန်းကော်ရှစ်၊ သူနဲ့အတူ တာလီရေတွက်ပေးလိုက်!"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment