no

Font
Theme

အပိုင်း (၄၉) - မိုးသောက်ချိန် (၁)

ချုံပုတ်များကြားမှ ခြေသံများထွက်ပေါ်လာပြီး အမဲလိုက်ခွေးများက အနံ့တစ်ခုခုကို ရှာတွေ့သွားသလိုမျိုး သစ်ကိုင်းများနှင့် သစ်ရွက်များကို နှာတရှုံ့ရှုံ့ဖြင့်အနံ့ခံရင်း ၎င်းတို့၏ခြေသည်းများဖြင့် တူးဆွနေကြသည်။

ရှန်ဇယ်ချွမ်း၏လည်ကုပ်ပေါ်မှာ ရွှံ့များပေကျံနေ၏။ အဘက်ဘက်ကနေ လှုပ်ရှားလို့မရဘဲ ထိုအတိုင်းသာ ရှိနေခဲ့ရသည်။

ရှောင်းချီရယ်တစ်ယောက် ပိုပိုပြီး မသက်မသာဖြစ်လာ၏။ ဤအနေအထားနှင့်ဆို သူ့အတွက် စိတ်အေးလက်အေးနေဖို့ မဖြစ််နိုင်ပေ။ သူက အနှီနုနယ်သောမြဲမြံမှုနှင့် အဆက်မပြတ်ထိတွေ့နေပြီး သူ့ကိုခွစီးထားသူက လူသားမဟုတ်ဘဲ တိမ်တိုက်များနှယ်၊ မြူနှင်းများဖြင့် သူ့ကိုရစ်ပတ်လွှမ်းခြုံကာ နေရာအနှံ့ ပျံ့နှံ့နေလေ၏။

ဤလေထုက သူ့ကိုယ်ထဲကို မီးတောက်များမွှေးပေးခဲ့သည်။ အချိန်အတော်ကြာတဲ့အထိ မာန်မကျသွားသေးရာ ယခုချက်ချင်း အေးစက်သောရေကန်ထဲ ဝင်စိမ်ချင်နေခဲ့၏။ မိုးရေစက်များက တဖျောက်ဖျောက်ကျဆင်းနေပြီး သူ၏ဆံပင်များကို စိုရွှဲသွားစေသည်။ ၎င်းတို့နှစ်ဦး အဆုံးမဲ့သော ဤအနေအထားဖြင့် ပိတ်မိနေပြီး နောက်ဆုံး၌ ရှောင်းချီရယ်တစ်ယောက် သူ၏လက်များ၌ အာရုံခံစားမှုတချို့ ပြန်ရလာခဲ့သည်။ အာရုံကြောများ နိုးထလာသည့်အလျောက် သူ၏လက်ချောင်းများက လှုပ်ရှားလို့ရလာခဲ့၏။

အပေါ်မှ လိုက်ရှာနေသူများက နောက်ဆုံးတော့ ခပ်လှမ်းလှမ်းကို ရောက်သွားသော်လည်း ရှန်ဇယ်ချွမ်းမှာ စိတ်မအေးရသေးပေ။ ကျဥ်းမြောင်းသော ဤနေရာလေး၌ တစ်ယောက်ကိုတစ်ယောက်ဖိကပ်နေရခြင်းမှာ ယခု အန္တရာယ်တစ်မျိုးဖြစ်လာခဲ့သည်။ ရှောင်းချီရယ်က သူ၏အကြည့်ကို လွှဲဖယ်မသွားခဲ့ချေ။

သူ အကြည့်လွှဲလို့မဖြစ်ပေ။ သူ၏မည်သည့်တွန့်ဆုတ်မှုကမဆို သူ့အား ရှန်ဇယ်ချွမ်းအပေါ် အမှန်တကယ် တစ်ခုခုရှိနေသည့်ပုံ ပေါ်သွားစေနိုင်သည်။

"မင်း ငါနဲ့အရမ်းနီးနေပြီ။" ရှောင်းချီရယ်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

ရှန်ဇယ်ချွမ်းက ပြန်မဖြေခဲ့ပေ။

ပထမဆုံးအကြိမ်အဖြစ် ရှောင်းချီရယ်တစ်ယောက် 'ကျားကိုစီးတဲ့သူက ဆင်းဖို့ခက်တယ်' ဆိုသည့်စကား၏အဓိပ္ပါယ်ကို သဘောက်ပေါက်သလိုလိုရှိလာ၏။ သူ ခေါင်းမော့ကာ လေကိုရှူရှိုက်ချင်သော်လည်း မလုပ်ရဲချေ - ထိုသို့လုပ်လိုက်ပါက စိတ်မရှည်သော တဏှာရူးတစ်ယောက်နှင့် ပိုတူသွားလိမ့်မည်။ သူ့မှာ ထိုကဲ့သို့ရည်ရွယ်ချက်များမရှိကြောင်း ကျိန်ဆိုရဲ၏။

ယင်းက ၎င်းတို့၏ခန္ဓာကိုယ်များ ပွတ်တိုက်မှုနှင့် ရှန်ဇယ်ချွမ်း၏ ထူးခြားသောရနံ့တို့ကြောင့်သာ သူ၏ခန္ဓာကိုယ်က အခြေခံလိုအင်ဆန္ဒတို့ ပြသလာခြင်းဖြစ်သည်။

ရှောင်းချီရယ်တစ်ယောက် ရှန်ဇယ်ချွမ်း၏ရင်ဘတ်က အောက်သို့လျှောဆင်းသွားကြောင်း ခံစားမိလိုက်သည်။ သူ ဖယ်ခွာသွားသည့်အခိုက်အတန့်မှာ ရှောင်းချီရယ် မသယ်နိုင်သည့်ဝန်ထုပ်ဝန်ပိုးအား လွှတ်ချလိုက်ရသကဲ့သို့ စိတ်သက်သာရာရကာ သက်ပြင်းသေးသေးလေးချလိုက်သည်။

သို့သော် သက်ပြင်းတောင် ဆုံးအောင်မချရသေးခင် သူ၏ကော်လံက တင်းကျပ်သွားပြီး မူးချောင်းထဲသို့ ပစ်ချခံရကာ သူ၏ရင်ဘတ်က ရေမှော်ပင်များနှင့် ပွတ်တိုက်သွားခဲ့သည်။

သူက လက်နောက်ပစ်ကာ ရှန်ဇယ်ချွမ်း၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ကိုခြေချော်သွားစေရန် သူ၏ခြေချင်းဝတ်အား ခြေထောက်တစ်ဖက်ဖြင့် ချိတ်လိုက်သည်။ နှစ်ဦးသား မူးချောင်းထဲကို အတူတူပြုတ်ကျသွားပြီး ရှောင်းချီရယ်က တစ်ပတ်လည်ကာ ရှန်ဇယ်ချွမ်း၏လက်ကောက်ဝတ်များကို ဆုပ်ကိုင်၍ ထိုအမျိုးသားကို သူ့အောက်မှာ ဖိထားလိုက်သည်။

"အချစ်ရေးပြဿနာတွေကို ချစ်စဖွယ်နည်းလမ်းတွေနဲ့ပဲ ဖြေရှင်းသင့်တယ်။" ရှောင်းချီရယ်က ရှန်ဇယ်ချွမ်းအား လှုပ်ရှားခွင့်မပေးခဲ့ချေ။ "ဘာဖြစ်လို့ အားသုံးရမှာလဲ။"

ရှန်ဇယ်ချွမ်း၏ လက်ချောင်းဆယ်ချောင်းလုံးက တင်းကျပ်စွာဆုပ်ကိုင်ခံထားရပြီး သူ၏ဆံပင်များက ရေထဲမှာ ပြန့်ကျဲနေ၏။ သူက အသက်ပြင်းပြင်းရှူကာ မေးကို အနည်းငယ်ပင့်ထားသည်။ သူ၏နှုတ်ခမ်းထောင့်မှာ အပြုံးလေးပေါ်ပေါက်လာပြီး ပြောလိုက်သည်။ "တခြားသူတွေအပေါ် အတင်းအကျပ်လုပ်တာက ဉာဏ်ရှိတဲ့လုပ်ရပ်မဟုတ်ဘူး။"

"ငါ့မှာ အဲ့လိုရည်ရွယ်ချက်တွေမရှိဘူး။" ရှောင်းချီရယ်က သွားကြားထဲကနေ တစ်လုံးချင်းပြောလိုက်သည်။

ရှန်ဇယ်ချွမ်းက သူ၏ဒူးခေါင််းဖြင့် ရှောင်းချီရယ်၏ပေါင်ခြံကိုထောက်ကန်လိုက်ပြီး အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။

ရှောင်းချီရယ်က ဝေဒနာခံစားနေရသောအကြည့်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။ ထို့နောက် သူက ခေါင်းငုံ့ကာ စိုစွတ်နေသောဆံပင်ကို ခွေးတစ်ကောင်လိုခါလိုက်ပြီး ရေစက်များအား ရှန်ဇယ်ချွမ်း၏မျက်နှာပေါ် ပက်ဖြန်းလိုက်လေ၏။ ရှန်ဇယ်ချွမ်း၏တုံ့ပြန်မှုကို စောင့်မနေဘဲ သူက ရွှံ့အနည်းငယ်ပေကျံနေဆဲဖြစ်သော ရှန်ဇယ်ချွမ်း၏လည်ကုပ်ကို ရွှံ့များပြောင်သွားသည်အထိ ပွတ်တိုက်ကာ ဆေးကြောပေးလိုက်သည်။ သူ စိတ်ကျေနပ်သွားသောအခါ ရှန်ဇယ်ချွမ်း၏ကော်လံကိုဆွဲ၍ တင်းကျပ်စွာချည်နှောင်ပေးလိုက်သည်။

"ညက စိုစိုစိစိနဲ့ အရမ်းအေးတယ်။" ရှောင်းချီရယ်က ရှန်ဇယ်ချွမ်းကိုလွှတ်ပေးကာ သူ့ပေါ်ကနေဆင်းလိုက်၏။ "လုံအောင်ဖုံးထား။"

သူက ရှန်ဇယ်ချွမ်းကို ပြန်ဖြေခွင့်မပေးဘဲ သူ၏ဦးခေါင်းအား ရေထဲနှစ်လိုက်သည်။ သူ ပြန်ပေါ်လာသောအခါ တော်တော်လေး တည်ငြိမ်သွားပြီဖြစ်၏။ သူ့မျက်နှာပေါ်မှ ရေများကိုသုတ်လိုက်ပြီးနောက် ရှောင်းချီရယ်၏မျက်လုံးများက ပို၍ကြည်လင်ကာ စူးရှလာခဲ့သည်။ "မိုးသောက်တော့မယ်။ သွားကြစို့။" သူက ထိုသို့ပြောကာ သူ၏ဓါးကို ယူလိုက်သည်။

...

ကျိလေတစ်ယောက် စိုးရိမ်စိတ်များ တရိပ်ရိပ်တက်လာ၏။ မိုးသောက်ရောင်နီက မိုးကုပ်စက်ဝိုင်းကနေ ထွက်ပေါ်စပြုနေသော်လည်း လူကိုရှာလို့မတွေ့သေးပေ။

ချောင်ထျန်းယာက အသေခံတပ်သားတစ်ယောက်၏ကော်လံကို ဖြဲကြည့်လိုက်သော်လည်း ၎င်းတို့ကို မည်သူမည်ဝါခွဲခြားလို့ရမည့် အထောက်အထားမျိုး ရှာမတွေ့ခဲ့ပေ။ "ဒီလူတွေက ရှောင်းအာ့ရဲ့လူတွေ။" သူက ဆောင့်ကြောင့်ထိုင်ကာ တွေးတောလိုက်သည်။ "ချွိတူးမှာ သူ့ရဲ့လှုပ်ရှားမှုတွေအကုန်လုံး စောင့်ကြည့်ခံထားရတာ။ ဒီလိုအသေခံတပ်သားကို လေ့ကျင့်ပေးဖို့ ဘယ်လိုများ အချိန်ရလိုက်တာလဲ။"

"သူ့ကို အခုချက်ချင်းရှာမှဖြစ်မယ်!" ကျိလေက ချွိတူးတည်ရှိရာ အနောက်မြောက်အရပ်ကို မျှော်ကြည့်လိုက်သည်။ "မဟာတပ်ရင်းရှစ်ခုက မြို့ရဲ့ဂိတ်တံခါးတွေကို ထိန်းချုပ်ပြီးသွားပြီ။ ငါတို့ အခု ဦးခေါင်းတွေကို အဆုံးရှုံးမခံနိုင်ဘူး။" ကျိလေ၏လက်က သူ၏ဓါးကို ဘယ်တုန်းကမှ မလွှတ်ခဲ့ချေ။

သူ့ကိုကြည့်နေရင်း ချောင်ထျန်းယာတစ်ယောက် ရှောင်းချီရယ်နှင့် ချူးဘုရင်ကို ရှာမတွေ့သောကြောင့်မဟုတ်ဘဲ အခြားအကြာင်းပြချက်တချို့ကြောင့် စိုးရိမ်မှုကိုခံစားနေရသည်။

"ကျွန်တော်တို့ လီပေကို ဘေးထုတ်ထားချင်တယ်ဆိုရင် ရှောင်းအာ့က ကျွန်တော်တို့ရဲ့အသက်သွေးပဲ။" ချောင်ထျန်းယာက သူ၏ဟန်ပန်အမူအရာကို ထိန်းချုပ်ကာ ကျိလေကို စောင့်ကြည့်နေခဲ့သည်။ "ဒါပေမဲ့ ဒီကနေ့ည တောအုပ်ထဲမှာ လုပ်ကြံသတ်ဖြတ်သူတွေရှိနေတယ်။ သာ့ရန်၊ ဒီအကြောင်းနဲ့ပတ်သက်ပြီး တစ်ခုခုသိပါသလား။"

"ရှောင်းမျိုးနွယ်က လူတော်တော်များများကို အပြစ်ပြုထားတာ။ သူတို့ထဲကတစ်ယောက်ယောက်က အချောင်အခွင့်အရေးယူချင်နေတဲ့ပုံပဲ။" ကျိလေက ချောင်ထျန်းယာကို လှည့်ကြည့်လိုက်၏။ "ဘယ်သူလဲဆိုတာကို ငါက ဘယ်လိုလုပ်သိပါ့မလဲ၊။"

ချောင်ထျန်းယာက သူ့လက်နှစ်ဖက်ကို ကူကယ်ရာမဲ့စွာဖြန့်ပြလိုက်သည်။ "အဓိကက ကျွန်တော်တို့ ရှောင်းအာ့ကို ရှာမတွေ့သေးတာပဲ။ သူ ပြင်ဆင်ထားတာဖြစ်ရမယ် - အဲ့ဒါကြောင့် တစ်ညလုံးရှာတာတောင် ကျွန်တော့်တို့လက်ကြားထဲကနေ လွတ်သွားရတာ။ သူက ကျွန်တော်တို့ကို အချိန်ပေါင်းများစွာ ပတ်ပတ်လည်ပြေးခိုင်းခဲ့တာ မိုးသောက်ရောက်တဲ့အထိပဲ။ ဒါ ကျွန်တော်တို့ သူ့ရဲ့ထောင်ချောက်ထဲကျသွားတာလို့ ပြောရမယ်။"

"သူ့ရဲ့ထောင်ချောက်ထဲ ကျသွားတယ်?" ကျိလေက မျက်မှောင်ကြုတ်လိုက်သည်။

"သူက အချိန်ဆွဲဖို့ သူ့ကိုယ်သူ တည်ကြက်အဖြစ် အသုံးချတာဖြစ်နေမှာကို ကျွန်တော်စိုးရိမ်မိတယ်။" ချောင်ထျန်းယာက ကျယ်ပြန့်သောမြက်ခင်းပြင်ကို မျှော်ကြည့်လိုက်သည်။ "ကျွန်တော် လောင်းကြေးထပ်ရမယ်ဆိုရင် သူ့မှာ စစ်ကူတွေရှိနေမယ်လို့ ကျွန်တော်သံသယဝင်မိတယ်။"

"နယ်စပ်လေးခုက တပ်ဖွဲ့တွေအားလုံးကို စုဆောင်းထားတာကို ဒီစစ်ကူတွေက ဘယ်ကနေရောက်လာမှာလဲ။"

ချောင်ထျန်းယာလည်း မသိသောကြောင့် ပြန်မဖြေနိုင်ခဲ့ပေ။

...

ရှီးကုအန်းက မြို့တော်သို့ အသော့နှင်ခဲ့သည်။ သူ မြို့တံခါးဆီရောက်သော် နေရာအနှံ့မှ တိတ်ဆိတ်မှုတို့က သူ့ကိုဆီးကြိုခဲ့သည်။ ချက်ချင်းဆိုသလို သံသယများမြင့်တက်လာပြီး သူ၏ဓါးကိုဆွဲထုတ်ကာ သူ၏လက်ထောက်ကိုပြောလိုက်၏။ "ဒီနေ့ည ချွိတူးမှာ ထူးထူးခြားခြား တစ်ခုခုဖြစ်ခဲ့သေးလား။"

ရှီးကုအန်း၏မြင်းကို ဦးဆောင်ခေါ်သွားရန်ရောက်လာသော လက်ထောက်စစ်သူကြီးကတောင် သူစိတ်လှုပ်ရှားနေမှန်း မြင်တွေ့နိုင်ပေသည်။ "မရှိပါဘူး။ အားလုံး ပုံမှန်ပါပဲ။"

"လူစုလိုက်။" ရှီးကုအန်းက အမိန့်ပေးလိုက်သည်။ "မြို့တံခါးကိုစောင့်ကြပ်နေတဲ့သူကလွဲလို့ လူတိုင်း ငါ့နောက်ကိုလိုက်ခဲ့ပြီး တော်ဝင်နန်းတော်ကို ဝန်းရံကာကွယ်ကြမယ်!"

ထိုသို့ပြောပြီးနောက် သူက သူ၏မြင်းကို နန်းတော်ဆီသို့ ဦးတည်မောင်းနှင်သွားလိုက်သည်။ သူ၏ဇနီးနှင့်သားက နန်းတော််ထဲမှာရှိနေဆဲဖြစ်ပြီး အန္တရာယ်ရှိနေသရွေ့ ဧကရီမယ်မယ်က သူ့ကို အနားသို့ကပ်ခွင့်ပေးမည်မဟုတ်ချေ။ ထို့ကြောင့် အသက်ကိုစွန့်ရမည်ဆိုလျှင်တောင် ဧကရီမယ်မယ်အား လုံခြုံဘေးကင်းစေရမည်။

လက်ထောက်စစ်သူကြီးက အမိန့်အတိုင်း တပ်သားများကိုစုဆောင်းလိုက်သည်။ သို့သော် သူလှည့်ကင်းတပ်သားများကို ဦးဆောင်လာသည်နှင့် သူ၏လမ်းကို တော်ဝင်စစ်တပ်မှ အမူးသမားအဖွဲ့က ပိတ်ဆို့လာခဲ့ကြ၏။ မဟာတပ်ရင်းရှစ်ခုက ချွိတူး၏ အောက်ခြေသိမ်းအလုပ်သမားများကို အမြဲတမ်း အထင်သေးခဲ့ကြသည်။ သူက မြင်းပေါ်ကနေ မြင်းနှင်တံကိုလွှဲယမ်းကာ ကြိမ်းမောင်းလိုက်သည်။ "လမ်းဖယ်စမ်း!"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment