no

Font
Theme

အပိုင်း (၅၈) - ကံကြမ္မာ (၂)

နောက်တစ်နေ့မနက်စောစော၌ ချန်းယန်တစ်ယောက် ရှောင်းချီရယ်ကိုခေါ်ဖို့ ရောက်လာခဲ့ချိန်မှာ သုန်းလုံလမ်းရှိ ရှန်းယွင်စားသောက်ဆိုင်ဝင်ပေါက်၌ ရှန်ဇယ်ချွမ်းတစ်ယောက် လန်လိဓါးကိုပွေ့ဖက်ထားသည်အား မြင်တွေ့လိုက်ရသောအခါ မှင်တက်သွားခဲ့လေသည်။

တံခါးကိုမှီထားသော ရှန်ဇယ်ချွမ်းက ထရပ်ကာ ချန်းယန်ကို ဦးညွတ်ပြီးနှုတ်ဆက်လိုက်သည်။

ချန်းယန်တစ်ယောက် ချက်ချင်းလက်ငင်း ခံစားချက်များမကောင်းတော့ပေ။ "ရှန် - ခေါင်းဆောင်ရှန်က ဒီမှာ ဘာလုပ်နေတာလဲ။"

"ကျိလေက အကျဥ်းထောင်ထဲမှာ အပြစ်ဒဏ် မချမှတ်ခံရသေးဘူး။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "တော်ဝင်အစောင့်တပ်က လောလောဆယ် တော်ဝင်စစ်တပ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ််နဲ့ တပ်မှူးချုပ်လက်အောက်မှာ တာဝန်ထမ်းဆောင်နေရတာပါ။"

သူ၏တည်ငြိမ်နေသောအမူအရာကိုကြည့်နေရင်း ချန်းယန်တစ်ယောက် ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများထသွား၏။ သူက ခေါင်းညိတ်ပြကာ လှေကားထစ်ကနေ တက်သွားလိုက်သည်။ ရှန်ဇယ်ချွမ်းက သူအပေါ်တက်သွားတာကိုကြည့်နေရင်း တစ်ချိန်တည်းမှာပင် ရှန်းယွင်က စကတ်ကိုမလျက် ဆင်းလာခဲ့၏။

"ရှင် မစားရသေးဘူးမလား။" သူ(မ)က စာနာစွာမေးလာခဲ့သည်။ "ရှင် ညစ်ပတ်နေတဲ့အဝတ်တွေကိုလည်း မလဲရသေးဘူး။ လင်းထင်-"

အပေါ်ထပ်မှအမျိုးသမီးတစ်ဦးက လက်ရန်းကိုမှီလျက် ပြောလာ၏။ "ဘာလို့ လင်းထင်ကိုပဲ ခေါ်နေရတာလဲ။ အဲ့ဒီမိန်းကလေးက အကြွေးဆပ်နိုင်လို့ ထွက်သွားပြီလေ။"

ယင်းက ရှန်းယွင်အား အိပ်မက်ကနေနိုးလာစေခဲ့သည်။ "ငါ ခေါ်နေကျမို့လို့ပါ! ဒီကလူကြီးမင်းအတွက် အစားအသောက်တချို့ယူလာခဲ့ပေးဦး။"

အပေါ်ထပ်မှာ ရှောင်းချီရယ်တစ်ယောက် သလွန်ပေါ်အိပ်နေဆဲဖြစ်ပြီး သူ့ကို အဖော်ပြုပေးသည့်သူမရှိပေ။ ချန်းယန်က အထဲကိုဝင်သွားပြီး တိုးတိုးလေးခေါ်လိုက်သည်။ "တပ်မှူးချုပ်?"

ရှောင်းချီရယ်က သူ၏မျက်နှာကို စောင်ဖြင့်ပွတ်သပ်၍ အချိန်ခဏလောက် ဆက်ပြီးဇိမ်ခံနေ၏။ ထို့နောက် သူက ရုတ်တရက်ထထိုင်လိုက်သည်။" မင်းက ဘာလို့ ဒီရောက်နေရတာလဲ။ ရှန်လန်ကျိုးရော?"

"သူက အောက်ထပ်မှာရှိပါတယ်။ တပ်မှူးချုပ်၊ မျက်နှာက ဘာဖြစ်ထားတာပါလဲ။" ချန်းယန်က အံ့အားသင့်စွာ မေးလိုက်သည်။

"ငါ အမဲလိုက်နေတုန်း ထိခိုက်ခဲ့တာ။" ရှောင်းချီရယ်က ထရပ်ကာ ပခုံးနှင့်လက်များကို အညောင်းဆန့်လိုက်သည်။ "သာ့ကောက လာခေါ်ခိုင်းလိုက်တာလား။"

"ဝမ်ရယ်က လာခေါ်ခိုင်းလိုက်တာပါ။" ချန်းယန်က ရှင်းပြလိုက်သည်။ "ကျွန်တော်တို့ ဒီမနက်မှာ သတင်းရခဲ့ပါတယ်။ ပျန်းရှားမြင်းတပ်က ရှားချိုးကုန်သွယ်ရေးစျေးကို မနေ့ညက ဝင်စီးခဲ့ပါတယ်။ ဒီကိစ္စကို အသေးစိတ်ဆွေးနွေးဖို့ ကျွန်တော်တို့ နန်းတော်ထဲဝင်ဖို့လိုအပ်ပါတယ်။ အကြီးအကဲဟိုင်က စစ်မက်ရေးရာဌာနနဲ့ အခွန်ဘဏ္ဍာဌာနကို ဆင့်ခေါ်ပြီးပါပြီ။ ဒီတစ်ခေါက်လည်း လီပေက တပ်ဖွဲ့တွေစေလွှတ်ရမှာပါ။"

ရှောင်းချီရယ်က သူ၏မျက်နှာကို ရေအနည်းငယ်ဖြင့်သစ်ကာ အပြင်ထွက်လာခဲ့သည်။ သူ အောက်ထပ်ကိုဆင်းသွားပြီးနောက် ပြည့်တန်ဆာတစ်ဦးနှင့်အတူရပ်နေသော ရှန်ဇယ်ချွမ်းကို မြင်လိုက်ရလေ၏။ သူက ခြေလှမ်းကျဲများဖြင့်လျှောက်သွားကာ ၎င်းတို့ကိုင်ထားသောပန်းကန်ထဲမှ ပေါင်မုန့်ကိုလှမ်းယူ၍ သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

ရှန်ဇယ်ချွမ်းက မော့ကြည့်လိုက်၏။ "ဖြည်းဖြည်းစား။ ခင်ဗျား နင်ပြီးသေသွားရင် ဘယ်သူမှကယ်နိုင်မှာမဟုတ်ဘူး။"

ရှောင်းချီရယ်က ပါးစပ်အပြည့်ဝါးစားကာ သူ့ကို ပြုံးပြလိုက်သည်။ ထို့နောက် သူ့ပခုံးပေါ် လက်တစ်ဖက်တင်ကာ အပြင်ကို ခေါ်ထုတ်လာ၏။ "အိုး၊ လန်ကျိုး..."

ရှန်ဇယ်ချွမ်းက သူ့ကို စူးစိုက်ကြည့်လိုက်သည်။

"ဘယ်လိုဖြစ်လို့ ညတွင်းချင်း အငြိုးတရားတွေ ပြည့်နှက်လာရတာလဲ။" ရှောင်းချီရယ်က တွေးတွေးဆဆပြောလိုက်၏။ "ညက ကောင်းကောင်းအိပ်လိုက်ရတော့ ငါ အားလုံးကို မေ့သွားပြီ။ လာ၊ အာ့ကုန်းကျစ်က မင်းကို ပျော်စရာလေးတွေခံစားဖို့ ခေါ်သွားပေးမယ်။"

ရှန်ဇယ်ချွမ်းက ရှောင်းချီရယ်၏လက်ကို သူ့ကိုယ်ပိုင်ဓါးအိမ်ဖြင့် တွန်းထုတ်လိုက်သည်။ "အာ့ကုန်းကျစ်ခင်ဗျာ၊ ကျွန်တော့်လည်ကုပ်ကိုထိဖို့ အခွင့်အရေးမယူပါနဲ့။"

...

မင်လိခန်းမဆောင်၌ လူများပြည့်နေ၏။

လီကျန်းဟန်တစ်ယောက် နဂါးပလ္လင်မှာထိုင်နေပြီး ကြွက်သားလေးတစ်ခုတောင် မလှုပ်ရှားရဲချေ။ သူ၏မျက်လုံးများက ဟိုင်လျန်းယိပေါ်ကျရောက်ကာ သူ၏အမူအရာကိုစစ်ဆေးပြီးတော့မှ အခြားသူများကိုကြည့်လိုက်ပြီး လေးနက်တည်ကြည်နေစေဖို့ အစွမ်းကုန်ကြိုးစားနေခဲ့သည်။

"တော်ဝင်အခမ်းအနားကြီးကြပ်ရေးရဲ့ မှတ်တမ်းညွှန်ကြားရေးမှူးရာထူးက လစ်လပ်နေတော့ ဌာနဆိုင်ရာမှတ်တမ်းတွေကို အတွင်းဝန်ရုံးဆီပို့လိုက်တာနဲ့ ကျွန်တော်မျိုး အရှင်မင်းမြတ်ထံ တင်ပြပေးပါ့မယ်။" ဟိုင်လျန်းယိက စပြောလိုက်သည်။ "မနေ့ညကမှတ်တမ်းတွေကို အရှင်မင်းမြတ် ဘယ်လိုသဘောရပါသလဲ။"

လီကျန်းဟန်တစ်ယောက် မနေ့ညက အလှလေးကိုရင်ဝယ်ပိုက်ကာ ဗျပ်စောင်းနားထောင်ရင်း အချိန်ကုန်ဆုံးခဲ့သည်။ ဟိုင်လျန်းယိက သူ့ကို လျှောက်တင်လာသောအခါ အပြစ်ရှိစွာဖြင့် သူ၏တင်ပါးများက ရှုံ့သွားလေ၏။ "ကောင်းပါတယ်၊ အားလုံးကောင်းတယ်!"

ဟိုင်လျန်းယိအနောက်မှာ အမူအရာမဲ့သောမျက်နှာဖြင့် ဒူးထောက်နေသည့် ရွှယ်ရှိုးကျော်က မျက်မှောင်ကြုတ်လိုက်သည်။

ဟိုင်လျန်းယိက စောင့်ဆိုင်းနေသော်လည်း လီကျန်းဟန်က ဆက်ပြီးပြောမည့်ပုံမပေါ်ကြောင်း သိလိုက်ရသောအခါ ရှောင်းဖန်းရွှီလက်လှည့်ကာ ပြောလိုက်သည်။ "ဒီဆောင်းမှာ ဆီးနှင်းတွေကျပြီး သိပ်အေးလွန်းတယ်။ တကယ်လို့ လီပေက တပ်သားတွေကိုတပ်ဖြန့်မယ်ဆိုရင် စစ်ရေးစရိတ်စကနဲ့ လိုအပ်တဲ့ထောက်ပံ့ရေးပစ္စည်းတွေအတွက် ချွိတူးကို ကြိုပြီးတင်ပြသင့်တယ်။ ဝမ်ရယ်၊ ဒီတစ်ခေါက် ဘယ်လောက်လိုအပ်ပါသလဲ။"

ရှောင်းဖန်းရွှီက ပြုံးလိုက်သည်။ "ကျွန်တော်က နာမကျန်းဖြစ်နေလို့ အလုပ်မလုပ်နိုင်တာ တော်တော်ကြာပါပြီ။ စစ်မှုရေးရာတွေအားလုံးကို ကျိမင်ဆီလွှဲထားတာပါ။ ကျိမင်၊ အတွင်းအမတ်ဟိုင်ကို ငါတို့ ငွေဘယ်လောက်လိုလဲဆိုတာ ပြောပြလိုက်ပါဦး။"

ရှောင်းကျိမင်က ဒူးထောက်အရိုအသေပေးလိုက်၏။ "အခု ဆောင်းနှင်းကျတော့မှာမို့ ပျန်းရှားမျိုးနွယ်စုတွေက စျေးကိုဝင်စီးခဲ့တာပါ။ အမျိုးမျိုးသောမျိုးနွယ်စုတွေက သူတို့သိုလှောင်ထားတဲ့ဆန်စပါးတွေ ကုန်တော့မှာမို့ ကုန်သွယ်ရေးစျေးမှာ လုယက်ခဲ့ကြပါတယ်။ အရင်နှစ်တွေတုန်းကတော့ စစ်တပ်အတွက်လိုအပ်တဲ့ရိက္ခာတွေ အလုံအလောက်ရှိတာကြောင့် လီပေအနေနဲ့ စစ်တပ်ထောက်ပံရေးရိက္ခာတွေ မလိုအပ်ခဲ့ပါဘူး။ ဒါပေမဲ့ မကြာသေးခင်ကမှ ယခင်ဧကရာဇ်နတ်ရွာစံသွားတာဆိုတော့ ပျန်းရှားမျိုးနွယ်စုတွေက ကျွန်တော်တို့ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူဖို့ ကြံစည်နေတာဖြစ်နိုင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ တပ်သားတွေကိုစေလွှတ်မယ်ဆိုရင် သူတို့ကို ကျွန်တော်တို့ နယ်မြေကနေ မောင်းထုတ်ရုံတင်မကဘဲ ကျွန်တော်တို့ရဲ့နယ်စပ်ကို လိုအပ်သလောက် ကာကွယ်ဖို့ပါ ပြင်ဆင်ထားရပါမယ်။ လိုအပ်တဲ့ငွေပမာဏကို ဘဏ္ဍာရေးဝန်ကြီးဌာနဆီ ကျွန်တော် တင်သွင်းပြီးပါပြီ။"

အခွန်ဘဏ္ဍာရေးဌာန၏ အသစ်ခန့်အပ်ခံထားရသောအမတ်က မှတ်တမ်းကိုထုတ်ကာ ရွှမ်းလုကတစ်ဆင့်ယူကာ လီကျန်းဟန်ဆီ တင်ပြလိုက်သည်။

လီကျန်းဟန်က အခိုက်အတန့်တစ်ခုလောက် ကြည့်လိုက်သည်။ "တစ်သန်းနှစ်သောင်း။ ဒါများ ဘာခက်လို့လဲ။ ကျန်းရဲ့စစ်သည်တော်တွေ အအေးမမိ၊ ဗိုက်မဆာဖို့ထက် ဘာက ပိုအရေးကြီးမှာလဲ။"

အခွန်ဘဏ္ဍာရေးအမတ်အသစ် ချန်းကျင်းက ရှက်ရွံ့နေသောအမူအရာဖြင့် ပြောလာ၏။ "အရှင်မင်းမြတ်က သတိမထားမိလောက်ပေမဲ့... ကျွန်တော်တို့ မနှစ်တုန်းက လိုငွေတွေကိုတောင် မဖြည့်နိုင်သေးပါဘူး။ တိုင်းပြည်ဘဏ္ဍာတိုက်ကနေ အချိန်တိုအတွင်း အဲ့လောက်ပမာဏကို မရနိုင်ပါဘူး။"

"ဒါဆို။" လီကျန်းဟန်က ပြာလိုက်သည်။ "တစ်သန်းဆိုရင် အဆင်ပြေတယ်မလား။"

ချန်းကျင်းက ဒူးထောက်ဦးညွတ်လိုက်သည်။ "ဆောင်းဦးအမဲလိုက်ပွဲအတော်အတွင်း မဟာတပ်ရင်းရှစ်ခုကို စုဆောင်းဖို့အတွက် နှစ်သောင်းသုံးထောင် ကုန်ကျခဲ့ပါတယ်။ ယခင်ဧကရာဇ်ရဲ့ စျာပနကုန်ကျငွေက... ငါးသောင်းလေးထောင်ပါ။ ဘဏ္ဍာတိုက်ထဲ ကျန်တဲ့ငွေထဲကနေ ချွိတူးရဲ့အရာရှိတွေအတွက် လစာပေးရဦးမှာဖြစ်သလို မကြာခင်ရောက်လာတော့မဲ့ နှစ်ကုန်မှာ အရပ်ဘက်အမတ်တွေအတွက် နှစ်သစ်ကူးပွဲတော် ကျင်းပပေးရဦးမှာပါ။ ကျွန်တော်မျိုးတို့မှာ တစ်သန်းမရှိတော့ကြောင်းပါ အရှင်မင်းမြတ်။ လီပေသံချပ်ကာမြင်းတပ်ကိုပေးဖို့ ခြောက်သောင်းပဲရှိပါတယ်။"

လီကျန်းဟန်မှာ ဧကရာဇ်တစ်ပါးအဖြစ် ဤမျှဆင်းရဲနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ လီပေကိုမျက်နှာသာပေးကာ ရှောင်းချီရယ်ကို နှစ်သိမ့်ပေးချင်ခဲ့သော်လည်း ဤမျှမွဲနေလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။ ရုတ်တရက်ဖော်ထုတ်မှုက သူ့အား ကိုးရိုးကားရားဖြစ်သွားစေပြီး သူ စားပွဲအောက်သို့ တွင်းတူးပြီး ဝင်သွားလိုက်ချင်တော့သည်။ ထိုအစား သူက မသဲမကွဲအသံပြုလိုက်လေ၏။

မင်လိခန်းမထဲ တိတ်ဆိတ်သွားခဲ့သည်။

ထို့နောက် ရွှယ်ရှိုးကျော်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ "အရှင်မင်းမြတ်၊ ကျွန်တော်မျိုး အကြံပြုချင်ပါတယ်။"

လီကျန်းဟန်က သူ့ကို ကယ်တင်ရှင်အလား ကြည့်လိုက်သည်။ "ပြောပါ၊ ကျေးဇူးပြုပြီးပြောပါ။"

"ဟွားမျိုးနွယ် အာဏာဆုပ်ကိုင်ထားစဥ်အခါက ရာထူးတွေကို စျေးနှုန်းဖြတ်ပြီး ငွေအသပြာပေးနိုင်တဲ့သူမှန်သမျှကို ကြိုဆိုခဲ့ကြတယ်။" ရွှယ်ရှိုးကျော်က စတင်လျှောက်တင်လိုက်၏။ "သူတို့ နှစ်တိုင်းကောက်ခံရရှိခဲ့တဲ့ 'ပင်းကျင့်'*က ပမာဏများပြားပါတယ်။ ပြီးတော့ ဖန်းရူကွေ့က လူရှာပေးတဲ့နေရာမှာ ဟာကွက်တွေကိုအခွင့်ကောင်းယူပြီး သူ့ကိုယ်သူအတွက် ချမ်းသာကြွယ်ဝအောင် ပြောင်ပြောင်တင်းတင်း ဆောင်ရွက်ခဲ့ပါတယ်။ အခုချိန်မှာ သူတို့နှစ်ယောက်လုံး အကျဥ်းကျနေတာပါ။ ဟွားနဲ့ ဖန်းအိမ်တော်တွေကိုဝင်ရှာပြီး သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ဒီစစ်ရးထောက်ပံ့ရေးငွေအဖြစ် အသုံးပြုလိုက်တာ မကောင်းပါဘူးလား။ ရှီးမျိုးနွယ်အတွက်ကတော့ သူတို့ရဲ့ဒုတိယသား ရှီးဟုန်ရွှမ်းက သူတတ်နိုင်သလောက်ပြင်ဆင်ပြီး ရှီးကုအန်းကို ကိုယ်ပိုင်စစ်တပ်ထူထောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစီရင်ရေးဌာနကို အစီရင်ခံတင်ပြထားပါတယ်။ သူက ရှီးကုအန််း မဟာတပ်ရင်းရှစ်ခုမှာရှိခဲ့စဥ်အတွင်း ပျောက်ဆုံးသွားတဲ့ငွေတွေကို ပြန်ပေးဖို့အတွက် ရှီးအိမ်တော်ကိုတောင် အငှားချခဲ့ပါတယ်။"

[TN/ ပင်းကျင့်ကို တိုက်ရိုက်ပြန်ရင် ရေခဲလက်ဆောင်ပဏ္ဏာပါ။ သူက နွေရာသီဆို ရေခဲ၊ ဆောင်းဆို မီးသွေး အဲ့လို လက်ဆောင်ပဏ္ဏာလာဘ်ထိုးတာကို ပြောတာပါ။ အရှေ့ပိုင်းတွေမှာလည်း ပါခဲ့ဖူးပါတယ်။]

လီကျန်းဟန်က အိမ်တော်များကို သိမ်းယူရမည့်အကြံအား ကြားလိုက်ရသောအခါ စိတ်ဝင်စားလာ၏။ သူက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "သေချာတာပေါ့! ကျွန်တော် - ကျန်း၊ ဒါကိုလုပ်ဖို့ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရတာ!"

ဟိုင်လျန်းယိက တုံ့ဆိုင်းနေ၏။ "ဒါက မသင့်တော်ပါဘူး။ တရားစီရင်ရေးဌာနရဲ့ ပြန်လည်စစ်ဆေးခြင်းက မပြီးသေးပါဘူး။ ဥပဒေထက်ကျော်လွန်ပြီး ဘယ်လိုလုပ် တရားစီရင်နိုင်မှာပါလဲ။"

"ဒါက အရေးပေါ်ကိစ္စပါ။" ရွှယ်ရှိုးကျော်က ပြန်လည်ချေပလိုက်သည်။ "ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိပါဘူး။ ချွိတူးက ပြန်လည်စစ်ဆေးဖို့အတွက် စောင့်ရင်စောင့်နိုင်ပေမဲ့ ပျန်းရှားမြင်းတပ်တွေကတော့ စောင့်မှာမဟုတ်ဘူး။ ကျွန်တော်တို့ လီပေသံချပ်ကာမြင်းတပ်ကို ဗိုက်ဟောင်းလောင်းနဲ့ တိုက်ပွဲဝင်ခိုင်းလို့မဖြစ်ပါဘူး။"

ဟိုင်လျန်းယိက ဝေခွဲမရဖြစ်နေဆဲဖြစ်သော်ငြား လီကျန်းဟန်က အတည်ပြုလိုက်ပြီးလေပြီ။ နောက်ဆုံး ၎င်းတို့အားလုံး ခန်းမထဲကထွက်လာခဲ့ချိန်မှာ ရှောင်းကျိမင်က တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော ချီကျူးယင်းကို မေးလိုက်သည်။ "ပျန်းကျွင့်တပ်ဖွဲ့က အဆင်ပြေရဲ့လား။"

ချီကျူးယင်းက တံစက်မြိတ်အောက်ကနေ မိုးကိုမော့ကြည့်လိုက်သည်။ "လုကွမ်းပိုင် ပျန်းကျွင့်မှာရှိနေသရွေ့ ပျန်းရှားတပ်ဖွဲ့က အဲ့ဒီမှာ လှုပ်ရှားလို့ရမှာမဟုတ်ဘူး။ ဒါပေမဲ့ လီပေမှာ စစ်သေနာပတိချုပ်မရှိတော့ နင့်အတွက် အခက်တွေ့မှာပဲ။"

ရှောင်းကျိမင်က အခိုက်အတန့်တစ်ခုလောက်ရပ်နေပြီး သက်ပြင်းချလိုက်သည်။ "စစ်မြေပြင်မှာ အရည်အချင်းရှိတဲ့သူကိုရှာဖို့က မလွယ်ကူဘူး။"

"ချွိတူးမှာ ဘယ်လိုအခြေအနေတွေပဲ ပြောင်းလဲနေပါစေ တိုင်းပြည်နဲ့လူမျိုးကိုကာကွယ်ဖို့က စစ်သူကြီးနဲ့ တပ်မှူးချုပ်တွေရဲ့ တာဝန်တွေပဲ။" ချီကျူးယင်းက ပြောလိုက်၏။ "ကျိမင်၊ အရည်အချင်းရှိတဲ့သူကိုရှာရတာ သိပ်ခက်ပေမဲ့ ပျိုးထောင်ပေးဖို့က ပိုလို့တောင််ခက်တယ်။ လီပေက ငါတို့သာ့ကျိုးကို ကာကွယ်ပေးနေတဲ့ အရေးကြီးတဲ့ခံတပ်တစ်ခုဖြစ်ပြီး ဆက်ခံသူလိုအပ်တယ်။ နင့်ရဲ့ရွေးချယ်မှုကို ဆိုင်းငံ့ထားတာက အဆိုးတွေပဲဖြစ်လာလိမ့်မယ်နော်။"

၎င်းတို့တစ်ယောက်စီတိုင်းက တိုင်းပြည်၏ ရဲဝံ့သော စစ်သူကြီးများဖြစ်ပြီး သာ့ကျိုး၏ မပြိုလဲနိုင်သော ခံတပ်ကြီးများအဖြစ် ဆန္ဒပြင်းပြကြပေသည်။ သို့သော် စစ်သူကြီးများကတောင် အချိန်တန်လျှင် အိုမင်းလာရမည်ပင်။ အမျိုးသားတစ်ယောက်တည်းကို ဗဟိုပြုကာ စစ်တပ်တစ်ခုလုံး၏အသက်များအား ပုံအပ်ထားခြင်းကို နှစ်အနည်းငယ်လောက် လျစ်လျူရှုနိုင်သော်လည်း ဆယ်စုနှစ်တစ်ခု သို့မဟုတ် ဆယ်စုနှစ်များစွာ ဆက်ဖြစ်နေမည်ဆိုပါက လီပေသံချပ်ကာမြင်းတပ်သည် ရှောင်းကျိမင်မရှိလျှင် ဆက်လက်ရပ်တည်လို့မရသည့် အင်အားစုတစ်ခုဖြစ်လာပေလိမ့်မည်။

ဆက်ခံသူမရှိဘဲ လီပေသံချပ်ကာမြင်းတပ်ကသာ တစ်နေ့နေ့တစ်ချိန်ချိန်၌ ရှောင်းကျိမင်ကို ဆုံးရှုံးလိုက်ရပါက ဤစစ်တပ်အဖွဲ့နှင့် ဆယ်စုနှစ်ကြာ တိုက်ပွဲများ၌ ဂူဏ်သတင်းကျော်ဇောမှုများက မည်သို့ဖြစ်လာမည်နည်း။

"နင် အားရယ်အပေါ် မျှော်လင့်ချက်ထားတယ်ဆိုတာကို ငါနားလည်တယ်။" ချီကျူးယင်းက လှေကားထစ်ကနေဆင်လိုက်ပြီး သူ့ကို နောက်လှည့်ကြည့်လာ၏။ "ဒါပေမဲ့ သူက ချွိတူးကနေ ဘယ်တော့မှထွက်ခွာလို့မရနိုင်တော့ဘူး။ နင် ထုတ်မပြောတာနဲ့ ဒီနှစ်တွေမှာ နင်သူ့အပေါ်မျှော်လင့်ချက်တွေထားတာကို သူမသိဘူးလို့ ထင်နေတာလား။ နင် သူ့အတွက် မျှော်လင့်ချက်ကြီးလေ၊ သူက ပိုပြီးမချိတင်ကဲခံစားရလေပဲ။ လီပေက သူ့ရဲ့တောင်ပံတွေမဟုတ်ဘဲ သူ့ရဲ့လှောင်အိမ်ဖြစ်နေတယ်။ ကျိမင်၊ နင်နဲ့ငါသူငယ်ချင်းဖြစ်လာတာ နှစ်ပေါင်းမနည်းတော့ဘူး။ ငါ နင့်ကို အကြံပေးချင်တယ် - တခြားတစ်ယောက်ကို ရွေးချယ်လိုက်ပါ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment