no

Font
Theme

အပိုင်း (၆၂) - လည်ကုပ် (၂)

"ငါသာ အဲ့လိုလုပ်ချင်ရင်။"

ရှောင်းချီရယ်က ပြောလိုက်သည်။

"အခုဆို ငါတို့ရဲ့နှလုံးသားတွေထက်ပိုပြီး ကိုယ်လုံးတီးဖြစ်နေမှာ သေချာပေါက်ပဲ။"

သူက အခြားလက်တစ်ဖက်ကိုမြှောက်ကာ သူ၏လက်ချောင်းများကြားမှ ပါးလွှာသောဓါးလေးကို ပြသလိုက်သည်။ ယင်းမှာ ရှန်ဇယ်ချွမ်း အမြဲလိုလိုသယ်ဆောင်တတ်သောဓါးသွားများနှင့် အတူတူပင်။

"ကျိမိသားစုရဲ့ စိတ်ပိုင်းဆိုင်ရာကျင့်စဥ်က သင့်တော်တဲ့ဓါးနဲ့ တွဲဖက်သုံးဖို့လိုအပ်တယ်။ မင်း ဒီဟာတွေကို နေ့တိုင်းအသုံးပြုနေမယ်ဆိုရင် ဒီဘဝမှာ ငါ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး။ မင်း ငါ့ကို အနိုင်မယူနိုင်ရင် ဘယ်လိုလုပ်ပြီး လက်စားချေနိုင်မှာလဲ။"

ရှန်ဇယ်ချွမ်းက ပါးလျသောဓါးကို သူ့ပေါင်မှာကွယ်ဝှက်ထားခြင်းဖြစ်၏။ သူက တစ်ချက်ငုံ့ကြည့်လိုက်ပြီးနောက် ရှောင်းချီရယ်ကို ပြန်မော့ကြည့်လိုက်သည်။

"တိုက်ခိုက်သတ်ဖြတ်တာက ပဋိပက္ခကိုပဲဖြစ်စေလိမ့်မယ်။ အတူတူ ရူးရူးမူးမူးကစားကြတာ ပိုပျော်စရာကောင်းတယ်မဟုတ်ဘူးလား။"

"မင်း အဲ့ဒီအပြုံးရဲ့နောက်ကွယ်မှာ ဓါးတစ်လက်ကွယ်ဝှက်ထားပြီး ငါ သတိမထားမိတဲ့အချိန်မှာ နောက်ကျောကို ဓါးနဲ့ထိုးမှာစိုးရိမ်မိတယ်။" ရှောင်းချီရယ်က ပြောလိုက်သည်။

"တစ်ခုတည်းသောဓါးက အပေါ်မှာ ရမ္မက်ဆိုတဲ့စကားလုံးကို သတိပေးချက်အနေနဲ့ ထွင်းထားတဲ့ဓါးပဲ။*" ရှန်ဇယ်ချွမ်းက လက်နှစ်ဖက်ဖြန့်ကာ ပခုံးတွန့်ပြလိုက်သည်။ "အာ့ကုန်းကျစ်က ဖြောင့်မတ်တဲ့သူပဲ။ ဘာကို ကြောက်စရာရှိလို့လဲ။"

[TN/ 色 - ရမ္မက်ပါ။ အဲ့အပေါ်က ⺈ဒီဟာလေးက တရုတ်စာမှာ radical လို့ခေါ်တဲ့ အသတ်သဘောမျိုးပေါ့။ စာလုံးနဲ့ဆိုရင် ⼑ - ဓါးလို့ခေါ်တဲ့ စာလုံးပါ။]

ရှောင်းချီရယ်က ပါးလျသောဓါးသွားကို ရှန်ဇယ်ချွမ်း၏လက်ဖဝါးပေါ် တင်ပေးလိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"မင်းရဲ့အာ့ကုန်းကျစ်က လူယောင်ဆောင််ထားတဲ့သားရဲလို့ ပြောခဲ့တယ်လေ။ ငါ့ကို ဘာလို့ ဖြောင့်မတ်တဲ့လူလို့ ထင်နေရတာလဲ။"

ရှန်ဇယ်ချွမ်းက သူ့လက်ကို ပြန်ရုပ်တော့မည့်အချိန်မှာ ရှောင်းချီရယ်က သူ၏လက်ကောက်ဝတ်ကို ဆွဲလိုက်သည်။

"မင်းက ဒီနေ့ အရမ်းလိမ္မာနေတော့ အာ့ကုန်ကျစ်က မင်းကို အပန်းဖြေဖို့ တစ်နေရာရာ ခေါ်သွားပေးမယ်။"

"အာ့ကုန်ကျစ်။"

ရှန်ဇယ်ချွမ်းက ရုတ်တရက် တင်းမာသွားလေ၏။

"ကျေးဇူးပြုပြီး ကျွန်တော်က ယောက်ျားတွေကို စိတ်မဝင်စားပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်နဲ့ လမ်းခွဲလိုက်ကြရအောင်ပါ။ ဘာဖြစ်လို့ ကျွန်တော့်ကို ဆက်ပြီးနှောင့်ယှက်နေရတာပါလဲ။"

ရှောင်းချီရယ်တစ်ယောက် ယာယီကြောင်းအမ်းသွား၏။ သူက နံဘေးကို တစ်ချက်ကြည့်လိုက်ပြီး အတွင်းဆောင်၏တံခါးများ၊ ပြတင်းပေါက်များကနေ ၎င်းတို့ကိုကြည့်ရှုနေသော စစ်သည်တော်များကို တွေ့လိုက်ရသည်။

တော်ဝင်စစ်တပ်၏ လက်ထောက်တပ်မှူးချုပ် သမ့်ထိုင်ဟူသည် ထိုနေ့ညက မဟာတပ်ရင်းရှစ်ခုကို သတ်ဖြတ်ရာ၌ဦးဆောင်ခဲ့သော မျက်နှာအမာရွတ်နှင့်လူဖြစ်သည်။ သူက ပြတင်းပေါက်ကိုမှီကာ ဦးဆောင်ပြီးအော်လိုက်၏။

"တပ်မှူးချုပ်က အလှလေးကို သိမ်းပိုက်နေတဲ့ လူယုတ်မာတစ်ယောက်လို တိုက်ခိုက်နေတာပဲ။ ဘယ်လိုဖြစ်ရတာလဲ တပ်မှူးချုပ်ရဲ့! ကျွန်တော်တို့ကို သင်ကြားပေးတဲ့အချိန်မှာဆို တစ်ခါမှတောင် အပြုံးအရယ်မရှိခဲ့ဖူးဘူး!"

"ပရောပရည်လုပ်နေတာပဲ!"

အခြားစစ်သည်တော်များက အချင်းချင်း မျက်စပစ်ကာ စနောက်လိုက်ကြ၏။

"သူ ပရောပရည်လုပ်ချင်တဲ့သူနဲ့ ငါတို့က ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ! တပ်မှုးချုပ်က အခု နှစ်ဆယ့်သုံးနှစ်ရှိနေပြီ။ အိမ်မှာလည်း သူမြတ်နိုးရတဲ့ဇနီးမရှိသေးတော့ တခြားတစ်စုံတစ်ယောက်အပေါ် စွမ်းအင်တွေဖြုန်းတီးနေတာနေမှာပေါ့။ ငါတို့တွေ ဘယ်ယှဥ်နိုင်ပါ့မလဲကွာ!"

ရှန်ဇယ်ချွမ်း ထွက်ပြေးတော့မည်ကို အာရုံခံမိလိုက်သဖြင့် ရှောင်းချီရယ်က သူ့ကို သူ့ဘက်သို့ပြန်ဆွဲလိုက်ပြီး ခပ်ရေးရေးပြုံးလိုက်သည်။

"ဟုတ်တယ်။ ငါက ပရောပရည်လုပ်ရတာကို သဘောကျတယ်။ မင်းက ဘာအတွက် ထွက်ပြေးမှာလဲ လန်ကျိုး။ ငါ မင်းနဲ့မပြီးသေးဘူး! မင်းက ကောင်းမွန်တဲ့လူတစ်ယောက်ရဲ့ ချိုမြိန်မှုကို မမြည်းစမ်းကြည့်ရသေးတာကြောင့် ယောက်ျားတွေကို သဘောမကျဖြစ်နေတာ။ အာ့ကုန်းကျစ်က မင်းကိုသင်ပေးမယ်။"

အရှက်မဲ့ခြင်းနှင့်ပတ်သက်လာလျှင် ရှောင်းချီရယ်က လီကျန်းဟန်းတစ်ယောက်တည်းကိုသာ ရှုံးနိမ့်လိမ့်မည်။ သူ့ဆန္ဒကိုဆန့်ကျင်သည့် ယခုလို အတင်းအကျပ်လုပ်ဆောင်ချက်ဖြင့် ရှန်ဇယ်ချွမ်း သူ့ကိုကြောက်လိမ့်မည်လော။ ဤအမျိုးသားက စျေးပေါသော ယခုလိုလှည့်ကွက်မျိုးနှင့် သူ့ကိုလျှော့တွက်ထားခြင်းပင်။

ရှောင်းချီရယ်က ရှန်ဇယ်ချွမ်း ဘာပြဿနာမှမရှာခင် သူ့ကို ဆွဲခေါ်သွားခဲ့သည်။

၎င်းတို့အနောက်မှာ သမ့်ထိုင်ဟူက သူ၏အမာရွတ်ကိုပွတ်သပ်ကာ သူ့နံဘေးမှစစ်သည်တော်များကို မေးလိုက်သည်။

"အဲ့ဒါ ဘယ်သူလဲ။ အရင်က တော်ဝင်စစ်တပ်မှာ သူ့ကို မမြင်ဖူးပါလား။"

"သူ့ရဲ့မျိုးရိုးနာမည်က ရှန်တဲ့။" သူ့နံဘေးမှလူက မျက်စိတစ်ဖက်မှိတ်ပြကာ ပြောလိုက်သည်။ "ကျုံးပေါ်ကတစ်ယောက်လေ။"

သမ့်ထိုင်ဟူက ချက်ချင်းဆိုသလို အေးစက်စွာပြုံးလိုက်သည်။ သူက ပြတင်းပေါက်ကနေ တစ်ဖန်ခေါင်းပြူထွက်၍ ပြန်ကြည့်လိုက်၏။

"ကျုံးပေါ်ကို ပျက်စီးစေခဲ့တဲ့ သောက်ကျိုးနည်း ရှန်မျိုးနွယ်လား။ တပ်မှူးချုပ်က ဘာလုပ်နေတာလဲ! ရှန်ဝေ့က အသက်ထောင်ပေါင်းများစွာကို သေစေခဲ့တဲ့သူ။ သူ့မှာ ခေါင်းရှစ်လုံးရှိရင်တောင် ဖြတ်ဖို့မလုံလောက်သေးဘူး! ကျန့်ရှင်းဘုရင်ရဲ့အိမ်တော်ကို ရှာဖွေခဲ့ပေမဲ့ ဒီအကြွင်းအကျန်က ချွိတူးမှာ သက်တောင့်သက်သာ စားနိုင်အိပ်နိုင်နေတုန်းပဲ။ ချာရှီမြစ်ကမ်းတစ်လျှောက်မှာ မိဘမဲ့ကလေးတွေက ရွှံ့စေးတွေ စားနေရတုန်းပဲ! ငိုးပဲ! မင်း ဘာလို့ စောစောမပြောတာလဲ!"

...

ရှောင်းချီရယ်က ရှန်ဇယ်ချွမ်းကို ဖန်းတောင်ဆီခေါ်သွားခဲ့သည်။

ကျဥ်းမြောင်းသော ကျောက်လှေကားများကို တောင်တက်လမ်းတစ်လျှောက် ခင်းထား၏။ ၎င်းတို့၏ဖိနပ်ခွာများမှ ရေများစိမ့်ထွက်နေပြီး အရိုးခိုက်အောင် အေးနေသော်လည်း ရှောင်းချီရယ်က အနောက်ကိုတစ်ချက်လှည့်မကြည့်ပေ။ သူက မိုးရေစက်များတင်ကျန်နေသော မေပယ်သစ်ကိုင်းများကိုတွန်းဖယ်ရင်း လမ်းအတိုင်း လှေကားကနေတက်သွားခဲ့သည်။ မညီမညာလှေကားထစ်များတစ်လျှောက် ခရီးကြမ်းကိုဆက်နေရင်း ၎င်းတို့၏ဖိနပ်များက ရွှံထဲနစ်နေ၏။

တစ်နာရီနီးပါးကြာပြီးနောက်မှာတော့ ရှောင်းချီရယ်က ရပ်တန့်လိုက်သည်။ မြူခိုးများ ရစ်သိုင်းနေသည့်ကြားမှာရှိနေသော သစ်ကယ်မိုးထားသည့် တဲတစ်လုံးက သေးငယ်ပြီး သပ်သပ်ရပ်ရပ် တည်ဆောက်ထားသော်လည်း လူနေထိုင်သည့်ပုံတော့ မပေါ်ချေ။ သူက ရှန်ဇယ်ချွမ်းဘက်လှည့်ကာ ပြောလိုက်သည်။

"နန်းလင်အမဲလိုက်ကွင်းမှာ မင်း ငါ့ကို တစ်ကြိမ်ကယ်ပေးခဲ့တယ်။ ဆုလာဘ်အနေနဲ့ ဒီနေရာကို တစ်ဝက်မျှပေးမယ်။"

"ကျွန်တော်လိုချင်တဲ့ဆုလာဘ်က ရွှေတွေ၊ ငွေတွေပါ။" ရှန်ဇယ်ချွမ်းက ပြောလိုက်၏။ "ရေအတူချိုးဖို့မဟုတ်ဘူး။"

"ငွေကြေးနဲ့ အောင်မြင်မှုက လောကီရေးရာပစ္စည်းတွေပဲ။" ရှောင်းချီရယ်က ကန့်လန့်ကာကိုမ'ကာ အထဲကိုဝင်သွားခဲ့သည်။ သူက ဝင်ပေါက်နားမှာရပ်ကာ အဝတ်များကို စတင်ချွတ်နေပြီး အနောက်ကိုအော်ပြောလိုက်၏။ "ဧကရာဇ်တောင် ဒီနေရာမှာ ပျော်ပါးလို့မရဘူး။"

ရှန်ဇယ်ချွမ်းတစ်ယောက် ကန့်လန့်ကာကို မ'လိုက်သောအခါ ရှောင်းချီရယ်၏ ဗလာကျင်းနေသောအပေါ်ပိုင်းကို မြင်လိုက်ရသည်။ သူ၏ကျောပြင်နှင့် ပခုံးတို့က ကျယ်ပြန့်တောင့်တင်းပြီး ဆောက်ဖြင့်ထွင်းထုထားသလိုပင်။ အဝတ်ချိတ်စင်သေးသေးလေးမှလွဲ၍ တဲလေးထဲမှာ တောင်လေဟာပြင်ဆီဆက်ထားသော ရေပူစမ်းဆီသို့သွားသည့် ကြမ်းပြင်တစ်ခုသာ။ ရှောင်းချီရယ်၏အဝတ်များကို စင်တစ်ဖက်မှာချိတ်လိုက်ပြီး အခြားတစ်ဖက်ကို သူ့အတွက် ချန်ထားပေးခြင်းဖြစ်သည်။

ရှောင်းချီရယ်က သူ၏ဖိနပ်ကို ကန်ချွတ်လိုက်ပြီး ရှန်ဇယ်ချွမ်းကိုကြည့်လိုက်သည်။ "မင်းအဝတ်ချွတ်ဖို့ ငါ့ကို တစ်ဖက်လှည့်စေချင်လား၊ ဒါမှမဟုတ် ငါကြည့်နေတုန်း အဝတ်ချွတ်ဖို့စီစဥ်ထားတာလား။"

ရှန်ဇယ်ချွမ်းက ခါးပတ်ကိုဖြုတ်ကာ တစ်ဖက်လှည့်လိုက်သည်။ အရှေ့တိုင်းပုလဲက သူ့လက်ဖဝါးထဲလှိမ့်လာပြီးနောက် သူက အင်္ကျီလက်ခေါက်ထဲမှအိတ်ကပ်ထဲသို့ မသိမသာထည့်လိုက်၏။ သူ့နောက်ကျောမှ မျက်လုံးတစ်စုံက ဘယ်တုန်းကမှ ယိမ်းယိုင်မသွားခဲ့ပေ။ ရှန်ဇယ်ချွမ်းက ခဏရပ်တန့်သွားပြီးနောက် သူ၏အပြင်ဝတ်ရုံကို ဆွဲချွတ်လိုက်သည်။

ဝတ်ရုံက ကြမ်းပြင်ပေါ်သို့ ပုံကျသွားသည်ကိုကြည့်နေရင်း ရှောင်းချီရယ်တစ်ယောက် နောက်ဆုံးတော့ ရှန်ဇယ်ချွမ်း၏လည်တိုင်က လရောင်စိမ်ထားသော သစ်တော်ပန်းဆန်စက္ကူလေးပမာ မည်မျှဖြူဖျော့ကြောင်း တွေ့လိုက်ရသည်။ သူ၏ကျောပြင်က အံ့အားသင့်စရာကောင်းလောက်အောင် နူးညံ့ချောမွေ့မည့်ပုံပင်။

ရှောင်းချီရယ်တစ်ယောက် တွေးလိုက်၏ - သေချာပေါက်ပဲပေါ့။

သူ ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေသကဲ့သို့ ရှန်ဇယ်ချွမ်း၏လည်ကုပ်ကို တစ်ချိန်လုံးစောင့်ကြည့်နေခဲ့သည်။ အမျိုးသားတစ်ယောက်၏လည်ကုပ်က မည်သို့ဖြင့် ရင်သပ်ရှုမောဖွယ်အလှကို ပိုင်ဆိုင်ထားရသနည်း။ ယင်းမှာ ရှောင်းချီရယ် ကြုံတွေ့ဖူးသည့်အရာမှန်သမျှထက် ကျော်လွန်နေပြီး သူ့ကို အံ့အားသင့်သွားစေခဲ့သည်။

လီပေဝံပုလွေပေါက်လေး၏အစွယ်များက ထက်မြက်သော်လည်း ထိုကဲ့သို့သောလည်တိုင်၊ ထိုကဲ့သို့သောအမျိုးသားတစ်ယောက်ကို အရင်က တစ်ခါမှမကိုက်ခဲ့ဖူးချေ။ သူ၏အကြည့်က စူးရှမှုနှင့်အတူ ရှန်ဇယ်ချွမ်း၏လည်ကုပ်ကနေ အောက်သို့လျှောကျလာပြီး တဖြည်းဖြည်း သူ့ကျောပြင်၏အောက်ဘက်ရှိ နူးညံ့သောကောက်ကြောင်းလေးဆီ ကျရောက်လာခဲ့သည်။

'ချောမွေ့နေတာပဲ။'

ရှောင်းချီရယ်၏ပါးစပ်က ခြောက်ကပ်လာ၏။ သူ ဖျပ်ခနဲ အသိစိတ်ပြန်ကပ်ကာ အကြည့်လွှဲလိုက်သည်။

'ငါ ရူးနေပြီ!'

ရှောင်းချီရယ်တစ်ယောက် သူ့ဘာသာသူ တွေးလိုက်လေ၏။ သုန်းလုံလမ်းရှိ အမျိုးသမီးများအားလုံး အလှလေးများဖြစ်ကြသော်လည်း သူက အဘယ့်ကြောင့် အမျိုးသားတစ်ယောက်၏နောက်ကျာကို ဆာလောင်မွတ်သိပ်နေသကဲ့သို့ ကြည့်နေရသနည်း။

ရှောင်းချီရယ်တစ်ယောက် မိန်းမလှလေးများကြောင့် ဆွဲဆောင်ခံလိုက်ရသော အမျိုးသားများကို အမြဲတမ်း နှာခေါင်းရှုံ့ခဲ့၏။ သူ လေးစားသောသူမျိုးက ခိုင်မာသောစိတ်ဓါတ်နှင့် အမျိုးသားများကိုသာ။ ၎င်းတို့အားလုံးက ဖြောင့်မတ်မှန်ကန်သော အမျိုးသားများဖြစ်ပြီး သူ့ပေါင်ပေါ်မှာ လာထိုင်လျှင်တောင် ရမ္မက်များထကြွမလာသည့်သူမျိုးပင်။ ဥပမာအားဖြင့် သူ့အဖေ၊ သူ့အစ်ကိုနှင့် သူ၏ရှစ်ဖူတို့ဖြစ်သည်။

နာမည်ကျော်ကြားသော စစ်သူကြီးများစွာရှိသော်လည်း သူ ဘယ်တုန်းကမှ ချီရှစ်ယွီကို မလေးစားခဲ့ပေ။ တိတိကျကျပြောရလျှင် ဤအမျိုးသား၏ တဏှာကြီးသောအကျင့်များကြောင့်ဖြစ်သည်။ ကျုံးပေါ်တိုက်ပွဲပြီးနောက် သူ အမုန်းဆုံးက ရှန်ဝေ့ဖြစ်လာခဲ့သည်။ ထိုလူ၏ လူသားမဆန်သောပြစ်မှုများကြောင့်သာမက ရမ္မက်ကြီးသောကြောင့်လည်းပါပေ၏။

သို့သော် ယခုအခိုက်အတန့်၌ သူ မူးဝေနေ၏။ အလှတရားဖြင့် ဖမ်းစားခံရပြီး အလိုဆန္ဒများထကြွကာ ထိုအရာက ခေါင်းထောင်လာခဲ့သည်။

ရှောင်းချီရယ်က သူ၏ပူလောင်သောအကြည့်ကို ပြန်လည်ထိန်းချုပ်ရန် ရုန်းကန်နေခဲ့သည်။ သူ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနှင့် အလိုဆန္ဒများကြား သဘောထားကွဲလွဲမှုကို ခံစားနေရသည်။ သို့သော် သူ၏အလှတရားကြောင့် သူ့ကိုပွေ့ဖက်လိုစိတ်၊ ဖျက်ဆီးလိုစိတ်၊ သွားနှင့်လက်သည်းတို့ဖြင့် ကိုက်ဖျက်ချင်စိတ်တို့က ဒုတိယအကြိမ် ထကြွလာခဲ့သည်။

"ခင်ဗျား မဝင်ဘူးလား။" ရှန်ဇယ်ချွမ်းက ထိုအရာကိုသတိမထားမိဘဲ အနောက်သို့လှည့်လာပြီး သူ့ဆီချဥ်းကပ်လာခဲ့သည်။

ရှောင်းချီရယ်က ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်လိုက်လေ၏။ "ဝင်မှာ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment