no

Font
Theme

အပိုင်း (၅၀) - မိုးသောက်ချိန် (၂)

တော်ဝင်စစ်တပ်၏ ဒုတိယတပ်မှူးချုပ်က မျက်နှာပေါ်မှာ ဓါးဒဏ်ရာအမာရွတ်ရှိသည့် အမျိုးသားတစ်ယောက်ဖြစ်သည်။ မြင်းနှင်တံရိုက်ချက်ကို ခံယူပြီးနောက် မမျှော်လင့်စွာဖြင့် သူက စပ်ဖြဲဖြဲလုပ်ကာ မြင်း၏ခွာများအောက်တောင် ရောက်လုနီးပါးထိ မြေပြင်ပေါ်လူးလှိမ့်၍ အော်ပြောလိုက်သည်။ "ငါတို့နှစ်ယောက်လုံး စစ်သည်တော်တွေ။ ငါက မင်းထက် ရာထူးမြင့်တယ်။ ဘာလို့ ငါ့ကို ရိုက်ရတာလဲ။ မင်း ရဲတင်းလှချည်လား!"

လက်ထောက်စစ်သူကြီးက နှာမှုတ်လိုက်သည်။ "နိမ့်ကျတဲ့ကပ်ပါးကောင်တွေက တော်ဝင်ဘဏ္ဍာတိုက်ကို အလဟဿဖြုန်းတီးနေတာပဲ။ ဖယ်စမ်း! မဟာတပ်ရင်းရှစ်ခုရဲ့ အရေးကြီးတဲ့တာဝန်ကို မနှောင့်နှေးစေနဲ့!"

ထိုအမျိုးသားက လျင်မြန်စွာထရပ်ကာ လက်ထောက်စစ်သူကြီးကို လှောင်ပြောင်လိုက်၏။ "အရေးကြီးတဲ့တာဝန်? ဒီနေ့ည တော်ဝင်စစ်တပ်ကို အချိန်ကောင်းလေးတွေပြသဖို့က မင်းတို့ရဲ့ အရေးကြီးတဲ့တာဝန်ပဲ!"

သူ့စကားများ အဆုံးသတ်သွားသည်နှင့်တစ်ပြိုင်နက် လေတိုက်လျှင်လဲတော့မည့်ပုံဖြစ်နေသော တော်ဝင်စစ်တပ်သားများအားလုံး ၎င်းတို့၏ဓါးများကို တညီတညွတ်တည်း ဆွဲထုတ်လိုက်ကြသည်။ လက်ထောက်စစ်သူကြီး အံ့သြတုန်လှုပ်စွာဖြင့် သူ၏မြင်းကို ဇတ်ကြိုးဆွဲလိုက်ချိန်၌ သူ့အနောက်မှလူများက လည်ပင်းများအလှီးခံလိုက်ရပြီးဖြစ်ကာ မြေပြင်ပေါ် အတုံးအရုန်းလဲကျကုန်လေပြီ။

"ဒါ ပုန်ကန်တာလား!" လက်ထောက်စစ်သူကြီးက အော်လိုက်သည်။ "မဟာတပ်ရင်းရှစ်ခုက-" ထိုသို့ပြောနေစဥ် သူ့အရှေ့ကနေ ဓါးသွားတစ်လက်ဖြတ်သန်းသွားပြီးနောက် သူက မြင်းပေါ်ကနေပြုတ်ကျကာ သူ၏သွေးများက မြေပြင်ပေါ် ပက်ဖြန်းသွားခဲ့သည်။

ဒုတိယတပ်မှူးချုပ်က လက်ထောက်စစ်သူကြီး၏ဦးခေါင်းကို ကန်လိုက်ပြီး သူ့ဓါးကို ထိုလူ၏ရင်ဘတ်ဖြင့် သုတ်လိုက်လေ၏။ "မင်းရဲ့ သောက်ကျိုးနည်း အိပ်မက်ထဲမှာပဲရမယ်။" သူ၏အသံက တည်ငြိမ်နေလေ၏။ "ဒီရေက ပြောင်းလဲသွားပြီ။ အခု တော်ဝင်စစ်တပ်က မင်းတို့ခေါင်းတွေပေါ် သေးပန်းမဲ့အချိန်ရောက်လာပြီ!"

...

ဖျော့တော့သော အဖြူရောင်အလင်းတန်းလေးက မိုးကုပ်စက်ဝိုင်းကနေ ထွက်ပေါ်လာ၏။ မိုးသောက်ချိန်က လျင်မြန်စွာချဥ်းကပ်လာခဲ့သည်။

ချောင်ထျန်းယာက ရေအနည်းငယ်သောက်ကာ သူ၏ရေဘူးအိတ်ကို သူ့အနောက်မှလူအား ပစ်ပေးလိုက်၏။ ထို့နောက် သူ၏ပါးစပ်ကိိုသုတ်ကာ အမိန့်ပေးလိုက်သည်။ "ဆက်ရှာကြ။"

သို့သော် သူ ခြေလှမ်းကျဲများဖြင့် အရှေ့ကို အနည်းငယ်လှမ်းလိုက်ချိန်၌ သူ့စိတ်ထဲ တစ်စုံတစ်ခုကို တွေးမိသွားပြီး ရုတ်တရက်ခေါင်းလှည့်ကာ သူ့အနောက်မှလက်အောက်ငယ်သားများကို ဂရုတစိုက်ကြည့်လိုက်သည်။

ချူးဘုရင် ဘယ်မှာ ပုန်းနေလောက်လဲ။

အမဲလိုက်ကွင်းကနေ သူ လွတ်မြောက်သွားဖို့ နည်းလမ်းမရှိရာ အဘယ့်ကြောင့် သူ့ကို ရှာလို့မတွေ့သနည်း။ တော်ဝင်အစောင့်တပ်က တစ်ညလုံး 'ချူးဘုရင်' ကို လိုက်ရှာနေခဲ့ပြီး ၎င်းတို့လိုက်ရှာနေသူက တစ်ချိန်လုံး ၎င်းတို့ကြားမှာရှိနေသည်လော။

ချောင်ထျန်းယာက ချက်ချင်းဆိုသလို အမိန့်ပေးလိုက်သည်။ "လူတိုင်းရဲ့တံဆိပ်ပြားတွေကို အတည်ပြုမယ်! ဒီနေ့ည တာဝန်ကျတဲ့အစောင့်အားလုံးကို စစ်ဆေးရမယ်! အခုစတော့!"

တပ်သားများက ၎င်းတို့၏တံဆိပ်ပြားများကိုဖြုတ်ကာ ကြီးကြပ်ရေးမှူးထံတင်ပြကာ ကြီးကြပ်ရေးမှူးက တံဆိပ်ပြားကိုစစ်ဆေး၍ ကိုင်ဆောင်ထားသူကို တစ်ချက်ကြည့်ကာ နာမည်နှင့် မျက်နှာကို ပူးတွဲစစ်ဆေးခဲ့သည်။ သူ၏ပြတ်သားသောမှတ်ဉာဏ်ဖြင့် သူက တစ်ယောက်ချင်းစစ်ဆေးခဲ့ပြီး အတန်း၏အဆုံးသတ်နားကို ရောက််လာခဲ့၏။

"တံဆိပ်ပြားရော။" သူက သူ့အရှေ့မှတပ်သားကို သိမ်းငှက်မျက်လုံဖြင့် စမ်းစစ်ကာ ပြောလိုက်သည်။ "မင်းရဲ့တံဆိပ်ပြားကိုပြ။"

ထိုအမျိုးသားက တံဆိပ်ပြားကို လင်ပန်းပေါ်တင်ပေးလိုက်၏။ သူ့နံဘေးမှအစောင့်ကမူ စတင်တုန်ယင်လာပြီး ခေါင်းမမော့ရဲဘဲ တစ်ချိန်လုံးငုံ့ထားခဲ့သည်။

ကြီးကြပ်ရေးမှူးက သတိပြုမိဟန်မပေါ်ပေ။ သူက သူ၏စုတ်တံကို မကာ စာအုပ်ထဲအမှတ်အသားလုပ်၍ ပြောလိုက်သည်။ "ဘယ်ဌာနကလဲ။"

"လက်နက်ဌာနကပါ။" ချန်းယန်က ပြောလိုက်၏။

"တာဝန်ကျတဲ့အချိန်တွေမှာ မင်းကို တစ်ခါမှမမြင်ဖူးဘူး။" ကြီးကြပ်ရေးမှူးက ပြောလိုက်သည်။ "ပထမဆုံးအကြိမ်လား။"

လီကျန်းဟန်မှာ ဆိုးဆိုးဝါးဝါးတုန်ယင်နေလေ၏။ ၎င်းတို့တွေ အဖမ်းခံရဖို့က အချိန်တစ်ခုသာလိုကြောင်း ချန်းယန်က သိထားသည်။ မလွတ်မြောက်နိုင်မှန်း သိနေသော်လည်း သူက တည်ငြိမ်နေဆဲပင်။

"ပထမအကြိမ်မှာ သူစိမ်း၊ ဒုတိယအကြိမ်မှာ မိတ်ဆွေတဲ့။ နောက်ထပ် တာဝန်အနည်းငယ်ပြီးရင်တော့ မင်းရဲ့မျက်နှာကို ရင်းနှီးလာမှာပါ။"

ထို့နောက် ကြီးကြပ်ရေးမှူးက သူ၏စုတ်တံဖြင့် လီကျန်းဟန်ကို ညွှတ်ပြလိုက်၏။ "တံဆိပ်ပြားကိုပြ။"

အကြိမ်အနည်းငယ် ကြိုးစားပြီးနောက်မှာတောင် လီကျန်းဟန်၏ တုန်ယင်နေသောလက်ချောင်းများက တံဆိပ်ပြားကို သူ၏ခါးပတ်ကနေ မချွတ်နိုင်ခဲ့ပေ။ ကြိီးကြပ်ရေးမှူးက ပြုံးလိုက်ပြီး သူ့အတွက် ကိုယ်တိုင်ချွတ်ပေးရန် လက်လှမ်းလိုက်ချိန်မှာ ချန်းယန်တစ်ယောက် တောင့်တင်းသွားခဲ့သည်။ ကံမကောင်းစွာဖြင့် လီကျန်းဟန်က စိတ်လွတ်သွားပုံရပြီး ကြီးကြပ်ရေးမှူးက သူ့ဆီလက်လှမ်းလာချိန်၌ အနောက်သို့အနည်းငယ်တွန့်သွားပြီး အော်ပြောလိုက်သည်။ "ငါ့ကို ဘာမှမလုပ်ပါနဲ့!"

ချီးပဲကွာ!

ထိုအခိိုက်အတန့်၌ ၎င်းတို့တွေ စူးရှသောလေချွန်သံကို ကြားလိုက်ရပြီး ရင်ဘတ်မှာ နှင်းဖြူရောင်အကွက်ရှိသည့် နက်မှောင်သောမြင်းကြီးတစ်ကောင်က တောထဲကနေ ဒုန်းစိုင်းထွက်လာပြီး သူ့အနောက်ကနေ မြင်းတပ်ဖွဲ့က လိုက်ပါလာခဲ့သည်။ မိုးသောက်ချိန်က တဖြည်းဖြည်းပြိုကွဲလာပြီး သိမ်းငှက်တစ်ကောင်က ၎င်းတို့ရှိရာကိုလမ်းပြကာ ဦးဆောင်ပျံသန်းလာခဲ့သည်။

ဆူညံသံများကို ကြားလိုက်ရသောအခါ ဟွားစစ်ချန်းက မြက်ခင်းပြင်ကိုဖြတ်၍ရောက်လာသောလူများကို လှည့်ကြည့်လိုက်၏။

သို့သော် ထိုလူများ၏ချပ်ဝတ်တန်ဆာပေါ်မှာ ဘာတံဆိပ်မှမရှိသလို အလံကိုတောင် ကိုင်ဆောင်ထားခြင်းမရှိပေ။

ချန်းယန်က ချက်ချင်းဆိုသလို ချူးဘုရင်ကိုဆွဲခေါ်လိုက်သည်။ "အိမ်ရှေ့စံအရှင့်သားက တော်ဝင်စစ်တပ်ရဲ့စောင့်ရှောက်မှုအောက်မှာရှိတယ်။ အရှင့်သားရှေ့မှာ လက်နက်ကိုင်ဆွဲတဲ့သူမှန်သမျှ ခြွင်းချက်မရှိ အသတ်ခံရမယ်။ အားလုံး ဘေးဖယ်ကြ!"

ဟွားစစ်ချန်းက မယုံကြည်နိုင်စွာဖြင့် အရှေ့သို့ တုန်တုန်ယင်ယင်လှမ်းလိုက်သည်။ ထို့နောက် သူက တော်ဝင်အစောင့်တပ်၏ အရာရှိများကိုလှည့်ကြည့်ကာ အော်လိုက်သည်။ "ချူးဘုရင်ကို သစ္စာဖောက်တွေက ဓါးစာခံအဖြစ် ဖမ်းထားတယ်။ မင်းတို့ ဘာကိုစောင့်နေကြတာလဲ!"

ချောင််ထျန်းယာက ချုးဘုရင်ဆီကို တစ်ဟုန်ထိုးတိုးကပ်သွားခဲ့သည်။ လီကျန်းဟန်တစ်ယောက် နောက်ဆုတ်စရာနေရာမရှိဘဲ ထိတ်လန့်စွာဖြင့် အော်လိုက်သည်။

ထိုစဥ် ရုတ်တရက်ဆိုသလို ဓါးရှည်တစ်လက်က တောအုပ်ထဲကနေထွက်လာပြီး လီကျန်းဟန်၏ခြေထောက်ရှေ့က မြေကြီးထဲ စိုက်ဝင်သွားခဲ့သည်။ ရှောင်းချီရယ်က မြင်းပေါ်ကနေခုန်ဆင်းကာ သူ၏တံဆိပ်ပြားကိုဖြုတ်၍ လင်ပန်းပေါ်ပစ်တင်လိုက်၏။

"ကျုပ်တို့ရဲ့အဓိကအင်အားစုတွေ အခုလာနေပြီ။ ဘယ်သူလှုပ်ရှားရဲသေးလဲ။" သူက ပြောလိုက်သည်။

ကျိလေကလည်း အခုမှ ရောက်လာပြီး ဤအခြေအနေကိုမြင်လိုက်ရာ အော်ပြောလာခဲ့သည်။ "ငမိုက်သားတွေ! တော်ဝင်စစ်တပ်က-"

ထိုစဥ် သိမ်းငှက်က ရှောင်းချီရယ်၏ပခုံးပေါ် နားခိုလာ၏။ သူက ၎င်းကိုပွတ်သပ်ပေးရင်း ပြောလိုက်သည်။ "စမ်းကြည့်လိုက်လေ၊ လောင်ကျိ၊ ခင်ဗျားမှာ သတ္တိရှိရင်ပေါ့။"

ကျိလေက မြက်ခင်းပြင်ဘက်ကို လှမ်းကြည့်လိုက်၏။ တော်ဝင်စစ်တပ်၏ရှေ့တန်းတပ်များက ရောက်ရှိနေပြီးဖြစ်သော်လည်း ၎င်းတို့နောက်တွင် ဆက်လက်ချီတက်လာသော စစ်သည်များက အဆုံးမရှိသည့်ပုံပင်။ ထို့နောက် ချီသုန်း၏ ချန်းကျွင့်မြို့စောင့်တပ်အလံကို တွေ့လိုက်ရပြီး ဒုန်းစိုင်းနှင်လာသောမြင်းများ၏ အရှေ့ဆုံးမှတစ်ယောက်က အခြားသူမဟုတ်ဘဲ ချီကျူးယင်းဖြစ်နေခဲ့သည်။

ဟွားစစ်ချန်းက ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ သူက ဖန်းရူကွေ့ကိုဆုပ်ကိုင်ကာ အက်ရှသောအသံဖြင့် ပြောလိုက်သည်။ "ချီသုန်းဆီပို့တဲ့စာကို ဖြတ်ယူခဲ့ပေမဲ့ သူတို့က ဘယ်လိုလုပ်ပြီး-"

ရှောင်းချီရယ်က သူ၏ဓါးကိုဆွဲခုတ်လိုက်သည်။ "ချွိတူးရဲ့ လက်ရေးနဲ့ဆက်သွယ်ချက်တွေအားလုံး တော်ဝင်အစောင့်တပ်ကို ကျော်ဖြတ်ရမယ်ဆိုရင် ဘယ်လောက််တောင်မှ ဒုက္ခများလိုက်မလဲ။"

အခြေအနေက ကယ်တင်လို့မရနိုင်တော့ပေ။ ဟွားစစ်ချန်းက မြေပြင်ပေါ်ပြိုလဲသွားပြီး တီးတိုးရေရွတ်လိုက်သည်။ "ဧကရီမယ်မယ်က နန်းတော်ထဲမှာပဲရှိနေသေးတယ်..."

"ဧကရီမယ်မယ်က အသက်ကြီးနေပြီ။ သူ(မ)ရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် နန်းမြို့တော်ကို ကင်းလှည့်တဲ့ကိစ္စအဝဝကို တာဝန်ယူဖို့ ဘုရင့်အစောင့်တပ်တွေဆီ တာဝန်လွှဲပေးလိုက်ပြီ။" အချိန်အကြာကြီး ပြေးလွှားတိုက်ခိုက်ခဲ့ရသဖြင့် ရှုပ်ပွနေသောရှောင်းချီရယ်က ယခု လီကျန်းဟန်ကို ဆွဲထူလိုက်သည်။ "အရှင့်သားက တစ်ညလုံး လှုပ်ရှားနေခဲ့ရတော့ ပင်ပန်းနေမှာပဲ။"

ချီကျူးယင်း၏မြင်းက လူအုပ်ကြီးထဲ ကျော်ဖြတ်လာခဲ့သည်။ သူ(မ)က မြင်းပေါ်ကဆင်းကာ လီကျန်းဟန်ရှေ့မှာ ဒူးထောက်၍ အမဲလိုက်ကွင်းတစ်ခုလုံး ကြားရလောက်သည့်လေသံဖြင့် ပြောလိုက်သည်။ "စိတ်ချထားပါ အရှင့်သား! ချီသုန်းရဲ့ တပ်သားနှစ်သောင်းက အသင့်နေအထားရှိနေပါတယ်။ ကျွန်တော်မျိုးမ ချီကျူးယင်း အိမ်ရှေ့စံအရှင့်သားရဲ့လုံခြုံရေးကို အာမခံဖို့ကျိန်ဆိုပါတယ်!"

လီကျန်းဟန်တစ်ယောက် အိပ်မက်မက်နေသကဲ့သို့ ချီကျူးယင်းကို ကြောင်အမ်းစွာ စိုက်ကြည့်နေခဲ့ပြီး ဘယ်ပြန်၊ ညာပြန်ကြည့်လိုက်သည်။ ချောင်ထျန်းယာက လာဘ်မြင်တတ်သောသူပင်။ ရလဒ်ကို မြင်တွေ့လိုက်ရသောအခါ ချက်ချင်းဒူးထောက်လိုက်လေ၏။ သူ ထိုသို့လုပ်လိုက်ချိန်၌ သူ့ပတ်ပတ်လည်မှ တော်ဝင်အစောင့်များကလည်း လက်နက်များကိုချကာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ခဲ့ကြသည်။

"ငါ..."

လီကျန်းဟန်က အသက်ကယ်ကောက်ရိုးမျှင်ကို ဆုပ်ကိုင်ထားသကဲ့သို့ ဗလာကျင်းနေသောလက်ဖဝါးများကို တင်းတင်းဆုပ်လိုက်သည်။ ထို့နောက် ဝမ်းသာမျက်ရည်များက သူ၏ပါးပြင်ပေါ်ကျဆင်းလာခဲ့ပြီး ခက်ခက်ခဲခဲဖြင့် စကားလုံးများကို ထုတ်ပြောလိုက်ရသည်။ "အခု အိမ်ရှေ့စံဖြစ်တဲ့ငါက... ဒီကနေ့ အားလုံးရဲ့ကြင်နာမှုတွေအတွက် သေချာပေါက် ပြန်ပေးဆပ်မယ်!"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment