အပိုင်း (၅၄) - ဆောင်းဦးအအေးဓါတ် (၂)
"ကျွန်တော်တို့ အိမ်ကမထွက်ခင်ကတည်းက သခင်ငယ်လေးက အအေးမိနေတာလေ။" ကျောင်းဟွေးက ရှင်းပြလိုက်သည်။ "အဲ့ဒါကြောင့် ဝမ်ရယ်*က ဆရာသခင်ယီကွေးကိုပင့်ဖိတ်ဖို့ တုံးကျိုးကို လမ်းကြုံဝင်ခဲ့လို့ပါ။"
[TN/ ဝမ်ရယ် - လီပေဘုရင်ကိုခေါ်တာပါ။]
"အားရွှင်းက နေမကောင်းဘူးလား။ ဘယ်ကတည်းလဲ။ သာ့ကောက ဘာဖြစ်ဘို့ စာထဲမှာထည့်မရေးရတာလဲ။"
"ရိုးရိုးဖျားရုံတင်ပါ။" ရှောင်းကျိမင်က ပြန်ပြောလိုက်သည်။ "ယီကျီးက အိမ်မှာ သူ့ကိုစောင့်ရှောက်ပေးနေပါတယ်။ စိတ်ပူစရာမလိုပါဘူး။"
ရှောင်းချီရယ်တစ်ယောက် စိတ်ပျက်သွား၏။ လွန်ခဲ့သောငါးနှစ် သူ လီပေကနေထွက်ခွာလာချိန်မှာ သူ၏မရီးက ကိုယ်ဝန်ရှိခါစဖြစ်သည်။ ယခု အားရွှင်းလေးတောင် လေးနှစ်ပြည့်ပြီးဖြစ်သော်လည်း ရှောင်းချီရယ်မှာ သူ့ကို မတွေ့ဖူးသေးပေ။ သူ့မှာ သူ့အဖေနှင့် အစ်ကိုတို့၏စာထဲကနေသာ သူ့တူလေးအကြောင်းကို သိခဲ့ရသည်။
သူ အိမ်ပြန်ချင်၏။
သို့သော် ရှောင်းချီရယ်၏ စိတ်ဓါတ်ကျမှုတို့က လွင့်စဥ်သွားပြီး ပြုံးလိုက်တော့သည်။ "ကျွန်တော် လက်ဆောင်ပြင်ထားတယ်။ သာ့ကော အိမ်ပြန်ရင် ကျေးဇူးပြုပြီး သူ့ကို ပေးပေးပါဦး။"
ရှောင်းဖန်းရွှီက သူ့ဝါးခမောက်အစွန်းကို ပွတ်သပ်လိုက်သည်။ "ငါတို့ထွက်မလာခင် ရွှင်းအာက မင်းအတွက် အထူးတလှယ် ပန်းချီဆွဲပေးလိုက်တယ်။ ခဏနေမှ ကျောင်းဟွေးကို ယူလာခိုင်းလိုက်မယ်။ ဒီမှာပဲ စကားပြောမနေနဲ့တော့။ အရင်ဆုံး နန်းတော်ဆီ ဂါရဝပြုဖို့သွားပြီး ဒီနေ့ည အိမ်ပြန်ရောက်တော့မှ စကားပြောကြတာပေါ့။"
၎င်းတို့အားလုံး မြင်းပေါ်တက်လိုက်ကြပြီး ချွိတူးသို့ အတူတူခရီးဆက်ခဲ့ကြသည်။
...
နွေရာသီမှ ဆောင်းဦးသို့ပြောင်းလဲလာသည်နှင့် ချီထိုက်ဖူက ကောင်းကောင်းစားလာပြီး နှစ်ပေါင်းများစွာကြာမှ ပထမဆုံးအကြိမ်အဖြစ် ကိုယ်အလေးချိန်တိုးလာခဲ့သည်။ ယခုလက်ရှိမှာ သူက သူ၏ခြေထောက်များကို မိုးရေထဲမှာဆေးကြောနေပြီး သူ၏ခြေချောင်းလေးများကို လှုပ်စိလှုပ်စိလုပ်နေ၏။
လီပေဘုရင် နန်းမြို့တော်၌ လူလုံးပြသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။ ယခု စစ်သူကြီးလေးဦး၏အမည်များက ကျော်ကြားလာသော်လည်း လူအနည်းငယ်က လီပေဘုရင် ရှောင်းဖုန်းရွှီကို မှတ်မိနေကြဆဲပင်။
"တိုင်းပြည်ရဲ့ မဟာစစ်သူကြီးလေးဦးအကြောင်း ပြောကြမယ်ဆိုရင်။" သူက စကားစလိုက်၏။ "ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်တုန်းကလည်း အတူတူပဲ။ အရင်တုန်းက လီပေမှာ ရှောင်းဖုန်းရွှီ၊ ချီသုန်းမှာ ချီရှစ်ယွီ၊ ပျန်းကျွင့်မှာ လုဖျင်ယန်းနဲ့ ဆော်ထျန်းတောင်ကြားမှာ ဖုန်းယီးရှုန့်တို့က အင်ပါယာရဲ့ လေးဖက်လေးလံမှာ ခေါင်းဆောင်ကြတဲ့ စစ်သူကြီးတွေပဲ။ ဖုန်းယီးရှုန့်က တိုက်ပွဲမှာ ဆုံးပါးသွားခဲ့ပြီး ဖုန်းမျိုးနွယ်မှာ ဆက်ခံသူမကျန်ခဲ့ဘူး။ ဒီနေ့ဒီချိန်မှာ အဲ့ဒီနာမည်ကို မှတ်မိတဲ့သူရှိပါ့မလားလို့ ငါသံသယဝင်မိတယ်။ ဒါပေမဲ့ အတိတ်တုန်းကဆို သူတို့အားလုံးက နယ်စပ်ကိုဖြတ်ကျော်ပြီး ပျန်းရှားတပ်တွေကို သုတ်သင်ခဲ့တဲ့ ရဲရင့်တဲ့သူရဲကောင်းတွေပဲ။"
"ဖုန်းယီးရှုန့်?" အထဲမှာ ဟင်းချက်နေသည့်ကျိကန်းက အော်ပြောလာလေ၏။ "ဘယ်သူမှမမှတ်မိဘူးဆိုတာ ဘာကိုဆိုလိုတာပါလဲ။ ချွမ်းအာ! စစ်သူကြီးဖုန်းရဲ့ သားနှစ်ယောက်လုံးက တိုက်ပွဲမှာ ဆုံးပါးသွားခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းကျ သူက သားတစ်ယောက်မွေးစားခဲ့တယ် - အဲ့ဒါက ငါ့ရဲ့သာ့ကောပဲ။"
"ရှစ်ဖူရဲ့သာ့ကော?" ရှန်ဇယ်ချွမ်းက ထမင်းခူးရင်း မေးလိုက်သည်။
"ငါ မင်းကို ပြောပြဖို့မေ့နေတာပဲ!" ကျိကန်းက သူ၏နဖူးကို ရိုက်လိုက်သည်။
"အစားအသောက်တွေ အသင့်ဖြစ်ပြီလား။" ချီထိုက်ဖူက အော်ပြောလိုက်သည်။ "အိုက်ယား၊ သူ့ရဲ့သာ့ကောက ကျော်ချန်းချိုးမဟုတ်ဘူးလား။ ဘာကိုပြောပြဖို့လိုလို့လဲ။ လူတိုင်း ခန့်မှန်းနိုင်တဲ့ဟာကို!
[TN/ ဖုန်းယီးရှုန့်က ကျော်ချန်းချိုးကို မွေးစားထားတာပါ။ ကျိလေနဲ့ ကျော်ချန်းချိုးက ဆရာတူညီအစ်ကိုတွေဖြစ်မယ်ထင်ပါတယ်။]
ရှန်ဇယ်ချွမ်းက ဟင်းလျာများကိုထုတ်ယူကာ ချီထိုက်ဖူအတွက် တူတစ်စုံခင်းပေးလိုက်သည်။ "ညစာအသင့်ဖြစ်ပါပြီ၊ ရှန်းရှုန်း။" သူက လေးလေးစားစားပြောလိုက်လေသည်။
ချီထိုက်ဖူက အရက်တစ်ငုံသောက်လိုက်၏။ "ဒီလိုမျိုး ပြုစုခံရတာက တယ်ကျေနပ်စရာကောင်းတဲ့ခံစားချက်ပဲ။"
ကျိကန်းက သူ့နဖူးပေါ်မှချွေးများကို သုတ်လိုက်ပြီး စားပွဲသေးသေးလေးမှာ ဝင်ထိုင်လိုက်သည်။ "ရှောင်းအာ့က မင်းကို သူနဲ့ ငါတို့က သိုင်းမျိုးရိုးတူတယ်လို့ ပြောခဲ့တယ်မဟုတ်လား။ သူ့ရဲ့ရှစ်ဖူက ကျော်ချန်းချိုးဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်!"
ရှန်ဇယ်ချွမ်းက စားရင်း နားထောင်နေခဲ့သည်။
"ငါ သူ့ကို မတွေ့တာတော်တော်ကြာနေပြီ။" ကျိကန်းက ပြောပြခဲ့သည်။ "ဒီတစ်ခေါက် မင်း ရှောင်းအာ့နဲ့ တိုက်ကွက်ဖလှယ်ခဲ့သေးလား။ အခြေအနေ ဘယ်လိုရှိလဲ။ သူ့ရဲ့ဓါးရေးက အားကောင်းပြီး ပြင်းထန်သလား။"
"လန်ကျိုးကို အရင်စားပါစေဦး။" ချီထိုက်ဖူက ပြောလိုက်သည်။ "ဗိုက်ပြည့်တော့မှ စကားပြောကြမယ်။ ဒါက အန္တရာယ်များတဲ့ အခြေအနေဆိုပေမဲ့ ငါတို့ နောက်ခြေလှမ်းတွေအတွက် အလျင်လိုစရာမလိုဘူး။ ငါတို့ ရက်အနည်းငယ်လောက် အနားယူလို့ရတယ်။"
"ကျွန်တော် စောစောသိခဲ့သင့်တာ။" ကျိကန်းက ပြောလိုက်သည်။ "ရှောင်းအာ့က သူ့လက်မမှာ အရိုးလက်စွပ်ဝတ်တယ်။ ဒီလောကမှာ ခိုင်ခံ့တဲ့လေးကို ဘယ်လိုဆွဲရမလဲဆိုတာ သိတဲ့သူတစ်ယောက်ယောက်ရှိတယ်ဆိုရင် ကျော်ချန်းချိုးပဲဖြစ်မှာ။"
"ရှောင်းဖန်းရွှီက အခု နန်းမြို့တော်မှာရှိနေတယ်ဆိုတော့ မင်းရဲ့သာ့ကောကို တွေ့ရင်တွေ့နိုင်မှာပဲ။" ချီထိုက်ဖူက မှတ်ချက်ပေးကာ စားပွဲပေါ်မှဟင်းလျာများကို ကောက်ယူလိုက်သည်။ "ကျော်ချန်းချိုးက ထျန်းဖေးမျှော်စင်မှာ သူ့မှာရှိသမျှအရာအားလုံးကို ပေးဆပ်ခဲ့တယ်။ သူက ပျန်းရှားမြင်းတပ်သားတွေကို မောင်းထုတ်နိုင်ခဲ့ပေမဲ့ သူ့ဇနီးကို ဆုံးရှုံးလိုက်ရတယ်။ အဲ့ဒီတိုက်ပွဲမှာ သူက 'ကျောက်စိမ်းမြေပေါ်က မိုးကြိုးမုန်တိုင်း' ဆိုတဲ့နာမည်ကိုရခဲ့ပေမဲ့ အဲ့ဒီကနေ ဘယ်တော့မှ ပြန်ပြီးကောင်းမွန်မလာတော့ဘူး။ သူ အိမ်ကနေထွက်သွားပြီး ဘုန်းကြီးဝတ်သွားတယ်ဆိုတဲ့ ကောလာဟလတောင် ထွက်ခဲ့တယ်။ သူက ဇာတ်မြှုပ်ပြီး ရှောင်းဖန်းရွှီဆီမှာ ခိုလှုံရင်း ဒီနှစ်တွေတစ်လျှောက်လုံး သူ့သားတွေကို သင်ကြားပေးနေတယ်ဆိုတာက မဖြစ်နိုင်တာတော့မဟုတ်ဘူး။"
"စစ်သူကြီးတစ်ယောက်ရဲ့အောင်မြင်မှုဆိုတာ စစ်သည်တော်ပေါင်းသောင်းချီရဲ့ စွန့်လွှတ်အနစ်နာခံမှုရဲ့ ရလဒ်ပဲ။" ကျိကန်းက ဝမ်နည်းစွာ ပြောလာ၏။ "ဒီတော့ စစ်တလင်းမှာ သူ့ရဲ့စွမ်းဆောင်မှုတွေကြောင့် နာမည်ကျော်ကြားလာတာဆိုတော့ရော ဘာလုပ်ရတော့မှာလဲ။ အဆုံးသတ်မှာ သူကလည်း လက်တစ်ဆုပ်စာသဲပဲ ဖြစ်လာမှာ။ စစ်မြေပြင်မှာ ကျဆုံးသွားတဲ့သူတွေက နောက်ဆုံးအထိ သစ္စာရှိကြတယ်။ အသက်ရှင်ကျန်ရစ်တဲ့သူတွေက ဆင်းရဲဒုက္ခတွေ ဆက်ပြီးခံစားကြရတယ်။ ကျော်ချန်းချိုးက ဇာတ်မြှုပ်သွားခဲ့တယ်၊ ရှောင်းဖန်းရွှီက နာမကျန်းဖြစ်ပြီး ရာထူးကနေနုတ်ထွက်သွားပြီဖြစ်သလို လုဖျင်ယန်းကလည်း အသက်ကြီးလာပြီ။ အခုလက်ရှိစစ်သူကြီးလေးဦးကရော နောင်အနှစ်နှစ်ဆယ်ကြာပြီးနောက်ပိုင်း ဘယ်နေရာတွေမှာ ရှိနေကြမလဲ။ သူတို့အားလုံးက ကမ်းခြေကိုရိုက်ခတ်နေကြတဲ့ လှိုင်းတံပိုးတွေလို မျိုးဆက်တစ်ခုပြီးတစ်ခု အစားထိုးသွားကြလိမ့်မယ်။"
ချီထိုက်ဖူက ရှန်ဇယ်ချွမ်းစားနေသည်ကိုကြည့်နေရင်း အနည်းငယ်ထွေလာ၏။ အချိန်တစ်ခုကြာပြီးနောက် သူက ပြောလာခဲ့သည်။ "ဒီလောကကြီးထဲရောက်လာပြီး ဘာမှမဟုတ်ဘဲ တစ်သက်လုံးဆင်းရဲဒုက္ခခံရတာ သိပ်ကို နှမြောစရာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အားလုံး သေကြရမှာဆိုတော့ အဲ့ဒီအချိန်မတိုင်ခင်မှာ ကိုယ့်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ပြီး ကောင်းကင်ဘုံကို တက်လှမ်းနိုင်အောင် ဘာလို့ကြိုးစားကြည့်ရမှာလဲ! ရော့ လန်ကျိုး! နောက်တစ်ပန်းကန် ထပ်စားဦး!"
၎င်းတို့တွေ စားသောက်ပြီးနောက် ညဥ့်နက်နေလေပြီ။
ချီထိုက်ဖူက တံစက်မြိတ်အောက်ရှိဖျာပေါ် လဲလျောင်းနေစဥ် ရှန်ဇယ်ချွမ်းက သူ့ဆရာ၏ခြေထောက်များကို သုတ်ပေးနေ၏။ ကျိကန်းက ၎င်းတို့အတွက် အပေါ်ထပ်ဝတ်ရုံများကို ကိုယ်စီလွှမ်းပေးလိုက်ပြီးနောက် ထောင့်လေးမှာဆောင့်ကြောင့်ထိုင်ကာ ဆေးတံသောက်နေခဲ့သည်။
သင်္ဘောသီးကို ခေါင်းခုထားသည့် ချီထိုက်ဖူက ပြောလာသည်။ "လန်ကျိုး၊ အမဲလိုက်ကွင်းမှာ ဖြစ်ခဲ့တာတွေကို နောက်တစ်ကြိမ်ထပ်ပြောပြဦး။"
ရှန်လန်ကျိုးက အသေးစိတ် ထပ်ပြောပြလိုက်သည်။
ချီထိုက်ဖူက မျက်လုံးများမှိတ်လျက် နားထောင်နေခဲ့သည်။ ရှန်ဇယ်ချွမ်း စကားဆုံးသွားသည်အထိ သူက တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ ခြံဝန်းထဲမှ နွယ်ပင်များက မိုးရေများစိုရွှဲကာ အရွက်များက တဖြုတ်ဖြုတ်ကြွေကျနေ၏။ မိုးသံက အချိန်အတော်ကြာတဲ့အထိ စဲမသွားဘဲ နောက််ဆုံး၌ ချီထိုက်ဖူက ပြောလိုက်သည်။
"အပြင်ပန်းမှာ ရှောင်းအာ့က ဒီတိုက်ပွဲကနေ ဂုဏ်ကျက်သရေရှိခဲ့တယ်ဆိုပေမဲ့ သူက သူ့အဖေနဲ့ သူ့အစ်ကိုမိခဲ့တဲ့ တူညီတဲ့ကျော့ကွင်းထဲ အဖမ်းခံလိုက်ရတာပဲ။ ဧကရာဇ်အသစ်က သူ့ကို ငါးနှစ်တိုင်တိုင် ညီအစ်ကိုကောင်းလို့ခေါ်ခဲ့တယ်။ ဒါပေမဲ့ ရှောင်းချီရယ်က သူ့ရဲ့စရိုက်အမှန်ကို ဒီလောက်အကြာကြီး နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားတော့ အခု သူ့ကို ဘယ်သူက မကြောက်ဘဲနေမှာလဲ။"
"ရှောင်းချီရယ်က သူ့အသက်ကိုကယ်ပေးခဲ့တဲ့အတွက် ဒီကနေ့ ဧကရာဇ်အသစ်က သူ့ရဲ့ကြင်နာမှုကို နွေးထွေးစွာမှတ်မိနေသေးတယ်။ ဒါပေမဲ့ ဒီဆက်ဆံရေးက ဘယ်လောက်ကြာကြာခံနိုင်မှာတဲ့လဲ။ ရှောင်းအာ့ကုန်းကျစ်ကို ဒီထက်စိတ်ရှည်ပြီး နည်းနည်းလောက် ထပ်ဖုံးကွယ်ထားနိုင်ဦးမယ်လို့ ငါထင်ခဲ့တာ။ ဒီကိစ္စမှာ ချီကျူးယင်းကို ဦးဆောင်ခိုင်းလို့ရတဲ့နည်းတွေ မရေမတွက်နိုင်အောင်ရှိတာကို သူက သူကိုယ်တိုင်လုပ်ခဲ့တာပဲ။"
ကျိကန်းက မှိန်ဖျဖျအလင်းရောင်အောက်မှာ ပြာမှုန်တချို့ကို ခါချလိုက်၏။
"ဝံပုလွေပေါက်လေးက အိမ်ပြန်ချင်နေတယ်။ သူ့အိပ်မက်က လီပေရဲ့မြက်ခင်းပြင်ပဲ။ သူ့အသက်က ဘယ်နှနှစ်ပဲရှိသေးတာမို့လဲ။ ဒီလိုစိတ်ဝိညာဥ်မျိုးက ငယ်ရွယ်နုပျိုခြင်းရဲ့ အနှစ်သာရပဲလေ။"
"သေးငယ်တဲ့စိတ်မရှည်မှုက ကြီးမားတဲ့အကြံအစည်တွေကို အနှောင့်အယှက်ဖြစ်စေတယ်။" ချီထိုက်ဖူက ပြောလိုက်သည်။ "သူသာ ဒီတစ်ကြိမ်မှာသည်းခံခဲ့မယ်ဆိုရင် အခုချိန်ဆို သူက ခပ်ဆိုးဆိုးသခင်လေးအဖြစ် အိမ်ပြန်နေရပြီမဟုတ်ဘူးလား။"
ထိုအခိုက်အတန့်၌ ရှောင်းချီရယ်တစ်ယောက် နန်းတော်ဂိတ်တံခါးအပြင်မှာ ရပ်နေပြီး အရိပ်ကျနေသော ခေါင်မိုးများကို မော့ကြည့်နေခဲ့သည်။ အနီရောင်နံရံတံတိုင်းများကနေ တွဲလောင်းကျနေသော တံစက်မြိတ်များက သူ့အတွက် ဘုရားသခင်ထံမှ စမ်းသပ်မှုတစ်ခုနှယ်။ သိမ်မွေ့သော သူ၏အသွင်အပြင်အောက်မှာ ကြမ်းကြုတ်သောသားရဲတစ်ကောင်က အသံတိတ်ဟစ်ကြွေးနေ၏။
ကျောင်းကျွေ့ဘုရားကျောင်း၌ ရှန်ဇယ်ချွမ်းတစ်ယောက် ရုတ်တရက်ဆိုသလို ရှောင်းချီရယ်၏အပြုအမူများကို ထူးထူးဆန်းဆန်း နားလည်လာခဲ့သည်။
သူ အိမ်ပြန်ချင်နေသည်။
သူက သူ့လိုမျိုး ဂုဏ်ယူဝံ့ကြွားစွာ၊ ဂုဏ်သိက္ခာရှိစွာဖြင့် အိမ်ပြန်ချင်နေခဲ့လေသည်။
***
Aurora Novel Translation Team