no

Font
Theme

အပိုင်း (၆၅) - တူဝရီး (၁)

လီကျန်းဟန် ပစ္စည်းများကို ပစ်ပေါက်ပြီးသွားသောအခါသူ့မျက်နှာကိုအုပ်၍ ငိုကြွေးတော့သည်။

ရှောင်းချီရယ်တစ်ယောက် ပြန့်ကျဲနေသော အစအနများကိုရှောင်ရှားကာ ဒူးထောက်လိုက်သည်။ ခဏကြာပြီးနောက် လီကျန်းဟန်က တစ်နည်းနည်းဖြင့် တည်ငြိမ်သွားပြီး ရှောင်းချီရယ်ကို ကြည့်လာ၏။ "ထစမ်းပါ! မင်း အဲ့လို ဒူးထောက်စရာမလိုပါဘူး။ မင်းနဲ့ငါနဲ့က သူငယ်ချင်းတွေ။ ဒီလိုလုပ်တာက ငါတို့ကြား ပိုပြီးဝေးကွာသွားစေလိမ့်မယ်။"

[TN/ လီကျန်းဟန်က ရှောင်းချီရယ်တစ်ယောက်တည်းကိုပဲ မင်းနဲ့ ငါပြောပြီး ကျန်တဲ့သူတွေကို ကျန်းလို့ပဲ သုံးပါတယ်။]

ရှောင်းချီရယ်က ထလိုက်၏။ "အတွင်းဝန်အမတ်က ဖြောင့်မတ်ပြီး ပွင့်လင်းတဲ့သဘာဝရှိတာပါ။"

လီကျန်းဟန်က အလွန်စိတ်ဓါတ်ကျနေသည်။ သူက မျက်နှာကိုဖုံးအုပ်ကာ ပြောလိုက်သည်။ "သူတို့က နှစ်ရက်ခြားတစ်ခါ၊ သုံးရက်ခြားတစ်ခါ ငွေလာလာတောင်းနေကြပေမဲ့ ငါ အားလုံးကို အတည်ပြုပေးခဲ့တယ်။ ငွေက ရေလိုစီးဆင်းနေတဲ့အချိန်မှာတောင် ငါ တစ်ခွန်းမှ မညည်းညူခဲ့ဘူး။ ငါ့မှာ တစ်နေ့လုံး အပ်တွေပေါ်ထိုင်နေရပြီး အစားစားချင်စိတ်လည်း မရှိ၊ စိတ်လည်းမပျော်ဖြစ်နေရတယ်။ အခု ဟွားစစ်ချန်းသေပြီ၊ ကျိလေကလည်း ကွပ်မျက်ခံရတော့မှာကို ငါ ရက်နည်းနည်းလောက််တောင် အနားယူလို့မရဘူးလား။ ချဲ့အန်း၊ သူတို့တွေ ငါ ဒီရာထူးရတာကို ဘယ်လောက်တောင်မကျေမနပ်ဖြစ်နေလဲဆိုတာ မင်းမသိလို့။ သူတို့မှာသာ တခြားရွေးချယ်စရာရှိရင် ငါ့ကို ဘယ်တာ့မှလက်ခံမှာမဟုတ်ဘူး။"

ထိုအချက်တွင် သူ ပို၍စိတ်တိုလာခဲ့၏။ "ငါ ဘယ်တုန်းကမှ ဧကရာဇ်မဖြစ်ချင်ခဲ့ဘူး။ သူတို့ကသာ ငါ့ကို ပလ္လင်ပေါ်တွန်းပို့ခဲ့ကြတာ။ အခုကျ ငါ့ကို ကျိန်ဆဲနေတဲ့သူတွေကလည်း သူတို့ပဲ! စောင့်ကြပ်စိစစ်ရေးဌာနက ငါ့ကို နေ့နေညည စောင့်ကြည့်နေကြတယ်။ ငါ ဥယျာဥ်ထဲ လမ်းလျှောက်ထွက်ရင်တောင် သူတို့ရဲ့စာတတ်ပေတတ်ဟန်နဲ့ချဥ်းကပ်ပြီး မှတ်တမ်းတင်ကြသေးတာ! သူ မိန်းမစိုးတစ်ယောက်ကို သတ်လိုက်ရင်လည်း - ပြီးခဲ့တာပြီးရောပေါ့ - ဟိုင်ရန်ရှစ်က ငါ့ကို ဂုဏ်သိက္ခာလေးတချို့ မပေးနိုင်ဘူးလား။ အနည်းဆုံးတော့ ငါက သာ့ကျိုးရဲ့ ဧကရာဇ်ဖြစ်နေတုန်းပဲလေ!"

လီကျန်းဟန် ဖွင့်ထုတ်လေ ပို၍ဒေါသထွက်လာလေပင်။ စားပွဲပေါ်မှာ လွှင့်ပစ်စရာ ပစ္စည်းမကျန်တော့ရာ သူက ဒေါသထွက်ထွက်နှင့် သူ့ပေါင်သူထုရိုက်လိုက်သည်။ "သူက မုရူကို နိမ့်ကျပြီး မကောင်းတဲ့သူအဖြစ်တောင် သမုတ်လိုက်သေးတယ်။ မြင့်မြတ်ပြီး ကိုယ်ကျင့်သိက္ခာကောင်းမွန်ပါတယ်ဆိုတဲ့ အဲ့ဒီအမတ်တွေ - သူတို့က ဘယ်သူတွေမို့လဲ! ငါ သုန်းလုံလမ်းမှာ သောက်စားဖို့သွားလေ့ရှိတုန်းက သူတို့ထဲက ဘယ်သူကများ ဂုဏ်သိက္ခာတွေကို ဘောင်းဘီတွေနဲ့အတူ မချွတ်ထားဘဲနေလို့လဲ! ငါက မုရူကို သာမန်မိသားစုကနေ ရွေးချယ်ခဲ့တာ။ ဟိုခွေးသား ရှောင်ဖုကျစ်သာ ဝင်မနှောက်ခဲ့ရင် သူ(မ)က သစ္စာဖောက်ဖန်းရဲ့လက်ထဲ ကျရောက်သွားမတဲ့လား။ အဲ့တုန်းကဆို သူ(မ)အတွက် ငါ့နှလုံးသားက ဘယ်လောက်တောင်နာကျင်ခဲ့ရသလဲ!"

လီကျန်းဟန် သူ၏မကျေနပ်ချက်များကို ဖွင့်ထုတ်နေသည်ကို ရှောင်းချီရယ်က အသံတိတ်နားထောင်နေခဲ့သည်။ လီကျန်းဟန် ပြောလို့ပြီးသွားသောအခါ သူ၏ဒေါသအများစုမှာ ပြေပျောက်သွားခဲ့၏။ "သူတို့သာ ငါ့ကို ဧကရာဇ်လို့မြင်ပြီး လေးစားမယ်ဆို ငါ ဂုဏ်သိက္ခာရှိရှိနဲ့ သင်ယူဖို့ကြိုးစားမှာပါ။ ဘာပဲဖြစ်ဖြစ် ငါ့အစ်ကိုတော်က ဒီကျယ်ပြောလှတဲ့အင်ပါယာကြီးကို ငါ့ဆီအပ်နှံခဲ့တာပဲလေ။ ငါလည်း ဒီတိုင်းပြည်ကို လူတိုင်းလိုမျိုး သာယာဝပြောစေချင်တာပဲ။" လီကျန်းဟန်က နာကျင်စွာပြောလိုက်သည်။ "ဒါပေမဲ့ ဟိုင်ရန်ရှစ်က ငါ့ကို များများစားစားမတွေးပေးဘူး။"

ထိုအခါမှသာ ရှောင်းချီရယ်က ပြောလိုက်သည်။ "ဆန့်ကျင်ဘက်အနေနဲ့ အတွင်းဝန်အမတ်က အရှင်မင်းမြတ်ကို အများကြီးမျှော်လင့်ထားတာကြောင့် အခုလို ပြတ်ပြတ်သားသားနဲ့ ရဲတင်စွာပြောခဲ့တာပါ။ အရှင်မင်းမြတ် သူ့အပေါ် အာဃာတတွေ မထားသင့်ပါဘူး။ အတွင်းဝန်အမတ်ဟိုင်က အချောမတင်ရသေးတဲ့ ကျောက်စိမ်းဖြစ်တဲ့ ယွမ်ကျိုး*၊ ယောင်ဝမ်းယွီကိုလည်း အလားတူ တင်းမာမှုတွေနဲ့ ထိန်းကွပ်ခဲ့တာကို အရှင်မင်းမြတ် စဥ်းစားကြည့်လိုက်ပါ။"

[TN/ယောင်ဝမ်းယွီရဲ့ လောကသိနာမည်ပါ။]

"တကယ်လား။" လီကျန်းဟန်က မယုံသင်္ကာဖြင့် မေးလာ၏။

"တကယ်မဟုတ်ရင် အတွင်းဝန်အမတ်က ဒီကနေ့ ရွှမ်းလုကို သတ်ပါ့မလား။" ရှောင်းချီရယ်က မေးခွန်းဖြင့် ပြန်ဖြေလိုက်သည်။

"အဲ့ဒါ... အမှန်ပဲ။" လီကျန်းဟန်က ပြောလိုက်လေ၏။ အကယ်၍ ဟိုင်လျန်းယိသာ သူ့ကို ဆိုးဆိုးဝါးဝါးတျွေးနေမည်ဆိုပါက ကိစ္စတိုင်းမှာ သူ၏အမြင်ကို အဘယ့်ကြောင့်မေးလိမ့်မည်နည်း။ လီကျန်းဟန် ထီးနန်းစတက်ပြီး ပထမနေ့ကို တွေးလိုက်မိသည်။ ဧကရီမယ်မယ်က သူ့ဆီကို အစာပြေမုန့်များပို့ပေးနေကြောင်း ဟိုင်လျန်းယိ သိသွားသောအခါ သူက သူ၏အသုံးအဆောင်များအားလုံးကို အဆိပ်များကို စစ်ဆေးရာ၌ ကောင်းမွန်သည့် ငွေထည်များနှင့် ပြောင်းလဲသုံးစွဲဖို့ သီးသန့်အကြံပြုခဲ့သည်။

ဟိုင်လျန်းယိက တင်းကျပ်သောအမျိုးသားဖြစ်ပြီး သူ့ကို စကားနှင့်ရော အပြုအမူနှင့်ပါ လေးလေးနက်နက် ညွှန်ကြားခဲ့လေသည်။ ဟွားစစ်ချန်းနှင့်မတူဘဲ သူ့မှာ ယောင်ဝမ်းယွီဆိုသည့် တပည့်တစ်ယောက်တည်းသာရှိပေသည်။ ဟိုင်လျန်းယိက အကျိုးအမြတ်အတွက် အငြင်းပွားမှုများကို ရှောင်ရှားချင်သည့်အတွက် ယောင်ဝမ်းယွီက အရည်အချင်းရှိပေသော်လည်း တိုင်းပြည်ရေးရာကိစ္စများနှင့် ခပ်ဝေးဝေးမှာနေခဲ့သည်။ သူ အတွင်းဝန်အမတ် ဖြစ်ခဲ့ချိန်အတွင်း မဟာမိတ်မဖွဲ့သလို ဂိုဏ်းများလည်းမဖွဲ့စည်းခဲ့ပေ။ ထို့အပြင် နန်းလင်အမဲလိုက်ကွင်း၌ ရှန်သျယ်ဧကရာဇ်ကို ကယ်တင်ရန် အရာအားလုံးကိုထားခဲ့ပြီး ဧကရာဇ်ဆီကို သူ့ဘာသာသူ ပြေးသွားခဲ့သေးသည်။

သူက မတ်စောက်သောချောက်ကမ်းပါးကဲ့သို့ တစ်ယောက်တည်း ရပ်တည်ခဲ့ပြီး အကိုင်းအခတ်များမရှိသော ထင်းရှူးပင်ကဲ့သို့ ဖြောင့်မတ်သည့် သမိုင်းစာအုပ်ထဲ မှတ်တမ်းတင်ခံရသူ တစ်ဦးတည်းသောအမတ်ပင်။

လီကျန်းဟန်က တွေးတောနေချိန်မှာ ရှောင်းချီရယ်ကလည်း သူ့ကိုယ်ပိုင်အတွေးထဲမှာ နစ်မြုပ်နေခဲ့သည်။

လီကျန်းဟန် ပြောခဲ့သည့်အထဲမှာ တစ်ခုကတော့ မှန်ပေ၏။ အခြားရွေးချယ်စရာရှိခဲ့လျှင် ပလ္လင်ပေါ်မှာထိုင်နေမည့်သူက လီကျန်းဟန်ဖြစ်လိမ့်မည်မဟုတ်ပေ။ ရှန်သျယ်ဧကရာဇ်ကတောင် ထိုကိစ္စနှနှင့်ပတ်သက်၍ ဘာမှမလုပ်နိုင်သောကြောင့် လီကျန်းဟန်က ဤကမ္ဘာပေါ်ရှိ တစ်ခုတည်းသော ရွေးချယ်မှုပင်။ သူ့ကို အာဏာအပ်နှင်းခဲ့သူများက ယခု သူ့ကို သင်ကြားပြသကာ လမ်းညွှန်ပေးနေရသည်။ ၎င်းတို့၏သာ့ကျိုးက အခက်အခဲများနှင့် တည်ဆောက်ခဲ့သော အင်ပါယာကြီးဖြစ်သည်။ ချွိတူးရှိ ဒုက္ခလှိုင်းကြီးက တည်ငြိမ်ခါစသာရှိသော်လည်း နောက်ထပ်မုန်တိုင်းတစ်ခုက စတင်နေလေပြီ။

ဟိုင်လျန်းယိဦးဆောင်သော ရုံးတော်ရှိ သစ္စာရှိအမတ်များအားလုံး လီကျန်းဟန်ကို စောင့်ကြည့်နေကြသည်။ ၎င်းတို့၏အမြင်မှာ သူက ကူကယ်ရာမဲ့သော ကိစ္စရပ်တစ်ခုပင်။ သို့သော် ဟိုင်လျန်းယိက အသက်ကြီးလင့်ကစား သူ၏လက်နှစ်ဖက်လုံးဖြင့် လီကျန်းဟန်ကို တွန်းပင့်တင်ပေးနပြီး သူ့ကို အရွက်သစ်ပမာ ပြောင်းလဲသွားစေဖို့၊ ဂုဏ်သိက္ခာကြီးမားသည့် နာမည်တစ်ခုကို ချန်ထားခဲ့နိုင်သည့် ဧကရာဇ်တစ်ပါးဖြစ်လာစေရန် သူ့ကိုတိုက်တွန်းနေခဲ့သည်။

ရှောင်းချီရယ်နှင့် အရပ်ဘက်အမတ်များမှာ ဘယ်တုန်းကမှ သဘောထားမတိုက်ဆိုင်ခဲ့ကြပေ။ ချွိတူးရှိ ဗဟိုရုံးတော်များက နယ်စပ်ဒေသရှိ စစ်အာဏာကို အလွန်ကြောက်ရွံ့ကြသည်။ ထိုလူများက သူ မမြင်နိုင်သည့်လှောင်အိမ်ထဲမှာ ပိတ်မိနေသည့် အကြောင်းပြချက်ပင်။ သို့သော်လည်း ၎င်းတို့က အနိုင်မခံအရှုံးမပေးသည့် အမျိုးသားများဖြစ်ကာ သာ့ကျိုးကို ထော့နင်းထော့နင်းဖြင့် ရှေ့သို့ဆက်လက်ချီနက်စေသည့် ကျောရိုးများပင်။

စစ်ဘက်ရေးရာအရာရှိများက မလွှဲရှောင်နိုင်သော သေခြင်းတရားကို မကြောက်ရွံ့ကြပေ။ အရပ်ဘက်အမတ်များက ညှိုနှိုင်းဆောင်ရွက်လို့မရသော သေခြင်းတရားကို မကြောက်ရွံ့ကြပေ။ လီကျန်းဟန်က အလွန်အကျွံမြှောက်စားခြင်းနှင့် အသားကျလာခဲ့သူဖြစ်ရာ သူ၏အပြစ်အနာဆာများကို ညွှန်ပြပေးမည့် ဟိုင်လျန်းယိကဲ့သို့ ဆရာတစ်ယောက်ကို လိုအပ်ပေသည်။

"အရာအားလုံး ပြောပြီးဆိုပြီးနောက်မှာ။" နောက်ဆုံးတော့ ရှောင်းချီရယ်က ပြောလိုက်သည်။ "မိန်းကလေးမုအတွက် နန်းတော်ထဲမှာ နေရာမရှိပါဘူး။ တကယ်လို့ အရှင်မင်းမြတ် သူ(မ)ကို တကယ်သဘောကျတယ်ဆိုရင် အတွင်းဝန်အမတ်နဲ့ စိတ်ရင်းအမှန်အတိုင်း စကားပြောကြည့်ပါလား။ အခု ကျွန်တော်တို့သာ့ကျိုးမှာ ဆက်ခံသူလိုအပ်ပါတယ်။ အရှင်မင်းမြတ် ရိုးရိုးသားသားပြောသရွေ့ အတွင်းဝန်အမတ်က အရှင့်ရဲ့စိတ်ကူးတွေကို သေချာပေါက်ဖြည့်ဆည်းပေးမှာပါ။ ကျိလေနဲ့ ဖန်းရူကွေ့အတွက် တရားစီရင်ရေးရုံးတော်က စီရင်ချက်မချရသေးဘူးလို့ ကျွန်တော်ကြားတယ်။"

ဟိုင်လျန်းယိ၏ကိုယ်ကျင့်တရားအကြောင်း အတွေးများနေသည့် လီကျန်းဟန်က စိတ်ဗလာကျင်းစွာ ခေါင်းညိတ်လိုက်သည်။ "စာရင်းမှတ်တမ်းတွေနဲ့ မကိုက်ညီဘူးဖြစ်နေတာမို့ သူတို့တွေကို မေးခွန်းထပ်မေးလိမ့်မယ်။"

...

အရှေ့တိုင်းပုလဲက အခေါင်းပေါက်ဖြစ်သည်။ ရှန်ဇယ်ချွမ်းတစ်ယောက် ပါးလွှာသောအဝတ်စကို ထုတ်လိုက်သောအခါ ထိုပေါ်မှလက်ရေးက ရေကြောင့် မှုန်ဝါးသွားလေ၏။ သူက ထိုအရာကိုဖတ်ပြီးနောက် မီးရှို့လိုက်သည်။

မနေ့ညက ရှောင်းချီရယ်၏လှုပ်ရှားမှုကို သူ ပြန်တွေးကြည့်လိုက်သည်။ ပုလဲလုံးထဲမှာ ရေးသားထားသောအရာကို သူ မမြင်နိုင်သော်လည်း ထိုအရာရှိနေမှန်းကိုတော့ သိသွားသဖြင့် ယခုဆို သူက သံသယဖြစ်နေလိမ့်မည်။ ရှန်ဇယ်ချွမ်း ဖန်းတောင်မှာ မှားယွင်းစွာဖြေဆိုခဲ့မိသည်။ ရှောင်းချီရယ်က တော်ဝင်စစ်တပ်၏ရန်ပုံငွေအရင်းအမြစ်ကို သူ့အား ပြောပြခဲ့ပြီး သူ့(ရှန်)ဆီကနေ အမှန်တရားကို ပြန်လည်ရရှိဖို့ စောင့်ဆိုင်းနေခဲ့သည်။ သို့သော် သူက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့လေ၏။

ရှန်ဇယ်ချွမ်းတစ်ယောက် သူ၏ဆေးကိုကျိုကာ တစ်ကျိုက်တည်းသောက်လိုက်သည်။ ခါးသီးမှုက သူ့လျှာဖျားမှာ စွဲထင်ကျန်ရစ်သည်။ သူ့ကို နေ့နေ့ညည ခြောက်လှန့်နေခဲ့သော မချိတင်ကဲဝေဒနာကို ခံစားခဲ့သလိုမျိုး ၎င်းကို သည်းခံခဲ့သည်။ နောက်ဆုံးတွင် သူက ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံးပြုံးလိုက်ပြီး ပါးစပ်ကိုသုတ်ကာ အိပ်စက်ရန် လဲလျောင်းလိုက်သည်။

သူ အိပ်မက်ထပ်မက်ပြန်လေပြီ။

အိပ်မက်ထဲတွင် ချာရှီမြေတွင်းတစ်လျှောက် အေးစက်သောလေပြင်းများ တိုက်ခတ်နေ၏။ ယခုတစ်ကြိမ်၌ သူက မြေတွင်းအောက်ခြေမှာ လဲလျောင်းနေခြင်းမဟုတ်ဘဲ ချောက်ကမ်းပါးအစွန်းတွင် တစ်ယောက်တည်း မတ်တတ်ရပ်လျက် ပုရွက်ဆိတ်များကဲ့သို့ ရှင်သန်ရန် ရုန်းကန်နေသော စစ်သည်တော်သုံးသောင်းကို ငုံ့ကြည့်နေခဲ့သည်။ ပျန်းရှားမြင်းတပ်က မြေတွင်းကို ဝိုင်းရံထားပြီး မှောင်မိုက်သောည၏ အနက်ရောင်ဒီရေလှိုင်းလုံးကြီးနှယ်။ ၎င်းတို့က ကမ္ဘာမြေနှင့် ကောင်းကင်ကို ဖုံးလွှမ်းကာ ကျုံးပေါ်တပ်သားများ၏ အသက်ရှင်သန်နိုင်မည့် အခွင့်အရေးများကို ဝါးမျို၍ ထိုနေရာကို သချိုင်းမြေအဖြစ်သို့ ပြောင်းလဲခဲ့လေသည်။

တလိပ်လိပ်တက်လာသော လှိုင်းများထဲကနေ ပုပ်သိုးဆွေးမြေ့နေသော လက်တစ်ဖက် ထွက်ပေါ်လာ၏။ ကြိုးဖြင့်ထိန်းထားသေ ရုပ်သေးကဲ့သို့ ကျိမုက မြားအစင်းများဖောက်ဝင်နေသော သူ၏ခန္ဓာကိုယ်ဖြင့် ကုန်းထကာ ရှန်ဇယ်ချွမ်းကိုအော်ခေါ်ရင်း ငိုကြွေးနေလေ၏။ "အရမ်းနာတယ်..."

ရှန်ဇယ်ချွမ်းက သစ်သား သို့မဟုတ် ရွှံ့စေးဖြင့်ပြုလုပ်ထားသော ကျောက်ရုပ်ပမာ၊ လှုပ်လည်းမလှုပ်သလို အော်လည်းမအော်ခဲ့ချေ။ သူက အံတင်းတင်းကြိတ်ကာ အသက်ရှူမဝဖြစ်နေပြီး ချွေးအေးများစီးကျနေသည်။

ပျန်းရှားခေါင်းဆောင်၏မျက်နှာက ဦးထုပ်ဖြင့် ကွယ်နေ၏။ လေကြောင့် တလွင့်လွင့်မျောနေသော သူ၏ဆံပင်အရှည်များက ရှန်ဇယ်ချွမ်း၏အိပ်မက်ထဲမှာ သွေးရောင်ပြောင်းလဲစွားခဲ့သည်။ သူက လက်တစ်ဖက်မြှောက်ကာ ချာရှီမြေတွင်းဘက်သို့ ညွှန်ပြလိုက်ရာ မြားအစင်းပါင်းများစွာက ကျိုင်းကောင်များကဲ့သို့ သူ့အနောက်ကနေ ပျံသန်းသွားခဲ့လေသည်။ ၎င်းတို့က သေအံ့ဆဲဆဲလူများ၏ ခန္ဓာကိုယ်များ၊ အသားစများကိုထိုးဖောက်သွားပြီး မြေပြင်အနှံ့ ပူနွေးသောသွေးများ ပက်ဖြန်းသွားစေခဲ့သည်။ သိပ်သည်းထူထပ်နေသော ဆီးနှင်းများက အနီရောင်ပြောင်းလဲလာ၏။ ရှန်ဇယ်ချွမ်းတစ်ယောက် ကျိမု မြေတွင်းထဲနစ်မြုပ်သွားပြီး သွေးအိုင်ကြီးက သူ့တစ်ကိုယ်လုံးကို ဝါးမျိုသွားသည်အား ကြည့်နေခဲ့ရသည်။ သူ၏လက်များက အေးစက်လာ၏။ ၎င်းတို့အပေါ်မှ သွေးများက ပိုလို့တောင်အေးစက်နေသည်။

ရှန်ဇယ်ချွမ်း လန့်နိုးလာခဲ့သည်။

သူက ဘာမှမဖြစ်ခဲ့သလို ပြတင်းပေါက်၏အလင်းရောင်ဘက်သို့ ကျောပေးကာ ထထိုင်လိုက်သည်။ အရာအားလုံးက တိတ်တိတ်ငြိမ်သက်နေပြီး သူက အခိုက်အတန့်တစ််ခုလောက်ထိ ခေါင်းငုံ့ထားခဲ့၏။ ထို့နောက် အိပ်ရာကနေထကာ အဝတ်ဝတ်လိုက်သည်။

ခြံဝန်းထဲရှိ အစောင့်နှစ်ယောက်က ရှန်ဇယ်ချွမ်း အခန်းထဲကထွက်လာသည်ကို စောင့်ကြည့်နေခဲ့ကြသည်။ သူက အစားစားပြီးနာက် ရေချိုးဆောင်ဆီဦးတည်ခဲ့ကြောင်း ၎င်းတို့ တွေ့လိုက်ရ၏။ တစ်နာရီကြာပြီးနောက် အပေါက်ဝကနေ တစ်ဖဝါးမှမခွာသော အစောင့်တစ်ယောက်က မျက်မှောင်ကြုတ်ကာ သူ့အနောက်ကလူကို မေးလိုက်သည်။ "သူ ဘာလို့ ပြန်ထွက်မလာသေးတာလဲ။"

နှစ်ဦးသားက အကြည့်ချင်းဖလှယ်ပြီးနောက် ထိတ်လန့်ဖွယ်တစ်စုံတစ်ခုကို သတိပြုမိသွားလေ၏။ ၎င်းတို့ ရေချ်ိုးဆောင်ထဲ အပြေးဝင်သွားသောအခါ သပ်သပ်ရပ်ရပ်ခေါက်ထားသော အဝတ်များသာရှိပြီး ရှန်ဇယ်ချွမ်းမှာ မရှိတော့ပေ။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment