no

Font
Theme

အပိုင်း (၅) - ကြမ်းကြုတ်တဲ့အမဲလိုက်ငှက် (၁)

ဖန်းရူကွေ့က ရုပ်တုများလိုရပ်နေသော တော်ဝင်အစောင့်များရှိရာ သွမ်းချန်ဂိတ်ဆီသို့ ခြေလှမ်းကျယ်များဖြင့်လျှောက်လှမ်းသွားခဲ့သည်။ ထို့နောက် ခြေလှမ်းများကိုရပ်တန့်ကာ ရှန်သျယ်ဧကရာဇ်၏အမိန့်ကို ကြေညာလိုက်ရာ အစောင့်များက အရေးယူလှုပ်ရှားခဲ့ကြသည်။

ရှန်ဇယ်ချွမ်းက ပါးစပ်ပိတ်ခံထားရပြီး ချည်သားထူထူ အတွင်းဝတ်ဖြင့် မြေပြင်ပေါ်မှောက်လျက်လဲလျောင်းဖို့ ဖိအားပေးခံလိုက်ရ၏။

အေးစက်နေသောအချိန်မှာ ဖန်းရူကွေ့က ရှန်ဇယ်ချွမ်း၏အခြေအနေကိုစစ်ဆေးဖို့ ငုံ့ကိုင်းလိုက်သည်။ သူက သူ၏နှုတ်ခမ်းများကို လက်ဖြင့်အုပ်ကာ ချောင်းဆိုးလိုက်ပြီးနောက် သိမ်မွေ့သောလေသံဖြင့် ပြောလိုက်၏။ "မင်းတို့လိုငယ်ငယ်ရွယ်ရွယ်လေးတွေက ဧကရာဇ်ရှေ့မှာ သိပ်ကိုရဲတင်းတာပဲ။ တကယ်လို့ မင်းသာ ရှန်ဝေ့ရဲ့သစ္စာဖောက်လုပ်ရပ်ကို ဝန်ခံလိုက်မယ်ဆိုရင် မင်းအသက်ရှင်ဖို့အတွက် မျှော်လင့်ချက်ရှိနိုင်သေးတယ်။"

ရှန်ဇယ်ချွမ်း၏မျက်လုံးများက ဖိမှိတ်ထားဆဲဖြစ်ပြီး သူ၏အဝတ်များက ချွေးအေးများစိုရွှဲနေ၏။

ဖန်းရူကွေ့က ခပ်မတ်မတ်ပြန်ရပ်ကာ ကြေညာလိုက်သည်။ "တုတ်တွေအသင့်ပြင်။"

တော်ဝင်အစောင့်များက ချက်ချင်းဆိုသလို သံပြိုင်ဟစ်လိုက်၏။ "တုတ်တွေအသင့်ပြင်!" ထို့နောက် ကျယ်လောင်သော အမိန့်ပေးသံတစ်ခု လိုက်ပါလာခဲ့သည်။ "ရိုက်ကြ!"

အမိန့်သံမှေးမှိန်မသွားခင် သံအနားကွပ်ထားသော တုတ်များက မိုးသက်မုန်တိုင်းတစ်ခုနှယ် ရှန်ဇယ်ချွမ်း၏ခန္ဓါကိုယ်ပေါ်သို့ လေးလံစွာကျရောက်လာခဲ့သည်။

သုံးချက်ရိုက်ပြီးနောက် နောက်ထပ်အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာ၏။ "ပြင်းပြင်းထန်ထန်ရိုက်ကြ!"

ရှန်ဇယ်ချွမ်း၏ခန္ဓါကိုယ်မှ အရိုးနှင့်အသားများက မီးမြိုက်ခံနေရသလိုပင်။ သူ ဆက်လက်မလှုပ်ရှားနိုင်တော့ဘဲ ပါးစပ်ပိတ်ထားသောအဆို့ကိုသာ သူ၏သွားများဖြင့်ကိုက်ထားရ၏။ သွေးများက လည်ချောင်းကနေဆန်တက်လာပြီး သူ့ပါးစပ်ထဲ သံချေးအရသာများနှင့် ပြည့်နှက်သွားခဲ့သည်။ လေးလံသော အသက်ရှူသံများနှင့်အတူ ချွေးများစီးကျနေသည့်အတွက် ရှန်ဇယ်ချွမ်း၏မျက်လုံးများမှာ ဖွင့်ဖို့ရုန်းကန်နေရ၏။

ကောင်းကင်ကြီးက အုံ့မှိုင်းနေပြီး နှင်းများလည်း အဆက်မပြတ်ကျဆင်းနေသည်။

တော်ဝင်ကြိမ်ဒဏ်ကို ဆောင်ရွက်ရခြင်းက ရိုးရှင်းသောတာဝန်မဟုတ်ပေ။ 'ရိုက်ချက်နှစ်ဆယ်က မူးဝေနိုင်ပြီး ငါးဆယ်က မသန်မစွမ်းဖြစ်စေနိုင်၏။' ဟုဆိုကြရာ ကြိမ်ဒဏ်ပေးခြင်း၌ ပါဝင်သောနည်းလမ်းများက မိသားစုလျှို့ဝှက်ချက်ဖြစ်ပြီး အလွယ်တကူမသင်ယူနိုင်ချေ။ ထို့ပြင် ထိုတာဝန်ကို ထမ်းဆောင်ကြသူများက ကျွမ်းကျင်မှုကိုသာမက ပါးနပ်မှုရှိဖို့လည်း လိုအပ်ပေ၏။ ၎င်းတို့က တော်ဝင်အခမ်းအနားကြီးကြပ်ရေးမှ ကုန်းကုန်းများ၏အမူအရာကိုလေ့လာ၍ ကြမ်းတမ်းပုံပေါ်သော်လည်း အတွင်းဒဏ်ရာမရစေဖို့ သို့မဟုတ် ကြမ်းတမ်းပုံမပေါ်ဘဲ အတွင်းဒဏ်ရာပြင်းပြင်းရစေရန် တစ်ဦးချင်းစီတိုင်းကို မည်ကဲ့သို့ကိုင်တွယ်ရမည်ဖြစ်ကြောင်း သိထားရမည်။

ယနေ့ ရှန်သျယ်ဧကရာဇ်၏အမိန့်က ကြိမ်ဒဏ်ပေးကာ ကွပ်မျက်စေခြင်းဖြစ်သည်။ ဖန်းရူကွေ့က ရှန်ဇယ်ချွမ်းကို သက်ညှာပေးမည့်အရိပ်အယောင်တို့ မပြသခဲ့သောကြောင့် သူက သက်သာခွင့်မရှိ သေရတော့မည်ဖြစ်ကြောင်း ဖော်ပြနေ၏။ ထို့ကြောင့် တော်ဝင်အစောင့်များက ၎င်းတို့၏အကောင်းဆုံးစွမ်းရည်များကို အသုံးချကာ အချက်ငါးဆယ်တည်းနှင့် ရှန်ဇယ်ချွမ်း၏ဘဝကို အဆုံးသတ်ပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။

ဖန်းရူကွေ့က တစ်ချိန်လုံးစောင့်ကြည့်နေပြီး ရှန်ဇယ်ချွမ်း၏ဦးခေါင်းက လှုပ်ရှားမှုမရှိ ငိုက်စိုက်ကျသွားချိန်၌ လက်မြှောက်ကာ ရေနွေးတစ်အိုးတောင်းလိုက်သည်။ ထိုအချိန်မှာပင် ၎င်းတို့ဆီသို့ ထီးတစ်လက်စောင်းထားသည့် နန်းတွင်းအဝတ်အစားများနှင့် လှပသောအမျိုးသမီးတစ်ဦး ချဥ်းကပ်လာကြောင်း သတိပြုမိလိုက်၏။

ဖန်းရူကွေ့၏မျက်နှာထက်မှ မှုန်ကုပ်နေသောအမူအရာတို့ ပျောက်ကွယ်သွားခဲ့ပြီး အပြုံးတစ်ခုက အစားထိုးဝင်ရောက်လာခဲ့သည်။ သူ(မ)ကို ကိုယ်တိုင်သွားရောက်၍ မကြိုဆိုခဲ့သော်လည်း အနီးနားရှိ ကုန်းကုန်းတစ်ယောက်အား အရှေ့ကိုအမြန်တက်ကာ သွားရောက်ကူညီစေလိုက်သည်။

"နိမ့်ကျတဲ့အစေခံက တတိယသခင်မလေးဟွားကို ဂါရဝပြုပါတယ်။ ဒီလိုချမ်းအေးတဲ့နေ့မျိုးမှာ ဧကရီမယ်မယ်*ဘုရား မိန့်ကြားချင်တာရှိရင် တစ်စုံတစ်ယောက်ကိုပဲ စကားပါးခိုင်းလိုက်လို့ရပါတယ်။" ဖန်းရူကွေ့က ခြေလှမ်းအနည်းငယ်ရှေ့တက်ကာ ပြောလိုက်သည်။

[TN/ ရှန်းသျယ်ဧကရာဇ်ရဲ့မိခင်ပါ။]

ဟွားရှန်းယီးက ညင်သာစွာလက်မြှောက်ကာ တော်ဝင်အစောင့်များကို ဆက်မလှုပ်ရှားဖို့ အချက်ပြလိုက်သည်။ သူ(မ)က နှစ်လိုဖွယ်ကောင်းပြီး ဧကရီမယ်မယ်၏လက်အောက်မှာ ကြီးပြင်းလာခဲ့သူဖြစ်သည်။ သူ(မ)က ဧကရီမယ်မယ်ငယ်ငယ်ကနှင့် ရုပ်ချင်းဆင်သည်ဟုတောင် ပြောကြ၏။ သူ(မ)ကို တိကျောင်းမြို့မှ ဟွားမိသားစု၏တတိယမြောက်သမီးအဖြစ် သိထားကြသော်လည်း နန်းမြို့တော်ရှိလူတိုင်းကတော့ သူ(မ)ကို အခွင့်ထူးခံပုဂ္ဂိုလ်ဟု အသိအမှတ်ပြုထားပြီး ဧကရာဇ်ကတောင် သူ(မ)ကို ချစ်ခင်ရသောနှမငယ်အဖြစ် ဆက်ဆံတတ်သည်။

ဟွားရှန်းယီးက သိမ်မွေ့နူးညံ့သောအသံနှင့် မေးမြန်းလိုက်၏။ "ကုန်းကုန်း၊ မြေပြင်ပေါ်ရှိနေတဲ့သူက ကျုံးပေါ်က ရှန်ဝေ့ရဲ့သား၊ ရှန်ဇယ်ချွမ်းလား။"

ဟွားရှန်းယီး၏ခြေလှမ်းများနောက်ကနေ လိုက်လာရင်း ဖန်းရူကွေ့က ပြန်ဖြေခဲ့သည်။ "ဟုတ်ပါတယ်၊ သူပါပဲ။ အရှင်ဧကရာဇ်က ကြိမ်ဒဏ်နဲ့ကွပ်မျက်ဖို့ အမိန့်တော်ချမှတ်ခဲ့လို့ပါ။"

ဟွားရှန်းယီးက ဆက်ပြောခဲ့သည်။ "အရှင်ဧကရာဇ်က ဒေါသထွက်နေတုန်းမို့ပါ။ တကယ်လို့ ရှန်ဇယ်ချွမ်းသာ သေသွားမယ်ဆိုရင် ရှန်ဝေ့ရဲ့သစ္စာဖောက်မှုက မဖြေရှင်းနိုင်ဘဲ ကျန်နေခဲ့မှာ။ လွန်ခဲ့တဲ့မိနစ်ပိုင်းတုန်းက ဧကရီမယ်မယ် မင်လီခန်းမဆောင်ဆီ သွားရောက်လည်ပတ်ခဲ့ပါတယ်။ သူ(မ)ရဲ့အကြံဉာဏ်ကို နားထောင်ပြီးနောက်မှာ ဧကရာဇ်က နည်းနည်းစိတ်တည်ငြိမ်သွားပါပြီ။"

ဖန်းရူကွေ့က ပြောလိုက်သည်။ "အရှင်ဧကရာဇ်က ဧကရီမယ်မယ့်အကြံကိုသာ နားထောင်တာပါ။ အခု ဧကရာဇ်အရှင်ရဲ့ဒေါသနဲ့ ကျွန်တော်မျိုးမှာ သတ္တိရှိတယ်ဆိုရင်တောင် ပါးစပ်ဖွင့်ဟရဲမှာမဟုတ်ပါဘူး။"

ဟွားရှန်းယီးက ဖန်းရူကွေ့ကိုပြုံးလိုက်ပြီး ပြန်ပြောလိုက်၏။ "ဧကရာဇ်က 'ကြိမ်ဒဏ်' လို့မိန့်ခဲ့ပြီး ကုန်းကုန်းကလည်း ဆောင်ရွက်ပြီးသွားပြီမဟုတ်ပါလား။"

ဖန်းရူကွေ့က ခြေလှမ်းအနည်းငယ်ထပ်တိုးကာ ရယ်မောလိုက်သည်။ "ဟုတ်ပါတယ်။ ကျွန်တော်မျိုး အလျင်လိုနေလို့ 'ကြိမ်' ဆိုတဲ့စကားလုံးကိုပဲ ကြားလိုက်ရပြီး ဒီကောင်လေးကို ရိုက်နှက်ပြီးပါပြီ။ အခု သူ့ကို ဘယ်လိုလုပ်သင့်ပါသလဲ။"

ဟွားရှန်းယီးက ရှန်ဇယ်ချွမ်းကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "ဧကရာဇ်က ဒီကိစ္စကို ပြန်မစစ်ဆေးခင် သူ့ကို တော်ဝင်အကျဥ်းထောင်ထဲပဲ ပြန်ပို့ထားလိုက်ပါ။ ဒီလူငယ်လေးရဲ့အသက်က အရမ်းအရေးကြီးတယ်။ သူ့ကိုဂရုစိုက်ပေးဖို့အတွက် ကုန်းကုန်းက ကျိသာ့ရန်ကို ညွှန်ကြားပေးမယ်လို့ မျှော်လင့်ပါတယ်။"

"သေချာတာပေါ့။" ဖန်းရူကွေ့က အာမခံလိုက်၏။ "ကျိလေက တတိယသခင်မလေးရဲ့ညွှန်ကြားချက်တွေကို ဘယ်လိုလုပ်ပြီး လျစ်လျူရှုရဲမှာပါလဲ။ အခု ရာသီဥတုကလည်း အေးပြီး မြေပြင်ကလည်း ချောနေပါတယ်။ ရှောင်ဖုကျစ်၊ တတိယသခင်မလေးကို သေချာလိုက်ပို့လိုက်။"

ဟွားရှန်းယီးထွက်ခွာသွားသည်နှင့် ဖန်းရူကွေ့က တော်ဝင်အစောင့်များဆီသွားကာ ပြောကြားလိုက်၏။ "ဧကရာဇ်က ကြိမ်ဒဏ်ပေးဖို့ မိန့်ကြားလိုက်ပြီး ဒီအပြစ်သားကို လုံလုံလောက်လောက်ဆုံးမပြီးသွားပြီ။ သူ့ကို ပြန်ခေါ်သွားလိုက်ကြ။ မင်းတို့အားလုံး တတိယသခင်မလေးရဲ့စကားကို ကြားလိုက်တယ်မဟုတ်လား။ ဒါ ဧကရီမယ်မယ်ရဲ့ဆန္ဒပဲ။ ဒီအမှုမှာ နတ်ဘုရားတွေ၊ နတ်ဘုရားမတွေပါဝင်လာပြီလို့ ကျိလေကို ပြောလိုက်။ သူ့စောင့်ကြပ်မှုအောက်မှာ တစ်ခုခုမှားယွင်းခဲ့ရင်..."

ဖန်းရူကွေ့က ခပ်ဖွဖွချောင်းဆိုးလိုက်၏။

"ကောင်းကင်ဘုံရဲ့ဧကရာဇ်ကိုယ်တိုင် ဆင်းကယ်မယ်ရင်တောင် သူ့ဦးခေါင်းကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး။"

ရှောင်ဖုကျစ်က ဖန်းရူကွေ့ကိုကူညီပေးဖို့ ပြန်ရောက်လာ၏။ လူသူကင်းရှင်းသော စင်္ကြံတစ်ခုသို့ရောက်သော် သူ၏တီးတိုးသံက ပဲ့တင်ထပ်လာခဲ့သည်။ "လောင်ကျူကျုန်း*၊ ကျွန်တော်တို့ သူ့ကို ဒီတိုင်းလွှတ်ပေးလိုက်တော့မှာလား။ နောက်ပိုင်းမှာ ဧကရာဇ်က ကျွန်တော်တို့ကိုအပြစ်မတင်နိုင်ဘူးလား။"

[TN/ ဘိုးဘေး၊ အကြီးအကဲကိုခေါ်ဝေါ်တဲ့အသုံးပါ။]

ဖန်းရူကွေ့က နှင်းများပေါ်လျှောက်ရင်း ပြောလိုက်၏။ "အရှင်ဧကရာဇ်က နားလည်ပါတယ်။ ဒီကိစ္စက ငါတို့ပခုံးပေါ်ကျလာမှာမဟုတ်ဘူး။"

သူက အရှေ့ကိုခြေလှမ်းနေပြီး နှင်းပွင့်လေးများက သူ့ဝတ်ရုံကော်လံထဲ တိုးဝင်လာခဲ့သည်။

"ကတိတစ်ခုက ရွှေစတစ်ထောင်တန်တယ်။ ဧကရာဇ်က မိုးသောက်ချိန်မှာ ချမှတ်ခဲ့တဲ့အမိန့်တွေကို တစ်ဖန်ပြန်စဥ်းစားပြီး နေဝင်ရီတရောအချိန်မှာ ပြောင်းလဲပစ်ရမှာလောက် ဘာကိုမှမကြောက်ဘူး။ ဒါပေမဲ့ အရှင်ဧကရာဇ်က နယ်စပ်ကို ပျန်းရှားတွေထိုးဖောက်လာတဲ့ လက်တလောကိစ္စကြောင့် နာမကျန်းဖြစ်နေတာ။ ပြီးတော့ သူက တတိယသခင်မလေးကို မင်းသမီးဘွဲ့ပေးအပ်ဖို့ကိုလည်း စိတ်ကူးထားတယ်။ ဒီလိုအချိန်မှာ တစ်စုံတစ်ယောက်ရဲ့အသက်ကို သက်ညှာဖို့မပြောနဲ့၊ ဧကရီမယ်မယ်က ဘာပဲတောင်းဆိုတောင်းဆို၊ အရှင်ဧကရာဇ်က ဖြည့်ဆည်းပေးလိမ့်မယ်။"

ဖန်းရူကွေ့က စကားပြောနေရင်း ရှောင်ဖုကျစ်ကို လှည့်ကြည့်လိုက်သည်။

"ဧကရီမယ်မယ်က သူ(မ)ရဲ့အမိန့်ကိုပြန်ပြောင်းတာမျိုး မင်းမြင်ဖူးလား။"

မည်သို့ပင်ဆိုစေကာမူ စစ်မှန်သောသခင်၏စကားကသာ အတည်ဖြစ်သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment