no

Font
Theme

အပိုင်း (၄၈) - မိုးညတစ်ည (၂)

နှစ်ဦးသား ချက်ချင်းဆိုသလို အနောက်ဆုတ်လိုက်ကြသည်။ ဗလာကျင်းသွားသော ရှန်ဇယ်ချွမ်း၏ဘယ်လက်ကို မူးချောင်းရေထဲနှစ်ကာ စီးကျလာသောသွေးများကို ဆေးကြောလိုက်၏။

"မင်းလိုအလှလေးက အဆောင်ထဲကကန့်လန့်ကာနောက်ကွယ်မှာပဲ ထိုင်နေသင့်တယ်။" ချောင်ထျန်းယာတစ်ယောက် အနံ့တချို့ကို ရလိုက်သကဲ့သို့ ကြည့်လိုက်သည်။ "ဓါးကိုသယ်ထားရတော့ လက်တွေနာကုန်မှာပဲ။ မတော်လို့ ကျိုးသွားရင် ဘယ်လိုလုပ်မလဲ။"

ရှန်ဇယ်ချွမ်းက သူ၏ညာဘက်လက်ဖြင့် လန်လိဓါးကို ချိန်ဆလိုက်သည်။ "ကျွန်တော့်ခြေလက်တွေ ကျိုးသွားမယ်ဆိုရင် နာခံမှုရှိပြီး ကောင်းကောင်းပြုမူစေဖို့အတွက် အခွင့်ကောင်းပဲမဟုတ်ဘူးလား။"

"ဒီလောကမှာ မင်း ရန်မစသင့်တဲ့လူမျိုးတွေရှိတယ်။" ချောင်ထျန်းယာက ပြောလိုက်သည်။ "ကိုယ့်ကိုယ်ကိုယ် ရက်စက်တတ်တဲ့ မင်းလိုယောက်ျားမျိုးတွေပေါ့။"

ရှန်ဇယ်ချွမ်းက တိုက်ခိုက်ရန် အရှေ့ကိုတိုးလာ၏။

လန်လိဓါးက လေးလံသဖြင့် ၎င်းကို လုံလုံလောက်လောက် ချောမွေ့စွာ အသုံးမချနိုင်ခဲ့ပေ။ သို့သော် လေးလံနေသည်ကိုက အကျိုးကျေးဇူးတစ်ခုပင်။ ဓါး၏လေးချိန်နှင့် ကျိမိသားစု၏ဓါးရေးပုံစံကို ပေါင်းစပ်လိုက်သောအခါ ချောင်ထျန်းယာတစ်ယောက် သူ၏တိုက်ကွက်များကို တန်ပြန်တိုက်ဖို့ အလွန်အခက်တွေ့နေခဲ့သည်။

ချောင်ထျန်းယာ အနောက်ဆုတ်လိုက်စဥ် သူ့(ရှန်)တိုက်ကွက်၏ဖိအားက သူ့(ချောင်)ကို ကြေမွလုနီးပါးဖြစ်သွားစေ၏။ သို့သော်လည်း သူ မူးချောင်းနှင့်နီးကပ်လာသောအခါ မကောင်းသည့်အာရုံကို ခံစားမိလိုက်သည်။ သေချာပေါက်ဆိုသလို ရှန်ဇယ်ချွမ်း၏ ဒဏ်ရာရထားသောဘယ်ဘက်လက်က ရုတ်တရက် ရေထဲကနေ ပြန်ထွက်လာ၏။ ထို့နောက် ညစ်ပတ်သောရွှံ့များက ချောင်ထျန်းယာ၏မျက်လုံးများထဲ ဝင်သွားပြီး အားနည်းချက်ကို ယာယီထုတ်ပြလိုက်မိသည်။ ထိုအခိုက်အတန့်၌ သူ၏ရင်ဘတ်ပေါ် လေးလံသောကန်ချက်ကျရောက်လာပြီး ရှန်ဇယ်ချွမ်းက သူ့ကိုကန်ကာ မူးချောင်းထဲပြုတ်ကျသွားစေခဲ့၏။

အခိုက်အတန့်မရွေး တပ်ကူများ ရောက်လာနိုင်သဖြင့် ရှန်ဇယ်ချွမ်းက ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ သူ တိုက်ပွဲဖော်ဆောင်ဖို့ သေချာပေါက်မတတ်နိုင်သဖြင့် ထွက်ပြေးရန် ရှောင်းချီရယ်ကိို စတင်ဆွဲလိုက်သည်။ မမျှော်လင့်စွာဖြင့် ရှောင်းချီရယ်မှာ အလွန်ရှည်လျားသောခြေတံများရှိနေရာ သူ့ကို မည်သို့ဖြင့် သယ်ဆောင်နိုင်လိမ့်မည်နည်း။ ထို့ကြောင့် ရှောင်းချီရယ်ကို တရွတ်တိုက်ဆွဲသွားခဲ့လေသည်။

...

ရှာဖွေမှုများက ပြင်းထန်လာပြီး အချိန်များက နှေးကွေးနေ၏။

တောအုပ်တစ်ခုလုံး ၎င်းတို့ တွေ့ခဲ့ရသူများက ရှောင်းချီရယ်၏ အယောင်ဆောင်များဖြစ်ကြသည်။ ထို့အပြင် ၎င်းတို့က လိုအပ်လာလျှင် အသက်ပါပေးနိုင်သည့် ကောင်းကောင်းလေ့ကျင့်ထားသော အမျိုးသားများဖြစ်ကြသည်။ ၎င်းတို့ တော်ဝင်အစောင့်တပ်သားများ၏လက်ထဲ ကျရောက်သွားသည်နှင့် ကျိလေအား စစ်ဆေးခွင့်မပေးဘဲ ကိုယ့်လျှာကိုယ်ကိုက်ကာ သတ်သေလိုက်မည်သာ။

ချူးဘုရင်က ဘယ်ရောက်နေသနည်း။

၎င်းကို ရှောင်းချီရယ်သာသိလိမ့်မည်!

"ကောင်စုတ်လေး!" တစ်နည်းနည်းဖြင့် စိတ်ပျက်နေသောကျိလေက ထရပ်ကာ လှည့်ပတ်ကြည့်လိုက်သည်။ "ထွမ်းချန်မြို့စောင့်တပ်ကို အမဲလိုက်ကွင်းအနှံ့ လိုက်ရှာဖို့ အမိန့်ပေးလိုက်!"

...

ရှန်ဇယ်ချွမ်းက ရေထဲကနေထွက်ကာ ရှောင်းချီရယ်ကို

သူ့အနောက်နေ ဆွဲလာလိုက်သည်။ သို့သော် ဤမူးချောင်း၏ကမ်းပါးက တော်တော်လေးမတ်စောက်နေ၏။ သူက ရှောင်းချီရယ်၏ ကော်လံအနောက်ကိုကိုက်ကာ အားကုန်သုံး၍ သူ့ကိုဆွဲတင်လိုက်သည်။

ရှန်ဇယ်ချွမ်း၏ဘယ်ဘက်လက်မှ ဒဏ်ရာက သွေးများအဆက်မပြတ်ထွက်နေ၏။ သူက သူ၏ဝတ်ရုံကနေ အဝတ်စကိုဖြဲကာ မူးချောင်းထဲမှာဆေးလိုက်ပြီး သူ၏ဒဏ်ရာအား ဖရိုဖရဲစည်းနှောင်လိုက်သည်။

"ငါ့ရဲ့အဝတ်ထဲမှာ လက်ကိုင်ပဝါတစ်ထည်ရှိတယ်။" ရှောင်းချီရယ်က ရေညှိတက်နေသောကျောက်ဆောင်ကိုမှီကာ ပြောလိုက်သည်။

ရှန်ဇယ်ချွမ်းက လက်လှမ်းကာ ရှောင်းချီရယ်၏ဝတ်ရုံထဲမှ ရွှဲစိုနေသောလက်ကိုင်ပဝါကို ယူလိုက်ပြီး ရွှံ့ရေများကို ရှောင်းချီရယ်၏ရင်ဘတ်ပေါ် ညှစ်ချလိုက်သည်။

"ဒီဆေးရဲ့အာနိသင်က ဘယ်အချိန်လောက် ပြေသွားမှာလဲ။" ရှောင်းချီရယ်က မေးလိုက်၏။

"နှစ်နာရီလောက်နေရင်ပေါ့။ သိပ်မကြာတော့ပါဘူး။"

"မူးချောင်းထဲမှာ လဲလျောင်းနေရတာထက် သစ်ပင်ပေါ်မှာ ထိုင်နေရတာက ပိုကောင်းသေးတယ်။"

ရှန်ဇယ်ချွမ်းက တစ်ကိုယ်လုံးစိုရွှဲနေ၏။ သူ့ကော်လံအနောက်က အနည်းငယ်ဟနေပြီး ဖြူဆွတ်နေသည့် သူ၏လည်ကုပ်ပေါ်၌ ရွှံ့စက်လေးများတင်ကျန်နေသည်ကို ရှောင်းချီရယ် တွေ့လိုက်ရသည်။ နှစ်ခုကြားမှဆန့်ကျင်ဘက်က သိပ်ကို...

"တော်ဝင်အစောင့်တပ်မှာ သားရဲတွေလေ့ကျင့်ပေးတဲ့ဌာနတွေရှိတယ်။ တိရစ္ဆာန်တွေက သွေးအနံ့ကို အနံ့ခံနိုင်တယ်။" ရှန်ဇယ်ချွမ်းက စကားပြောရင်း ခေါင်းငုံ့ကာ အနီရောင်များစွန်းထင်းနေသော လက်ချောင်းထိပ်များကို အသာအယာအနံ့ခံလိုက်သည်။

သိပ်ကို စွဲဆောင်မှုရှိတာပဲ။

ရှောင်းချီရယ်က သူ့ကို ငေးကြည့်နေခဲ့သည်။

ဒါ ဘယ်လိုမှော်အတတ်လဲ။

စောစောတုန်းမှ ဤအမျိုးသားက ဓါးတစ်လက်နှင့် လူများကိုသတ်ဖြတ်နေခဲ့ပြီး ယခုအချိန်မှာလည်း သူ၏လှုပ်ရှားမှုများက မိန်းမမဆန်တာတောင် အဘယ့်ကြောင့် ရှောင်းချီရယ်တစ်ယောက် ထိုကဲ့သို့တွေးလိုက်မိသနည်း။

ယင်းက လီကျန်းဟန်ဆီကနေ လွှမ်းမိုးခံလိုက်ရခြင်းဖြစ်နိုင်သည်။ နေ့နေ့ညညဆိုသလို ထိုဘုရင်က ရှန်ဇယ်ချွမ်း၏အလှတရားအကြောင်း ပြောပြောနေခဲ့ပြီး ရှောင်းချီရယ်ကိုယ်တိုင်တောင် ထိုအမျိုးသားအပေါ် ထူးဆန်းသောတပ်မက်ခြင်းများရှိသည့် ချွိတူးရှိ လူအိုကြီးများကဲ့သို့ မြင်လာခဲ့သည်။

"မင်းရဲ့ဓါးရေးက ဘယ်ဆိုးလို့လဲ။" ရှောင်းချီရယ်၏အကြည့်များက အလွန်ပြင်းထန်လွန်းရာ ရှန်ဇယ်ချွမ်း၏ကော်လံကိုတောင် ဆွဲချွတ်နိုင်လောက်၏။ "မင်း ဘုရားကျောင်းထဲမှာ အပြင်းအထန်လေ့ကျင့်ခဲ့လောက်မှာပဲ။ ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ််အသွင်အပြင်ကိုကြည့်ရုံနဲ့ ပြောဖို့က မဖြစ််နိုင်ဘူး။ မင်း ဆေးတစ်မျိုးမျိုး သုံးထားခဲ့တာလား။"

ရှန်ဇယ်ချွမ်းက သူ့ကို ဘေးတစောင်းကြည့်လိုက်သည်။ ရှောင်းချီရယ်၏အကြည့်လားရာကို သတိပြုမိလိုက်ပြီး သူ၏လည်ကုပ်ဆီ လက်မြှောက်လိုက်၏။ "ခင်ဗျား တစ်နေ့ကို ဘယ်နှခါလောက်ကြည့်နေတာလဲ။ ဒါကို စွဲလမ်းနေတာလား။"

ရှောင်းချီရယ်တစ်ယောက် သူ့လျှာဖျားမှ သွေးအကြွင်းအကျန်အရသာကို ခံစားလိုက်ရသည်။ "မင်းက အဲ့လ်ိုပြောတော့ ငါ့ကို နှာဘူးတစ်ယောက်လို ရိုးတိုးရိပ်တိတ် စွပ်စွဲနေသလိုပဲ။"

ရှန်ဇယ်ချွမ်းက ညစ်ပတ်နေသောလက်ကိုင်ပဝါဖြင့် ရှောင်းချီရယ်၏မျက်လုံးများကို ဖုံးအုပ်လိုက်သည်။ "ခင်ဗျားကို မျက်နှာချေမှုန့်တွေ၊ အမွှေးနံ့သာတွေနဲ့ ရစ်မူးနေမယ်လို့ထင်ခဲ့တာ။ ယောက်ျား၊ မိန်းမ နှစ်မျိုးလုံးကိုကြိုက်တတ်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။"

"ဘာတွေ ပရောပရည်လုပ်နေတာလဲ။" ရှောင်းချီရယ်က ပြောလိုက်သည်။ "အာ့ကုန်းကျစ်က မင်းကို မင်းရဲ့လည်ကုပ်ပေါ်က ရွှံ့တွေကို သုတ်စေချင်ရုံပဲ။"

"ခင်ဗျားက ကျွန်တော့်ကို သုတ်စေချင်တာလား။" နှစ်ဦးသားကြားမှာ လက်ကိုင်ပဝါတစ်ထည်ခြားကာ ရှန်ဇယ်ချွမ်း၏လက်ချောင်းထိပ်လေးက ရှောင်းချီရယ်၏မျက်ခုံးများကြား ရပ်တန့်သွား၏။ "ဒါမှမဟုတ် ခင်ဗျားက ကျွန်တော့်ကို သုတ်ပေးချင်တာလား။"

အေးစက်သောမိုးရေစက်များက သူ့လက်ချောင်းပေါ် လာရောက်ထိမှန်ပြီး ရှောင်းချီရယ်၏မျက်ခုံးများကြား စီးသွားခဲ့သည်။ ရှန်ဇယ်ချွမ်း၏ညှို့ဓါတ်ကို အပြည့်အဝစုပ်ယူထားပုံရသော အနှီရေစက်ကလေးများက ရှောင်းချီရယ်၏ ကော်လံထဲကိုဝင်သွားပြီး သူ့အား အစိုးမရသောယားယံမှုတို့ကို ဖြတ်ပေါ်လာစေခဲ့သည်။

ရှောင်းချီရယ်တစ်ယောက် ရေအရမ်းသောက်ချင်လာ၏။ တစ်ချိန်တည်းမှာပင် ရှန်ဇယ်ချွမ်းကို နည်းနည်းဝေးဝေးနေစေလိုသည်။

ခဏတာတိတ်ဆိတ်နေပြီးနောက် သူက ရယ်မောလိုက်သည်။ "မင်းက တကယ်ကို တစ်ခုခုပဲ။"

"ခင်ဗျား အတွေးလွန်နေတာပါ။" ရှန်ဇယ်ချွမ်းက သူ၏ကော်လံကို တင်းကျပ်စွာစုစည်း၍ ရှောင်းချီရယ်၏ဓါးကို ရင်ဝယ်ပိုက်ကာ နောက်ထပ်ဘာမှမပြောတော့ပေ။

မိုးက တဖြည်းဖြည်းစဲလာ၏။

အမဲလိုက်ခွေးများ၏ဟောင်သံက တောနက်တစ်နေရာကနေ ထွက်ပေါ်လာခဲ့သည်။ နှစ်ယောက်စလုံး မလှုပ်ကြတော့ပေ။ ၎င်းတို့မှီထားသော ကျောက်ဆောင်ကြီးက မူးချောင်း၏ မတ်စောက်သောကမ်းပါးဘေးမှာ တည်ရှိပြီး ထိုအပေါ်ကနေ ချုံပုတ်များတွဲလောင်းကျနေ၏။ ၎င်းက အလွန်သေးငယ်ပြီး ကျဥ်းမြောင်းသောနေရာဖြစ်ကာ အမျိုးသားတစ်ယောက်တည်း ပုန်းခိုအတွက်သာ လုံလောက်ပြီး ရှောင်းချီရယ်က ထိုနေရာမှာရှိနေပြီးသားဖြစ်သည်။

ရှောင်းချီရယ်က အချိန်အတော်ကြာ စောင့်ဆိုင်းနေပြီး အမဲလိုက်ခွေးနှင့်အတူ အနီးနားရောက်လာသော လူသံများကို ကြားလိုက်ရသည်။ ရှန်ဇယ်ချွမ်းက လန်လိကို ၎င်းတို့အထက်မှ အက်ကွဲကြောင်းထဲ ထိုးထည့်လိုက်ပြီး ကျောက်ဆောင်အောက်မှ နေရာကျဥ်းလေးထဲ ဆင်းလာခဲ့သည်။

ထိုအမျိုးသားက သူ၏ခြေထောက်ကို ဖြည်းဖြည်းချင်းရွေ့လျားလာသည့်အလျောက် ရှောင်းချီရယ်တစ်ယောက် သူ့ကိုယ်ပေါ်မှ အလေးချိန်ကို ခံစားလိုက်ရသည်။ ကျပ်ကျပ်ထုတ်ထုတ်တိုးဝှေ့ရင်း နှစ်ဦးသား ထိုနေရာကျဥ်းလေးမှာ ပူးကပ်နေခဲ့ကြလေ၏။ ရှန်ဇယ်ချွမ်းက သူ့အပေါ် ခွထိုင်ထားသဖြင့် ရှောင်းချီရယ်တစ်ယောက် အချင်းချင်းပွတ်သပ်နေသော ၎င်းတို့၏ပေါင်များမှ အပူချိန်ကို ခံစားမိနေသည်။ သူ(ရှန်)က ငုံ့ကိုင်းလာသဖြင့် သူ့နားထင်ဘေးမှ ရှန်ဇယ်ချွမ်း၏ဝင်သက်ထွက်သက်ကိုလည်း ခံစားမိပေ၏။

မျက်လုံးများကို လက်ကိုင်ပဝါဖြင့် ဖုံးကွယ်ခံထားရဆဲဖြစ်သည့် ရှောင်းချီရယ်တစ်ယောက် ရှန်ဇယ်ချွမ်း၏လက်ရှိအနေအထားကို လွတ်လပ်စွာပုံဖော်ကြည့်နေခဲ့၏။ ကြာပန်းကဲ့သို့ ဖြူဆွတ်နေသောလည်တိုင်၏ပုံရိပ်ကိုလည်း သူ့စိတ်ထဲကနေ မဖျောက်ဖျက်နိုင်ခဲ့ချေ။

"ငါ တောင်းဆိုပါတယ်။" ရှောင်းချီရယ်က သက်ပြင်းချလိုက်၏။ "ငါ့ဗိုက်ပေါ် ထိုင်ချင်ထိုင်ပါ၊ အဲ့ဒီအောက်မှာ မထိုင်နဲ့။"

ရှန်ဇယ်ချွမ်းက နေရာမရွှေ့ခဲ့ပေ။ အပေါ်မှ အသံပလံများက နီးကပ်လာ၏။

ရှောင်းချီရယ်က သူ၏အသက်ရှူသံများကို တည်ငြိမ်စေဖို့ကြိုးစားလိုက်သော်လည်း သူ တစ်လက်မလောက် ခေါင်းမော့လိုက်လျှင် ရှန်ဇယ်ချွမ်း၏မေးစေ့ကို ထိမိလိမ့်မည်ဖြစ်ပြီး တစ်လက်မလောက် ခေါင်းငုံ့လိုက်လျှင် သူ၏နှာခေါင်းထိပ်က ထိုလည်တိုင်၏ကောက်ကြောင်းကို ထိမိလိမ့်မည်ပင်။

ရှန်ဇယ်ချွမ်းက အပေါ်မှလှုပ်ရှားမှုများကို နားထောင်နေခဲ့သည်။ ထို့နောက် ရုတ်တရက်ဆိုသလို သူက လက်ကိုင်ပဝါကို ရှောင်းချီရယ်၏မျက်နှာပေါ်ကနေ ဖယ်ရှားပေးလိုက်ပြီး စကားလုံးမဲ့စွာဖြင့် သူ့ကိုစိုက်ကြည့်နေလိုက်၏။

ရှောင်းချီရယ်ကလည်း ရှန်ဇယ်ချွမ်းကို ပြန်စိုက်ကြည့်လိုက်သည်။ ယနေ့ည၏ သွေးရနံ့များက သူ့ဦးခေါင်းထဲရောက်သွားသည်လော သို့မဟုတ် ၎င်းက မည်သည့်ရူးသွပ်မှုမျိုးဖြစ်ကြောင်း သူမသိတော့ပေ။ မည်သို့ပင်ဆိုစေ ပူလောင်မာကျောသောတစ်စုံတစ်ခုက ရှန်ဇယ်ချွမ်းကို ထောက်နေခဲ့ပြီး နှစ်ယောက်စလုံး မသက်မသာဖြစ်နေရ၏။

မိုးရေကြောင့် စိုရွှဲနေသော ၎င်းတို့၏အဝတ်များက အသားများကိုကပ်နေပြီး ၎င်းတို့ကြားမှာ ဘာအဝတ်မှမရှိသည့်နှယ် သေးငယ်သောလှုပ်ရှားမှုလေးကတောင် မီးတောက်လောင်စေမည့် မီးပွားလေးကို ဖြစ်ပေါ်လာစေခဲ့သည်။ ၎င်းတို့၏အပေါ်မှာတော့ အမဲလိုက်ခွေးများက အမဲလိုက်နေလေ၏။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment