no

Font
Theme

အပိုင်း (၄၁) - ဆောင်းဦးအမဲလိုက်ပွဲ (၁)

ချွိတူး၌ ဆယ်လပိုင်းမိုးရာသီ၏ ပထမနေ့တွင် ဖန်းတောင်ရှိ မေပယ်သစ်ရွက်များက အနီရောင်ပြောင်းလဲသွားခဲ့သည်။ ရှန်ဇယ်ချွမ်းတစ်ယောက် ဆင်များကို မနက်ခင်းညီလာခံသို့ မောင်းနှင်သွားချိန်၌ မြေပြင်ထက်ဖုံးလွှမ်းနေသော ဆောင်းဦးဆီးနှင်းတစ်လွှာကို သတိပြုမိခဲ့သည်။ အံ့အားသင့်စရာမှာ ရှန်သျယ်ဧကရာဇ်၏ရောဂါက ရာသီအပြောင်းအလဲ၌ သက်သာလာခဲ့ပြီး ပုံမှန်အစားအသောက်များကို ပြန်လည်သုံးဆောင်နေပြီဟူသော ကောလာဟလများလည်း ထွက်ပေါ်လာ၏။ မနက်ခင်းညီလာခံအတွင်း သူချောင်းဆိုသည့်အကြိမ်ရေကလည်း သိသိသာသာ လျော့ကျလာခဲ့သည်။

ထုံးတမ်းစဥ်လာအရ ဆယ့်တစ်လပိုင်းတွင် ဧကရာဇ်သည် နန်းလင်အမဲလိုက်ကွင်း၌ အမဲလိုက်ပွဲကျင်းပတတ်၏။ သို့သော် ရှန်သျယ်ဧကရာဇ်၏ကျန်းမာရေးက တိုးတက်လာသော်လည်း အေးစက်နေသောရာသီဥတု၌ ခရီးသွားဖို့က အခက်တွေ့စေမည်ကို စိုးရိမ်နေသည့်ပုံပင်။ ထို့ကြောင့် သူက ဆယ်လပိုင်းအစမှာ ဆောင်းဦးရာသီအမဲလိုက်ပွဲအတွက် ပြင်ဆင်ဖို့ အမိန့်ပေးခဲ့သည်။

ချန်းယန်က လေ့ကျင့်ရေးကွင်းထောင့်မှာ ရှောင်းချီရယ်၏ဓါးကိုကိုင်လျက် စောင့်ဆိုင်းနေ၏။ "မဟာတပ်ရင်းရှစ်ခုနဲ့ တော်ဝင်အစောင့်တပ်က လှည့်ကင်းအတွက် တာဝန်ကျနေတုန်းပဲ။ ဒါပေမဲ့ အရင်တစ်ခေါက် သွမ်းဝူပွဲမှာ သူတို့ကင်းလှည့်တုန်း အရှင်မင်းမြတ် ဒေါသထွက်ခဲ့ရတယ်မဟုတ်ဘူးလား။"

"အဲ့ဒါ အရင်တစ်ခေါက်က။" ရှောင်းချီရယ်က သူ့မျက်နှာပေါ်မှချွေးများကို သုတ်လိုက်၏။ "အရင်တစ်ခေါက် အရှင်မင်းမြတ်က ဘက်ပေါင်းစုံကနေ ခြိမ်းခြောက်မှုကိုခံစားရလို့ ဒေါသထွက်ခဲ့တာ။ အခုက မတူတော့ဘူး။ ရှီးကုအန်းကို ဧကရီမယ်မယ်ကြဥ်ထားတာ နှစ်လလောက်ရှိနေပြီ။ အဲ့ဒီအချက်ကနေ ကြည့်မယ်ဆိုရင် သူက သူ့နေရာကိုပြန်ရောက်နိုင်ဖို့ အပတ်တကုတ်ကြိုးစားနေရမှာပဲ။"

"အဲ့လိုမျက်နှာပေးမှုလေးနဲ့ ရှီးကုအန်းကို စိတ်ထိရှစေလိမ့်မယ်လို့ ဧကရာဇ်က ယုံကြည်နေတာလား။" ချန်းယန်က ဆက်မပြောခင် ဘေးဘီကို တစ်ချက်ကြည့်လိုက်သည်။ "ဧကရီမယ်မယ်က အာဏာကို အချိန်အကြာကြီး ခြယ်လှယ်လာပြီး အရှင်မင်းမြတ်က နာမကျန်းဖြစ်နေတယ်။ ဧကရာဇ်က ရှီးကုအန်းကို သံလွင်ခတ်ကမ်းပေးချင်တယ်ဆိုရင်တောင် ရှီးကုအန်းက လက်ခံပါ့မလား။"

"မင်းကိုယ်တိုင် ပြောလိုက်ပြီပဲ၊ ဒါတွေက မျက်နှာသာပေးမှုလေးတွေပဲရှိတာ။" ရှောင်းချီရယ်က အပြင်ဝတ်ရုံကိုကောက်ယူကာ ဝတ်လိုက်သည်။ "ဒါပေမဲ့ အရှင်မင်းမြတ်က ရှီးကုအန်းကို အာဏာနဲ့ လုပ်ပိုင်ခွင့်ကြီးကြီးမားမားပေးခဲ့ရင် ဘယ်လိုလုပ်မလဲ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ ရှီးမျိုးနွယ်ရဲ့သမီး အသက်ဘယ်လောက်ရှိပြီလဲလို့ မေးနေတာကြားတယ်။ ချူးမင်းသားမှာ ကြင်ယာတော်မရှိသေးဘူး။ ရှီးကုအန်းမှာ ဆန္ဒမရှိရင်တောင် တကယ်လို့ ဧကရာဇ်ကသာ သူတို့ကို ထိမ်းမြားဖို့ပြောလာခဲ့ရင် ဧကရီမယ်မယ်က တစ်မျိုးမြင်တော့မှာ။"

"ကျွန်တော်တို့အိမ်တော်မှာ သခင်မလေးမရှိတာ နှမြောစရာပဲ။" ချန်းယန်က သက်ပြင်းချလိုက်သည်။

"မရှိတာ ပိုကောင်းတယ်။" ရှောင်းချီရယ်က ပြောလိုက်၏။ "ငါ့မှာ ညီမရှိရင် သူ(မ)က စစ်သူကြီးချီလို ဖြစ်လာလိမ့်မယ်။ သူ(မ)ဘဝကို ဘယ်သူမှ ထိန်းချုပ်လို့ရမှာမဟုတ်ဘူး။ ပြီးရင် သူ(မ)ကိုလည်း သူ(မ) တစ်ခါမှမတွေ့ဖူးတဲ့တစ်ယောက်နဲ့ လက်ထပ်ဖို့ဖိအားပေးခံရလိမ့်မယ်။" ရှောင်းချီရယ်က ခြေလှမ်းများကို အရှိန်လျှော့လိုက်သည်။ "တကယ်တော့၊ ဟွားမျိုးနွယ်က တော်ဝင်ကြင်ယာတော်အတွက် ဦးစားပေးရွေးချယ်မှုပဲ။ ဧကရီမယ်မယ် ပျိုးထောင်ပေးထားတဲ့ ဟွားရှန်းယီးက လက်မထပ်ရသေးဘူး။ အရှင်မင်းမြတ်ကတောင် သူ(မ)အတွက် အစီအစဥ်တွေ မလုပ်ဝံ့ဘဲ သူ(မ)ကို သူ့ရဲ့ညီမတော်အဖြစ် ခေါ်ဝေါ်နေတုန်းပဲ။ သူ(မ)ရဲ့အနာဂတ်နဲ့ပတ်သက်လာရင် ဧကရီမယ်မယ်ရဲ့ဆန္ဒတွေအတိုင်း ဖြစ်လာလိမ့်မယ်။"

"ကျွန်တော်တို့ရဲ့ဆက်ခံသူ လက်ထပ်ပြီးသွားတာ ကံကောင်းတာပဲ။" ချန်းယန်က ပြောလိုက်သည်။ "ဒါပေမဲ့ တတိယသခင်မလေးဟွားကို ဘယ်သူနဲ့ လက်ထပ်ခိုင်းနိုင်မှာလဲ။ ကျွန်တော် တကယ်မခန့်မှန်းနိိုင်တော့ဘူး။"

"ချီမျိုးနွယ်က အကောင်းဆုံးရွေးချယ်မှုပဲ။" ရှောင်းချီရယ်က ပြုံးလိုက်သည်။ "ချီကျူးယင်းသာ ယောက်ျားလေးအဖြစ် မွေးဖွားလာခဲ့ရင် ဧကရီမယ်မယ်က တတိယသခင်မလေးဟွားကို သူ(မ)နဲ့လက်ထပ်ဖို့ ပို့လိုက်တာကြာပြီ။ ချီကျူးယင်းက အမျိုးသမီးဖြစ်နေတာတော့ နှမြောစရာပဲပေါ့။ ပြီးတော့ ဟွားမျိုးနွယ်မှာ ဒီမျိုးဆက်အတွက် တရားဝင်သားမရှိဘူး။ အခု သူတို့က အဆီတဝင်းဝင်းအသားကို ကြည့်ရုံပဲကြည့်နေနိုင်ပြီး မထိနိုင်ကြဘူး။ သူတို့တွေ စိုးရိမ်ပူပန်နေမှာပဲ။"

ရှောင်းချီရယ်၏မြင်းက ရောက်လာပြီး ၎င်း၏နှာသီးကို ပွတ်သပ်လိုက်သည်။ "လာ၊ သုန်းလုံလမ်းက အရှေ့စျေးကို သွားရအောင်။"

...

ရှန်းဇယ်ချွမ်းက ကောချင်းချင်းနှင့်အတူ သုန်းလုံလမ်းသို့ခြေချလိုက်သည်။

သူက အကျယ်ချုပ်ကနေ တရားဝင်လွတ်မြောက်လာခဲ့ပြီးဖြစ်ရာ ကျောင်းကျွေ့ဘုရားကျောင်းကနေ ထွက်လာခဲ့၏။ ကနဦးတုန်းက ထိုကိစ္စကို ဘေးဖယ်ထားသော်လည်း ရှစ်လပိုင်း၌ ချောင်ထျန်းယာက စိတ်ဝင်စားလာကာ သူနှင့်အတူ ဘုရားကျောင်းဆီ လိုက်လာခဲ့သည်။ ထို့နောက် ရွှံ့များပေကျံနေပြီး အရူးတစ်ယောက်လိုပြုမူနေသော ချီထိုက်ဖူကို မြင်လိုက်ရသောအခါ ရှန်ဇယ်ချွမ်းကို သင့်တော်သောအဆောက်အအုံရှာရန် တော်ဝင်အစောင့်တပ်ကနေ လစာကြိုထုတ်ဖို့တိုက်တွန်းခဲ့၏။ ထို့ကြောင့် ကိုးလပိုင်းကုန်ခါနီးမှာ ရှန်ဇယ်ချွမ်းက အိုဟောင်းနေသော လမ်းကြားအိမ်လေးတစ်လုံးဆီ ရွှေ့ပြောင်းခဲ့သည်။ ငှားရမ်းခက စျေးသက်သာပြီး နေရာက သူ၏လက်ရှိရာထူးနှင့် သင့်တော်ပေ၏။

"ရှစ်ဖူ ရှာစေချင်တဲ့ ဒီလူက ဘယ်သူလဲ။" ရှန်ဇယ်ချွမ်းက စာချုပ်ကိုယူ၍ ထိုစာရွက်မှာပါသောအမည်ကို ဖတ်လိုက်သည် - စုန်းယွဲ့။ အထက်မှာပါသော မွေးရပ်ဇာတိနေရာ၌ မှတ်တမ်းတင်ထားသင့်သော်လည်း စာရွက်ပေါ်မှာ ဗလာဖြစ်နေသည်။

ကောချင်းချင်းက လူအုပ်ကြီးကို လှည့်ပတ်ကြည့်လိုက်သည်။ "သူက ငါ့ကိုလည်း မပြောပြဘူး။ ရှန်းရှုန်းက အနာဂတ်မှာ မင်းရဲ့နေ့တစ်ဒူဝကိစ္စတွေအတွက် အဲ့ဒီပုဂ္ဂိုလ်ကို ဂရုစိုက်ခိုင်းဖို့ အကြံပေးလိုက်တယ်လို့ပဲ သူကပြောခဲ့တာ။"

ဘုရားကျောင်းထဲကနေ ထွက်လာကတည်းက ချီထိုက်ဖူနှင့် ပြောဆိုဆက်သွယ်ခြင်းက ခက်ခဲလာ၏။ ရှန်ဇယ်ချွမ်းက စာပို့ခိုများကိုမွေးမြူဖို့လည်း အစီအစဥ်မရှိချေ။ ပထမအချက်အနေဖြင့် ၎င်းတို့က အလယ်ကနေဖြတ်ယူဖို့ လွယ်ကူပြီး ဒုတိယအချက်မှာ ရှောင်းချီရယ်၏သိမ်းငှက်က စာကလေးတစ်ကောင်ကို သတ်ဖြတ်စားသောက်သည့်မြင်ကွင်းက သူ့အပေါ် နက်ရှိုင်းသောအမြင်ကို ချန်ထားရစ်သည်။ ယခု ၎င်းတို့က ကျိကန်းကိုသာအားကိုးနေရပြီး အလုပ်သမားအနေဖြင့် စျေးဝယ်ထွက်လာချိန်တိုင်း တွေ့ဆုံတတ်ကြသည်။ ၎င်းက အဆင်မပြေသော်လည်း လက်ရှိမှာ ပိုကောင်းသည့်ရွေးချယ်စရာမရှိပေ။

"စုန်းယွဲ့က အရှေ့စျေးမှာဖြစ်လောက်တယ်။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "သွားကြည့်ရအောင်။"

သုန်းလုံလမ်းက ခိုင်းလင်မြစ်ဘေး၏ဘေးမှာ တည်ရှိပြီး ထိုနေရာက ဖျော်ဖြေရေးနယ်မြေဖြစ်သည်။ အရှေ့ဘက်အခြမ်း၌ အဓိကအားဖြင့် ကျွန်ကုန်သွယ်သည့် စျေးတစ်ခုရှိ၏။ ပိုက်ဆံမရှိဘဲ သေဆုံးသွားသည့်မိဘများအတွက် သင်္ဂြိုလ်ဖို့စရိတ်စကမရှိရာ သားသမီးများက ကိုယ့်ကိုယ်ကိုယ် အစေခံအဖြစ်ရောင်းစားရန် ထိုနေရာမှာ ဒူးထောက်လျက်ရှိသည်။ သာမန်အိမ်ထောင်စုများက ဤစျေးသို့ ၎င်းတို့၏အစေခံများ၊ အမှုထမ်းများကို လာရောက်ရွေးချယ်ကြလေ၏။

လက်ထဲမှာ နာမည်စာရင်းကိုကိုင်လျက် ရှောင်းချီရယ်က ချူးအိမ်တော်မှ အမှုထမ်းတချို့၏ဇစ်မြစ်ကို စုံစမ်းရန် စျေးသို့ရောက်လာ၏။ သူက ပွဲစား၏တံခါးကနေ ခြေလှမ်းကျဲများဖြင့် လှမ်းထွက်လိုက်ချိန်၌ ရင်းနှီးနေသောလည်ကုပ်လေးကို တွေ့လိုက်ရသည်။

"အဲ့ဒါက..." ချန်းယန်၏အသံက အဖျားရှူးသွား၏။

ရှောင်းချီရယ်က လက်မြှောက်ပြလိုက်သောကြောင့် ချန်းယန်က အသံတိတ်သွားခြင်းဖြစ်သည်။

ရှန်ဇယ်ချွမ်းတစ်ယောက် သူ့လည်ပင်းအနောက်ကနေ ကြက်သီးမွေးညင်းများကို ခံစားမိလိုက်ချိန်၌ စာချုပ်ကိုသိမ်းလိုက်သည်။ ထို့နောက် သူ့ပခုံးကနေ ကျော်ပြီးကြည့်လိုက်သောအခါ သူ့အနောက်မှ ရှောင်းချီရယ်ကိုတွေ့လိုက်ရလေ၏။

"အိုး၊ ဂုဏ်သရေရှိလူကြီးမင်း။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "ခင်ဗျား အဲ့အနောက်မှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ ဘာလုပ်နေတာလဲ။"

"သေချာပေါက် မင်းကိုကြည့်နေတာပေါ့။" ရှောင်းချီရယ်က နာမည်စာရင်းကို ပေါ့ပေါ့ပါးပါးဝှက်လိုက်ပြီး ရှန်ဇယ်ချွမ်းနံဘေးသို့ လျှောက်သွားခဲ့၏။ "ဒီကို အစေခံဝယ်ဖို့ ရောက်လာတာလား။"

"ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်ရောင်းမလို့ပါ။" ရှန်ဇယ်ချွမ်းက ခြောက်ကပ်စွာဖြေလိုက်သည်။ "ကျွန်တော်က ဘယ်လိုလုပ်ပြီး တစ်ယောက်ယောက်ကိုဝယ်နိုင်မှာလဲ။"

"အဲ့အဆင့်ထိကို ရောက်သွားပြီပေါ့လေ၊ ဟမ်?" ရှောင်းချီရယ်က သူ့ကိုကြည့်လိုက်သည်။ "ငါကြားတာတော့ လူတော်တော်များများက မင်းကို စျေးကောင်းပေးပြီး ဝယ်ချင်နေကြတယ်ဆိုပဲ။"

"အဲ့ဒီကိစ္စတွေမှာက စိတ်ခံစားချက်တွေ ပါဝင်သွားပြီ။" ရှန်ဇယ်ချွမ်းက လမ်းဆက်လျှောက်နေ၏။ "ကမ်းလှမ်းချက်ကို ကျွန်တော် လက်ခံ၊ မခံ မဆုံးဖြတ်ခင် သူတို့တွေ ကျွန်တော့်အာရုံကို ဖမ်းစားနိုင်ဖို့လိုသေးတယ်။"

မည်ကဲ့သို့အမျိုးသားများက ကမ်းလှမ်းချက်များပြုလုပ်ကြောင်း ရှောင်းချီရယ် အရိပ်အမြွက်သိပေ၏။ "ကွဲအက်နေတဲ့ စွန်ပလွံသီးတွေနဲ့ ပုံပျက်နေတဲ့သစ်တော်သီးတွေကြား ရွေးချယ်ရတာ ဘယ်လွယ်ပါ့မလဲ။"

"အဲ့ဒါတွေကို အာ့ကုန်းကျစ် သိမှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်။" ရှန်ဇယ်ချွမ်းက သူ့ကို ဘေးတစောင်းကြည့်လိုက်သည်။ "ခင်ဗျားက ချူးဘုရင်ရဲ့ဘေးမှာ ကောင်းကောင်းမွန်မွန် စားသောက်နေရမှာပဲ။"

"ငါ့ကို အားကျနေတာလား။ ငါနဲ့လိုက်ခဲ့လိုက်လေ။"

ရှန်ဇယ်ချွမ်းက ပြုံးလိုက်သည်။ "ကျွန်တော် အဲ့လောက်ထိ ဆန္ဒမပြင်းပြသေးပါဘူး။"

၎င်းတို့တွေ လမ်းအဆုံးကိုရောက်သော် ရှန်ဇယ်ချွမ်းက နံဘေးသို့လှည့်ကာ ပြောလိုက်သည်။ "ကျွန်တော် အာ့ကုန်းကျစ်ကို မနှောင့်ယှက်တော့ပါဘူး။ အခု သွားလိုက်ပါဦးမယ်။"

"အလျင်မလိုပါဘူး။" ရှောင်းချီရယ်က ထိုနေရာမှာပဲ မလှုပ်မယှက်ရှိနေ၏။ "ဒီနှစ် ဆောင်းဦးရာသီအမဲလိုက်ပွဲအတွင်း ငါတို့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ရဦးမှာပဲ။"

"ကျွန်တော်က ခင်ဗျားကို ဘယ်လိုဂရုစိုက်ရမှာလဲ။" ရှန်ဇယ်ချွမ်းက အကြည့်ချင်းဆုံကာ ပြောလိုက်သည်။ "တော်ဝင်အစောင့်တပ်နဲ့ တော်ဝင်စစ်တပ်က တူမှမတူတာ။"

"မင်းက ငါ့ကို အဲ့လောက်ထိအကွာအဝေးခြားထားတာကိုး။" ရှောင်းချီရယ်က ပြောလာ၏။ "ငါ ခြေဆန့်ဖို့ မင်းဆီကို မကြာခဏလာလည်ရင် ငါတို့တွေ တွေ့လို့ရနိုင်တာပဲလေ။"

ရှန်ဇယ်ချွမ်းက ပြန်မဖြေခဲ့ပေ။

၎င်းတို့ ထွက်ခွာသွားပြီးနောက် ရှောင်းချီရယ်က ထိုနေရာမှာတင် အမြစ်တွယ်နေ၏။ "သူ ဒီမှာ ဘယ်သူ့ကိုလာရှာတာဖြစ်မလဲ။" ရှောင်းချီရယ်က သူ၏ဓါးနှောင့်ကို လက်မဖြင့်ပွတ်သပ်လိုက်သည်။ "ကောချင်းချင်း - သေချာပေါက် ကောချင်းချင်းပဲ။ ချန်းယန်။"

"ဟုတ်ကဲ့!"

"သူ့အကြောင်း စုံစမ်းလိုက်။" ရှောင်းချီရယ်က ပြောလိုက်သည်။ "ငါ ကောချင်းချင်းရဲ့နောက်ခံကို သိချင်တယ်။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment