no

Font
Theme

အပိုင်း (၁၃) - ထိုက်ဖူ (၁)

ချီထိုက်ဖူက မှင်တက်စွာဖြင့် ကျိကန်း၏ချုပ်နှောင်မှုကနေ လက်ပြန်ဆွဲထုတ်လိုက်သည်။ သူက မျက်နှာကို တစ်ဖက်လွှဲလိုက်ပြီး ရှန်ဇယ်ချွမ်းကိုကြည့်ဖို့ ငြင်းဆန်ခဲ့သည်။ သူက ဤနေရာမှာ အကျဥ်းချခံခဲ့ရပြီး နှစ်ပေါင်းနှစ်ဆယ်ကြာရူးသွပ်နေခဲ့ရသလို အပြင်မှလူများအားလုံးကို မုန်းတီးနေခဲ့သည်။ သို့သော် ရုတ်တရက်ဆိုသလို ရန်သူ၏သားဖြစ်သူကို မမုန်းတီးဖို့ နားချခံခဲ့ရ၏။

"ဘယ်သူလဲ..." ချီထိုက်ဖူ၏အသံက ဝမ်းနည်းကြေကွဲနေသည်။ "ဒါဆို ဘယ်သူ့ကိုသတ်သင့်တာလဲ။"

နှင်းများက အသံတိတ်ကျဆင်းနေပြီး ခြံဝန်းထဲရှိကျီးကန်းများက ၎င်းတို့၏အသိုက်ကို စွန့်ခွာသွားကြသည်။ ခန်းမထဲရှိ စုတ်ပြဲနေသောကန့်လန့်ကာစတို့က လေပြည်အဝှေ့မှာ တလွင့်လွင့်ဖြစ်နေ၏။ ချီထိုက်ဖူက တုန်ယင်နေသောခြေထောက်များနှင့် ကြေကွဲဝမ်းနည်းစွာဖြင့် လက်နှစ်ဖက်ကို ခပ်မြင့်မြင့်မြှောက်လိုက်သည်။

"လောကဓံရဲ့ရလဒ်ကို အဆုံးအဖြတ်ပေးပြီးသွားပြီ! အောင်နိုင်သူဟာ ဘုရင်ဖြစ်ပြီး ရှုံးနိမ့်တဲ့သူတွေကတော့ သူယုတ်တွေပေါ့။ အရှင့်သားရဲ့ဂုဏ်သရေက အမည်ဖျက်ခံခဲ့ရပြီး မင်းနဲ့ ငါက ထာဝနာမည်ဆိုးတွင်ကျန်ရစ်မဲ့ သစ္စာဖောက်တွေအဖြစ် အပြစ်ပေးခံခဲ့ရတယ်! ငါ ဘယ်သူ့ကိုသတ်သင့်လဲ။ ငါ့ဓါးသွားကို လျစ်လျူထားတဲ့ကောင်းကင်ဘုံကိုပဲ ချိန်ရွယ်သင့်တယ်! လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်တုန်းက အရှင့်သားရဲ့သွေးတွေ ဒီကြမ်းပြင်မှာ ပက်ဖြန်းခဲ့ရတယ်။ ငါတို့ ဘာပြစ်မှုတွေကျူးလွန်ခဲ့လို့ အကြင်နာမဲ့တဲ့ဧကရာဇ်က ငါတို့ကိုသတ်ရမယ်လို့ အမိန့်ချခဲ့တာလဲ။"

ချီထိုက်ဖူ၏မျက်နှာထက် မျက်ရည်များစီးကျလာ၏။ သူက ဘုရားကျောင်းအဝင်ဝမှာ ဒူးထောက်လိုက်ပြီး ကြမ်းပြင်နှင့်ဦးခေါင်းကို အကြိမ်ကြိမ်တိုက်၍ အော်ဟစ်နေခဲ့သည်။ "ငါ့ကိုလည်း သတ်လိုက်ပါတော့!"

နှင်းဝေသောညက အေးစက်လှသည်။ လူသူကင်းမဲ့သော ဘုရားကျောင်းပျက်ထဲ သူ၏တောင်းဆိုသံကို မည်သူကမှပြန်မဖြေခဲ့ကြပေ။ တောက်ပနေသော ချွိတူး၏ညအချိန်၌ ဒူးထောက်နေသော ချီထိုက်ဖူ အပေါ်မှာ နှင်းလွှာများဖုံးလွှမ်းသွားခဲ့သည်။

တစ်နာရီကြာပြီးနောက် ကျိကန်းက ချီထိုက်ဖူ၏လက်မောင်းကိုတွဲကာ ပူဇော်စင်မြင့်ရှေ့၌ ဝိုင်းထိုင်လိုက်ကြသည်။

"ဒီနေ့ည ဖြစ်ခဲ့တာတွေအများစုက ကျွန်တော့်ကြောင့်ပါ။ ကျွန်တော့်ကို အားလုံးရှင်းပြခွင့်ပြုပါ။" ကျိကန်းက သူ၏အင်္ကျီလက်ကို ပင့်တင်လိုက်၏။ "ထိုက်ဖူ၊ ချွမ်းအာက ရှန်မျိုးနွယ်ကနေ မွေးဖွားလာတဲ့သူဖြစ်ပြီး ရှန်ဝေ့ရဲ့ ရှစ်ယောက်မြောက် တရားမဝင်သားပါ။ လွန်ခဲ့တဲ့ရှစ်နှစ်က ကျန့်ရှင်းဘုရင်ရဲ့အိမ်တော်မှာ တရားဝင်သွေးသားနဲ့ တရားမဝင်သွေးသားကြား သဘောထားကွဲလွဲမှုတွေ ရှိလာခဲ့ပါတယ်။ ကျန့်ရှင်းရဲ့ဆက်ခံသူ ရှန်ကျိုးကျိက သူ့အဖေရဲ့မျက်နှာသာပေးမှုကိုရရှိခဲ့ပြီး တရာစမဝင်မွေးဖွားခဲ့တဲ့ သူ့ရဲ့ညီတော်တွေကို အိမ်တော်ကနေ နှင်ထုတ်လိုက်ပါတယ်။ အဲ့တုန်းက ချွမ်းအာ အသက်ခုနစ်နှစ်ပဲရှိပါသေးတယ်။ သူက သွမ်းကျိုးမှာ စစ်တပ်ထဲဝင်ဖို့ အရွယ်မရောက်သေးတာကြောင့် အစေခံတန်းလျားမှာ ကွယ်လွန်သွားတဲ့အမေဖြစ်သူရဲ့အစေခံနဲ့ အတူနေခဲ့ရတယ်။ ဒါပေမဲ့ အဲ့ဒီအမျိုးသမီးက လောဘကြီးပြီး ကလေးရဲ့အစားအသောက်ဝေစုကိုလည်း သူ(မ)အတွက် လုယူခဲ့တယ်။ ဖင်းထင်က ကလေးရဲ့အမေ သက်ရှိထင်ရှားရှိနေတုန်းက သူ(မ)နဲ့သိကျွမ်းခဲ့ပါတယ်။ သူ(မ) ဒီကိစ္စကိုသိသွားတော့ ချွမ်းအာကိုစောင့်ရှောက်ပေးနိုင်ဖို့အတွက် အိမ်ခေါ်လာပေးဖို့ ကျွန်တော့်ကိုတောင်းဆိုခဲ့တာပါ။"

"ရှန်ဝေ့ကိုယ်တိုင်က တရားမဝင်သားဖြစ်ပြီး ကလေးဘဝတုန်းက ဒီလိုမမျှတမှုတွေကို ခံစားခဲ့ဖူးတာတောင် သူက သူ့သားတွေကိုလည်း အဲ့ဒီနည်းအတိုင်း ရှင်သန်စေခဲ့တာပဲ။" ချီထိုက်ဖူက နှာမှုတ်လိုက်သည်။ "ကိုယ်တိုင်က လိင်မှုကိစ္စကိုမချုပ်တည်းနိုင်ဘဲ ကလေးတွေအများကြီးမွေးပြီးတော့မှ တရားဝင်သားကိုပဲ မျက်နှာပေးတယ်၊ ရယ်စရာကောင်းလိုက်တာ။ ဘယ်လိုတောင် သိက္ခာမရှိလိုက်သလဲ!"

"ကျွန်တော်တို့ ဘုရင့်အိမ်တော်ဆီ စာတွေပို့ခဲ့ပေမဲ့ ရှန်ဝေ့က တစ်ခါမှစာမပြန်ခဲ့ပါဘူး။ ချွိတူးရဲ့မျိုးနွယ်ရှစ်ခုထဲမှာတောင် တရားမဝင်သားတွေကို သူ့လိုပြောင်ပြောင်တင်းတင်းလျစ်လျူရှုတာမျိုး တစ်ခါမှတောင်မကြားခဲ့ဖူးဘူး။" ကျိကန်းက မျက်မှောင်ကြုတ်လိုက်သည်။ "ဒီလိုနဲ့ ချွမ်းအာကို ကျွန်တော်တို့ကပဲ ပျိုးထောင်ပေးခဲ့ကြတာပါ။ အဲ့အချိန်တုန်းက မုအာ အသက်ဆယ့်ငါးနှစ်ရှိပြီမို့ ညီလေးတစ်ယောက်ရလာတာကို သိပ်ပျော်နေခဲ့တာ။ ကျွန်တော်တို့မိသားစုလေးယောက် သွမ်းကျိုးမှာပဲ အခြေချခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့နာမည်တွေကို စာရင်းပေးသွင်းဖို့ တော်တော်လေးအားထုတ်လိုက်ရတယ်။"

ချီထိုက်ဖူက ခဏလောက်တိတ်ဆိတ်သွား၏။ "မင်းက ရာဇဝတ်မှုတစ်ခုကြောင့် နန်းမြို့တော်ကနေ ပြည်နှင်ဒဏ်ခံခဲ့ရတာမဟုတ်လား။" သူက ပြောလိုက်သည်။ "ဒီတော့ မင်းရဲ့အိမ်တောင်စုကို စာရင်းသွင်းဖို့ခက်ခဲတာက သဘာဝကျပါတယ်။ အရင်တုန်းက အရှင့်သား ဓားပြတွေကိုနှိမ်နင်းဖို့နဲ့ လူထုမငြိမ်မသက်မှုတွေကို တားဆီးဖို့အတွက် အိမ်ထောင်စုစာရင်းသွင်းဖို့ အဝါရောင်မှတ်တမ်းစနစ်ကို တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းခဲ့တာလေ။"

"ကျွန်တော် သူ့ရဲ့အကြောင်းပြချက်တွေကို နားလည်ပါတယ်။" ကျိကန်းက ပြောလိုက်သည်။ "ဒါပေမဲ့ ထိုက်ဖူ၊ ကျွန်တော်ထွက်သွားပြီးနောက်ပိုင်း ချွိတူးမှာ ဘာဖြစ်ခဲ့တာလဲ။ အိမ်ရှေ့စံအရှင့်သားက ဘယ်လိုကြောင့် အခုလိုအဆုံးသတ်မျိုးနဲ့ ကြုံတွေ့ခဲ့ရတာလဲ။"

ချီထိုက်ဖူက စုတ်ပြဲသောကန့်လန့်ကာကို ဆွဲယူလိုက်ပြီး သူ့ပခုံးမှာပတ်လိုက်သည်။ "မင်းထွက်သွားပြီးနောက်ပိုင်း။" သူ၏မျက်နှာက စတင်၍သုန်မှုန်လာ၏။ "ကျိဝူဖန်းက ဧကရာဇ်ရဲ့မျက်နှာသာပေးမှုကို ဆုံးရှုံးခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဧကရီကိုခစားနေတဲ့ ဖန်းရူကွေ့က တော်ဝင်အခမ်းအနားကြီးကြပ်ရေးမှာ မိန်းမစိုးခေါင်းဆောင်ဖြစ်လာခဲ့တယ်။ တော်ဝင်အစောင့်တပ်က အားနည်းလာပြီး အမတ်ဆယ့်နှစ်ယောက်ကလည်း နာမည်ပဲရှိတော့တယ်။ ကျိဝူဖန်း ဆုံးပါးသွားတဲ့နောက်မှာ ကျိလေတစ်ယောက်တည်းကပဲ ဦးဆောင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း အရှေ့နန်းဆောင်ရဲ့ကုန်းကုန်းတွေက တော်ဝင်အစောင့်တပ်ကို ဆရာလုပ်မင်းမူခဲ့တယ်။"

"နောက်ပိုင်း ဧကရာဇ် နာမကျန်းဖြစ်ပြီး အိပ်ရာပေါ်လဲတဲ့အချိန် နေ့စဥ်နန်းတွင်းရေးရာတာဝန်တွေကို မဟာအုပ်ချုပ်ရေးဌာနနဲ့ အရှေ့ဆောင်က ပူးပေါင်းစီမံခဲ့ကြတာ။ ဒါပေမဲ့ ဟွားမျိုးနွယ်က ဧကရီရဲ့အခံနဲ့ ရုံးတော်မှာ အရည်အချင်းမပြည့်မီတဲ့အမတ်တွေကို အမြောက်အများ ရာထူးနေရာပေးခဲ့တယ်။ ဒီတော့ ဌာနကြီးခြောက်ခုက အကျင့်ပျက်ချစားမှုတွေနဲ့ ကမောက်ကမဖြစ်လာပါလေရော။ အဲ့ဒီအချိန်မှာ ဧကရီ့ဆွေတော်မျိုးတော်တွေရဲ့ ခြိမ်းခြောက်မှုက လျစ်လျူရှုလို့မရတဲ့အထိ ဖြစ်လာခဲ့တယ်။ အိမ်ရှေ့စံအရှင့်သားက ဧကရာဇ်ထံ သနားခံစာတွေ အကြိမ်ကြိမ်တင်ပြခဲ့ပေမဲ့ ဖန်းရူကွေ့က အာဏာအလွဲသုံးစားလုပ်ခဲ့ပြီး နန်းတွင်းအရေးကို လုံးဝထိန်းချုပ်မှုရယူန်ိုင်ဖို့ ဧကရီနဲ့အင်အားပူးပေါင်းခဲ့တယ်။ ကံမကောင်းစွာနဲ့ အရှင့်သားရဲ့တင်ပြချက်တွေအကုန် ဧကရာဇ်အရှေ့ကို မရောက်ခဲ့ဘူး။ အဲ့ဒါအပြင် ဧကရာဇ် နာမကျန်းဖြစ်တဲ့နောက်ပိုင်း ဧကရီက မဟာအုပ်ချုပ်ရေးဌာနနဲ့ အရှေ့နန်းဆောင်ကလူတွေအားလုံးကို ဧကရာဇ်ဆီ လာရောက်တွေ့ဆုံခွင့်ကိုပါ ပိတ်ပင်ခဲ့တယ်။"

"အဲ့ဒီဝှေးသင်းထားတဲ့ခွေးတွေက အင်ပါယာအတွက် ဆုတ်ယုတ်မှုတစ်ခုပဲ။" ကျိကန်းက နက်နက်နဲနဲသက်ပြင်းချလိုက်သည်။ "ဖန်းရူကွေ့မှာ အဲ့ဒီလိုရည်ရွယ်ချက်တွေရှိနေမယ်လို့ ကြိုသိခဲ့ရင် သူ့ကိုသက်ညှာပေးဖို့ ကျွန်တော့်အဖေကို တောင်းဆိုပေးခဲ့မှာမဟုတ်ဘူး!"

"ဖန်းရူကွေ့တစ်ယောက်ကိုသတ်ရင် နောက်ထပ် ဖန်းရူရှီးတို့ ဖန်းရူယီးတို့ ထပ်ပေါ်လာဦးမှာပဲ! အတွင်းဆောင်က တိုင်းပြည်ရေးရာမှာ ဝင်စွက်ဖက်နေပြီး သူတို့ရဲ့ဆွေမျိုးသားချင်းတွေက အာဏာစုဆောင်းနေကြတာ။ မင်း နားမလည်ပါဘူး၊ ကျိကန်း။ ဒါတွေက မျိုးနွယ်ရှစ်ခုလုံးမှာ အမြစ်တွယ်နေတဲ့အရာ။ ချွိတူးရဲ့မျိုးနွယ်တွေကို စိတ်ကြိုက်လုပ်ခွင့်ပြုထားသရွေ့ကတော့ သမိုင်းက တကြော့ပြန်လာဦးမှာပဲ! ဧကရီက အတွင်းဆောင်မှာ အချိန်အကြာကြီးနေထိုင်ပြီး ရုံးတော်ကိစ္စတွေကို ဘယ်လိုကြောင့် ကျွမ်းကျင်စွာနဲ့ ကြိုးကိုင်ခြယ်လှယ်နိုင်တာလဲ။ အဲ့ဒါက ဟွားမျိုးနွယ်ရဲ့ ကာလရှည်ကြာစုစည်းထားတဲ့အင်အားတွေကြောင့်ပဲ! ဧကရီက ဟွားမျိုးနွယ်မဟုတ်ဘဲ တခြားမျိုးနွယ်ရှစ်ခုထဲက တစ်ယောက်ဆိုရင်တောင် ဒီလိုအာဏာတောင့်တင်းခိုင်မာမှုက မလွဲမသွေရှိနေဦးမှာ!"

ထိုအခိုက်အတန့်၌ ရှန်ဇယ်ချွမ်းက ဖြတ်မပြောဘဲမနေနိုင်ခဲ့ပေ။ "ဒါပေမဲ့ အိမ်ရှေ့စံမင်းသားကို ဧကရီကိုယ်တိုင်မွေးဖွားခဲ့တာဟုတ်ဘူးလား။"

"မဟုတ်ဘူး။" ချီထိုက်ဖူက ခေါင်းငုံ့သွား၏။ "အရှင့်သားရဲ့မွေးမိခင်က တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်။ ဧကရီမှာ သွေးသားရင်းမရှိဘူး။ အရှင့်သားကို ငယ်ငယ်လေးကတည်းက အတွင်းဆောင်ထဲခေါ်သွားပြီး ဧကရီက ပျိုးထောင်ပေးခဲ့တာ။ ကျားတွေတောင် ကိုယ့်ကလေးကိုယ် ပြန်မစားကြပေမဲ့ တော်ဝင်မိသားစုထဲမှာတော့... စစ်မှန်တဲ့သွေးသားသံယောဇဥ်ဆိုတာ မရှိခဲ့ဘူး။"

ခန်းမထဲ တစ်ဖန်တိတ်ဆိတ်သွားပြန်၏။

ကျိကန်းက လေအေးများကို မှုတ်ထုတ်လိုက်ပြီး အက်ရှသောအသံဖြင့် ပြောလာ၏။ "ကျွန်တော် အရက်အလွန်အကျွံသောက်ခဲ့ပြီး တာဝန်တွေလစ်ဟင်းခဲ့တဲ့အတွက်ကြောင့် ကျွန်တော့်အဖေ ဧကရာဇ်ရဲ့မျက်နှာသာပေးမှုကို ဆုံးရှုံးခဲ့ရတာ။ အဲ့လိုသာမဟုတ်ရင် အရှင့်သားကလည်း ဒီနေရာမှာ အဲ့လိုအဆုံးသတ်သွားမှာမဟုတ်ဘူး။"

"မင်းနဲ့ ကျိဝူဖန်းတို့ကြောင့် ကျိလေက ငါတို့ကိုဆန့်ကျင်မှာမဟုတ်ဘူးလို့ ထင်ခဲ့မိတာ။" ချီထိုက်ဖူက ကန့်လန့်ကာစကို တင်းတင်းကျပ်ကျပ် ဆွဲခြုံလိုက်သည်။ မှတ်ဉာဏ်များက သူ၏နှုတ်မှာ ခါးသီးနေပေ၏။ "ဘယ်သူထင်မိမှာလဲ၊ သူ..."

"ထိုက်ဖူ၊ ထိုက်ဖူမသိသေးတဲ့အရာ ရှိပါတယ်။ "ကျိကန်းက ရှန်ဇယ်ချွမ်းကိုကြည့်လိုက်သည်။ "ပြီးတော့ ချွမ်းအာရောပဲ။ ကျွန်တော့်အဖေ ကျိဝူဖန်းက တော်ဝင်အစောင့်တပ်ရဲ့တပ်မှူးချုပ်ခါင်းဆောင်ဖြစ်ပြီး ကွယ်လွန်သူဧကရာဇ်နဲ့အတူ သေရေးရှင်ရေးအခြေအနေတွေကို ကျော်ဖြတ်ခဲ့တာပါ။ သူတို့က အရမ်းရင်းနှီးကြတယ်။ ကျွန်တော့်အဖေရဲ့ ပထမဇနီးဆုံးပါးသွားတော့ သူက နောက်ထပ်လက်ထပ်ဖို့စိတ်ကူးမရှိတာကြောင့် သားသုံးယောက်ကို မွေးစားခဲ့တာပါ။ ကျွန်တော်တို့ရဲ့ အစ်ကိုအကြီးဆုံးက တော်ဝင်အကျဥ်းထောင်ရဲ့ ရက်စက်မှုတွေကို သည်းမခံနိုင်တော့ဘဲ ထျန်းဖေးစောင့်ကြည့်မျှော်စင်မှာ သာမန်စစ်သည်တော်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ဖို့ နန်းမြို့တော်ကနေထွက်ခွာသွားခဲ့တယ်။ ကျိလေနဲ့ ကျွန်တော်ပဲ တော်ဝင်အစောင့်တပ်မှာ တာဝန်ထမ်းဆောင်ပြီး ကျွန်တော်တို့အဖေနံဘေးမှာ ရှိနေခဲ့ကြတာ။ အဲ့ဒီမှာ အဖေက ကျွန်တော်တို့ကို ကျိမိသားစုလက်ဝှေ့နဲ့ ကျိမိသားစုဓါးရေးကို သင်ပေးခဲ့တယ်။ နောက်ပိုင်း ကျိလေမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေတယ်လို့ အဖေက ယုံကြည်လာခဲ့တယ်။ သူ့မှာ တိုင်းပြည်ရေးအတွက် ရည်မှန်းချက်တွေရှိနေတယ်လို့ သံသယဝင်ခဲ့တာကြောင့် ကျိမိသားစုရဲ့ စိတ်ပိုင်းဆိိုင်ရာကျင့်ကြံရေးလမ်းစဥ်ကို ကျွန်တော်တစ်ယောက်တည်းကိုပဲ သင်ကြားပေးတော့တယ်။ ဒါပေမဲ့ အဲ့ဒါကပဲ ကျွန်တော်တို့ကြားမှာရှိနေတဲ့အက်ကွဲကြောင်းကို ပိုပြီးနက်ရှိုင်းသွားစေခဲ့တယ်ထင်ပါရဲ့။ အဖေဆုံးသွားတော့ ကျိလေက သူ့(အဖေ)ထိန်းချုပ်မှုအောက်မှာရှိတဲ့သူတွေကို သေသေသပ်သပ်ရှင်းလင်းခဲ့တယ်။ ဝါရင့်စစ်သည်တော်တွေအကုန်လုံး နန်းမြို့တော်ကနေ တခြားတစ်နေရာရာကို စေလွှတ်ခံခဲ့ကြရတယ်။ အဲ့နောက်ပိုင်း တော်ဝင်အစောင့်တပ်ဆိုတာ တစ်ချိန်ကတော်ဝင်အစောင့်တပ်လိုမျိုး လုံးဝမဟုတ်တော့ဘူး။"

"ဒါက ကံကြမ္မာပဲ။" ချီထိုက်ဖူက ရေရွှတ်လိုက်သည်။ "အရှေ့နန်းဆောင်ရဲ့လက်အောက်ငယ်သားတွေက အရာအားလုံးကို လက်တွဲပြီးလုပ်ဆောင်ခဲ့ကြပေမဲ့ အရှင့်သားကိုကယ်တင်ဖို့ ကျရှုံးခဲ့ရတယ်။ ဧကရာဇ်က အရှင့်သားကို မဟာတပ်ရင်းရှစ်ခုနဲ့ပူးပေါင်းပြီး ပုန်ကန်ဖို့ကြံစည်နေတာလို့ သံသယဝင်ခဲ့တယ်။ ကျိလေလက်အောက်မှာ တော်ဝင်အစောင့်တပ်က တိိုင်းပြည်ပုန်ကန်မှုနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြပြီး အဲ့ဒါကို အရှင့်သားနဲ့ဆက်စပ်နေမယ်လို့ အခိုင်အမာပြောခဲ့ကြတာ။ ဒီတော့ ငါတို့လူတွေကို မတရားသဖြင့် အကျဥ်းထောင်ထဲဆွဲထည့်ပြီး တော်တော်များများ အဲ့မှာအသက်ပေးလိုက်ကြရတယ်။ နှိပ်စက်မှုဒဏ်ကို မခံနိုင်တဲ့သူတချို့ကလည်း နောက်ဆုံးကျ ပြိုလဲကုန်ပြီး မကျူးလွန်ခဲ့တဲ့အပြစ်ကို ဝန်ခံလိုက်ကြတော့တာပဲ။ ဒီတော့ အိပ်ရာထဲလဲလျောင်းနေရတဲ့ ဧကရာဇ်က ဒေါသထွက်သွားတယ်။ ဖန်းရူကွေ့ရဲ့ သွေးထိုးစကားတွေနဲ့အတူ အရှင့်သားမှာ လွတ်လမ်းမရှိတော့ဘဲ ချောင်ပိတ်ဖမ်းခံခဲ့ရတာ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment