no

Font
Theme

အပိုင်း (၃) - ကြိမ်ဒဏ်သေမိန့် (၁)

တော်ဝင်အကျဥ်းထောင်ထဲရှိ မီးတုတ်များက မှိန်ဖျဖျဖြစ်နေပြီး ရှန်ဇယ်ချွမ်းတစ်ယောက် ခြေလက်များအေးစက်လာကာ အသက်ရှူကျပ်လာခဲ့သည်။ သူ့ကိုချည်နှောင်ထားသောကြိုးများက သိပ်ကိုတင်းကျပ်နေပြီး သူ မည်မျှပွတ်တိုက်ရုန်းကန်နေပါစေ မလွတ်မြောက်နိုင်ခဲ့ချေ။

သူ့ရင်ဘတ်ပေါ်ဖိထားသည့် မြေဆီလွှာအိတ်ကြောင့် နက်ရှိုင်းသောရေကန်ထဲ အနှစ်ခံထားသလို ခံစားနေရ၏။ သူ့နားထဲမှာ တဝီဝီမြည်နေပြီး အသက်ရှူသံများကလည်း ကမောက်ကမဖြစ်လာကာ ရေနစ်သူလို လေကိုအလုအယက်ရှူနေရကြောင်း သူ့ကိုယ်သူသိလိုက်ရသည်။

သံတိုင်များအနောက်မှ တဖျပ်ဖျပ်တောက်ပနေသော မီးအလင်းကိုအားပြု၍ ရှန်ဇယ်ချွမ်း၏မျက်လုံးများက လှည့်ပတ်ကြည့်ရှုလိုက်သည်။

ခန်းမထဲ၌ တူညီဝတ်စုံများနှင့် အစောင့်တော်တော်များများသည် အရက်သောက်သည့်ကစားနည်းကို ကစားနေသည့်အတွက် အော်ဟစ်ဆူညံနေပြီး ရှန်ဇယ်ချွမ်း၏အခက်အခဲကို လုံးလုံးလျားလျား ဂရုမစိုက်ခဲ့ကြပေ။ သူက မြေဆီလွှာအိတ်အလေးချိန်ကြောင့် သစ်သားခုတင်ထက်ရှိ မြက်ခြောက်ဖျာကြမ်းပေါ်မှာ မလှုပ်မယှက်ပိနေပြီး အသက်ရှူကျပ်သည့်ခံစားချက်က ဒီရေလှိုင်းကဲ့သို့ သူ့ကိုတိုက်စားသွားခဲ့သည်။

ဝေဝါးနေသော အမြင်အာရုံနှင့်အတူ ရှန်ဇယ်ချွမ်း ခေါင်းမော့ကာ အံတင်းတင်းကြိတ်၍ သူ၏ခြေထောက်များကို လှုပ်ရှားဖို့ ကြိုးစားလိုက်သည်။ ထောင်ကြိမ်လုံးဖြင့် အရိုက်ခံခဲ့ရသော သူ၏ခြေထောက်များကို မြှောက်လိုက်သောအခါ ထုံထိုင်းနေပြီး ဘာခံစားမှုကိုမှ မသိနိုင်ခဲ့ပေ။ ခြစားထားပြီး အရင်ရက်တုန်းက သူ့အလေးချိန်ကြောင့်ပျက်စီးပြီးသားဖြစ်နေသည့် သစ်သားခုတင်၏ဘယ်ဘက်ထောင့်ကို သူ့ခြေထောက်ဖြင့် ဆောင့်ချလိုက်သည်။

အသက်ရှူရတာ ပို၍ပင်ပန်းလာ၏။

ရှန်ဇယ်ချွမ်းက အားကုန်သုံးကာ ထိုခုတင်ထောင့်ကိုဆောင့်ကန်လိုက်သော်လည်း သူ၏ခြေလက်များက အလွန်အားနည်းနေသည့်အတွက် ထိရုံမျှသာထိသွားပြီး ကန်သံတောင်မကြားရလုနီးပါးပင်။ သစ်သားပျဥ်ချပ်က ခိုင်ခံ့နေဆဲဖြစ်သည်။ ချွေးအေးများက သူ့နဖူးပေါ်ကနေ စီးကျလာပြီး သူ့နောက်ကျောကအဝတ်များလည်း စိုရွှဲနေလေပြီ။

သူ အသက်ရှင်ချင်သည်။

ရှန်ဇယ်ချွမ်း သူ့လျှာသူကိုက်ရင်း လည်ချောင်းထဲကနေ ညည်းတွားသံပြုလိုက်သည်။ အသစ်တစ်ဖန် စိတ်ပိုင်းဖြတ်မှုနှင့်အတူ သူ ခုတင်ထောင့်ကို ဆက်လက်ဆောင့်ချလိုက်၏။

ကျိမု၏ရုပ်ပျက်ဆင်းပျက်အလောင်းက ရှန်ဇယ်ချွမ်း၏ရှင်သန်လိုသောဆန္ဒကို လောင်စာထပ်ဖြည့်ပေးခဲ့ပြီး ကျိမု၏အသံက သူ့နားထဲ ပဲ့တင်ထပ်နေဆဲ။

သူ အသက်ဆက်ရှင်ရမယ်!

ပြင်းထန်သောစိတ်ပိုင်းဖြတ်မှုနှင့်အတူ ရှန်ဇယ်ချွမ်း သစ်သားခုတင်ထောင့်ကို ထပ်တလဲလဲဆောင့်ကန်နေခဲ့၏။ နောက်ဆုံးတော့ 'ဒုတ်ခနဲ' အသံကိုကြားလိုက်ရပြီး သစ်သားခုတင်တစ်ဝက်လောက်က ပြိုကျသွားရာ သူ့ခန္ဓါကိုယ်ကလည်း စောင်းသွားသဖြင့် သူ့ကိုယ်ပေါ်မှမြေဆီလွှာအိတ်များကလည်း ပြုတ်ကျသွားခဲ့လေသည်။ ရေထဲကနေ ရေမျက်နှာပြင်အထက်သို့ ပေါ်ထွက်လာသော လင်းပိုင်တစ်ကောင်ကဲ့သို့ ရှန်ဇယ်ချွမ်းတစ်ယောက် မြေပြင်ပေါ်မှာ လေကိုအမောတကောရှူရှိုက်နေခဲ့သည်။

မြေပြင်က အေးစက်နေပြီး ဒဏ်ရာရထားသော ရှန်ဇယ်ချွမ်း၏ခြေထောက်များက သူ့အမိန့်တို့ကို မနာခံခဲ့တော့ပေ။ သူ့ကိုယ်သူ တံတောင်ဆစ်ဖြင့်ထောက်ကာ အားပြုလိုက်ပြီး နှာခေါင်းထက်ကနေ ချွေးများစီးကျနေခဲ့သည်။ အကျဥ်းထောင်က အေးစက်နေသော်လည်း သူ့တစ်ကိုယ်လုံး ပူလောင်နေပြီး အတွင်းအင်္ဂါများလည်း မီးမြှိုက်ခံနေရသလိုနှယ်။ ထပ်ပြီးသည်းမခံနိုင်တော့သည့်အဆုံး သူ ခေါင်းငုံ့ကာ လေများကိုအော့အန်နေခဲ့သည်။

သောက်ကျိုးနည်းရှန်ဝေ့။

ပြည်နယ်ခြောက်ခုရှိ ကာကွယ်ရေးတပ်များနှင့်အတူ ကျုံးပေါ်၌ စစ်သည်တော် ၁၂၀၀၀၀ ရှိသည်။ ချာရှီမြစ်၌ ရှုံးနိမ့်ပြီးနောက် ပျန်းရှားမြင်းတပ်က သွင်ကျိုးကို ထိုးဖောက်ဝင်ရောက်ခဲ့သည်။ စစ်ဆေးမေးမြန်းသူ၏အဆိုအရ ပြန်လည်ကောင်းမွန်လာဖို့ အခွင့်အရေးရှိခဲ့၏။ ရှန်ဝေ့မှာ ခိုင်မာပြီး လက်နက်ကိရိယာပြည့်စုံသည့် စစ်တပ်တစ်ခုနှင့် လုံလောက်သောရိက္ခါများရှိရုံသာမက သွမ်းကျိုးမြို့သုံးမြို့၏ မြို့စောင့်တပ်များလည်း ရှိနေသေးသည်။ သို့သော် လူတိုင်းအံ့သြသင့်သွားအောင် သူက သွမ်းကျိုးကိုစွန့်ပစ်ခဲ့ပြီး သူရဲဘောကြောင်စွာဖြင့် သွင်ကျိုးရှိ သူ၏နေအိမ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ထိုရှောင်တိမ်းမှုက ကျုံးပေါ်ကျဆုံးခြင်း၏ အစဖြစ်လာခဲ့သည်။ သွမ်းကျိုးမြို့သုံးမြို့မှာ ပျန်းရှားမြင်းတပ်ဆီကနေ ရွတ်ရွတ်ချွံချွံဖျက်ဆီးဆံခဲ့ရပြီး ကာကွယ်ရေးတပ်သားများသည်လည်း တောင်ပိုင်းသို့ ဝရုန်းသုန်းကားဆုတ်ခွာခဲ့ကြရ၏။ ၎င်းတို့က ရှန်ဝေ့တစ်ယောက် သွင်ကျိုးမှာ ပျန်းရှားမျိုးနွယ်ဆယ့်နှစ်စုကို ဆန့်ကျင်လိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း သူက အန္တရာယ်အငွေ့အသက်ကိုမြင်လိုက်သည်နှင့် နောက်တစ်ကြိမ်ထွက်ပြေးခဲ့လေသည်။

ဗဟိုစစ်တပ်က ဖြည်းဖြည်းမှန်မှန်ဆုတ်ခွာနေစဥ် ပျန်းရှားမြင်းစီးသူရဲများကတော့ ချွန်ထက်သောသံမဏိဓါးသွားများပမာ နယ်မြေခြောက်ခုလုံးကို ထိုးဖောက်ခဲ့ကြသည်။ ၎င်းတို့က ပေါ့ပါးသွက်လက်စွာမြင်းစီးလာရင်း တိုက်စစ်ကိုအားကိုးကာ သာ့ကျိုး၏မြို့တော်ဖြစ်သည့် ချွိတူးနှင့် မိုင်ရှစ်ရာလောက်သာကွာဝေးသည်အထိ ရောက်ရှိလာကြ၏။

ရှန်ဝေ့သာ ဆုတ်ခွာသွားရင်း စပါးကျီများကိုမီးရှို့ကာ မြေလှန်သည့်နည်းဗျူဟာကို ကျင့်သုံးခဲ့ပါမူ ပျန်းရှားမြင်းတပ်က ယခုလိုနက်နက်ရှိုင်းရှိုင်းထိ ထိုးဖောက်လာနိုင်မည်မဟုတ်ပေ။ ပျန်းရှားမြင်းတပ်၌ ထောက်ပံ့ရေးပစ္စည်းများကို ပို့ဆောင်မည့်တပ်အင်အားမရှိသည့်အတွက် ၎င်းတို့သိမ်းပိုက်ခဲ့သည့်မြို့များမှ ရိက္ခါများကိုသာ အမှီသဟဲပြုခဲ့ကြရသည်။ ထို့ကြောင့် မြို့တွင်းသိုလှောင်ထားသည့်ဆန်စပါးများကို မီးရှို့ဖျက်ဆီးလိုက်ပါက အသန်မာဆုံးသောပျန်းရှားမြင်းတပ်က ဗိုက်ဟောင်းလောင်းဖြစ်သွားကြလိမ့်မည်။

ဗိုက်ဟောင်းလောင်းဖြင့်တိုက်ခိုက်ခြင်းက ရေရှည်မတည်တံ့နိုင်ပေ။ ထိုအချိန်ဆို မြောက်ပိုင်းသံချပ်ကာမြင်းတပ်ကလည်း ရေခဲမြစ်ကို ဖြတ်သန်းလာပြီး ပျန်းရှားမျိုးနွယ်ဆယ့်နှစ်စု၏ ပြေးပေါက်များကို ဖြတ်တောက်နိုင်လိမ့်မည်။ ငါးပြည်နယ်မှ ချီသုန်းမြို့စောင့်တပ်ကလည်း ထျန်းဖေးချွဲ့မှနေ၍ လွတ်မြောက်နိုင်သည့်လမ်းများကို ပိတ်ဆို့ထားလိုက်လျှင် သန်မာပါပေ့ဆိုသော ဤပျန့်ရှားမြင်းတပ်များတောင် ဆောင်းတွင်းကြီးမှာ အသက်ရှင်သန်နိုင်တော့မည်မဟုတ်။

သို့သော် ရှန်ဝေ့က ထိုသို့မလုပ်ခဲ့ချေ။

သူက မခုခံခဲ့ရုံသာမက မြို့ထဲမှရိက္ခါများအားလုံးကို ပျန်းရှားမြင်းတပ်အတွက် ချန်ရစ်ပေးခဲ့သည်။ ၎င်းတို့က သာ့ကျိုးပြည်သူများ၏ ဆန်စပါးကိုစားသုံးကာ ပြည်သူများအားလုံးကို သုတ်သင်ခဲ့ကြ၏။ ရှန်ဝေ့၏ဂရုစိုက်မှုဖြင့် ဝဝလင်လင်ဖြစ်ခဲ့သော ၎င်းတို့၏မြင်းများက ပြည်သူများနှင့် စစ်သည်တော်များကို ချာရှီမြေတွင်းကြီးထဲ မောင်းထုတ်ဖမ်းဆီးကာ ညတွင်းချင်း သတ်ဖြတ်ပစ်ခဲ့သည်။

ရှန်ဇယ်ချွမ်းတစ်ယောက်တည်းသာ သေဘေးကနေ သီသီလေးလွတ်မြောက်လာခဲ့၏။

ယခု ချွိတူးမှာ ကိစ္စများကို ဖြေရှင်းရန်လိုအပ်နေ၏။ ရှန်ဝေ့မသေခင် ချမှတ်ခဲ့သောအမိန့်များက အလျင်လိုနေဟန်ပေါ်ပြီး အထဲကနေ ပျန်းရှားမျိုးနွယ်ဆယ့်နှစ်စုနှင့် လျှို့ဝှက်ပူးပေါင်းထားသလို ထင်ရစေသည်။ သို့သော်လည်း ရှန်ဝေ့က သက်သေအထောက်အထားများအားလုံးနှင့်အတူ ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေခဲ့ပြီး ကျွမ်းကျင်သောတော်ဝင်အစောင့်တပ်ကိုတောင် ကူကယ်ရာမဲ့သွားစေခဲ့သည်။

ဧကရာဇ်က အမှန်တရားကို ဖော်ထုတ်ချင်နေသဖြင့် တစ်စုံတစ်ခုသိထားနိုင်သော ရှန်ဇယ်ချွမ်းကိုသာ ဆက်လက်စစ်ဆေးခဲ့ကြရ၏။ သို့သော် ရှန်ဇယ်ချွမ်း၏အမေက သွမ်းကျိုးရှိ အကမယ်တစ်ဦးဖြစ်ပြီး ရှန်ဝေ့က ရှစ်ယောက်မြောက်မွေးဖွားလာသော မထင်မရှားသားတစ်ယောက်ကို သွမ်းကျိုးအပြင်သို့မောင်းထုတ်ခဲ့သည်။ ဖြစ်နိုင်သည်မှာ ရှန်ဝေ့ ဤသားရှိနေမှန်းကိုတောင် မေ့လျော့သွားလောက်ပြီ။

တစ်စုံတစ်ယောက်က သူ့ကိုသေစေချင်နေ၏။

သူက သူ့အဖေ၏အပြစ်ကိုခံယူဖို့ ချွိတူးကို ဝင်ရောက်လာခဲ့ခြင်းမှာ လျှို့ဝှက်ချက်မဟုတ်ပေ။ ကျုံးပေါ်၏ ရှန်မိသားစုအကြွင်းအကျန်တစ်ယောက်အဖြစ် သူ သူ့အဖေ၏အပြစ်ကြွေးကို ဆပ်ရလိမ့်မည်။ တော်ဝင်အကျဥ်းထောင်၌ စစ်ကြောရေးပြီးလျှင် ဧကရာဇ်သည် ကျုံးပေါ်ရှိ ချာရှီတိုက်ပွဲ၌ အသက်စွန့်ခဲ့ကြရသော စစ်သည်တော်သုံးသောင်းအတွက် ဝမ်းနည်းပူဆွေးမှုကိုပြသရန် သူ့အသက်ကို သေချာပေါက်အသုံးချလိမ့်မည်။

သို့သော် ဤကဲ့သို့လုပ်ကြံမှုမျိုးကတော့ ဖြစ်မလာသင့်ပေ။

ရှန်ဇယ်ချွမ်း သူ့ပါးစပ်ထောင့်ကို လက်မဖြင့်ပွတ်သုတ်လိုက်ပြီး သူ့ပါးစပ်ထဲမှသွေးများကို ထွေးထုတ်လိုက်၏။

ရှန်ဝေ့သာ ပုန်ကန်ဖို့အတွက် ရန်သူများနှင့် အမှန်တကယ်ပူးပေါင်းခဲ့ပါက ရှန်ဇယ်ချွမ်းက အနှေးနှင့်အမြန်ဆိုသလို သေဆုံးရလိမ့်မည်။ မထင်မရှား၊ နိမ့်ကျသည့်ကိုယ်လုပ်တော်၏သားတစ်ယောက်ကို အလုပ်ရှုပ်ခံပြီး အဘယ့်ကြောင့်လုပ်ကြံနေမည်နည်း။ အကယ်၍ ချွိတူးရှိတစ်စုံတစ်ယောက်က စစ်ကြောရေးကို စိုးရိမ်နေသည်ဆိုပါက ရှန်ဝေ့၏ရှုံးနိမ့်မှုနှင့်ပတ်သက်ပြီး မသင်္ကာစရာတစ်စုံတစ်ခုကတော့ ရှိနေလောက်သည်။

သို့သော် ရှန်ဇယ်ချွမ်း ဘာမှမသိပေ။

သွမ်းကျိုးမှာ သူ့ဆရာနှင့် ဆရာ၏တစ်ဦးတည်းသောသားဖြစ်သူ၊ သူ့ကောကော ကျိမုတို့သာရှိသည်။ သူ့အတွက် ရှန်ဝေ့က ကျန့်ရှင်းမြို့စားဖြစ်ပြီး သူ့ဘဝနှင့်မသက်ဆိုင်ချေ။ ထို့ကြောင့် ရှန်ဝေ့ ရန်သူများနှင့်ပူးပေါင်းခဲ့သလားကို သူ မသိပေ။

သို့သော်လည်း သူသေသည်အထိ ဘူးတစ်လုံးဆောင်ရမည်။

မြေပြင်က ခါးသီးလောက်အောင် အေးစက်နေသော်လည်း ရှန်ဇယ်ချွမ်းက ထိုနေရာမှာလဲလျောင်းနေပြီး အေးစက်မှုက သူ့ကို ပိုလို့တောင်သတိရှိစေခဲ့၏။ သူက ဖမ်းဝရမ်းများ၊ ဆင့်ခေါ်စာများနှင့် တော်ဝင်အမိန့်များအားလုံးကို တိုက်ရိုက်ကျော်ဖြတ်ခဲ့သလို တရားရေးရာအင်္ဂါသုံးရပ်ဖြင့် ပူးတွဲစစ်ဆေးမှုကိုပါ ဖြတ်ကျော်လာခဲ့ပြီး လီပေမင်းသား ရှောင်းကျိမင်၏လက်ထဲကနေ တော်ဝင်အကျဥ်းထောင်ဆီသို့ တိုက်ရိုက်အပို့ခံခဲ့ရသော ပြစ်မှုကြီးလေးသည့် အကျဥ်းသားတစ်ဦးဖြစ်သည်။

ဤသည်မှာ မည်သူ့ကိုမှမသက်ညှာဘဲ စေ့စေ့စပ်စပ်စုံစမ်းစစ်ဆေးမည့် ဧကရာဇ်၏စိတ်ပိုင်းဖြတ်မှုကို မီးမောင်းထိုးပြနေလေ၏။ သို့သော် ယခုလိုအခြေအနေများအောက်မှာ ဧကရာဇ်ကိုယ်တိုင် စစ်ဆေးမေးမြန်းခြင်းမပြုရသေးခင် သူ့ကိုသတ်ဖို့ မည်သူက စွန့်စားဝံ့သနည်း။

အေးစက်သောလေပြင်းများက ပြတင်းတံခါးမှတစ်ဆင့် တိုးဝင်လာပြီး ရှန်ဇယ်ချွမ်းတစ်ယောက် မျက်စိမမှိတ်ဝံ့ဘဲ မျက်လုံးများကိုလှန်ကာ မည်းမှောင်နေသောနံရံကိုသာ စိုက်ကြည့်နေခဲ့သည်။

နောက်တစ်နေ့မနက်တွင် ရာသီဥတုက အေးစက်နေပြီး ရှန်ဇယ်ချွမ်း ခန်းမထဲကို ခေါ်သွားခံခဲ့ရသည်။ အပြင်ဘက်တွင် နှင်းများ သိပ်သိပ်သည်းသည်း ကျဆင်းနေ၏။ မနေ့တုန်းက တင်းမာသောမျက်နှာကြီးဖြင့် သူ့ကိုစစ်ဆေးမေးမြန်းခဲ့သူက ယခုမှာမူ အပြုံးတစ်ခုဆင်မြန်းလျက် ခမ်းနားသောကုလားထိုင်၏နံဘေး၌ လေးလေးစားစားရပ်နေပြီး လက်နှက်ဖက်ဖြင့် လက်ဖက်ရည်ပန်းကန်ကို ဆက်သနေခဲ့သည်။

ကုလားထိုင်ပေါ်ထိုင်နေသူက မျက်နှာအမွေးအမျှင်များကင်းစင်ပြီး ထျန်းဟယ့်ကတ္တီပါဦးထုပ်ကိုဆောင်းကာ ဘူးသီးပုံသဏ္ဌာန် အနွေးဝတ်ရုံကို ဝတ်ဆင်ထား၏။ အနွေးဝတ်ရုံအား သူ့ကိုယ်ပေါ်ကနေမချွတ်ရသေးဘဲ အဖိုးတန်ကျောက်စိမ်းနှင့်ပြုလုပ်ထားသော ရွှေသလဲသီးအနွေးအိုးကို ဆုပ်ကိုင်ထားရင်း မျက်လုံးများကိုမှိတ်ထားသည်။ ဆူဆူညံညံအသံများကို ကြားလိုက်ရသောအခါ သူက မျက်လုံးများဖွင့်လာပြီး ရှန်ဇယ်ချွမ်းကို ကြည့်လာခဲ့သည်။

"ကန်းတျဲ။" တော်ဝင်စစ်ကြောရေးကို တာဝန်ပေးခံရသူ ကျိလေက ဦးညွတ်လိုက်သည်။ "ဒါက ကျန့်ရှင်းမြို့စား၊ ရှန်ဝေ့ရဲ့ အကြွင်းအကျန်ပါ။

[TN/ ကန်းတျဲ - မွေးစားအဖေ။]

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment