no

Font
Theme

အပိုင်း (၅၇) - ကံကြမ္မာ (၁)

"အော။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။

ယင်းမှာ ရှောင်းချီရယ်လိုချင်သော တုံ့ပြန်မှုမဟုတ်ပေ။ သူက သူ့ကိုပြန်ကြည့်ကာ မေးလိုက်သည်။ "ဘာလို့ ပြန်ရန်မတွေ့တာလဲ။"

ရှန်ဇယ်ချွမ်းက သူ၏ထီးကိုဖွင့်လိုက်၏။ "ကျွန်တော့်ကို အိမ်မှာစောင့်နေတဲ့ မိသားစု ဒါမှမဟုတ် သူငယ်ချင်းမှမရှိတာ။ ဘာလို့ ပြန်ချင်ရမှာလဲ။"

ရှောင်းချီရယ်က လက်ကိုင်ပဝါကိုကောက်ယူကာ သူ့လည်ကုပ်ပေါ်မှ မိုးရေများကို သုတ်လိုက်ပြီး ထရပ်လိုက်သည်။ "ဟုတ်သားပဲ။ သူတို့အားလုံး သွင်ကျိုးက ကျန့်ရှင်းဘုရင်ရဲ့အိမ်တော်မှာ ရှင်းလင်းခံလိုက်ရပြီ။ မင်းအခြေအနေနဲ့ ပြန်သွားရင် ပြည်နယ်တစ်ခုလုံးကလူတွေ မင်းကို ဆဲဆိုကြိမ်းမောင်းနေကြမယ်ထင်တယ်။"

"ဒီဘဝမှာ။" ရှန်ဇယ်ချွမ်းက ရှောင်းချီရယ်ကို တိတ်တဆိတ်ကြည့်ကာ ပြောလိုက်သည်။ "မှားယွင်းတဲ့မိသားစုမှာ မွေးဖွားလာတဲ့အတွက် ခံစားကြရမှာပဲ။"

ရှောင်းချီရယ်က သူ့ကိုမကြည့်ဘဲ နဖူးပေါ်မှမိုးရေစက်များကို သုတ်နေ၏။ "ဒါဆို မင်းက ဘာဖြစ်လို့ အသက်ရှင်နေသေးတာလဲ။"

ရှန်ဇယ်ချွမ်းက ပြုံးလိုက်သည်။ "လူသန်းချီက ကျွန်တော့်ကို သေစေချင်နေပေမဲ့ သူတို့ရဲ့ဆန္ဒအတိုင်းခွင့်ပြုလိုက်ရင် ကျွန်တော်က ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေး အနားယူခွင့်ရပါတော့မလဲ။"

"မင်း အသက်ရှင်ချင်ရင် ကျောင်းကျွေ့ဘုရားကျောင်းမှာပဲ ဆက်ရှိနေသင့်တယ်။"

မြေပြင်ပေါ်မှ ဗွက်အိုင်ကိုရှောင်ရန် ခြေနှစ်နှစ်လှမ်းလိုက်ပြီးနောက် ရှန်ဇယ်ချွမ်းက ဖြေလိုက်သည်။ "ကျွန်တော် အဲ့ဒီမှာဆက်ရှိနေရင် ခင်ဗျားက ကျွန်တော်ကွပ်မျက်ခံရတာကိုမြင်တွေ့ရဖို့ ကြိုးစားနေဦးမှာပဲ။ ရှောင်းချီရယ်၊ ခင်ဗျား ဖုံးကွယ်ဖို့ကြိုးစားရင်တောင် ခင်ဗျားက အပေါ်ကနေငုံ့ကြည့်ရတာနဲ့ ကျင့်သားရနေပြီးသားလေ။ ခင်ဗျားက ဒီနေ့ ခင်ဗျားကိုအထင်သေးခဲ့တဲ့သူတွေနဲ့ ဘာမှကွဲပြားမှုမရှိဘူး။ ဒါပေမဲ့ အဲ့ဒီမျက်လုံးတွေအားလုံးက ခင်ဗျားအတွက် နာကျင်ရမှာပဲ။"

သူက ရယ်မောကာ ရှောင်းချီရယ်၏ကျောကို ပုတ်ပေးလိုက်သည်။ "ကျွန်တော်က အသက်ရှင်ဖို့ကြိုးစားနေပြီး ခင်ဗျားက သေဖို့ကြိုးစားနေတာ။ တစ်ချိန်က ရှောင်းမျိုးနွယ်က ကျွန်တော့်ကိုပိတ်လှောင်ခဲ့တယ်၊ အခု လီမိသားစုက ခင်ဗျားကို တစ်ထပ်တည်းပြန်လုပ်နေပြီ။ ဒီလောကကြီးရဲ့ နည်းလမ်းတွေက မဆန်းပြားပေဘူးလား။ လှောင်အိမ်ထဲကငှက်က အရင်တောအုပ်ကိုတောင့်တနေပြီး ကန်ထဲကငါးကတော့ မြစ်ချောင်းကိုတောင့်တနေတယ်။ ခင်ဗျားရဲ့ဘဝကို အစကတည်းက သတ်မှတ်ပြီးသား။ ခင်ဗျား အိမ်မပြန်နိုင်ရင် ခင်ဗျားက အချည်းနှီးသောရည်မှန်းချက်တွေနဲ့ အခွံသက်သက်ပဲဖြစ်လာမှာ။ ဒီလောကမှာ ရင်နာစရာအကောင်းဆုံးက ဝံပုလွေကို ခွေးအဖြစ် လေ့ကျင့်ခံရတာပဲ။ ခင်ဗျားရဲ့အစွယ်တွေက ချွိတူးမှာ အချိန်ဘယ်လောက်ကြာကြာ ထက်နေနိုင်မှာတဲ့လဲ။"

ရှောင်းချီရယ်က သူ့ကိုလှည့်ကြည့်လိုက်သည်။ "ဆောင်းဦးအမဲလိုက်ပွဲတုန်းက မင်း ငါ့နောက်ကိုလိုက်ခဲ့ပြီး ငါ့အသက်ကို ကယ်ပေးခဲ့တာက ဒီဝမ်းမြောက်စရာအခိုက်အတန့်အတွက်လား။"

"ကျွန်တော်က ဘယ်သူမှမဟုတ်တဲ့ မထင်ရှားတဲ့သူပါ။" ရှန်ဇယ်ချွမ်းက ပျော့ပျောင်းစွာပြောလိုက်သည်။ "ကျွန်တော် ပေါ်မလာရင်တောင် ခင်ဗျား အသက်ရှင်နိုင်မှာပဲ။"

"မင်းက ဘာပြောချင်တာလဲ။" ရှောင်းချီရယ်၏ ထွေနေသောစိတ်များက ပျောက်ကွယ်သွား၏။

"ကျေးဇူးဆပ်တာ။" ရှန်ဇယ်ချွမ်း၏ထီးက ရှောင်းချီရယ်ကိုပါ မိုးပေးထားသည့်အလျောက် နှစ်ဦးသားက နီးကပ်စွာရပ်နေခဲ့ကြသည်။ "ကျွန်တော့်ကို မသတ်ခဲ့တဲ့အတွက် ကျေးဇူးပြန်ဆပ်တာ။"

ရှောင်းချီရယ်က ရုတ်တရက်ဆိုသလို ရှန်ဇယ်ချွမ်း၏ကော်လဲကို ဆုပ်ကိုင်လိုက်သည်။ "မင်းရဲ့အကျင့်တွေကိုပြုပြင်ပြီး အရွက်အသစ်လေးဖြစ်လာပြီလို့ ငါထင်ခဲ့တာ။"

"ကျွန်တော် ဘာအမှားလုပ်ခဲ့လို့လဲ။" ရှန်ဇယ်ချွမ်း၏မျက်လုံးများထဲမှ အလင်းတန်းက ဆောင်းဦးမိုးထက်တောင် အေးစက်နေ၏။ သူက ရှောင်းချီရယ်ကိုတောင် တက်နင်းလုပါးအထိ အနားကိုတိုးလိုက်ပြီး မေးမြန်းလိုက်သည်။ "ကျွန်တော့်အပြစ်က ဘာလဲ။"

"မင်း ချာရှီမြေတွင်းထဲကတက်လာတော့ သွမ်ကျိုးရဲ့မြို့တွေကို မကြည့်ခဲ့ဘူးလား။" ရှောင်းချီရယ်၏ဆုပ်ကိုင်မှုက ပို၍တင်းကျပ်လာ၏။ "မြို့ကြီးရှစ်မြို့လုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာ။ ငါတို့မြင်းတွေ မြို့တံခါးကိုဖြတ်ကျော်လာတဲ့အချိန်မှာ ပြည်သူတွေရဲ့သွေးတွေက မြင်းခွာတွေမှာတောင် စိုရွှဲနေခဲ့တာ။"

"ရှန်ဝေ့ရဲ့တပ်ဖွဲ့တွေ အရေးနိမ့်သွားခဲ့တယ်။" နောက်ဆုံးတော့ ရှန်ဇယ်ချွမ်းက သူ၏မျက်နှာဖုံးကို ဆုတ်ဖြဲလိုက်ပြီး တောက်လောင်နေသော သူ၏အမုန်းတရားများကို ဖော်ထုတ်ပြလိုက်သည်။ "ကျုံးပေါ်ရဲ့တပ်သားသုံးသောင်း ချာရှီမြေတွင်းထဲမှာ မြှုပ်နှံခံခဲ့ရတယ်! အဲ့ဒီနေ့မှာပဲ ကျွန်တော့်အစ်ကိုနဲ့ ရှစ်နျန်ကို ကျွန်တော်ဆုံးရှုံးခဲ့ရတာ! ဒါကို ဘာဖြစ်လို့ ကျွန်တော့်ကို အပြစ်တင်နေရတာလဲ။"

"ရှန်ဝေ့က အသတ်ခံရဖို့ ထိုက်တန်တယ်!" ရှောင်းချီရယ်ကလည်း ထိန်းချုပ်မှုလွတ်သွားပြီး ရှန်ဇယ်ချွမ်းကို နံရံနှင့်ဖိကပ်လိုက်သည်။ "ရှန်ဝေ့က သေဖို့ထိုက်တန်တယ်! မင်းမျိုးရိုးနာမည်က ရှန်ပဲ! မင်းက ဘယ်လိုလုပ်ပြီး အပြစ်ကင်းနိုင်မှာလဲ!"

ရှန်ဇယ်ချွမ်းတစ်ယောက် ရှောင်းချီရယ်ဆီကနေ နံရံနှင့်ဖိကပ်ခံလိုက်ရသဖြင့် ဆီစိမ်စက္ကူထီးက မြေပြင်ပေါ် ပြုတ်ကျသွားခဲ့ပြီး သူ၏ခြေချောင်းလေးများက မြေပြင်ကို ထိသည်ဆိုရုံသာထိနေခဲ့သည်။ သူက သူ၏ဒူးဖြင့် ရှောင်းချီရယ်၏ရင်ဘတ်ကို တိုက်လိုက်ပြီး ရှောင်းချီရယ်က နာကျင်မှူကြောင့် ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားသော်လည်း သူ့ကို လွှတ်မပေးခဲ့ပေ။ ရှန်ဇယ်ချွမ်းကို ကော်လံကနေဆွဲပြီးနောက် မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်၏။

တစ်ဖွဲဖွဲကျနေသောမိုးများက သည်းထန်စွာရွာသွန်းလာ၏။ မှောင်မည်းနေသော လမ်းကြားထဲကနေ အိုးခွက်ပန်းကန်များ ပြုတ်ကျပြီး နင်းခြေခံလိုက်ရသည့်ဆူညံသံများက ဆက်တိုက်ထွက်ပေါ်လာခဲ့၏။ ရှန်းယွင်စားသောက်ဆိုင်ထဲမှာ ထိုဆူညံသံများကြောင့် ရှောင်းချီရယ်ကို စောင့်နေသော ပြည့်တန်ဆာများကို ထိတ်လန့်သွားစေခဲ့သည်။ ၎င်းတို့က တံခါးဘောင်ကိုမှီ၍ ၎င်းတို့၏သစ်သားဖိနပ်များကို လက်ထဲမှာကိုင်လျက် ချောင်းကြည့်နေကြ၏။

"ဒါတွေက ဘာတွေလဲ!" စားသောက်ဆိုင်ပိုင်ရှင် မဒမ်ရှန်းယွင်က ဝတ်ရုံတစ်ထည်ကို အလျင်အမြန်ပခုံးပေါ်လွှားကာ သစ်သားဖိနပ်ကိုစီး၍ ပြေးထွက်လာခဲ့၏။ "သခင်လေးတို့ရယ်! ကောင်းကောင်း ဆွေးနွေးကြပါဦး! ဒါက ရန်ဖြစ်ရလောက်အောင်ထိ မထိုက်တန်ပါဘူး!"

ရှန်ဇယ်ချွမ်းက ရှောင်းချီရယ်ပေါ် ခွထိုင်ထားပြီး သူ့ခေါင်းကို တစ်ဖက်သို့စောင်းသွားအောင်ထိ ထိုးချလိုက်၏။ ရှောင်းချီရယ်က ရှန်ဇယ်ချွမ်း၏လက်ကောက်ဝတ်ကို ဖမ်းယူဆုပ်ကိုင်ပြီး သူ့ကိုယ်နှင့် ပြင်းပြင်းထန်ထန် ဆွဲကပ်လိုက်သည်။ ထို့နောက် သွေးများဖြင့်နေသောသွားများကို လျှာဖြင့်သပ်ကာ ပြောလိုက်သည်။ "မင်းရော ငါရော သက်သောင့်သက်သာနေရဖို့ အိပ်မက်မက်နိုင်မှာမဟုတ်ဘူး!"

ရှန်းယွင်က သူ(မ)၏အစေခံများကို ခေါ်ထားပြီးဖြစ်ရာ ၎င်းတို့နှစ်ယောက်ကို ခွဲထုတ်လိုက်ကြသည်။ ရှောင်းချီယယ်က သူ့လက်မောင်းများကို ရုန်းလိုက်ချိန်မှာ သန်မာသောအစေခံများကတောင် လက်များထုံကျဉ်သွားခဲ့ကြ၏။ သို့သော်လည်း သူက ထပ်ပြီးမခုန်အုပ်တော့ဘဲ သူ့မျက်နှာပေါ်မှ ပေါက်ပြဲနေသောအရေပြားကို သူ၏လက်ချောင်းများနှင့်သုတ်ကာ မာန်မဲလိုက်လေ၏။ "ဖယ်စမ်း!"

ကိစ္စများငြိမ်သွားကြောင်း တွေ့လိုက်ရသောအခါ ရှန်းယွင်က အလျင်အမြန်လှုပ်ရှားကာ အစေခံများကို ဝမ်ရယ်အိမ်သို့သွား၍ အကူအညီတောင်းဖို့ အလျင်အမြန်ညွှန်ကြားလိုက်သည်။ သို့သော် ၎င်းတို့ မလှုပ်ရှားနိုင်ခင် ရှောင်းချီရယ်က ပြောလိုက်သည်။ "ငါ့အဖေကို သတင်းပို့ရဲတဲ့သူမှန်သမျှကို ခြေထောက်တွေ ရိုက်ချိုးပစ်မယ်!"

ရှန်းယွင်က ပျော့ပျောင်းသောလေသံဖြင့် ပြောလိုက်၏။ "ဒါဆို ဒါက ဘယ်လိုဖြစ်ရတာပါလဲ။ အာ့ကုန်းကျစ်က အမြဲတမ်း ဆန့်ကျင်ဘက်လိင်အပေါ်မှာ အရမ်းကြင်နာနူးညံ့တတ်တာကို ဒီကနေ့မှာ ဘာဖြစ်လို့ မိန်းကလေးတွေကို ခြောက်လှန့်ရတာပါလဲ။ လူကြီးလူကောင်းတွေ အရက်သောက်ပြီး သဘောထားမတိုက်ဆိုင်မှုတွေရှိတတ်တာ သဘာဝပါပဲ။ ဒါကို အပြုံးလေးနဲ့ပဲ အဆုံးသတ်လိုက်ကြမယ်လေ၊ ဟုတ်ပြီလား။"

ရှောင်းချီရယ်က ထရပ်လိုက်ပြီး သူ့ဝတ်ရုံပေါ်မှ အညစ်အကြေးများကိုဖယ်ကာ ရှန်းယွင်ကို ပြောလိုက်သည်။ "ခင်ဗျား အထဲဝင်တော့။"

ရှန်းယွင်က သူ၏ဝတ်ရုံကိုဆုပ်ကိုင်၍ သူ့ကိုဖျောင်းဖျရန် ကြိုးစားလိုက်သည်။ "အာ့ကုန်းကျစ်၊ အပြင်မှာအရမ်းအေးပါတယ်..." သို့သော် သူ(မ)၏ရဲတင်းမှုများ ပျောက်ကွယ်သွားပြီး သူ(မ)၏အသံက အဖျားရှူးသွားလေ၏။ ထို့နောက် သူ(မ)က ပြည့်တန်ဆာများကို လက်ဝှေ့ယမ်းပြကာ အထဲကို ပြန်ခေါ်သွားခဲ့သည်။ တံခါးကို အနည်းငယ်ဟထားဆဲဖြစ်ပြီး မိန်းကလေးများက အထဲကနေချောင်းကြည့်နေကြသလို ပြတင်းပေါက်မှာလည်း လူများတစ်နေလေ၏။

ရှန်ဇယ်ချွမ်းက ထီးကိုကောက်ယူလိုက်သည်။ သူ၏အဝတ်များက ညစ်ပတ်ပေရေနေပြီး နက်မှောင်သော ဆံချည်မျှင်လေးများက မိုးရေစိုကာ သူ၏ပါးပြင်ပေါ် ကပ်တင်နေသဖြင့် သူ၏အရေပြားအား အရင်ကထင် ပို၍ဖြူဖျော့လာစေခဲ့သည်။

"နောက်တစ်ခါကျ။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "ကျွန်တော့်ကိုရှာမယ်ဆို ကျွန်တော့်အိမ်တံခါးရှေ့ကိုလာခဲ့ပါ။ နှစ်ပေါင်းရှစ်ရာတိုင်ရင်တောင် ကျွန်တော် ဒီလမ်းကြားကနေ လုံးဝဖြတ်မှာမဟုတ်တော့ဘူး။"

"မင်း ဒီကဖြတ်သွားမယ်ဆိုတာ ငါကြိုသိခဲ့ရင်။" ရှောင်းချီရယ်က ပြန်လည်ချေပလိုက်၏။ "ငါ အပြင်ထွက်လာမဲ့အစား အထဲမှာပဲ အန်နေလိုက်တယ်။"

ရှန်ဇယ်ချွမ်းက လှောင်ပြုံးပြုံးလိုက်သည်။ "ဒီလိုလမ်းကြိုလမ်းကြားလေးမှာ ရန်သူတွေတွေ့တယ်ဆိုတော့ ကမ္ဘာလောကကြီးက တကယ်ကိုကျဥ်းကျဥ်းပဲကိုး။ ဒါ ကံကြမ္မာပဲထင်တယ်။"

"လမ်းကျဥ်းလေးမှာ လူနှစ်ယောက်တွေ့ကြရင် အကောင်းဆုံးလူကပဲ အနိုင်ရလိမ့်မယ်။" ရှောင်းချီရယ်က သူ့ဆီ ခြေတစ်လှမ်းတိုးသွားလိုက်သည်။ "အခုကစပြီး ငါ မင်းကို အနီးကပ်စောင့်ကြည့်နေမယ်။"

"ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်ဖို့ အနိုင်နိုင်ဖြစ်နေတာတောင် ကျွန်တော့်အတွက် စိတ်ပူပေးဖို့ အချိန်ရှိသေးတယ်ပေါ့။" ရှန်ဇယ်ချွမ်းက သူ၏ထီးကိုမြှောက်ကိုင်ကာ နှစ်ဦးသားကြား အကွာအဝေးခြားလိုက်သည်။ "ခြေချောင်းတစ်ရာနဲ့အင်းစက်က သေသွားတာတောင် လဲကျမသွားဘူး။ အမဲလိုက်ပွဲကဖြစ်ရပ်တစ်ခုတည်းနဲ့ ခင်ဗျား ဟွားမျိုးနွယ်ကို ဒူးထောက်အောင်လုပ်နိုင်မယ်လို့ တကယ်ကြီးတွေးနေတာလား။ ခင်ဗျားက တကယ်ကို စိတ်ကူးယဥ်ဆန်တာပဲ။"

"မင်းက မင်းရဲ့အသက်ကိုကယ်ဖို့ပဲ အကောင်းဆုံးစဥ်းစားနေသင့်တယ်။" ရှောင်းချီရယ်က သူ၏ရင်ဘတ်ကို ထီးအစွန်းနှင့်ဖိလိုက်ပြီး သူ့အားပြောလာခဲ့သည်။ "မင်း ဧကရီမယ်မယ်ရဲ့ ကျောထောက်နောက်ခံမရှိဘဲ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မှာလဲ။"

"နဂါးပလ္လင်ပေါ်မှာ သခင်အသစ်ထိုင်နေပြီလေ။" ရှန်ဇယ်ချွမ်းက ပြောလိုက်၏။ "အာဏာကို ဘယ်သူဆုပ်ကိုင််ထားတာလဲဆိုတဲ့ အဲ့ဒီယူဆချက်အဟောင်းတွေကို ပြောင်းလဲပစ်ဖို့ အချိန်တန်ပြီမဟုတ်ဘူးလား။"

"ဒါပေမဲ့ မင်း ဘယ်သူ့ကိုမှ သတ်လို့မရဘူး။" ရှောင်းချီရယ်က ပြောလိုက်သည်။ "မင်းအပြစ်တင်ချင်ရင် ပျန်းရှားမြင်းတပ်နဲ့ ရှန်ဝေ့ကိုသာ အပြစ်တင်လိုက်။"

"ခင်ဗျား ဘာပဲပြောပြော။" ရှန်ဇယ်ချွမ်းက ကျိုးနွံ့သည့်ဟန်ဆောင်မှုကို အနွေးဝတ်သဖွယ် တစ်ဖန်လွှမ်းခြုံလိုက်သည်။ သူက ထီးကိုပြန်ရုပ်ကာ ရှောင်းချီရယ်ကို သိမ်မွေ့စွာပြောလိုက်လေသည်။ "ကျွန်တော် နားထောင်ပါ့မယ်၊ ဟုတ်ပြီလား။"

ရှောင်းချီရယ်စိတ်ထဲမှ အဓိပ္ပါယ်ဖော်ဆောင်လို့မရသောဒေါသက တစ်ဖန်မြင့်တက်လာ၏။ "သေချာပေါက် နားထောင်ရမှာပေါ့။ ဒါဆို ဒီနေ့ည ငါနဲ့နေပေး။"

"ခင်ဗျားက နူးညံ့ချိုမြိန်တဲ့ အမျိုးသမီးလေးတွေရဲ့အိပ်ရာမှာ အိပ်တတ်တာလေ။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "အဲ့ဒါကို တခြားယောက်ျားတစ်ယောက်နဲ့ မျှဝေချင်တာလား။ စိတ်မကောင်းပေမဲ့ ကျွန်တော့်မှာ အဲ့လိုအကျင့်မျိုးမရှိဘူး။"

ရှောင်းချီရယ်တစ်ယောက် ရှန်ဇယ်ချွမ်းကို မည်သို့ပင်ကြည့်နေပါစေ ထိုအမျိုးသားက ကောင်းမွန်သည့်ပုံပေါက်မနေချ။ "ဒီတော့ မင်းက အခုထွက်ပြေးတော့မှာလား။ စောစောက 'ငါဘာပဲပြောပြော' ဆိုတဲ့စကားက ဘယ်ရောက်သွားပြီလဲ။"

"ခင်ဗျား။" ရှန်ဇယ်ချွမ်းက သူ၏ဦးခေါင်းကို ညွှန်ပြလိုက်သည်။ "လွတ်သွားပြီလား။"

"တော်ဝင်အစောင့်တပ်ရဲ့ စစ်သည်တော်တိုင်း အခု တော်ဝင်စစ်တပ်အောက်မှာရောက်နေပြီ။" ရှောင်းချီရယ်က သူ့ကိုသတိပေးလိုက်သည်။ "ပြောပါဦး၊ ဘယ်သူက စိတ်လွတ်တဲ့သူလဲ။"

ရှန်ဇယ်ချွမ်းက ခဏရပ်တန့်ပြီးမှ တုံ့ပြန်လိုက်သည်။ "အာ့ကုန်းကျစ်က ကျွန်တော့်ကို ဘာလုပ်စေချင်တာပါလဲ။"

ရှန်ဇယ်ချွမ်းလက်သီး၏ အနီရောင်အမှတ်အသားက ရှောင်းချီရယ်၏ပါးပြင်ပေါ်မှာ ထင်းနေဆဲပင်။ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ရန်လိုမှုတို့က ပျောက်ကွယ်သွားပြီး ပျင်းရိနေသောသူတစ်ယောက်အသွင် အမူအရာတပ်ဆင်လိုက်သည်။ ထို့နောက် တံစက်မြိတ်အောက်မှ စင်္ကြံပေါ် ထိုင်လိုက်ပြီး သူ၏ဖိနပ်များကို လက်ညှိုးထိုးပြလာခဲ့သည်။

ရှန်ဇယ်ချွမ်း၏နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားလေ၏။ "ဟုတ်ပြီလေ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment