no

Font
Theme

ရှန်းမြို့တော်တွင် မတ်လ၌ မိုးသည်းထန်စွာရွာသွန်း၏။ မိုးဖွဲဖွဲနှင့် တသည်းသည်းဖြစ်နေသည်မှာ (၂)ပတ်ကျော်ကြာသွားသည်။ 




အစေခံကျင်းလုတစ်ယောက် နေ့လယ်ခင်း တစ်ရေးအိပ်နေရာမှ နိုးလာပြီးနောက် အခန်းကိုလှည့်ပတ်ရှာဖွေလိုက်ရာ စတုတ္ထသခင်မလေး ပျောက်နေသည်ကို သတိထားမိသွား၏။ ထိုအခိုက်အတန့်တွင် အိပ်ချင်မူးတူးဖြစ်နေသည့်စိတ်များလည်း ချက်ချင်း ‌ပျောက်ကွယ်သွားတော့သည်။ 




‘ခုနကလေးတင် တောင်ဘက်ပြတင်းပေါက်နားကအိပ်ရာမှာ အိပ်နေတုန်းရှိသေးတာကို။ ဘယ်လိုလုပ်ပြီး ချက်ချင်းပျောက်သွားရတာလဲ။’




သူ(မ) ကပျာကယာထလိုက်၏။ ဆီစိမ်စက္ကူထီးတစ်လက်ကိုယူကာ ကျင်းစီနှင့် ကျင်းကယ်ကို အတူထွက်ရှာရန်ခေါ်လိုက်သည်။ သို့သော် ခြေတစ်လှမ်းလှမ်း၍ တံခါးခုံကိုကျော်လိုက်သည့်အချိန်တွင်ပင် ကြွေရည်သုတ် ကြွေပြားပေါ်တွင်ထိုင်နေသည့် အသက် (၅)နှစ် (၆)နှစ်အရွယ်မိန်းကလေးကို တွေ့လိုက်ရသည်။ မိန်းကလေးမှာ ပန်းပွင့်စကတ်နှင့် ရွှေရောင်ချည်ထိုးထားသည့် အစိမ်းရောင်ခြုံထည်ကို ဝတ်ဆင်ထားသည်။ ပန်းရောင်နှုတ်ခမ်းဖူးလေးများ၊ ရှည်လျားသည့် မျက်တောင်များနှင့်သူ(မ)ပုံစံလေးမှာ နူးညံ့ညင်သာလှ၏။ ကြွေရုပ်ကလေးနှင့်ပင်တူသည်။ ဆံပင်ကိုလည်း ခပ်မြင့်မြင့်ဆံထုံးလေးထုံးကာ ရွှေခေါင်းလောင်းများပါသော အနီရောင်ဖဲကြိုးဖြင့်ရစ်ပတ်ထားသည်။ လူသံကြားသည့်အခါ တစ်ဖက်သို့လှည့်ကြည့်လိုက်သဖြင့် သူ(မ)၏ဆံပင်တွင်ချည်ထားသော ခေါင်းလောင်းများက အသံမြည်သွားသည်။




သူ(မ)မျက်လုံးများမှာ ကြည်လင်နေသည့်ကန်ရေပြင်ပေါ်တွင် ကျရောက်လာသောနေအလင်းရောင်ကဲ့သို့ လင်းလက်တောက်ပနေ၏။ မိန်းကလေးကိုမြင်လိုက်ရသည့်အခါ ကျင်းလု သက်ပြင်းချလိုက်တော့သည်။ ထို့နောက် စိတ်ချသွားသည့်လေသံဖြင့်




“မမလေး။ ဘာလို့ထွက်လာတာလဲ။ မိုးရွာနေတာကို သတိမထားရင် အအေးမိမှာပေါ့။”




ဝေ့လော်က စကားမပြောဘဲ ကျင်းလုကိုကြည့်နေရင်း တစ်ဖက်သို့ပြန်လှည့်သွားသည်။ ထို့နောက် အပြင်ဘက်မှမိုးကိုသာ ဆက်ကြည့်နေ၏။ ကျင်းလု၏မေးခွန်းကိုမူ အဖြေပြန်မပေးချေ။ ထိုအခါ ကျင်းလုက အနည်းငယ်စိတ်ပူလာ၏။ သခင်မလေး (၄)မှာ အဖျားကြောင့် မနေ့ကတည်းက ပုံမှန်နှင့်မတူဘဲဖြစ်နေသည်။ မဖျားခင်က သခင်မလေးက ရယ်မောပျော်ရွှင်ကာ အသက်ဝင်လျက်ရှိပြီး စကားလည်းများတတ်သည်။ သို့သော် ယခုရက်ပိုင်းတွင်မှ ရုတ်တရက် တိတ်ဆိတ်သွားခြင်းပင်။




‘သူ(မ)ဦးနှောက်မှာ တစ်ခုခုဖြစ်သွားတာများလား။’ 




ထိုအတွေးဝင်လာသည်နှင့် ကျင်းလုက ချက်ချင်း ထိုအတွေးများကိုမောင်းထုတ်လိုက်သည်။ သို့သော် စတုတ္ထသခင်မလေးမှာ အမြဲတမ်း လိမ္မာပါးနပ်လေရာ ယနေ့တွင် မည်သို့ဖြစ်နေပါသနည်း။ 




ကျင်းလု အဖြေမထုတ်နိုင်သကဲ့သို့ အဖြေကိုကြားရရန်လည်း အတင်းမတိုက်တွန်းတော့ပေ။ အိမ်မှယူလာသော ချယ်ရီရောင်ခြုံထည်တစ်ထည်ကို ဝေ့လော်အား ခြုံပေးလိုက်ပြီး




“မိုးရွာနေတာ ဆယ်ရက်တောင်ကျော်နေပြီ။ ဘယ်တော့မှ ရပ်မလဲမသိပါဘူး။”




မတ်လရောက်တိုင်း ထိုမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းလေ့ရှိသဖြင့် အခန်းများမှာလည်း စိုထိုင်းထိုင်းနှင့် သက်သောင့်သက်သာမရှိလှပေ။ ဝေ့လော်ထံမှအဖြေကို မျှော်လင့်ထားခြင်းမရှိဘဲ ကျင်းလုက သာမန်ပြောလိုက်ခြင်းပင်။ ဟုတ်ပေသည်။ ဝေ့လော်မှာ အသက်(၆)နှစ်အရွယ်ကလေးတစ်ယောက်သာဖြစ်လေရာ သူ(မ)က ဘာသိလိမ့်မည်နည်း။ မိုးရွာသည်ကို ပျော်စရာဟုထင်ကာ အပြင်ဘက်တွင် ပြေးလွှားဆော့ကစားချင်နေလိမ့်မည်ပင်။




သို့သော် ကျင်းလုထင်ထားသည့်အတိုင်းမဟုတ်ဘဲ ဝေ့လော်က ထိုစကားကိုသေသေချာချာနားထောင်နေ၏။ ထို့နောက် ခပ်ဖွဖွပြုံးကာ 




“မနက်ဖြန်တော့ မိုးတိတ်မှာ။”




ပါးပေါ်မှ ပါးချိုင့်လေးနှစ်ခုခွက်သွားသည်အထိ သူ(မ)ပြုံးလိုက်သည်။ အနက်ရောင်မျက်ဝန်းများနှင့် ပေါင်းစပ်လိုက်သည့်အခါ သူ(မ)ပုံစံလေးက ချိုမြိန်လျက်ရှိ၏။ သို့သော် ထိုအပြုံးက တစ်ခုခုလွဲနေသလိုပင်။ မည်သို့လွဲနေသည်ကို ကျင်းလုမပြောတတ်သော်လည်း ယခင်နှင့်မတူသည်မှာသေချာ၏။ ယခင်က သခင်မလေး(၄) ပြုံးလိုက်လျှင် ခြံဝန်းထဲမှနှင်းဆီရိုင်းပွင့်တစ်ပွင့်ထက်ပင် ပို၍နှစ်လိုဖွယ်ကောင်း၏။ ထိုအပြုံးက လူတို့၏စိတ်အခြေအနေကို ပိုမိုကောင်းမွန်စေသည့်သဘောရှိစေသောကြောင့် သူ(မ)၏အပြုံးမျက်နှာကို သခင်ကြီးက အလွန်သဘောကျသည်။ သို့သော် ယနေ့တွင်တော့ ထိုသို့မဟုတ်ပေ။ သူ(မ)ပြုံးနေသော်လည်း ထိုအပြုံးထဲတွင် မုန်းတီးမှုများပါဝင်နေပြီး မျက်လုံးနှင့် ခန္ဓာကိုယ်တွင်ပင် မုန်းတီးသည့်အရိပ်အယောင်များ လွှမ်းခြုံနေသည်။




‘အမုန်းတရားဆိုတာကို ကလေးငယ်လေးက သိနိုင်လို့လား။’




“မမလေးက ဘယ်လိုသိတာလဲ။”




ကျင်းလု လန့်သွား၏။ သူ(မ) အနီးကပ်ကြည့်မည်အပြုတွင် ဝေ့လော်၏အပြုံးများရပ်တန့်သွားပြီး တစ်ဖက်သို့ပြန်လှည့်ကာ မိုးကိုသာပြန်ကြည့်နေလိုက်သည်။ မေးကိုလက်ဖြင့်ထောက်က သူ(မ)က ဂရုမစိုက်ဟန်ဖြင့်




“ခန့်မှန်းကြည့်တာပါ။”




ကျင်းလု ထပ်၍သိချင်သေးသော်လည်း လက်လျှော့လိုက်တော့သည်။ တစ်ခုခုလွဲနေသည်ဟု ကျင်းလုတွေးမိ၏။ သခင်မလေး(၄)မှာ ငယ်ငယ်ကတည်းက အိမ်တော်တွင်နေထိုင်ပြီး လူတို့ကို မုန်းတီးခြင်းမျိုး မရှိခဲ့ဖူးပေ။ 




‘ဒါနဲ့များ ဘယ်လိုလုပ်ပြီး လူတွေကို မုန်းတတ်သွားတာလဲမသိဘူး။ ဒီလောက်အရွယ်လေးနဲ့။’




ကျင်းလုက ပြုံးကာ စကားအကြောင်းအရာကိုပြောင်းလိုက်၏။




“စားဖိုဆောင်မှာ ဒီနေ့ ကျောက်ကျောလုပ်တယ်တဲ့။ အဲ့ဒါ မမလေး ပင်လုံးကြိုင်သကာရည်နဲ့ စားချင်လား။ ရိုးရိုးသကြားရည်နဲ့စားချင်လား။ ဘယ်လိုစားမလဲ။”




နောက်ဆုံးတွင် သူ(မ)က စိတ်ဝင်စားမှုကိုပြသလာ၏။ တစ်ခဏစဥ်းစားလိုက်ပြီးနောက် အပြုံးတစ်ခုနှင့် သူ(မ)ပြန်ဖြေလိုက်သည်။




“ပင်လုံးကြိုင်သကာရည်နဲ့စားမယ်။”




သူ(မ)က ကလေးတစ်ယောက်သာဖြစ်သောကြောင့် အရသာရှိသောအစားအစာကိုစားရလျှင် အရာအားလုံးကိုမေ့သွားလိမ့်မည်ပင်။ ကျင်းလုလည်း သူ(မ)ကို တစ်ခဏစောင့်ဆိုင်းစေလိုက်ပြီးနောက် စားဖိုဆောင်ထဲသို့သွားလိုက်သည်။




***




ကျင်းလုထွက်သွားပြီးနောက် ဝေ့လော်က ခြုံထည်ကိုချွတ်ကာ ဆင်ဝင်အောက်တွင်ထိုင်လိုက်သည်။ ခြေထောက်ကို လွတ်လွတ်လပ်လပ်လှုပ်ခါနေရင်း ပန်းပုံစံထိုးထားသည့် အနီရောင်ဖိနပ်လေးက မိုးစိုသွားလေသည်။ မိုးကိုတားရန် ပဝါကိုယူလိုက်သော်လည်း ပဝါနှင့်တားမရသည်ကိုသိသည့်အခါ နောက်ဆုံးတွင် ပဝါကိုပြန်ဖယ်လိုက်၏။ မိုးကိုတားနိုင်ခြင်းမရှိဘဲ မိုးစိုမည်မှာအမှန်ပင်။




ထိုအခိုက်အတန့်တွင် သူ(မ)၏အတိတ်ဘဝကို သတိရသွား၏။ ကျင်းလုခန့်မှန်းသည်မှာ မှန်ပေသည်။ သူ(မ)က ယခင်ကဝေ့လော် မဟုတ်တော့ပေ။ 




အစက သူ(မ)ကိုယ်တိုင်လည်း ဘဝဆုံးပြီဟုထင်ထားခဲ့သည်။ မျက်လုံးမှိတ်သွားသည့်အချိန်တွင် အသက်(၆)နှစ်အရွယ်သို့ ပြန်ရောက်သွားလိမ့်မည်ဟု သူ(မ)ကိုယ်တိုင်လည်းမထင်ထားခဲ့ဖူးချေ။ သူ(မ)ဘဝက စိတ်ညစ်စရာများစွာဖြင့် ဝမ်းနည်းစရာကောင်းခဲ့၏။ သေဆုံးရသည့်အချိန်တွင်လည်း နှလုံးသားတစ်ခုလုံး၌ အမုန်းတရားများပြည့်နှက်နေခဲ့သည်။ ယခုကဲ့သို့ ပြန်လည်ရှင်သန်လာရခြင်းမှာ ဘုရားပေးသည့်လက်ဆောင်ဖြစ်ချေမည်။




ယင်းအိမ်တော်၏ စတုတ္ထသခင်မလေးအဖြစ် အားလော်မွေးဖွားလာခဲ့သည်။ သူ(မ)၏ဖခင်ဖြစ်သူ ဝေ့ကွမ်းမှာ ယင်းအရာရှိ ဝေ့ကျောင်းချွမ်၏ ပဥ္စမမြောက်သားဖြစ်၏။ အားလော်တွင် ဝေ့ချောင်ဟုန်ဟုခေါ်သော အမြွှာမောင်လေးတစ်ယောက်လည်းရှိသည်။ သူတို့မွေးလာကတည်းက ကောင်းမွန်သောလက္ခဏာရပ်များရှိခဲ့သည်။ သခင်ကြီးမှာ အလွန်ဝမ်းသာသဖြင့် အချိုပွဲများကို သေသေချာချာ ပြင်ဆင်စေပြီး စားသောက်ပွဲကြီးကို (၃)ရက်၊ (၃)ညကြာအောင် ကျင်းပခဲ့သေးသည်။ အားလော်နှင့် ချောင်ဟုန်တွင် အမေမရှိသောကြောင့် သူတို့အဖေက နောက်အိမ်ထောင်ပြုလိုက်သည်။ ထိုဒုတိယအိမ်ထောင်ဖြစ်သော အမျိုးသမီး တုယွယ်ယင်းမှာ ဦးလေးကျုံးယီမိန်းမ၏ တူမဖြစ်၏။ သူ(မ)လက်ထပ်ပြီးနောက် ယင်းအိမ်တော်ထဲသို့ဝင်ရောက်လာပြီး အားလော်၊ ချောင်ဟုန်တို့ထက် တစ်နှစ်ငယ်သည့် ဝေ့ကျန်းဟူသော သမီးတစ်ယောက်ကို မွေးဖွားခဲ့သည်။




မဒမ်တုက ဝေ့လော်ကို ကောင်းမွန်စွာဆက်ဆံပြီး သူ(မ)၏သမီးရင်းကဲ့သို့ ချစ်ခင်သည်။ သို့သော် ၎င်းမှာလည်း အပြင်ပန်းသက်သက်သာဖြစ်၏။ ယခင်အားလော်မှာ အတော်လေးရူးနှမ်းခဲ့ဟန်ရှိသည်။ သွေးသားရင်းမဟုတ်သော အမျိုးသမီးတစ်ယောက်က အဘယ်ကြောင့် မိခင်ရင်းတစ်ယောက်လို ချစ်နိုင်လိမ့်မည်နည်း။




အပြင်ပန်းတွင်မူ မဒမ်တုက အလွန်ကောင်းပြ၏။ အားလော်ကို အစားအသောက်သေသေချာချာကျွေးကာ ကောင်းမွန်စွာ ဝတ်စားဆင်ယင်ပေးသည်။ သို့သော် သူ(မ)က ဝေ့လော်နှင့် ဝေ့လော်၏မောင်လေး ချောင်ဟုန်ကို မည်သို့အန္တရာယ်ပြုရမည့်အကြောင်း တိတ်တဆိတ် စီစဥ်နေခဲ့သည်။ မတ်လ(၃)ရက်နေ့တွင် ရှောင်းစီပွဲတော်အတွင်း မဒမ်တုက ဝေ့လော်အား မြို့ပြင်ခေါင်ဖျားသည့်တောတစ်ခုထဲသို့ ခေါ်သွားခဲ့သည်။ ကျွန်အရောင်းအဝယ်ပြုလုပ်သူများက ထိုနေရာတွင်ရှိနေပြီး ဝေ့လော်ကိုစောင့်နေကြချိန်တွင် တုံးအသည့်ဝေ့‌လော်က မည်သည့်နေရာတွင် ကစားရမည်ကို မဒမ်တုအား မေးမြန်းနေခဲ့သည်။ သို့သော် သူ(မ)အန္တရာယ်ကိုသတိပြုမိသည့်အချိန်တွင် အလွန်နောက်ကျသွားပြီဖြစ်သည်။ အသက်(၆)နှစ်အရွယ် ကလေးမလေးတစ်ယောက်က လူကြီးများစွာနှင့်ရင်ဆိုင်ရသည့်အခါ ပြေးစရာနေရာမတွေ့ခဲ့ပေ။ မဒမ်တုက သူ(မ)ကို စမ်းချောင်းလေးအနီးသို့ခေါ်သွားခဲ့ပြီး အစေခံနှစ်ယောက်ဖြင့် ချုပ်ထားစေခဲ့သည်။ ဝေ့လော် ထွက်ပြေးပြီး သတင်းဖြန့်မည်ကိုစိုးရိမ်သဖြင့် ထိုပြဿနာကိုထိန်းချုပ်ရန် မဒမ်တုက ဝေ့လော်ကို လည်ပင်းညှစ်ကာ ကြိုးတုပ်ပြီး မြစ်ထဲပစ်ချခဲ့သည်။




မဒမ်တု သူ(မ)အပေါ်ရက်စက်ခဲ့သည့်မြင်ကွင်းများကို ဝေ့လော်ယခုအထိ မေ့မရနိုင်သေးချေ။ အလွန်ထူးဆန်းပြီး အလွန်သိုသိပ်လွန်းလှသည်။ ကံကောင်းစွာဖြင့် သူ(မ) ရေမနစ်ခဲ့ဘဲ အနီးနားရွာတစ်ရွာသို့ မျောပါသွားခဲ့ပြီး ထိုရွာတွင်ပင် လယ်သမားလင်မယားက သူ(မ)ကိုရှာတွေ့ကာ မွေးစားခဲ့ကြသည်။




ယင်းအိမ်တော်၏ စတုတ္တသခင်မလေးဖြစ်သောသူ(မ)မှာ ချက်ချင်းပင် လယ်သမား၏သမီးဖြစ်သွား၏။ ထိုအတိုင်းပင် သူ(မ) အသက်(၁၅)နှစ်ပြည့်သွားခဲ့သည်။ (၁၅)နှစ်ဟူသောအရွယ်မှာ လက်ထပ်နိုင်သည့်အရွယ်ဖြစ်သော်လည်း သူ(မ)ကတော့ ချစ်သူမရှာလိုသေးပေ။ အခြေအနေကိုပြန်တွေးကြည့်ပြီးနောက် သူ(မ) ယင်းအိမ်တော်သို့ပြန်ကာ ဆွေမျိုးများ၏အသိအမှတ်ပြုခြင်းကို ခံချင်ခဲ့သည်။ ထိုမျှမက နှစ်ပေါင်းများစွာကြာသည့်တိုင် သူ(မ)ကိုမည်သူမျှလာမရှာခဲ့ကြသဖြင့် ဖခင်ဖြစ်သူအား မဒမ်တုက မည်သို့ရှင်းပြဖျောင်းဖျထားသည်ကိုလည်း သူ(မ)သိချင်ပေသည်။ ဖခင်ဖြစ်သူ သူ(မ)ကိုတွေ့ရပါက သူ(မ)ကိုမှတ်မိကာ အိမ်သို့ခေါ်သွားလိမ့်မည်ဟု သူ(မ)ထင်ထားခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် သူ(မ) ဖခင်နှင့်တွေ့ခွင့်မရခဲ့ပေ။ သူ(မ)၏မျက်နှာကလည်း ပျက်စီးသွားခဲ့သောကြောင့် လမ်းဘေးတွင်သာနေရသည့် ကလေးတစ်ယောက်ဖြစ်သွားခဲ့သည်။ နောက်တစ်ရက်တွင် သူ(မ)နေမကောင်းဖြစ်ပြီး နိုးလာသည့်အခါ ယခုအခြေအနေသို့ရောက်နေခြင်းပင်။




ဆင်းရဲမွဲတေကာ အထီးကျန်လှသောထိုနေ့များတွင် အရိုးထဲထိ အေးစိမ့်မှုကိုခံစားခဲ့ရသည်။ ယခုတွင်မူ အတိတ်ကိုပြန်လာနိုင်ခြင်းမှာ သူ(မ)ဘဝကိုပြောင်းလဲနိုင်မည့်အခွင့်အရေးမျိုးပင်။ လူအချို့၏ စိတ်ရင်းအမှန်ကို သိထားပြီးဖြစ်သောကြောင့် ယခင်ကဲ့သို့တူညီသောလမ်းကို သူ(မ)ရောက်တော့မည်မဟုတ်ချေ။




***




ကျင်းလု ကျောက်ကျောယူပြီးပြန်လာသည့်အခါ ဖိနပ်များရေစိုနေသည်ကိုတွေ့လိုက်ရသည်။ ထိုအခါ မုန့်လင်ပန်းကို အနီးနားမှ ကျင်းစီနှင့် ကျင်းကယ်တို့ကိုပေးလိုက်၏။




“မမလေး။ မိုးကိုကြည့်နေတာလား။ မိုးရွာနေတာက ကြည့်လို့ကောင်းလို့လား။”




ကျင်းကယ်က ရေရွတ်၏။ “မမလေး သေသေချာချာနားထောင်နေရင်ကောင်းမှာပဲ။”




ကျင်းလုက သူ(မ)ကိုလှမ်းကြည့်လိုက်သဖြင့် ကျင်းကယ်ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။ ဝေ့လော်ကိုခစားသော မိန်းကလေးအစေခံများထဲတွင် ကျင်းလုက အကြီးဆုံးဖြစ်၏။ ယခုနှစ်တွင် သူ(မ)အသက် (၁၃)နှစ်ပြည့်မည်ဖြစ်သောကြောင့် အခြားသူများထက် နှစ်အနည်းငယ်ပိုကြီးသည်။ သူ(မ)က တည်ငြိမ်အေးဆေးပြီး ဣန္ဒြေရသည်။ သူ(မ)၏ပြောစကားများကို အခြားမိန်းကလေးအစေခံများက နားထောင်ရသည်။ ထို့ပြင် သူ(မ)က ဝေ့လော်ကို အတော်လေးသစ္စာရှိသူဖြစ်သည်။ မိုးက ပို၍သည်းထန်လာသည်ကိုတွေ့သောအခါ ဆင်ဝင်အောက်မှဝေ့လော်အား ချက်ချင်းခေါ်လိုက်၏။ 




“မမလေး။ အိမ်ထဲဝင်ရအောင်လေ။ ဒီမှာထိုင်နေရင် အအေးမိပြီးဖျားလိမ့်မယ်။”




ဝေ့လော်က‌ ခေါင်းငုံ့လိုက်ပြီး မျက်လုံးထဲမှ နက်ရှိုင်းသောအမုန်းတရားများကိုဖယ်ထုတ်ကာ ချစ်စရာကောင်းသည့်အပြုံးလေးဖြင့် မော့ကြည့်လိုက်၏။




“အစ်မကျင်းလု။ ချောင်ဟုန်ဘယ်မှာလဲဟင်။”




ချောင်ဟုန်မှာ ဝေ့လော်ထက်တစ်နာရီငယ်သော အမြွှာမောင်လေးဖြစ်၏။ သူတို့နှစ်ယောက်စလုံးတွင် တက်ကြွရွှင်လန်းသောပုံစံရှိသည်။ သူတို့နှစ်ယောက်မှာ သာမန်မောင်နှမရင်းများထက်လည်း ပို၍ရင်းနှီးကြ၏။ ချောင်ဟုန်က သူ(မ)ထံသို့ အမြဲလိုလိုလာလည်လေ့ရှိသော်လည်း ယနေ့တွင်မူ မရောက်လာသေးချေ။ ရောက်မလာရသည့်အကြောင်းအရင်းကို ဝေ့လော်သိပြီးသားဖြစ်သော်လည်း ထပ်မေးလိုက်၏။ 




ထိုအခါ ကျင်းလုက ရှင်းပြသည်။




“မမလေးကဖျားနေတော့ သခင်လေး(၆)ကို အဖျားကူးသွားမှာစိုးလို့ မဒမ်ကမလာခိုင်းတာပါ။ တကယ်လို့ မမလေး သခင်လေးကိုတွေ့ချင်တယ်ဆိုရင်တော့ မြန်မြန်နေကောင်းအောင်လုပ်မှရမယ်။ ဒါမှ သခင်လေးနဲ့ မြန်မြန်ဆော့လို့ရမှာလေ။”




၎င်းမှာ မဒမ်တု၏အကြံအစည်ပင်။ ဝေ့လော်နှင့် ခပ်စိမ်းစိမ်း အနေအေးစေရန် သူတို့မောင်နှမကို ခွဲခြားထားတတ်သည်။ ယခင်ဘဝတုန်းက သူ(မ)ပျောက်သွားသည့်အချိန်တွင်ပင် ချောင်ဟုန်က မဒမ်တုကို သံသယဝင်ခြင်းမရှိခဲ့ပေ။ 




အားလော်က မေးထောက်လိုက်ပြီး “ဟုတ်ပါပြီ။”




အခြား ပုံမှန်မဟုတ်သည့် အမူအရာကိုမပြသသောကြောင့် ကျင်းလုလည်း သံသယမဝင်ခဲ့ချေ။ အားလော်က လက်နှစ်ဖက်ကိုဆန့်ထုတ်ကာ ချီခိုင်းသည့်အမူအရာဖြင့်




“အစ်မကျင်းလု။ အားလော်ကို ဖိနပ်လဲပေးပါလား။ အားလော်ဖိနပ်တွေစိုနေတယ်။”




ချစ်စရာကောင်းသော ကလေးမလေး၏တောင်းဆိုမှုကို ကျင်းလုကမည်သို့ငြင်းဆန်နိုင်မည်နည်း။ ဝေ့လော် တောင်းဆိုခြင်းမရှိခဲ့လျှင်ပင် သူ(မ)က သေချာပေါက်လဲပေးမည်ဖြစ်သည်။




“လဲပေးမှာပေါ့။ အခန်းထဲကိုလိုက်ခဲ့နော်။ ဖိနပ်လဲပေးမယ်။”




ကျင်းလုက သူ(မ)လက်ကိုဆွဲကာ အခန်းထဲသို့ဝင်သွား၏။ ထို့နောက် သူ(မ)ကို တောင်ဘက်ပြတင်းပေါက်အနီးမှ ခုံပေါ်တွင်ထိုင်စေကာ မိုးစိုနေသည့်ဖိနပ်နှင့် ခြေအိတ်ကိုချွတ်ပေးလိုက်သည်။ သူ(မ)ခြေထောက်လေးကို တဘက်ဖြင့်သုတ်ပေးလိုက်ပြီး အခြားဖိနပ်တစ်ရံဖြင့်လဲပေးလိုက်သော်လည်း ကျင်းလုစိတ်ထဲတွင် စိတ်မချဖြစ်နေသေး၏။




“နောက်တစ်ခါကျရင် မိုးသည်းနေတာကို အပြင်ထွက်ပြီးမကြည့်နဲ့တော့နော်။ သခင်ကြီးသိသွားရင် စိတ်ညစ်လိမ့်မယ်။”




“ဘယ်သခင်ကြီးလဲ။” ဝေ့လော်ကပြန်မေးလိုက်၏။




ထိုစကားလုံးများက ကျင်းလုကို အတော်လေးလန့်သွားစေခဲ့သည်။ 




“သေချာပေါက် သခင်ကြီး(၅)ပေါ့။ မမလေး။ ဘာလို့ဒီလိုမေးရတာလဲ။”




ပဥ္စမသခင်ကြီးမှာ ဝေ့လော်၏ဖခင်ဖြစ်ပြီး သူ(မ)ကိုအရမ်းချစ်ပေသည်။ ထိုအကြောင်းကို ဝေ့လော်အဘယ်ကြောင့် မေ့သွားရပါသနည်း။




ဝေ့လော်က မျက်တောင်ခတ်ကာ




“အဖေက သမီးကိုသိပ်ချစ်တာပဲဆိုရင် ဘာလို့လာမတွေ့ရတာလဲ။”




ကျင်းလုက ကျောက်ကျောတစ်ဇွန်းကိုခပ်လိုက်ပြီး ဝေ့လော်ကိုကျွေးလိုက်သည်။




“မနက်တုန်းက သခင်ကြီးလာသွားသေးတယ်။ အဲ့တုန်းက မမလေးကအိပ်ပျော်နေတော့ မသိလိုက်ဘူးပေါ့။ ပြီးတော့ သူကပြောသွားသေးတယ်။ မနက်ဖြန်ကျရင် မမလေးကို ဟူးကော်ဘုရားကျောင်းမှာ အမွှေးတိုင်ထွန်း ဆုတောင်းဖို့ မဒမ်နဲ့လာခေါ်ခိုင်းလိုက်မယ်တဲ့။”




မနက်ဖြန် သူ(မ)က ဟူးကော်ဘုရားကျောင်းသို့ သွားရတော့မည်။ ယနေ့မှာ မတ်လ(၂)ရက်နေ့ဖြစ်သောကြောင့် မနက်ဖြန်မှာ မတ်လ (၃)ရက်နေ့ဖြစ်ပေမည်။ ထိုနေ့တွင် မဒမ်တုက သူ(မ)အား ကျွန်ကုန်သည်များထံရောင်းစားရန် စီစဥ်ထားခဲ့သည်။




ဝေ့လော်မျက်လုံးများ အေးစက်သွားပြီး လက်သီးဆုပ်ထားလိုက်မိသည်။ စိတ်ခံစားချက်များ ပြင်းထန်လာသော်လည်း ၎င်းကို သူ(မ)မျက်နှာပေါ်တွင် ထုတ်ပြ၍မဖြစ်ချေ။ ကျောက်ကျောတစ်ပန်းကန်ကိုသာ သေသေချာချာစားလိုက်ပြီး‌နောက် ကျင်းလုက ပါးစပ်သုတ်ပေးသည့်အချိန်တွင် သူ(မ)က




“အစ်မကျင်းလု။ သမီး နေသိပ်မကောင်းသေးလို့။ မနက်ဖြန် မသွားလို့ရလားဟင်။”




ကျင်းလုကမူ အစောပိုင်းကအအေးမိသောကြောင့် နေမကောင်းသည်ဟုထင်ကာ ရေနွေးနှင့်ရေချိုးရန် ပြင်ဆင်ထားခိုင်းလိုက်သည်။ ဝေ့လော်က မကြာသေးခင်ကမှဖျားထားသောကြောင့် နောက်တစ်ကြိမ် ထပ်ဖျား၍မဖြစ်ပေ။




“ဒီကိစ္စက စီစဥ်ထားတာ (၃)ရက်လောက်ရှိပြီ။ သခင်ကြီးကလည်း သဘောတူထားတာ။ မဒမ်ကလည်း မမလေးကောင်းဖို့အတွက်ပဲ လုပ်ပေးတာပဲလေ။ ဘာလို့မသွားဘူးလို့ပြောရတာလဲ မမလေး။”




ဝေ့လော် နောက်ထပ်စကားမပြောတော့ချေ။ မကြာမီပင် ကျင်းလုပြင်ဆင်ခိုင်းထားသော ရေနွေးရောက်လာ၏။ ကျင်းလုနှင့် အခြားမိန်းကလေးအစေခံနှစ်ယောက် ရေဖြည့်ရန်သွားလိုက်ချိန်တွင် ရုတ်တရက် ကြွေပန်းကန်လုံးကွဲသွားသည့်အသံကို ကြားလိုက်ရသည်။ ထိုအခါ ကျင်းလုက ထိုနေရာမှအမြန်ပြေးထွက်လာပြီး ပန်းကန်ကွဲစများ၏အနောက်တွင်ရပ်နေသော ဝေ့လော်ကိုတွေ့လိုက်ရသည်။ ပန်းကန်ကွဲစများကြောင့် ဝေ့လော်လက်ကို ထိခိုက်မိသွားခဲ့သည်။ ဒဏ်ရာက အလွန်မနက်ဘဲ သွေးအနည်းငယ်သာထွက်နေ၏။




ကျင်းလုလည်း စိတ်ညစ်ညစ်နှင့် ဒဏ်ရာကိုအုပ်ပေးရန် အဝတ်တစ်ခုယူလိုက်သည်။ သို့သော် ဝေ့လော်ကမူ ခေါင်းငုံ့ထားဆဲပင်။




“အစ်မကျင်းလု။ ဝေ့လော်ကြောင့် မတော်တဆပန်းကန်ကွဲသွားတာပါ။”




‘ပန်းကန်တစ်လုံးက ဘယ်လောက်တန်မှာမို့လို့လဲ။ မမလေးထိခိုက်ရလောက်တဲ့အထိ ဖြစ်သင့်လို့လား။’




ကျင်းလုက သူ(မ)ကိုပွေ့ချီကာ ပန်းကန်ကွဲစများ၏အဝေးသို့ခေါ်ထုတ်သွားလိုက်သည်။ ထို့နောက် အခြားမိန်းကလေးအစေခံနှစ်ဦးက ကြမ်းပြင်ကိုသေသေချာချာလှည်းကျင်း ရှင်းလင်းလိုက်ကြသည်။




ကျင်းလုက စိတ်ပူစွာဖြင့်




“မမလေး။ ဒဏ်ရာရသွားသေးလား။ ဘယ်နားနာသွားသေးလဲ။”




ဝေ့လော်က ခေါင်းယမ်းပြလိုက်ပြီး ကျင်းလု၏လည်ပင်းကိုသာ မလွှတ်ဘဲဖက်ထားသည်။ ဖြည်းဖြည်းချင်း မျက်လွှာချကာ ပြုံးလိုက်သည့် ဝေ့လော်၏မျက်နှာထားကိုမူ ကျင်းလုမမြင်လိုက်ချေ။ ထိုမျက်နှာထားမှာ လှပသကဲ့သို့ ထူးလည်းထူးဆန်းနေပေသည်။




‘ငြင်းလို့မရဘူးဆိုတော့လည်း သွားရတော့မှာပေါ့။ မဒမ်တုက ဒီလောက်တောင်ကြိုးစားနေမှတော့ အခွင့်ရေးပေးလိုက်တာကောင်းပါတယ်။’




ဝေ့လော်မှာ ယခင်ကကဲ့သို့ မည်သည်ကိုမျှနားမလည်သည့် ကလေးမလေးမဟုတ်‌တော့ချေ။ သူတို့နှစ်ယောက်ကြားတွင် သေချာပေါက်ဖြေရှင်းရမည့် ကိစ္စကြီးတစ်ခုရှိနေလေသည်။




*****




Aurora Novel Translation Team



Report content on this page

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment