no

Font
Theme

Chapter 17.2

သူ(မ) ပြန်လည်မွေးဖွားလာပြီးသည့် ဒုတိယနေ့တွင် လမ်းမကြီးပေါ်သို့ တစ်ကြိမ်ရောက်ဖူးခဲ့သော်လည်း လျှောက်လည်ခဲ့ရခြင်း မဟုတ်ခဲ့ချေ။ ရှန်းမြို့တော်၏လမ်းများမှာ အလွန်စည်ကားပြီး လမ်းတစ်လျှောက် ရောင်းဝယ်နေကြသည့် ကုန်သည်များနှင့် ဝယ်သူများစွာရှိသည်။ ဝေ့လော်မှာ တက်တက်ကြွကြွရှိပြီး သိချင်စိတ်များသူဖြစ်သောကြောင့် တစ်စုံတစ်ယောက်က သူ(မ)ကို အပြင်ခေါ်သွားချင်သည်ဟု ပြောလာပါက အလွန်ဝမ်းသာတတ်လေသည်။ 




စုန့်ပိုင်ယဲ့တို့မိသားစု ပြန်ခါနီးအချိန်တွင် စုန့်ဟွေ့က အခွင့်ကောင်းယူကာ ထိုကိစ္စကို ဝေ့ကွမ်းထံခွင့်တောင်းလိုက်၏။ ဝေ့ကွမ်းက အနည်းငယ်တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် သဘောတူခဲ့သည်။ သို့သော် စုန့်ဟွေ့မှာလည်း အသက်အရွယ်ငယ်သေးသောကြောင့် ဝေ့လော်တစ်ယောက်တည်းကိုသာ ကာကွယ်စောင့်ရှောက်နိုင်သေးသည်။ အခြားကလေးများကိုပါ ခေါ်သွားပါက သူတစ်ယောက်တည်းမထိန်းနိုင်ဘဲ ထိခိုက်မိမည်ကိုစိုးရိမ်ရပေ၏။ ထို့ကြောင့် ဝေ့ကျန်းနှင့် ချောင်ဟုန်တို့က အိမ်တွင်သာနေခဲ့ရပြီး နဂါးလှေပွဲတော်တွင် အပြင်ထွက်ခွင့်မရခဲ့ချေ။




*




အရာအားလုံး အစီအစဥ်တကျဖြစ်လာ၏။ ညနေပိုင်းတွင် ချောင်ဟုန်တစ်ယောက် သဘောမတူကြောင်းဆိုကာ သောင်းကျန်းရုံမှတစ်ပါး အခြားအရာများက အေးအေးဆေးဆေးပင်။ 




သို့သော် နောက်တစ်နေ့နံနက် မနက်စာစားနေချိန်တွင် ဝေ့လော် သတိမထားမိလိုက်ဘဲ သူ(မ)၏ရှေ့သွားကို ဗိုက်ထဲသို့မျိုချမိသွားသည်။ မူလက ထိုရှေ့သွားမှာ ရက်အနည်းငယ်ကတည်းက နုံ့နဲ့နေခဲ့သောကြောင့် ဝေ့လော်မထိရဲခဲ့ဘဲ အစာစားသည့်အခါလည်း သတိဖြင့်သာစားခဲ့သည်။ ယနေ့မနက်တွင်မူ စားဖိုဆောင်ကပြင်ဆင်ထားပေးသည့် ပေါက်စီနှင့် မုန့်တို့၏အနံ့က တစ်ခန်းလုံးမွှေးပျံ့နေ၏။ မနက်စာကို အားရပါးရစားနေရင်း ရှေ့သွားနုံ့နေသည်ကို သတိထားမိလိုက်သော်လည်း ထိုသွားကို ဗိုက်ထဲရောက်သည်အထိ အလိုလိုမျိုချမိသွားခဲ့သည်။ 




သူ(မ) မှင်တက်မိသွား၏။ အသိစိတ်ပြန်ဝင်သည့်အချိန်တွင် တံခါးပေါက်အပြင်ဘက်သို့ပြေးကာ ပါးစပ်ကိုဟ၍ အာခေါင်ထဲလက်ထည့်ကာ သွားကိုအန်ထုတ်နေပါသော်လည်း ပြန်မထွက်လာတော့ချေ။ ကျင်းလုကလည်း ဝေ့လော်ဘာဖြစ်သည်ကိုမသိဘဲ ပေါက်စီက စားမကောင်းသောကြောင့် အန်ထုတ်နေသည်ဟုသာ ထင်လိုက်သည်။ ထို့ကြောင့် ဝေ့လော်၏ခံတွင်းကိုဆေးရန် ကျင်းလုက လက်ဖက်ရည်တစ်ခွက် ပြင်ဆင်ပေးလိုက်၏။ ထိုအခါ ဝေ့လော်က မျက်နှာလေးကိုမော့ကာ မျက်မှောင်ကြုတ်ထားလေသည်။ သူ(မ) စကားပြောလိုက်သည့်အချိန်တွင် ရှေ့သွားမှာ ဟင်းလင်းဖြစ်နေတော့သည်။




“အစ်မကျင်းလု။ အားလော် ရှေ့သွားကို မြိုချလိုက်မိတယ်။”




ရှေ့သွားက အစာအိမ်ထဲသို့ဝင်ရန် လည်ချောင်းကိုဖြတ်သွားချိန်၌ လေပြွန်ကိုပိတ်ဆို့မိလျှင် ဒုက္ခရောက်ပေလိမ့်မည်။ ထိုအခါ ကျင်းလုက လက်ဖက်ရည်ခွက်ကိုအမြန်ချကာ သမားတော်ဆီသို့ အပြေးအလွှားသွားရတော့သည်။ ကံကောင်းစွာဖြင့် လည်ချောင်းအတွင်း မည်သည့်အင်္ဂါကိုမျှ မထိခိုက်သွားကြောင်းနှင့် ရက်အနည်းငယ်အတွင်း ထိုသွားက အူထဲသို့ ဘေးကင်းစွာဖြတ်သန်းသွားမည်ဖြစ်ကြောင်း သမားတော်ကပြောပြခဲ့သည်။




ဝေ့လော်ကမူ ၎င်းကို ရှက်စရာဖြစ်ရပ်တစ်ခုဟု ယူဆလိုက်သည်။ ပေါက်စီစားရင်း ရှေ့သွားကိုပါ မျိုချမိသည်အထိ သတိလက်လွတ်ဖြစ်ခြင်းကို သူ(မ) မကျေနပ်ချေ။ သူ(မ)က သာမန်အသက်(၆)နှစ်အရွယ် ကလေးတစ်ယောက်လည်း မဟုတ်သောကြောင့် ထိုဖြစ်ရပ်ကို လက်မခံနိုင်ခဲ့ပေ။ ထို့ကြောင့် မနက်ကတည်းက ပါးစပ်ကိုပိတ်ထားပြီး စကားလည်းမပြောတော့ချေ။




မနက် (၈)နာရီဝန်းကျင်တွင် စုန့်ဟွေ့က သူ(မ)ကိုလာခေါ်ရန် ရောက်လာ၏။ ထိုအခါ ဝေ့လော်၏ပုံစံက ယခင်နှင့်မတူဘဲ အနည်းငယ်ထူးဆန်းနေသည်ကို သတိထားမိလိုက်သည်။




‘ဒီကလေးမ စကားလည်းမပြော ရယ်လည်းမရယ်ပါလား။ ဒီနေ့မှ ဘာဖြစ်နေတာပါလိမ့်။’




ယနေ့တွင် စုန့်ဟွေ့ မြင်းမစီးလာခဲ့ပေ။ ဝေ့လော်အတွက် စဥ်းစားပေးခဲ့သောကြောင့် ရထားလုံးဖြင့်သာ ရောက်လာခဲ့သည်။ သူ(မ)ကို ရထားလုံးထဲသို့ခေါ်သွားပြီးနောက် စုန့်ဟွေ့က သိချင်စိတ်ဖြင့်




“အားလော်။ ဒီနေ့ မပျော်ဘူးလား။”




ဝေ့လော်က ခေါင်းကိုသာခါပြလိုက်ပြီး စကားတစ်လုံးမျှ ပြန်မပြောချေ။ ထို့ကြောင့် စုန့်ဟွေ့ကထပ်ပြီး




“ဒါဆို ဘာလို့ စကားတစ်ခွန်းမှမပြောတာလဲ။”




ဝေ့‌လော်က မျက်ဝန်းနက်များဖြင့် သူ့ကိုမော့ကြည့်လိုက်ပြီး ပါးစပ်ကို လက်ဖြင့်အုပ်ကာ 




“အားလော် သွားကျိုးသွားလို့။”




ထိုစကားကိုကြားသော် စုန့်ဟွေ့က မရယ်သည့်အပြင် သူ(မ)၏လက်ကိုပင် ခပ်ဖွဖွဖယ်ယူကာ စိတ်ပူပန်စွာဖြင့် သူ(မ)ကိုကြည့်လေ၏။ သူ၏ညီမလေး စုန့်ယုဝေလည်း မကြာသေးခင်ကမှ သွားလဲထားခြင်းဖြစ်သည်။ ကလေးများအားလုံး ထိုအသက်အရွယ်တွင် ထိုအခက်အခဲကိုကျော်ဖြတ်ရသောကြောင့် သွားကျိုးသည့်အကြောင်းမှာ ရယ်စရာမဟုတ်ခဲ့ပေ။ သူရယ်လိုက်မိပါက ဝေ့လော် ပို၍စိတ်ဆိုးပြီး ရှက်သွားမည်ဖြစ်ရာ သူ့ကိုပင် လျစ်လျူရှုသွားနိုင်လေသည်။ ယခုတွင် သူ၏အပွင့်လင်းဆုံး သဘောထားကို ပြသလိုက်သောကြောင့် ဝေ့လော် အတော်လေး နေလို့ကောင်းသွား၏။ အမြဲတမ်း အသံတိတ်မနေတော့ဘဲ သူ့ကို စကားအချို့ပြန်ပြောလာတော့သည်။




နောက်ဆုံးတွင် လူစည်ကားသော လမ်းမကြီးသို့ သူတို့ရောက်လာကြသည်။ စျေးထဲမှ ဆူဆူညံညံအသံများကို အဝေးမှပင်ကြားနေရ၏။ ထိုလမ်းမှာ အကျယ်ဆုံးလမ်းဖြစ်သောကြောင့် ရထားလုံး (၈)ခုလောက် ဘေးချင်းယှဥ်မောင်း၍ ရနိုင်သည်။ ထို့ကြောင့် စုန့်ဟွေ့နှင့် ဝေ့လော်တို့၏ရထားလုံးမှာ တဖြည်းဖြည်းဆက်သွားနေရင်း စားသောက်ဆိုင်တစ်ခုတွင် ရပ်လိုက်သည်။ 




ဆိုင်တံခါးရှေ့မှ ဆိုင်းဘုတ်ကြီးတွင် ကျန်း‌ချွေ့ကျိုက်ဟူသော စာလုံး(၃)လုံးကို ခပ်ကြီးကြီးရေးထား၏။ ကျန်း‌ချွေ့ကျိုက်မှာ မြို့ထဲတွင်ရှိသော နာမည်ကြီးစားသောက်ဆိုင်ဖြစ်ပြီး ဆိုင်အပြင်အဆင်နှင့် ဟင်းလျာများမှာ ထူးခြားလှသည်။ ငါးမန်းဆူးတောင် ဟင်းရည်နှင့် ပင်လုံးကြိုင် ငါးရိုးဟင်းရည်တို့မှာ အရသာထူးကဲပြည့်စုံသောကြောင့် ဆိုင်တွင် ထိုအရသာကို မြည်းစမ်းရန်အတွက် လူအများစည်ကားလျက်ရှိသည်။ 




လွန်ခဲ့သောရက်များက ဧကရာဇ်ချုံကျန်း မြို့ထဲသို့လှည့်လည်ရာတွင် ထိုနေရာမှ ဖြတ်သွားခဲ့ပြီး အစားအသောက်၏အရသာကို ချီးကျူးသွားခဲ့ဖူးသည်။ ထိုအချိန်မှစ၍ ကျန်း‌ချွေ့ကျိုက်စားသောက်ဆိုင်မှာ ပို၍လူသိများလာပြီး စီးပွားရေးလည်း ကောင်းသည်ထက် ပိုကောင်းလာခဲ့သည်။ ယနေ့တွင် စား‌သောက်ဆိုင်၌ လာရောက်သုံးဆောင်သူအများစုမှာ ချမ်းသာကြွယ်ဝပြီး အာဏာရှိသော မိသားစုအသိုင်းအဝိုင်းမှ ဖောက်သည်များပိုများလာသည်။ သာမန်မိသားစုများက ထိုဟင်းလျာများကို မှာယူစားသောက်လိုပါက (၁၀)ရက်ခန့် ကြိုတင်၍ မှာယူထားရသည်။ ယနေ့တွင် စုန့်ဟွေ့တစ်ယောက် ဝေ့လော်ကို ထိုဆိုင်သို့ခေါ်လာရခြင်းမှာ ပင်လုံးကြိုင် ငါးရိုးဟင်းရည်ကို မြည်းစမ်းကြည့်စေချင်သောကြောင့်ပင်။ 




သူ ဝေ့လော်ကို ဦးဆောင်ကာ ဆိုင်ထဲသို့ခေါ်သွား၏။ စုန့်ဟွေ့မှာ အ‌ရေးပိုင်မင်း ကျုံးယီအိမ်မှ မိသားစုဝင်ဖြစ်သောကြောင့် နေရာကောင်းကို ကြိုတင်ယူထားပြီးဖြစ်သည်။ ဆိုင်ဝန်ထမ်းများအား နာမည်ပြောလိုက်ပြီးနောက် ခပ်ငယ်ငယ် ယောက်ျားလေးဝန်ထမ်းတစ်ယောက်က သူတို့ကို အပေါ်ထပ်သီးသန့်ခန်းသို့ ဦးဆောင်သွားပေးခဲ့သည်။ လှေကားတက်နေရင်းနှင့် စုန့်ဟွေ့က




“အားလော် ဒီနေ့ ဘယ်တွေသွားချင်လဲ။ ဘာတွေလုပ်ချင်လဲ။”




ဝေ့လော်က သေသေချာချာစဥ်းစားလိုက်ပြီး




“အားလော် သက်စောင့်လက်ပတ်လေး တစ်ခုလောက်ဝယ်ချင်တာ...”




သက်စောင့်လက်ပတ်မှာ ကျန်းမာရေးအတွက် ကောင်းမွန်ပြီး ရောဂါဘယများကို ကာကွယ်ပေးနိုင်သည်။ ထိုလက်ပတ်ကိုဝယ်ကာ ချောင်ဟုန်ကို ဝတ်စေပြီး ချောင်ဟုန်၏ဘဝ အေးချမ်းလုံခြုံစေရန် ဝေ့လော်မျှော်လင့်ခြင်းဖြစ်သည်။ ယခင်ကမူ ထိုသို့ မမြင်တွေ့နိုင်သည့် သဘာဝလွန်စွမ်းအားများကို အယုံအကြည်မရှိခဲ့သော်လည်း ပြန်လည်မွေးဖွားလာခဲ့ပြီး‌နောက် ဝေ့လော် ထိုစွမ်းအာများကို ယုံကြည်ခဲ့ရတော့သည်။




သူ(မ) စကားမဆုံးသေးခင်တွင် မြင်ကွင်းရှေ့ လာပိတ်သော အလံပုံစံများနှင့် နီလာရောင်ဝတ်ရုံတစ်ခုကို မြင်တွေ့လိုက်ရသည်။ တစ်ဖက်လူက လှေကားထိပ်တွင်ရပ်နေပြီး လှေကားအောက်သို့ ဆင်းရန်ပြင်ဆင်နေပုံပင်။ သူ(မ) ဘေးသို့တိုးကာ လမ်းဖယ်ပေးလိုက်ချင်သော်လည်း မော့ကြည့်လိုက်သည့်အခါ ပင်လယ်ပြာကဲ့သို့ နက်ရှိုင်းလှသည့် ကျောင်းကျယ်၏မျက်လုံးတစ်စုံနှင့် အကြည့်ချင်းဆုံလိုက်ရတော့သည်။




ကျောင်းကျယ်က ခပ်ဖွဖွပြုံးကာ သူ(မ)ကိုကြည့်နေ၏။ အားလော်မှာ စကားပြောနေချိန်ဖြစ်သောကြောင့် ပါးစပ်ကို အချိန်မီမပိတ်လိုက်ရချေ။ ထို့ကြောင့် ကျိုးနေသည့်ရှေ့သွားကို ကျောင်းကျယ်အား ပြသမိသွားလေတော့သည်။




*****




Aurora Novel Translation Team



Report content on this page

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment