no

Font
Theme

Chapter 5.1

သစ်ပင်မြင့်ပေါ်မှ ခုန်ချသော်လည်း ပကတိအတိုင်းအထိအခိုက်မရှိသည်ကို အခြားသူများက အလွန်အံ့အားသင့်နေကြ၏။ ထိုလူက ဝေ့လော်ဆီသို့ တည့်တည့်လျှောက်လာသည်ကိုတွေ့သဖြင့် အထိန်းတော်ယဲ့လည်း ဝေ့လော်ကို တင်းကျပ်စွာဖက်ထားလိုက်သည်။




“ရှင်ဘယ်သူလဲ။”




အစောပိုင်းက မျက်နှာဖုံးဝယ်သည့်ကိစ္စများကို ဝေ့လော် သူ(မ)အား မပြောပြရသေးသောကြောင့် ကျောင်းကျယ်၏လက်ကို ဝေ့လော်ကိုက်၍ထွက်ပြေးလာသည့်အကြောင်း အထိန်းတော်ယဲ့မသိသေးချေ။ သို့သော် ကျူ့ကုန်းက အားလုံးကိုသိထား၏။ ဝေ့လော်ကို သင်ခန်းစာပေးနိုင်မည့်အခွင့်အရေးကို ရှာဖွေရင်း ဟူးကော်ဘုရားကျောင်းသို့သွားသည့်လမ်းတစ်လျှောက်လုံး သူတို့နောက်မှလိုက်လာခဲ့သည်။ အားနည်းသူကို အနိုင်ကျင့်သည်၊ စိတ်သဘောထား သေးသိမ်သည် စသည်ဖြင့် ထင်မြင်ကြမည့် အခြားသူများ၏အမြင်ကိုလည်း သူဂရုမစိုက်။ အဖိုးတန်လှသော အရှင်မင်းသား၏ခန္ဓာကိုယ်ကို ထိခိုက်အောင်လုပ်သွားသူဖြစ်သောကြောင့် ဝေ့လော်ဟူသည့် လူဆိုးမလေးကို အလွတ်မပေးရန်သာ စိတ်ထဲရှိသည်။ သို့သော် သူတို့နောက်မှလိုက်လာရင်းနှင့် အလွန်အံ့ဩစရာကောင်းသည့်မြင်ကွင်းကို မြင်တွေ့ရလိမ့်မည်ဟုတော့ သူလည်း မထင်မှတ်ထားခဲ့ပေ။




မဒမ်တုနှင့် ကျွန်ကုန်သည်လင်မယားတို့ ပြောနေသည့်စကားများကို သစ်သားအိမ်အနောက်ဘက်မှနေ၍ သူလည်းကြားလိုက်သည်။ မူလက ထိုကလေးမလေးမှာ ထူးခြားသည့်ပုံမပေါ်သော်လည်း တကယ်တမ်းတွင် ရက်စက်သောမိထွေးက သူ(မ)အား ကျွန်ကုန်သည်များထံရောင်းနိုင်ရန် အစွမ်းကုန်ကြိုးစားနေချေသည်။ အိမ်ထောင်သည်အမျိုးသမီးတို့၏ နှလုံးသားမှာ အငြှိုးအတေးကြီးလှသည်ဟူသောဆိုရိုးမှာလည်း သေချာပေါက် မှန်ကန်နေပြန်၏။ မိန်းကလေးအတွက် သူစိတ်မကောင်းဖြစ်မိသော်လည်း အကူအညီပေးသည့်လက်တစ်စုံတော့ အဖြစ်မခံနိုင်ခဲ့ပေ။ ထို့ကြောင့် သူတို့ကွယ်ရာမှသာ စောင့်ကြည့်နေသော်လည်း ထိုမိန်းကလေးက အရွယ်နှင့်မလိုက်အောင် လူတို့အား အံ့အားသင့်စေခဲ့ပေသည်။ မျက်တောင်တစ်ချက်ခတ်ခြင်း၊ တွေဝေခြင်းမရှိဘဲ ချွန်ထက်လှသည့်ဆံထိုးကို ဝှေ့ယမ်းလိုက်သည့်မြင်ကွင်းအား ကျု့ကုန်းစိတ်ဝင်စားစွာကြည့်နေခဲ့သည်။ နောက်ဆုံးတွင် သူဆက်၍မပုန်းနေနိုင်တော့သဖြင့် အပြင်သို့ခုန်ထွက်လာခြင်းပင်။




အထိန်းတော်ယဲ့ကမူ ကျူ့ကုန်းအား မဒမ်တု၏လူတစ်ယောက်ဟုထင်လိုက်မိပြီး ခြေလှမ်းများနောက်ဆုတ်သွားတော့သည်။




“ရှင့်ကိုသေချာပြောလိုက်မယ်။ ကျွန်မအသက်ရှင်နေသရွေ့တော့ မမလေးရဲ့ဆံပင်တစ်ချောင်းကိုတောင် ရှင်ထိလို့မရစေရဘူး။”




ထိုစကားလုံးများကြောင့် ဝေ့လော်လည်း ခံစားသွားရ၏။ အထိန်းတော်ယဲ့၏ လည်ပင်းကိုဖက်ကာ ‘အထိန်းတော်ယဲ့’ဟု တီးတိုးခေါ်ဝေါ်လိုက်မိသည်။ ထို့ပြင် ကျူ့ကုန်းကိုမူ သူ(မ)မသိခဲ့သည့်လူတစ်ယောက်ကဲ့သို့ လျစ်လျူရှုထားလေသည်။ အမှန်အတိုင်းဆိုရလျှင် သူ(မ) ကျောင်းကျယ်ကိုရန်စခဲ့သည်မှာ ရည်ရွယ်ချက်ရှိသည်။ သူတို့ရထားလုံးနောက်မှလိုက်လာ၍ ဖြစ်ရပ်များကိုမျက်မြင်တွေ့စေရန်ဖြစ်သည်။ အချိန်ကျလာသည့်အခါတွင် သူတို့၏တည်ရှိမှုက တစ်မျိုးတစ်ဖုံအကူအညီဖြစ်လိမ့်မည်ဟု ဝေ့လော်တွေးခဲ့သည်။ သို့သော် ယခုတွင်မူ သူတို့၏အကူအညီကို မလိုအပ်တော့ပေ။ ကျူ့ကုန်းမပေါ်လာလျှင်ပင် ဝေ့လော်က မဒမ်တုနှင့်ကိစ္စကို ကိုင်တွယ်ဖြေရှင်းလိုက်နိုင်ပြီဖြစ်သည်။ 




ရုတ်တရက်ပေါ်လာသည့်ထိုလူက ကိုယ်ခံပညာအရာတွင်လည်း ထူးချွန်နေသည်။ ဝေ့‌လော်နှင့် စကားပြောဆိုရာတွင် ရင်းနှီးနေသည့်အသံအနေအထားကိုသတိထားမိသဖြင့် ထိုသူမှာ ဝေ့ကွမ်းလွှတ်လိုက်သည့်သက်တော်စောင့်တစ်ယောက်ဟု မဒမ်တုထင်သွားခဲ့သည်။ ယင်းအိမ်တော်တွင် ကိုယ်ပိုင်သက်တော်စောင့်များရှိကြပြီး မိသားစုတစ်ခုစီကိုကာကွယ်ရန် သက်တော်စောင့် (၁၀)ယောက်ကျော်ရှိတတ်သည်။ ထိုအတွေးက ဖြစ်နိုင်ခြေရှိကြောင်းသိသဖြင့် မဒမ်တုက ချက်ချင်းမေးလိုက်၏။




“ရှင်ဘယ်သူလဲ။”




ကျူ့ကုန်းမှာ စကားအရာတွင်လိမ္မာပါးနပ်ခြင်းမရှိသောကြောင့် ယဥ်ကျေးစွာမတုံ့ပြန်တတ်ပေ။ သူက အံကြိတ်၍




“ကျုပ်က ဒီကိစ္စတွေနဲ့မသက်ဆိုင်တဲ့သူပဲ။ ခင်ဗျားတို့မိသားစုရဲ့မမလေးကိုပဲ ခဏလောက်ခေါ်သွားချင်တာ။”




မဒမ်တု လန့်သွားပြီး




“ဘယ်ကိုခေါ်သွားမှာလဲ။”




ထိုသူနှင့်စကားပြောရာတွင် သူ(မ)သတိထားရသည်။ ထိုသူမှာ ဝေ့ကွမ်းလွှတ်လိုက်သည့်သူဖြစ်နေပါက ဝေ့လော်အား ယင်းအိမ်တော်သို့ဘေးကင်းစွာပြန်လည်ခေါ်ဆောင်သွားလိမ့်မည်။ ဝေ့ကွမ်း၏ရှေ့တွင် ဝေ့လော်က သူ(မ)ကိုစွပ်စွဲတိုင်ကြားပါက မဒမ်တုလမ်းပျောက်ပြီး မည်သို့မျှရှင်းပြ၍ရမည်မဟုတ်‌တော့ချေ။ ထို့ကြောင့် ဝေ့လော်ကိုခေါ်သွားမည့်ကိစ္စကို သူ(မ)လုံးဝခွင့်မပြုနိုင်ပေ။




ထိုအကြောင်းကိုတွေးရင်း မဒမ်တုက စိတ်ကိုအေးအေးထားလိုက်ပြီး




“အားလော်က ကျွန်မနဲ့လာတာ။ ဒါကြောင့် ကျွန်မကိုယ်တိုင်ပဲ သူ(မ)ကိုအိမ်ပြန်ခေါ်သွားမယ်။ ကြားဝင်ရအောင် ရှင်ကဘာမို့လို့လဲ။”




ထိုသို့ပြောလိုက်ပြီးနောက် သူ(မ)က အားလော်ဘက်သို့လှည့်ကာ ကြင်နာသောမျက်နှာထားဖြင့်




“အားလော်လေး။ ခုနကအရမ်းလန့်သွားလား။ အထင်မလွဲနဲ့နော်။ အဲ့ဒီ့လူက အားလော်ကိုအန္တရာယ်ပေးမလို့ မဟုတ်ပါဘူး။ အားလော်လေးက အရမ်းလှတော့ သူက အနီးကပ်ကြည့်ချင်တာပါ။”




ဝေ့လော် ထိုသူနှင့်မလိုက်သွားပါက ဝေ့လော်ကိုရှင်းထုတ်ရန်အခွင့်အရေးကို နောက်မှရှာကြည့်၍ရနိုင်ပေသည်။




ဝူကျိုး၏မိန်းမကလည်း မဒမ်တုအနောက်မှနေ၍ စကားဝင်ပြောလာ၏။




“ဟုတ်တယ်။ အထင်လွဲတာပါ။ ကျွန်မတို့လင်မယားက တောင်ပေါ်က အမဲလိုက်သမားတွေပါ။ အရင်တုန်းက ကျွန်မတို့မိသားစုရဲ့ဘဝကို မဒမ်ကကယ်တင်ပေးဖူးတာမို့ ဒီနေ့ ကျေးဇူးပြန်ဆပ်ချင်တာပါ။ ချစ်စရာကောင်းတဲ့ ဒီမမလေးကိုတွေ့တော့ ခဏလောက်ချီကြည့်ချင်သွားတယ်လေ။ ဒါပေမဲ့ ဒီကလေးလေးက ကျွန်မယောက်ျားရဲ့မျက်နှာကို ဒီလိုမျိုးဖျက်ဆီးလိုက်လိမ့်မယ်လို့တော့ ဘယ်ထင်ထားပါ့မလဲ။ ဒဏ်ရာကလည်း အတော်လေးကိုနက်သွားတာ။ နောင်မှာ ဘာဆက်လုပ်ရမလဲတောင်မသိတော့ပါဘူး။”




ထို့နောက် သူ(မ)က ဝူကျိုး၏ကိုယ်ကိုမှီကာ ပြင်းထန်စွာငိုကြွေးတော့သည်။ သူ(မ)စကားများမှာ အလိမ်အညာများသာဖြစ်ကြောင်း လူတိုင်းသိပေ၏။ ပထမအချက်အနေဖြင့် မဒမ်တုမှာ ချမ်းသာသောမိသားစုမှဖြစ်သောကြောင့် အမဲလိုက်သမားမိသားစုနှင့် ပတ်သက်ဖူးသည်မှာ လုံးဝမဖြစ်နိုင်ချေ။ ထိုအမျိုးသမီးဖန်တီးလိုက်သည့်ဇာတ်လမ်းမှာ ယုံချင်စဖွယ်မရှိသောကြောင့် အားလုံးအတွက် ရယ်စရာကောင်းနေခဲ့သည်။ ဝူကျိုး၏ ပိန်ပါးပါးပုံစံကိုကြည့်လိုက်လျှင်ပင် အမဲလိုက်မုဆိုးတစ်ယောက်မဖြစ်နိုင်ကြောင်း သိသာနေပြီဖြစ်၏။ ဝူကျိုးအနေဖြင့် သားကောင်ကို အမှန်တကယ်ဖမ်းနိုင်စွမ်းရှိလျှင်ပင် သူကိုယ်တိုင် သားကောင်မဖြစ်စေရန် ပို၍ဂရုစိုက်ရမည်ဖြစ်သည်။ 




သူတို့၏ အပြန်အလှန်ပြောစကားများကို နားနှင့်သေသေချာချာကြားခဲ့သည့် ကျင်းလုမှာ ယခုအခြေအနေတွင် သူတို့အချင်းချင်း ညှိနှိုင်းဖာထေးနေသည့်အဖြစ်အပျက်ကိုမြင်သော်လည်း သူတို့မှားနေကြောင်း ချက်ချင်းမထောက်ပြခဲ့ပေ။ သူတို့နှစ်ဦး အလွန်ဇွဲကောင်းနေကြသည်ကိုသိလိုက်သည့်ကျင်းလုက




“မဒမ်။ မဒမ်ခုနကပြောတာ မမလေးကို သူတို့လင်မယားဆီမှာ ရောင်းမလို့ဆို။ ပြီးတော့ ကျွန်မတို့ကို သတိလစ်သွားအောင်လုပ်ဖို့ ဆေးလည်းသုံးသေးတယ်လေ။ ဒါတွေအားလုံးကိုလုပ်နေတာ သခင်ကြီးသိသွားမှာမကြောက်ဘူးလား။” 




မဒမ်တုက တိတ်တဆိတ်လက်သီးဆုပ်ထားမိရာ လက်သည်းများပင် အသားထဲသို့စိုက်ဝင်နေခဲ့သည်။ ကျင်းလုကို လွန်စွာမုန်းတီးမိသည့်သူ(မ)က ဒေါသဖြင့်




“အဓိပ္ပာယ်မရှိတာတွေလျှောက်ပြောမနေနဲ့။ အဲ့လိုမဖြစ်နိုင်တဲ့စကားမျိုးကို ငါဘယ်တုန်းကပြောဖူးလို့လဲ။”




ကျင်းလုကလည်း မျက်လုံးများနီရဲလျက် မတ်တတ်ရပ်ကာ




“ကျွန်မကိုယ်တိုင် နားနဲ့သေချာကြားခဲ့တာ။”




မဒမ်တုနှင့် ကျင်းလုတို့ အချင်းချင်းငြင်းခုံနေရင်း မည်သူကမျှအလျှော့ပေးချင်စိတ်မရှိကြပေ။ မဒမ်တုမှာ အမှန်တကယ် ဟန်ဆောင်ကောင်းပြီး အဓိပ္ပာယ်မရှိသည့်စကားကိုပြောနိုင်သူဖြစ်ကြောင်း ကျူ့ကုန်းတွေးမိ၏။ ကျွန်အရောင်းအဝယ်လုပ်လိုသည့် စကားပြောခန်းကိုကြားခဲ့သည်မှာ ကျင်းလုဟူသည့်အစေခံမလေး တစ်ယောက်တည်းသာမဟုတ်ဘဲ သူကိုယ်တိုင်လည်းကြားခဲ့ပေသည်။ သူတို့အသုံးပြုသည့်ဆေးမှာလည်း ဝူကျိုးနှင့် အမျိုးသမီးဝမ်၏လက်ထဲတွင် အမှန်တကယ်ရှိနေခဲ့သည်။ ကံမကောင်းစွာဖြင့် အမျိုးသမီးများ၏ရန်ပွဲအတွင်း တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်ရန် သူစိတ်မဝင်စားချေ။ သူ့ရည်ရွယ်ချက်မှာ ဝေ့‌လော်ကိုခေါ်သွားရန်သာဖြစ်၏။ အထိန်းတော်ယဲ့ အာရုံပျံ့လွင့်နေချိန်တွင် သူ(မ)အနားသို့ချဥ်းကပ်ကာ သူ(မ)ချီထားသည့်ဝေ့လော်ကိုအလျင်အမြန်လု၍ သစ်ပင်အနောက်သို့ခုန်ထွက်သွားလိုက်သည်။ ထို့နောက် ခြေလှမ်းအနည်းငယ်ခုန်လွှားသွားရုံဖြင့် သူတို့၏မြင်ကွင်းထဲမှ လုံးဝပျောက်ကွယ်သွားတော့သည်။ 




ထိုအခါ ထိတ်လန့်ကြီးစွာဖြင့် အထိန်းတော်ယဲ့က




“မမလေး။”




*




ကျူ့ကုန်းက ဝေ့လော်အား တောင်ခြေမှလမ်းမကြီးဆီသို့ခေါ်သွား၏။ ထို့နောက် အားလော်ကို မြေကြီးပေါ်သို့ချပေးလိုက်ပြီး လည်ပင်းကိုကိုင်ကာ နာကျင်စွာဖြင့်ညည်းတွားလိုက်သည်။




“ဒီကလေးမလေးက တကယ်ကိုကြမ်းတမ်းတာပဲ။”




သူ့အရေပြားပေါ်တွင် ကုတ်ခြစ်ရာများတိုးလာခဲ့သည်။ အစောပိုင်းက ဝေ့လော်မှာ သူ့လည်ပင်းကို ဆံထိုးနှင့်ထိုးရန် အချိန်ကောင်းကိုစောင့်နေခဲ့၏။ ကံကောင်းစွာဖြင့် သတိထားမိလိုက်ပြီး အချိန်မီရှောင်ရှားနိုင်လိုက်သောကြောင့် သူ့အသားတွင်ခြစ်ရာသာထင်သွားခဲ့သည်။ ဆံထိုးဖြင့်သာ ထိုးခံလိုက်ရပါက ယနေ့တွင် လူ့ဘဝကြီးမှထွက်ခွာသွားရချေလိမ့်မည်။ 




ထိုကလေးတွင် မည်သည့်ကိစ္စများဖြစ်ပျက်ခဲ့သနည်းဟု ကျူ့ကုန်းစဥ်းစားနေမိသည်။ မိခင်၏ အလိုလိုက်မှုအောက်တွင် ကြီးပြင်းလာရသဖြင့် ဆိုးသွမ်းနေသော သာမန်အသက်(၆)နှစ်အရွယ်ကလေးများနှင့်မတူဘဲ သူ(မ)က ထူးခြားနေသည်။ ဝံပုလွေတစ်ကောင်ကဲ့သို့ နေရာတိုင်းတွင် သွေးရောင်ကိုမြင်နေရသည်။ ကျောင်းကျယ်ဆီသို့ခေါ်သွားပေးရမည့်တာဝန်သာမရှိနေပါက သူ(မ)ကို ထိုနေရာတွင်ချကာ သူလည်းထွက်သွားတော့မည်ဖြစ်သည်။




ဆံထိုးကို တင်းကျပ်စွာဆုပ်ကိုင်ထားရင်း ဝေ့လော်က သူ့ကိုမော့ကြည့်ကာ 




“သမီးရဲ့ အထိန်းတော်နဲ့ အစေခံက ဟိုမှာကျန်ခဲ့တာ။ သမီးကို ဘယ်ခေါ်သွားမလို့လဲ။”




သစ်တော၏အစွန်အဖျား၌ သစ်ပင်တွင်ချည်ထားသော အညိုရောင်မြင်းတစ်ကောင်ရှိနေသည်။ ကျူ့ကုန်းက သူ(မ)၏မေးခွန်းကိုချက်ချင်းပြန်မဖြေဘဲ သစ်ပင်မှကြိုးကိုဖြည်ကာ သူ(မ)ကိုရှေ့တွင်ထား၍ မြင်းပေါ်သို့တက်လိုက်သည်။ ထို့နောက်မှ ကျူ့ကုန်းက




“ဘယ်ကိုလဲဟုတ်လား။ ငါတို့သခင်လေးဆီကိုပေါ့။ မင်းသူ့ကိုကိုက်ခဲ့တုန်းက သုံးခဲ့တဲ့သွားတွေကို ဆွဲနုတ်မလို့လေ။”




၎င်းမှာ အမှန်တကယ်မဟုတ်ဘဲ ဝေ့လော်ကိုခြောက်လှန့်ခြင်းသာဖြစ်၏။ ထိုသို့ပြုလုပ်ရန်မှာလည်း အရှင်မင်းသား၏ခွင့်ပြုချက် လိုအပ်သေးလေသည်။




ထိုအဖြေကိုကြားသည့်အခါ ဝေ့လော်က ချက်ချင်း ပါးစပ်ကိုလက်ဖြင့်အုပ်လိုက်ပြီး ကျူ့ကုန်းအား ကြောက်စရာကောင်းသည့်လူကြီးဟု သတ်မှတ်လိုက်သည်။ ကျူ့ကုန်းက လှောင်ပြုံးပြုံးလိုက်၏။ အကြောက်တရားကို သူ(မ)သိသွားသော်လည်း သူ(မ)၏လုပ်ရပ်မှာခွင့်မလွှတ်နိုင်ဘဲရှိနေသေးသည်။ အရှင့်သားကို ပြင်းထန်စွာကိုက်လိုက်ချိန်တွင် တစ်ဖက်လူမည်မျှနာသွားလိမ့်မည့်အကြာင်း သူ(မ)မစဥ်းစားခဲ့ပေ။




ကျူ့ကုန်းက ဝေ့လော်ကိုတမင်တကာခြောက်လှန့်လိုက်သောကြောင့် အမေးအဖြေကိစ္စများဖြင့် ထပ်၍ အာရုံနောက်စရာမလိုတော့ချေ။ မြင်း၏ကြိုးကို မြဲမြံစွာကိုင်ကာ မြင်းကိုအရှိန်ဖြင့်စီးနင်းလိုက်တော့သည်။ 




ဟူးကော်ဘုရားကျောင်းမှာ မြို့ထဲနှင့် မဝေးလှပေ။ (၁၅)မိနစ် မြင်းစီးလိုက်ရုံဖြင့် မြို့ထဲသို့ပြန်ရောက်လာခဲ့သည်။ အရှင်မင်းသားပေးမည့်သင်ခန်းစာကို ခံယူစေရန် ဝေ့လော်အား ကျင်းနန်းတော် (ကျောင်းကျယ်၏အိမ်)သို့ ချက်ချင်းခေါ်သွားရန် ပြင်ဆင်လိုက်သည်။ နောင်တွင် လူတစ်ယောက်ကို လွယ်လွယ်မကိုက်ရဲရန် ဝေ့လော်အား ပညာပေးချင်ခဲ့သည်။ 




သို့သော် သူတို့မြို့ထဲသို့ဝင်သွားသည်နှင့် တဖြည်းဖြည်းထူးဆန်းလာသည်ကို ကျူ့ကုန်းခံစားမိလာ၏။ လမ်းတစ်လျှောက်မှလူတို့မှာ သူ့ကိုကြည့်ပြီး လက်ညှိုးထိုးရင်း၊ ခေါင်းယမ်းရင်းနှင့် သက်ပြင်းများလည်းချကြသည်။ ထိုအခါ သူအလွန်တွေဝေသွား၏။ စဥ်းစားမရဖြစ်နေရင်း ဆက်သွားနေစဥ်တွင် ငိုသံခပ်တိုးတိုးကို သူကြားလိုက်ရသည်။ စိတ်အထင်နှင့် ငုံ့ကြည့်လိုက်သောအခါ ဝေ့လော်၏မျက်နှာတွင် မျက်ရည်များဖြင့်ပြည့်နှက်နေသည်ကို သူတွေ့လိုက်ရလေသည်။ ချက်ချင်း မြင်းပေါ်ကဆင်းကာ ကျိန်ဆဲလိုက်မိ၏။ လမ်းတစ်လျှောက်လုံး သူ(မ)ငြိမ်နေသည်မှာ ကြောက်လန့်သဖြင့် အသံမထွက်ဘဲလိုက်လာသည်ဟုထင်ထားသော်လည်း တကယ်တမ်းသူ(မ)မှာ တိတ်တဆိတ်ငိုကြွေးနေခြင်းပင်။ နဂိုလှပသော သူ(မ)မျက်လုံးများတွင် ပုလဲမျက်ရည်များကျဆင်းနေသောအခါ ပို၍လှပနေပြီး သူ(မ)ပုံစံကို သနားစရာအဖြစ် ဖန်တီးပေးနေလေသည်။ လမ်းတစ်လျှောက်မှလူတို့ ထိုမျက်နှာများဖြင့် သူ့ကိုကြည့်ကြသည်မှာ မထူးဆန်းတော့။ 




‘ငါ့ကို ကျွန်ကုန်သည်လို့များထင်သွားကြပြီလား။’




ရုတ်တရက်ပြောင်းလဲသွားသည့် သူ(မ)ပုံစံကြောင့် ကျူ့ကုန်းလည်း စိတ်ပျက်ပျက်နှင့် အံ့အားသင့်သွားရသည်။




“မင်းဘာလို့ငိုနေတာလဲ။”




ဝေ့လော်က မျက်ရည်သုတ်ကာ ကြောက်လန့်စွာဖြင့် သူ့ကိုကြည့်၍




“သမီး သူ့ကိုကိုက်ဖို့ တကယ်မရည်ရွယ်ပါဘူး။ သမီးမိထွေးက သမီးကိုရောင်းစားချင်နေတာ။ ဒါပေမဲ့ သမီးက မသွားချင်ဘူးလေ။ သမီးကိုကယ်ပါလို့တောင်းဆိုခဲ့ရင် မိထွေးကသိသွားပြီး သမီးကိုအလွှတ်ပေးတော့မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ဒီနည်းလမ်းကိုသုံးခဲ့ရတာပါ။”




‘သူ(မ)အတွက်လည်း ခက်ခဲခဲ့ပါတယ်လို့ပြောချင်တာလား။’




ကျူ့ကုန်း အံ့အားသင့်စွာဖြင့် စကားမပြောနိုင်ဘဲ သူ(မ)ကိုငေးကြည့်နေမိသည်။ ထိုအခါ ဝေ့လော်က ပို၍ပင် ဝမ်းနည်းပက်လက်ငိုကြွေး၏။ သေးငယ်လှသည့်မျက်နှာလေးတွင် ပူပန်မှုနှင့် မျက်ရည်များသာ ဖုံးလွှမ်းနေခဲ့သည်။ သူ(မ)ငိုနေသည့်ပုံစံမှာ အခြားကလေးများနှင့်မတူပေ။ အခြားကလေးများ ငိုလျှင် မျက်ရည်များစွာတစ်ပြိုင်နက်ထွက်ကျလာသော်လည်း သူ(မ)ငိုရာတွင်မူ မျက်ရည်က တစ်ကြောင်းချင်းသာလှိမ့်ဆင်းသောကြောင့် မြင်ရသူကို ပို၍စိတ်မကောင်းဖြစ်စေသည်။




“သမီးတောင်းပန်ပါတယ်။ စိတ်မဆိုးပါနဲ့နော်။ နောက်တစ်ခေါက် ဘယ်သူ့ကိုမှမကိုက်တော့ပါဘူး။ အဲ့ဒါကြောင့် အခုသမီးကို အိမ်ပြန်ပို့ပေးလို့ရမလားဟင်။”




သူတို့ ထိုနေရာတွင်ရပ်နေခြင်းက လူအများ၏အာရုံစိုက်မှုကိုခံနေရသည်။ လမ်းသွားလမ်းလာများကလည်း ကျူ့ကုန်းကိုကြည့်လိုက် သနားစရာငိုကြွေးနေသည့်ဝေ့လော်ကိုကြည့်လိုက်နှင့် တစ်ယောက်ပြီးတစ်ယောက် ခေါင်းယမ်းနေကြ၏။ သူတို့၏မျက်လုံးများထဲတွင် ကျူ့ကုန်းအား ရက်စက်ကြမ်းကြုတ်သည့် ဗီလိန်ကြီးကဲ့သို့မြင်နေကြလေသည်။




ထိုအခါ ကျူ့ကုန်းက သူ(မ)မျက်နှာကိုလှမ်းကိုင်လိုက်ပြီး




“မငိုနဲ့။”




ထိုအမိန့်သံကြောင့် ဝေ့လော်လည်း မှင်တက်မိသွား၏။ ကြောက်ကြောက်နှင့် သူ့ကိုကြည့်နေရင်း ဝေ့လော်အငိုတိတ်သွားသည်။ ခြေလှမ်းကိုထိန်းထားရင်း စကားပြောရန်ပြင်လိုက်ချိန်တွင် မျက်နှာချင်းဆိုင် အဆောက်အအုံတွင်ရပ်နေသည့် ယောက်ျားတစ်ယောက်ကို ကျူ့ကုန်းသတိထားမိလိုက်သည်။ ထိုလူက ဝရံတာကိုမှီထားရင်း ကျူ့ကုန်းကိုကြည့်ကာ နှစ်ကြိမ်ခေါင်းယမ်းလိုက်သည်။ ထိုသူမှာ ရန်ဟောက်ဖြစ်ပြီး ကျူ့ကုန်းနှင့်အတူ အလုပ်လုပ်သော ကျင်းမင်းသား ကျောင်းကျယ်၏ သက်တော်စောင့်ဖြစ်၏။ မင်းသား၏ သက်တော်စောင့်ဖြစ်သောကြောင့် ကျောင်းကျယ်အနားတွင်သာ ရှိနေသင့်သည်။ ယခုတွင် ရန်ဟောက် ထိုနေရာသို့ရောက်နေသည်မှာ ကျောင်းကျယ်၏ညွှန်ကြားမှုကြောင့်သာဖြစ်ပေလိမ့်မည်။ 




ကျူ့ကုန်း နားလည်သွား၏။ ခဏရပ်လိုက်ပြီး စိတ်မရှည်ဟန်ဆောင်က ဝေ့လော်အား




“မင်းအိမ်က ဘယ်မှာလဲ။”




ဝေ့လော်က ရှိုက်သံဖြင့် “ယင်းအိမ်တော်က သမီးအိမ်ပါပဲ။”




‘သူ(မ)က ယင်းအိမ်တော်က မမလေးလား။’




ကျူ့ကုန်း အနည်းငယ်အံ့အားသင့်သွားသော်လည်း ဘာမှဆက်မမေးချေ။ တစ်ဖန်မြင်းပေါ်သို့တက်ကာ ယင်းအိမ်တော်ရှိရာဘက်သို့ ဦးတည်မောင်းနှင်လိုက်သည်။ ယင်းအိမ်တော်သို့သာ ချက်ချင်းတိုက်ရိုက်ဦးတည်သွားသဖြင့် အားလော်၏မျက်ရည်များ ခြောက်ခမ်းသွားသည်ကို သူ မမြင်လိုက်ချေ။ အားလော်က မျက်တောင်ခတ်လိုက်ရင်း အစောပိုင်းမှသနားစရာသွင်ပြင်ကို အောင်ပွဲခံသည့်အပြုံးတစ်ခုဖြင့် အစားထိုးခဲ့ပြီဖြစ်သည်။ 




*****




Aurora Novel Translation Team



Report content on this page

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment