Chapter 23.1
ကန်စပ်သို့ရောက်သော်။
အနီးနားတွင် ရပ်ကြည့်နေသူများစွာရှိနေ၏။ တရားရုံးမှ အရာရှိများ၊ အာဏာရှိမိသားစုများမှ ဂုဏ်သရေရှိပုဂ္ဂိုလ်များနှင့် ကယ်ဆယ်ရန် အပြေးအလွှားရောက်လာကြသော နန်းတွင်းအစေခံများလည်း ရှိသည်။ မြေပြင်ပေါ်တွင် လဲလျောင်းကာ ရေများစိုရွှဲနေပြီး သတိလစ်နေသည့်လူတစ်ယောက်ကို ဝေ့လော် အဝေးမှလှမ်းမြင်လိုက်သည်။ သူ့နံဘေးတွင် ဝေ့ကွမ်းထိုင်နေပြီး သူ့ရင်ဘတ်ကို ဖိကာ ရှေးဦးပြုစုနည်းဖြင့် ရေထုတ်ပေးနေပါသော်လည်း ထိုသူမှာ မည်သို့မျှ မတုံ့ပြန်ခဲ့ချေ။
ဝေ့လော် ထိတ်လန့်ကာ ဖြူဖျော့သွား၏။ မဒမ်ချင်းပေါ်မှ ဆင်းလိုက်ပြီး ဝေ့ကွမ်းဆီသို့ ပြေးသွားကာ
“ချောင်ဟုန်။”
နွေရာသီအစောပိုင်း ဖြစ်သောကြောင့် ကန်ရေမှာ မအေးလှသော်လည်း ရေကန်က နက်လေသည်။ အောက်ခြေသို့ရောက်သည်အထိ နစ်မြုပ်သွားပါက အမြန်ကယ်၍ရလိုက်မည်ပင် မဟုတ်ချေ။ အချိန်မီ မကယ်တင်နိုင်လိုက်ပါက.... ထိုအကြောင်းကို တွေးလိုက်မိရုံနှင့်တင် ဝေ့လော်ကို ထိတ်လန့်သွားစေခဲ့သည်။ ထိုအကြောင်းကို ထပ်မစဥ်းစားရဲတော့ဘဲနှင့် ဝေ့လော် ချောင်ဟုန်၏လက်မောင်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ သူ့နာမည်ကို ခေါ်နေတော့သည်။
“ချောင်ဟုန်။ ထပါတော့။”
ဝေ့လော် ကြောက်လန့်နေသည်။ ယနေ့တွင် ချောင်ဟုန် မသေသွားနိုင်သည်ကို သေသေချာချာသိထားသော်လည်း စိတ်မချနေခဲ့ချေ။ ဝေ့လော် ပြန်မွေးဖွားလာခြင်းကြောင့် သတ်မှတ်ထားပြီးသား အကြောင်းအရာများ တစ်မျိုးတစ်ဖုံပြောင်းလဲကာ လမ်းလွဲသွားမည်ကို ဝေ့လော်စိုးရိမ်နေသည်။
‘ငါကိုယ်တိုင် သူ့ကိုကာကွယ်ပေးမယ်လို့ ပြောထားပြီးတော့ အခု သေသေချာချာ ဂရုမစိုက်လိုက်မိလို့ ချောင်ဟုန်က ဒီလိုအဖြစ်မျိုးနဲ့ ကြုံနေရတာ။’
ထိုအတွေးများနှင့် ဝေ့လော်ခေါင်းမော့လိုက်ပြီး သူ(မ)၏ မျက်နှာချင်းဆိုင် မလှမ်းမကမ်းတွင်ရှိနေသော အပြာရောင်ဝတ်ရုံဝတ်ထားသည့် ကောင်လေးကို ဒေါသစိတ်ဖြင့်ကြည့်လိုက်သည်။ ထိုကောင်လေးမှာ အသက် (၇)နှစ်၊ (၈)နှစ်အရွယ်ရှိ၏။ သူ့ရုပ်ရည်မှာ ချောမောသော်လည်း မျက်လုံးများက မာနထောင်လွှားနေသောကြောင့် သူ့ပုံစံမှာ အရိုင်းဆန်နေသည်။ ယခုတွင် ပန်းရောင်နှုတ်ခမ်းများကို တင်းတင်းစေ့ထားရင်း ဝေ့လော်နှင့် အကြည့်ချင်းဆုံသွားကြသည်။ အစက သူ(မ)ကိုပြန်ကြည့်မိသော်လည်း နောက်ပိုင်းတွင် တစ်ဖက်သို့လှည့်ကာ ဝေ့လော်ကိုမကြည့်တော့ချေ။
၎င်းမှာ မင်းသားယုရန်၏ သားဖြစ်သူ လီစုန့်ပင်။ သူ့ပုံစံမှာ ယခင်ဘဝက ဝေ့လော်မြင်ဖူးခဲ့သည့် အရွယ်ရောက်နေသောပုံစံနှင့် မတူနေသော်လည်း ဝေ့လော် သူ့ကို မှတ်မိနေဆဲဖြစ်သည်။ အကြောင်းမှာ သူ၏ ဘယ်ဘက်မျက်လုံးအောက်တွင် မွေးရာပါအမှတ်တစ်ခုရှိနေသောကြောင့်ပင်။ ထိုမှည့်က ပန်းရောင်သန်းနေပြီး အမြီးပုံစံဖြစ်နေသောကြောင့် အလွန်ထူးခြားခဲ့သည်။ သူ့နံဘေးတွင် ရပ်နေသည့် အရပ်မြင့်မြင့် ခန္ဓာကိုယ်တောင့်တင်းသည့်သူမှာ မင်းသားယုရန်ပင်။ မင်းသားယုရန်က တည်တံ့နေသည့်မျက်နှာထားဖြင့် သူ့ကိုဆုံးမနေရာ အသံကျယ်သောကြောင့် နန်းတော်ထဲမှလူများအားလုံးနီးပါး ကြားရလေသည်။
မင်းသားယုရန်က တိုက်ပွဲဝင်ရသည်ကို အလွန်သဘောကျသည်။ သူ့ခန္ဓာကိုယ်က အလွန်တောင့်တင်းကာ သူ၏ ကိုယ်ခံပညာကလည်း သာမန်ထက်ပို၍ ထူးကဲနေသည်။ ယခင်က မင်းသားယုရန်မှာ ဧကရာဇ်ချုံကျန်းနှင့်အတူ မီးထဲရေထဲတွင် တိုက်ပွဲဝင်ခဲ့ဖူးပြီး နယ်မြေများကို တိုက်ခိုက်အောင်မြင်ခဲ့ဖူးသည်။ ဧကရာဇ်ချုံကျန်း အာဏာရလာသောအခါ မင်းသာယုရန်ကို မင်းသားရာထူးပေးခဲ့ပြီး လက်ရုန်းရည်တူညီသော ညီအစ်ကိုတစ်ယောက်အဖြင့် အနီးတွင်ထားခဲ့သည်။ မင်းသားယုရန်က ဧကရာဇ်ချုံကျန်း၏ညီမဖြစ်သူ မင်းသမီးကောင်းယန် (ကျောင်းရွှမ်)နှင့် လက်ထပ်ခဲ့သည်။ လွန်ခဲ့သော နှစ်များစွာခန့်က ကျောင်းရွှမ်မှာ မြို့တော်ထဲမှ လှပသောမိန်းကလေးအဖြစ် ကျော်ကြားခဲ့ပြီး နူးညံ့သောခန္ဓာကိုယ်နှင့် ကောင်းမွန်သော စိတ်ထားတို့ရှိသည်။ ကျောင်းရွှမ်မှာ နူးညံ့လှပလွန်းသည့် မင်းသမီးလေးဖြစ်ပြီး မင်းသားယုရန်မှာ ကြမ်းတမ်းတောင့်တင်းသည့် စစ်သည်တစ်ဦးဖြစ်လေရာ မည်သို့ပင်ကြည့်စေကာမူ သူတို့နှစ်ယောက်မှာ လိုက်ဖက်မှုမရှိချေ။ ထိုအချိန်တုန်းက သူတို့လက်ထပ်လိုက်သည့်အခါ မင်းသမီးကောင်းယန်အပါအဝင် မြို့တော်ထဲရှိလူများက သူတို့လက်ထပ်ပွဲကို အကောင်းမမြင်ခဲ့ကြချေ။ မင်းသမီးကောင်းယန်က စစ်သည်တော်ကဲ့သို့ အမျိုးသားမျိုးကို သဘောမကျချေ။ နူညံ့သိမ်မွေ့ကာ ပညာတော်သည့် စာပေသမားကိုသာ သူ(မ)သဘောကျသည်။ လက်ထပ်ပွဲကိစ္စနှင့် ပတ်သက်၍ အစ်ကိုဖြစ်သူ ဧကရာဇ်ချုံကျန်းကို သူ(မ)ခုခံခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ကြောင်း ကောလဟလများလည်း ကြားခဲ့ရသည်။ နောက်ဆုံးတွင်မူ အစ်ကိုဖြစ်သူ၏ ဆုံးဖြတ်ချက်အတိုင်း မင်းသားယုရန်နှင့် လက်ထပ်ခဲ့ရခြင်းပင်။
ကံကောင်းစွာဖြင့် သူတို့လက်ထပ်လိုက်ပြီးနောက် မင်းသားယုရန် (လီကျီလျန်)က သူ(မ)ကို အလိုလိုက်ကာ ကောင်းမွန်စွာဆက်ဆံခဲ့သည်။ သိပ်မကြာခင်တွင် သူတို့နှစ်ယောက် သားတစ်ယောက်နှင့် သမီးတစ်ယောက်ကို ဖွားမြင်ခဲ့၏။ သားဖြစ်သူ လီစုန့်မှာ ယခုနှစ်တွင် အသက် (၈)နှစ်ရှိပြီဖြစ်ပြီး သမီးလီရှန်းမှာ အသက်(၅)နှစ် ဖြစ်သည်။
‘အရင်ဘဝတုန်းက လီစုန့်က ဘာလို့ ချောင်ဟုန်ကို ခက်ခဲအောင်လုပ်ခဲ့တာလဲ။ ဘာအကြောင်းအတွက်ကြောင့် ချောင်ဟုန်ရဲ့ အနာဂတ်ကိုဖျက်စီးပြီး ဂုဏ်သိက္ခာကို နင်းချေရတာလဲ။’
ဝေ့လော် ထိုအကြောင်းအရင်းကို သိပေသည်။ ယခင်ဘဝတုန်းက မြို့စားယင်းအိမ်တော်နှင့် မင်းသားယုရန်၏ နန်းတော်တို့ နှစ်ဖက်မိသားစုမှာ ချောင်ဟုန်နှင့် လီရှန်းတို့၏ လက်ထပ်ပွဲအကြောင်းကို ဆွေးနွေးတိုင်ပင်ခဲ့သည်။ (၁၄)နှစ်အရွယ် လီရှန်း၏နှလုံးသားထဲတွင် တစ်စုံတစ်ယောက် ရှိနေခဲ့သောကြောင့် သူ(မ)က ချောင်ဟုန်ကို သဘောမကျခဲ့ချေ။ တော်ဝင်စစ်မက်ရေးရာ စာမေးပွဲကို ဖြေဆိုအောင်မြင်သည့် သူရဲကောင်းကိုသာ သူ(မ) သဘောကျခဲ့သည်။ ထိုအခါ သူ(မ)၏ ဂုဏ်သိက္ခာကို မကျဆင်းစေဘဲ ချောင်ဟုန်နှင့်လက်ထပ်ပွဲကို ဖျက်ရန်အတွက် ချောင်ဟုန်၏ ဂုဏ်သိက္ခာကို ဖျက်စီးရန် အစ်ကိုဖြစ်သူလီစုန့်ကို တောင်းဆိုခဲ့သည်။ ထို့သို့ ပြုလုပ်လိုက်ပါက အချိန်ကျလာသည်နှင့် သူ(မ)ကိုယ်တိုင် ငြင်းဆန်စရာမလိုဘဲ သူ(မ)မိဘများက ထိုလက်ထပ်ပွဲကို အလိုလိုငြင်းဆန်ကြမည်ဖြစ်သည်။ ထို့ကြောင့် လီစုန့်က ချောင်ဟုန်ကိုလှည့်ဖျားကာ စိတ်ကိုပြောင်းလဲစေသည့် သတ္တု(၅)မျိုး ဆေးမှုန့်ကို သောက်စေခဲ့ပြီး ချောင်ဟုန်၏နေ့ရက်များကို ယောင်ချာချာဖြစ်စေခဲ့သည်။ သူတို့မောင်နှမနှစ်ယောက်၏ လုပ်ရပ်ကို ပြန်တွေးကြည့်မိသည့်အခါ ဝေ့လော် မုန်းတီးမှုများစွာဖြင့် အံကိုကြိတ်ထားမိလိုက်တော့သည်။
‘လီရှန်းက ချောင်ဟုန်ကိုမကြိုက်တာနဲ့ပဲ ဒီလေက်ထိလုပ်ရက်ရအောင် ချောင်ဟုန်က သူ(မ)ကို ဘာများလုပ်ထားလို့လဲ။ သူ(မ)သိက္ခာမကျချင်လို့ ချောင်ဟုန်ရဲ့သိက္ခာကို ဆွဲချသွားတာ။ ဖြူစင်တဲ့ပုံရိပ်ကို တမင်ထုတ်ပြနေတဲ့ ပြည့်တန်ဆာတစ်ယောက်လိုပဲ။ ဒီလောက်ထိ စိတ်ဓာတ်အောက်တန်းကျတဲ့သူမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။’
ထိုအကြောင်းများကို စဥ်းစားကြည့်လိုက်ပြီးနောက် ဝေ့လော် အလွန်ဒေါသထွက်ကာ တစ်ကိုယ်လုံးတုန်ယင်လာခဲ့သည်။
‘ချောင်ဟုန်ရဲ့ လက်ရှိအခြေအနေက ဘာဖြစ်မလဲသေချာမသိသေးဘူး။ အသက်ရှင်ပါ့မလားတောင် မသေချာသေးဘူး။ ချောင်ဟုန်သေသွားလို့ကတော့ သူတို့အသက်တွေကိုလည်း ဒီတိုင်းရှင်ခွင့်မပေးနိုင်ဘူး။’
ဝေ့လော် ခေါင်းငုံ့နေရင်း သူ(မ)ပခုံးလေးက ခပ်ဖွဖွလှုပ်ရှားနေခဲ့သည်။ အခြားသူများအတွက်မူ ကြည့်လိုက်လျှင် ငိုနေသည်ဟုထင်ရသော်လည်း တကယ်တမ်း ဝေ့လော်မှာ ဒေါသထွက်ပြီး စက်ဆုပ်ရွံရှာနေကြောင်း မည်သူမျှမသိချေ။ သူတို့မောင်နှမ ချက်ချင်းဝဋ်လည်ကာ ချက်ချင်း သေသွားစေရန် ဝေ့လော် ဆုတောင်းနေခဲ့သည်။ ပန်းရောင်နှုတ်ခမ်းများကို တင်းကျပ်စွာကိုက်ထားသောကြောင့် သွေးထွက်နေသော်လည်း ဝေ့လော် နာကျင်မှုကို မခံစားရချေ။ သူ(မ)၏သွေးများက ချောင်ဟုန်၏လက်ပေါ်သို့ တစ်စက်ချင်းကျနေသောကြောင့် ထိုသွေးများကို လက်မဖြင့် သုတ်လိုက်သည်။ သူ(မ)လည်ချောင်းတွင်လည်း စကားပြောသံကို ထုတ်၍မရချေ။ ယခင်ဘဝနှင့် လက်ရှိအခြေအနေတို့မှ မှတ်ဉာဏ်များ ရောယှက်နေသောကြောင့် ရင်ထဲတွင်ဆို့နင့်နေခဲ့သည်။ ထို့နောက် သူ(မ)က
“ချောင်ဟုန်။ မသေပါနဲ့.... မသေပါနဲ့။”
ထိုစကားများကို ပြောလိုက်ပြီးနောက် အနောက်မှနေ၍ လက်တစ်စုံက သူ(မ)ကိုဆွဲထူလိုက်သည်။ ကျောင်းကျယ်၏အသံမှာ အေးဆေးတည်ငြိမ်နေ၏။
“သူ မသေပါဘူး။ သူ့ကို ကယ်နိုင်မဲ့သူတစ်ယောက်ကို ကိုယ်ရှာပေးမှာပါ။”
ထိုသို့ပြောလိုက်ပြီးနောက် ကျူ့ကုန်းရောက်လာပြီး ဝေ့ကွမ်း၏နေရာတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ချောင်ဟုန်၏ရင်ဘတ်ပေါ်တွင်တင်ကာ စည်းချက်ညီညီ ဖိနှိပ်ပေးလိုက်၏။ ကျောင်းကျယ်က ဝေ့လော်ကို ဘေးသို့ခေါ်သွားလိုက်သော်လည်း ဝေ့လော်မှာမူ သူ့ကိုအသိအမှတ်မပြုခဲ့ချေ။ ကျူ့ကုန်း၏ လုပ်ဆောင်ချက်ကိုသာ သူ(မ)သေသေချာချာကြည့်နေရင်း ချောင်ဟုန်၏ပါးစပ်ထဲမှ ကန်ရေများစွာ ပွင့်ထွက်လာပြီး သူ့ခန္ဓာကိုယ်လည်း လှုပ်ရှားကာ ချောင်းဆိုးလာသည်ကို ဝေ့လော်တွေ့လိုက်ရသည်။
“ချောင်ဟုန်။”
ဝေ့လော် ရင်ထဲတွင်ခံနေသည့် အစိုင်အခဲလုံးကြီး ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ အလွန်ဝမ်းသာသွားသဖြင့် ချောင်ဟုန်ရှိရာသို့ အပြေးသွားလိုက်စဥ် မထင်မှတ်ထားဘဲနှင့် ကျောင်းကျယ်၏လက်မောင်းများက သူ(မ)၏လမ်းကို ပိတ်ဆို့ထားလိုက်သည်။ သို့သော် ဝေ့လော် အရှိန်မထိန်းနိုင်လိုက်သောကြောင့် ကျောင်းကျယ်၏ရင်ခွင်ထဲသို့ ပြုတ်ကျသွားရပြီး သူ့ရင်ဘတ်ကို ဝင်တိုက်မိလေရာ နှာခေါင်းအနည်းငယ် နာကျင်သွားခဲ့သည်။ ထိုအခါ ကျောင်းကျယ်က ခပ်ဖွဖွရယ်လိုက်မိ၏။ ထို့နောက် သူ(မ)ကို ရင်ခွင်ထဲမှထုတ်ပေးလိုက်ပြီး သူ(မ)နှာခေါင်းလေးကို ခပ်ဖွဖွကိုက်ကာ
“ဘာတွေ အလျင်လိုနေတာလဲ။ ကောင်လေးက ဒီမှာပဲရှိနေတာ ထွက်မပြေးပါဘူး။”
ချောင်ဟုန် ထိုင်လိုက်သည့်အချိန်တွင် ဝေ့ကွမ်းက စိတ်ပူပန်စွာဖြင့် ချောင်ဟုန်ကို မေးမြန်းနေသည်ကို ဝေ့လော်တွေ့လိုက်ရသည်။ ထိခိုက်နာကျင်သည့် နေရာမရှိကြောင်း (၂)ကြိမ်ခေါင်းခါပြလိုက်ပြီးနောက် ချောင်ဟုန် တိတ်ဆိတ်သွား၏။ ချောင်ဟုန်မှာ အမြဲတမ်း ဣန္ဒြေကြီးစွာနေထိုင်ခဲ့သည်။ ယခုတွင်မူ ရေထဲသို့တွန်းချခံလိုက်ရသဖြင့် သူ့ခံစားချက်မှာ အဆိုးဝါးဆုံးဖြစ်နေသော်လည်း မည်သည့်စကားမျှ မပြောခဲ့ချေ။ ချောင်ဟုန်မှာ ခံစားချက်များကို အမြဲမျိုသိပ်ထားတတ်သူသာ ဖြစ်လေသည်။
လှမ်းကြည့်နေရင်းနှင့် ဝေ့လော် ပို၍စိတ်ပူလာသဖြင့် ကျောင်းကျယ်၏လက်ကို တွန်းဖယ်ကာ
“အားလော် မောင်လေးကို တွေ့ချင်သေးတယ်...”
သို့သော် ကျောင်းကျယ်မှာ စိတ်ဆုံးဖြတ်ထားခဲ့ပြီး သူ(မ)ကို အလွှတ်မပေးခဲ့ချေ။ သူတို့နှစ်ယောက်မှာ လူအုပ်၏အနောက်တွင် ရပ်နေသောကြောင့် သိပ်အာရုံစိုက်မခံရပေ။ ကျောင်းကျယ်က သူ(မ)၏ နူးညံ့သောပန်းရောင်နှုတ်ခမ်းလေးကို လက်မဖြင့် ညင်သာစွာပွတ်သပ်လိုက်၏။ ထိုအခါ အစောပိုင်းမှ နှုတ်ခမ်းကိုက်ထားသဖြင့် နာကျင်မှုကိုပြန်ခံစားရသောကြောင့် ဝေ့လော် မျက်မှောင်အနည်းငယ်ကြုတ်မိသွားသည်။ ကျောင်းကျယ်က သူ(မ)ကိုလွှတ်ပေးလိုက်ပြီး သူ့လက်မပေါ်မှ သွေးများကိုကြည့်ကာ အေးဆေးတည်ငြိမ်စွာဖြင့်
“ခုနတုန်းက မင်းဘယ်သူ့ကို မကျေမနပ်ဖြစ်နေတာလဲ။”
*****
Aurora Novel Translation Team
Report content on this page