no

Font
Theme

Chapter 21

ကျောင်းကျယ်က ဝေ့လော်ဆီသို့ ခြေလှမ်းလှမ်းလာပြီး သူ(မ)၏လက်လေးကို လှမ်းကိုင်လိုက်သည်။ သူ(မ)၏ လက်ဖမိုးကို သူ့လက်မဖြင့် ပွတ်သပ်ပေးလိုက်ပြီးနောက်




“ပြစမ်းပါဦး။ ကြောင်ကုတ်ခံလိုက်ရတာလား။”




ဝေ့‌လော်၏လက်ဖမိုးလေးမှာ နူးညံ့နေ၏။ အမာရွတ်တစ်ခုမျှမကျန်ခဲ့သော်လည်း လက်ပေါ်တွင် စိုနေသည့်နေရာ (၂)ခု ရှိနေသည်။ ကြောင်ငယ်လေးမှာ သူ(မ)ကိုအလွန်သဘောကျသောကြောင့် သူ(မ)အနား ကပ်လိုခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် ကံမကောင်းစွာဖြင့် ၎င်း၏စိတ်အားထက်သန်မှုက ဝေ့လော်ကို ထိတ်လန့်သွားစေခြင်းပင်။ 




အစောပိုင်းမှ မြင်ကွင်းကိုပြန်တွေးမိရင်း ကျောင်းကျယ် မနေနိုင်တော့ဘဲ ရယ်လိုက်မိ၏။ ဝေ့လော်မှာ ထိုကြောင်လေးကို ပြန်ချရန်ကြိုးစားနေရင်း မလှုပ်ရှားရဲဘဲ တစ်ကိုယ်လုံးကို တောင့်ထားခဲ့သည်။ သူ(မ)၏မျက်နှာမှာလည်း အကြီးမားဆုံးရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ ခက်ထန်မာကျောနေလေသည်။ တစ်မိုးအောက်တွင် ဝေ့လော်မည်သည့်အရာကိုမျှ ကြောက်လိမ့်မည်မဟုတ်ဟု ထင်ထားသည့်ကျောင်းကျယ်မှာ ကြောင်လေးကိုကြောက်နေသည့် ဝေ့လော်ကိုမြင်သော် ရယ်လိုက်မိခြင်းပင်။ 




ဝေ့လော်က သူ(မ)လက်ကို ပြန်ဆွဲယူသွားပြီး နှုတ်ခမ်းကိုစေ့ကာ ခေါင်းခါပြလိုက်သည်။ ကျောင်းကျယ်က ပြုံးလိုက်ပြီး ဝေ့လော်၏မျက်လုံးနီများကို လှမ်းကိုင်ကြည့်ကာ ကျေနပ်နေသည့်အသံဖြင့်




“ဘာလို့ငိုနေတာလဲ။”




ဝေ့လော် ငိုနေခြင်းမဟုတ်။ စိတ်ပူပန်သောကြောင့် မျက်လုံးနီလာခြင်းဖြစ်ရာ ငိုသည့်အဆင့်နှင့် အလွန်ဝေးကွာသေးလေသည်။ ကျောင်းကျယ် အဘယ်ကြောင့် ထိုနေရာတွင် ပေါ်လာရကြောင်း သူ(မ)မသိသလို သိလည်းမသိချင်ပေ။ ကြောင်တစ်ကောင်၏နှောင့်ယှက်ခြင်းကို ခံလိုက်ရသောကြောင့် ခံစားချက်ပျက်နေပြီဖြစ်ရာ ငန်းရိုင်းစံအိမ်ထဲသို့သာ ပြန်ဝင်သွားချင်နေတော့သည်။




“မငိုပါဘူး။”




သူ(မ)စကားပြောနေချိန်တွင် ကျောင်းကျယ်က တိတ်ဆိတ်နေပြီး သူ(မ)၏ရှေ့သွားများအား လေ့လာနေသည်ကို ဝေ့လော်သတိထားမိလိုက်သည်။ ထိုအခါ သူ(မ)၏မျက်နှာထားမှာ ချက်ချင်းပြောင်းလဲသွားပြီး ပါးစပ်ကိုလက်ဖြင့်အုပ်ကာ သူ့ကိုစိုက်ကြည့်လိုက်သည်။ ယခင်တစ်ခေါက်က စားသောက်ဆိုင်တွင်ဆုံခဲ့သည့် အချိန်ကို ပြန်တွေးကြည့်လိုက်သော် နောက်တစ်ကြိမ် နှာခေါင်းကိုဆွဲဆိတ်ကာ ပါးစပ်အတင်းဖွင့်ခိုင်းမည်ကို ဝေ့လော်စိုးရိမ်နေခဲ့သည်။ 




ကျောင်းကျယ် ပြုံးလိုက်၏။ သွားကျိုးထားသောကြောင့် သူ(မ)၏စကားသံမှာ အနည်းငယ် ရယ်ချင်စရာကောင်းနေခဲ့သည်။ အထူးသဖြင့် ‘မငိုပါဘူး’ဟု ပြောလိုက်ချိန်တွင် ကြားလိုက်ရသည့်စကားလုံးက ရယ်ချင်စဖွယ် ဖြစ်ခဲ့လေသည်။ ထို့ပြင် သူ(မ)ပုံစံက အထိမခံဖြစ်နေသေး၏။ ကျောင်းကျယ်က ရယ်သည့်အခါ သူ(မ)ချက်ချင်း ဒေါသထွက်လာသည်။ ကျောင်းကျယ်မှာ အလွန်ရယ်ချင်နေပါသော်လည်း ခပ်တည်တည်အနေအထားကို ပြန်လည်ထိန်းယူလိုက်ပြီး 




“အားလော်။ မင်းနာမည် အားလော် ဟုတ်တယ်မလား။ မင်းက ကြောင်တွေကို ကြောက်တာလား။”




ဝေ့လော် စကားမပြောဘဲ သူ့ကိုစိုက်ကြည့်နေသောကြောင့် ကျောင်းကျယ်က ထပ်‌မေးတော့မည့်အချိန်တွင် အစောပိုင်းက မိန်းကလေးက သူ့အနားသို့ရောက်လာပြီး 




“ဝမ်းကွဲအစ်ကိုကျင်း။ သူ(မ)က ဘယ်သူလဲ။”




ကျောင်းကျယ်မှာ အသက်(၁၀)နှစ်အောက် က‌လေးများနှင့်ပတ်သက်၍ စိတ်မရှည်တတ်ချေ။ ကျောင်းကျယ်နှင့် အနီးကပ်ရှိသူတိုင်း ကျောင်းကျယ်ကလေးမချစ်တတ်သည်ကို သိထားကြသည်။ သို့သော် ယနေ့တွင် ထိုသူမှာ မထင်မှတ်ထားစွာဖြင့် မိန်းကလေးတစ်ယောက်နှင့် ရင်းနှီးရန်ကြိုးစားနေပြီး သူ(မ)၏မျက်ရည်များကိုပင် ကိုယ်တိုင်သုတ်‌ပေးရန် ဆန္ဒရှိနေခဲ့သည်။ ထိုသို့ဖြစ်ရပ်မျိုးမှာ အလွန်ရှားပါးလွန်းလှ၏။ ထို့ကြောင့် တစ်ဖက်မိန်းကလေးမှာ ဝေ့လော်ကို သေသေချာချာ‌လေ့လာနေပြီး ဝေ့လော်၏ သာမန်ထက်ထူးကဲနေသော ပုံစံကို သတိပြုမိလိုက်လေသည်။




‘သူ(မ)က သာမန်မိန်းကလေးတွေထက် ပိုလှပြီး ချစ်စရာကောင်းနေလို့များလား။’




ထိုမိန်းကလေးမှာ မြို့စားကျန်း၏ သမီးအကြီးဖြစ်သူ ကောင်းသန်းယန်ပင်။ သူ(မ)က ကျောင်းကျယ်ထက် အသက်(၁)နှစ်ငယ်၏။ ကျောင်းကျယ်နှင့် သူ(မ)မှာ မိခင်ဘက်မှတော်စပ်သော ဝမ်းကွဲမောင်နှမများဖြစ်ကြသည်။ ကလေးဘဝကတည်းက အတူတူကြီးပြင်းလာကြသောကြောင့် သူတို့နှစ်ယောက်မှာ အခြားသူများထက် ပို၍ရင်းနှီးခဲ့သည်။ ယခုတွင် ကျောင်းကျယ်က ကျောင်းယန်နန်းတော်ခန်းမထဲတွင် ဧကရီမိဖုရားကို အရိုအသေပေးခဲ့ပြီးနောက် ကောင်းသန်းယန်နှင့်အတူ ထိုနေရာမှထွက်လာခဲ့၏။ အကြောင်းမှာလည်း ဧကရီမိဖုရားက သူတို့နှစ်ယောက်ကို အတူတူထွက်သွားစေလိုသောကြောင့်ဖြစ်သည်။ ကျောင်းကျယ်အနေနှင့် ဧကရီမိဖုရား၏ဆန္ဒကို ငြင်းဆန်ရန်မသင့်တော်သောကြောင့်သာ လက်ခံခဲ့ရသည်။ တစ်ခဏလမ်းလျှောက်လာပြီးနောက် ဝေ့လော်နှင့် လျောင်ယူရုန်တို့ ကြောင်ကလေးများနှင့်ဆော့နေသည့်မြင်ကွင်းကို မြင်တွေ့ခဲ့ခြင်းပင်။




ကျောင်းကျယ်က သူ့လက်ကိုပြန်ရုပ်သိမ်းလိုက်ပြီး မတ်တတ်ရပ်ကာ 




“သူ(မ)က မြို့စားယင်းစံအိမ်က စတုတ္ထသခင်မလေး ဝေ့လော်တဲ့။”




တစ်ခဏရပ်လိုက်ပြီးနောက် သူက ဝေ့လော်ကိုကြည့်ကာ 




“ငါပြောတာ မှန်ရောမှန်ရဲ့လား။”




ဝေ့‌လော် ပြန်မဖြေဘဲ လျောင်ယူရုန်၏လက်ကိုဆွဲကာ




“ဒီကြောင်လေးတွေက အစ်ကိုမင်းသားကျင်းရဲ့ ကြောင်လေးတွေမှန်းမသိလို့ ယူရုန်နဲ့အားလော်က လာကစားမိတာပါ။ ပြီးတော့ သူတို့ကို အစာကျွေးချင်ရုံပါပဲ။ အစ်ကိုမင်းသားကျင်းနဲ့ အစ်မကို စိတ်အနှောင့်အယှက်ဖြစ်သွားစေတယ်ဆိုရင် အားလော်တို့ ဒီအတိုင်းပဲ ပြန်လိုက်ပါတော့မယ်။”




ထိုသို့ပြောလိုက်ပြီးနောက် ဝေ့လော်မှာ တစ်ဖက်သို့လှည့်ကာ လမ်းလျှောက်ထွက်သွားလိုက်တော့သည်။ ကျောင်းကျယ်က သူ(မ)ကိုတားလိုက်ပြီး ရယ်ချင်စိတ်ကို ထိန်းထားသည့်အသံဖြင့် 




“ဘယ်သူ့ကြောင်ဖြစ်ဖြစ် ကြောင်က ကြောင်ပါပဲ။ မင်းကြိုက်တယ်ဆိုရင် တစ်ခါတည်းခေါ်သွားလိုက်လို့ရတယ်။”




ဘေးဘက်မှ ဂုဏ်သရေရှိ ကောင်းသန်းယန်မှာ မျက်မှောင်ကြုတ်နေတော့၏။ ဝေ့လော်က ခေါင်းခါလိုက်ပြီး မျက်ရည်လည်နေသည့်မျက်လုံးများကို မော့ကြည့်ကာ ခပ်ဖွဖွအပြုံးဖြင့်




“ကျေးဇူးတင်ပါတယ် အစ်ကိုမင်းသားကျန်း။ ဒါပေမဲ့ ဒီကြောင်လေးတွေကို ဒီအစ်မက အစ်ကိုမင်းသားကျင်းအတွက် လက်ဆောင်ပေးထားတာဆိုတော့ အားလော် မယူတော့ပါဘူး။”




*




ဝေ့လော်ထွက်သွားပြီးနောက် ကျောင်းကျယ်က သူ့အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ့မျက်လုံးထဲတွင်လည်း ပျော်ရွှင်နေသည့်အရိပ်အယောင်များ မှိန်ကျသွားတော့သည်။ ထို့နောက် သူက ကောင်းသန်းယန်အား




“ဒီနေရာက ငန်းရိုင်းစံအိမ်နဲ့ သိပ်မဝေးတော့ပါဘူး။ အစ်ကိုလိုက်ပို့ဖို့ မလိုဘူးမဟုတ်လား။ ကိုယ့်ဘာသာကိုယ် ပြန်လိုက်တော့နော်။”




ကြောင်ငယ်လေးကို ပွေ့ချီထားသည့် ကောင်းသန်းယန်မှာ ခြေတစ်လှမ်းပင်မရွေ့ချေ။ ကျောင်းကျယ်ထွက်သွား‌တော့မည်ကို မြင်သည့်အခါ သူ(မ)က အလျင်စလိုလှမ်းခေါ်လိုက်သည်။




“ဝမ်းကွဲအစ်ကိုကျင်း။”




အနည်းငယ် မကျေနပ်သည့်ပုံစံဖြင့် သူ့ရှေ့သို့သွားလိုက်ပြီး 




“ဝမ်းကွဲအစ်ကိုကျင်းက ကြောင်မချစ်ဘူးလာ။ မချစ်ဘူးဆိုလည်း ပြောပေါ့။ ညီမလေး သူတို့ကို အိမ်ပြန်ခေါ်သွားပြီး လျူလီကိုပေးလိုက်မှာပေါ့။ လျူလီက ကြောင်အရမ်းလိုချင်နေတာ။”




သူ(မ)ပြောသည့် လျူလီဟူသည်မှာ ကျောင်းကျယ်၏ ညီမအရင်းဖြစ်သူ မင်းသမီး ထျန်းကျီ (ကျောင်းလျူလီ) ဖြစ်၏။ ကျောင်းလျူလီမှာ ယခုနှစ်တွင် အသက်(၇)နှစ်ပြည့်ပြီဖြစ်ပြီး ခွေးကလေး၊ ကြောင်ကလေးများကို အလွန်သဘောကျနေသည့် အရွယ်တစ်ခုလည်းဖြစ်သည်။ သူ(မ) ကြောင်လိုချင်နေသည်မှာ အတော်ကြာပြီဖြစ်ပြီး ကြောင်ကလေးများကို မြင်လိုက်သည့်အချိန်တိုင်း အမြဲကောက်ချီကာ ပြန်မချတော့ချေ။ ကံမကောင်းစွာဖြင့် ကောင်းသန်းယန်က ကြောင်လေးများကို ကျောင်းကျယ်အားလက်ဆောင်ပေးလိုက်ပြီဖြစ်သောကြောင့် ကျောင်းလျူလီမှာ အစ်ကိုဖြစ်သူကျောင်းကျယ်ထံမှလည်း ပြန်မတောင်းရဲတော့ချေ။ သို့သော် ကျောင်းလျူလီက မနက်ခင်း အတန်းပြီးသည့်အချိန်တိုင်း ကြောင်လေးများကို အပြေးလာကြည့်ကာ အစာကျွေးတတ်လေသည်။




ထိုကြောင်လေးများမှာ အသက်(၃)လအရွယ်ရှိပြီး မျက်လုံးပြာပြာ၊ အမွေးဖြူဖြူနှင့် ပါရှန်ကြောင်လေးများဖြစ်ကြသည်။ သူတို့က အလွန်နူးညံ့လှပြီး ချစ်စရာကောင်းသောကြောင့် မိန်းကလေးများ၏အာရုံကို အလွယ်တကူဖမ်းစားနိုင်ကြသည်။ ထို့ကြောင့်လည်း ကျောင်းကျယ်တစ်ယောက် ကြောင်လေးများကို ဂရုမစိုက်လည်း အဆင်ပြေနေခြင်းပင်။ ကျောင်းကျယ်မှာ အလုပ်များလှပြီး ကိုယ်ပိုင်အချိန်ပင် အလွန်နည်းလေရာ ကြောင်လေးများကို ပြုစုစောင့်ရှောက်နေရန် အချိန်မရှိချေ။ သို့သော် ထိုကြောင်လေးများကို နန်းတော်ထဲတွင်သာမွေးထားသောကြောင့် သူစိတ်မပူချေ။ ထိုကြောင်လေးများမှာ ကျောင်းကျယ်၏ကြောင်များဖြစ်ကြောင်း နန်းတော်ထဲမှ အစေခံအားလုံးလည်း သိထားကြသဖြင့် သူတို့ကိုလျစ်လျူမရှုထားရဲချေ။ ကျောင်းကျယ် နန်းတော်ထဲတွင်မရှိသည့်အချိန်တိုင်း အစေခံများက ကြောင်လေးများကို ကျွေးမွေးစောင့်ရှောက်ထားသည်။ ထို့ကြောင့် လပိုင်းအချိန်အတွင်း အလွန်ကြီးထွားကာ လှပလာကြခြင်းဖြစ်သည်။ 




ကျောင်းကျယ်က တွေဝေသွားပြီး 




“ဘာလို့ ဒီလိုပြောရတာလဲ။”




ကောင်းသန်းယန်က တစ်ခဏရပ်လိုက်ပြီး ကြောင်ကလေးကိုပွတ်သပ်ရင်း 




“ခုနတုန်းကလေ။ အစ်ကိုက ဟိုမိန်းကလေးကို ကြောင်လိုချင်ရင်ယူသွားဆိုပြီး ပြောနေတာဆိုတော့...”




ထိုစကားကိုကြားသော် ကျောင်းကျယ်မငြင်းဆန်ဘဲ ရယ်လိုက်မိသည်။ ထိုကြောင်လေးကို ဝေ့လော်အား သူ အမှန်တကယ် ပေးလိုက်ချင်၏။ အကြောင်းမှာ ထိုကြောင်လေးနှင့် ဝေ့လော်မှာ အလွန်ဆင်တူသည်ဟု သူခံစားရသောကြောင့်ပင်။ အရွယ်အစား သေးသေးငယ်ငယ်နှင့် ဖြူဖြူဖွေးဖွေး နူးနူးညံ့ညံ့ရှိကာ အနည်းငယ်လည်း မာနကြီးလေသည်။ သို့သော် တစ်ဖက်တွင်လည်း စိတ်ဝင်စားစရာကောင်းသည်ဟု သူခံစားမိပြန်သည်။ နှမြောစရာကောင်းသည်မှာ ဝေ့လော်က ထိုကြောင်လေးကိုမခေါ်သွားခြင်းပင်။ ထို့ကြောင့် ကျောင်းကျယ်အနေနှင့် လက်ဆောင်ပေးချင်လျှင်ပင် ပေး၍မရတော့ချေ။




ထိုအကြောင်းကို စဥ်းစားလိုက်ပြီး ကျောင်းကျယ်က 




“အင်း။ လျူလီကို ပေးချင်ရင်လည်း ပေးလိုက်လေ။ သူ(မ)က ကြောင်ချစ်တာ သိသာပါတယ်။ အစ်ကိုကတော့ ကြောင်တွေကို ဂရုစိုက်နေဖို့ အချိန်မရှိဘူး။”




ထိုသို့ပြောပြီးနောက် ကျောင်းကျယ်က မြစ်နံဘေးစံအိမ်သို့ ဦးတည်သွားလေတော့သည်။ ကောင်းသန်းယန်မှာ သူ့နောက်ကျောကိုသာငေးရင်း စိတ်ဓာတ်ကျနေခဲ့သည်။ တည်ငြိမ်အေးဆေးမှုတို့ ပျောက်ဆုံးကာ ငယ်ရွယ်သော သခင်မလေးတစ်ယောက်၏ ဆိုးသွမ်းသောပုံစံကို ပြန်လည်ရောက်ရှိသွားတော့သည်။




ထိုမြင်ကွင်းကိုမြင်သော် သူ(မ)အနောက်တွင်ရပ်နေသည့် ပန်းနုရောင်ဝမ်းဆက်ကိုဝတ်ဆင်ထားသော အစေခံမိန်းကလေးတစ်ယောက်က




“အရှင့်သားကျင်းက တကယ်ပဲ လူတွေရဲ့ခံစားချက်ကို မဖတ်တတ်ဘူးပဲ။ မမလေး လက်ဆောင်ပေးထားတဲ့ ကြောင်လေးတွေကို ဘယ်လိုလုပ်ပြီး အခြားလူတစ်ယောက်ကို ပေးရက်ရတာလဲနော်...”




သူ(မ)၏စကားများကို ကောင်းသန်းယန်စိတ်ထဲမှ သဘောတူလိုက်မိသော်လည်း အပြင်ပန်းတွင်မူ ဟန်မပျက်အောင်ထိန်းထားရင်း ခေါင်းလေးကိုစောင်းကာ 




“မင်းက ဘာအကြောင်းနဲ့ အစ်ကိုမင်းသားကျင်းကို ဝေဖန်နေရတာလဲ။ ပါးစပ်ပိတ်ထားစမ်း။”




ကောင်းသန်းယန် အမှန်တကယ်ဒေါသမထွက်နေသည်ကို သိသဖြင့် အစေခံမိန်းကလေးက ပြုံးလိုက်ပြီး ပါးစပ်ပိတ်ဟန်ဆောင်လိုက်၏။ 




“ကျွန်မ မဆင်ခြင်ဘဲပြောလိုက်မိပါတယ်။ ခွင့်လွှတ်ပါ မမလေး။ ဒါပေမဲ့ ကျွန်မက မမလေးအစား မခံနိုင်လွန်းလို့ပါ။ မမလေးက ဒီလောက်နှစ်တွေအကြာကြီး အရှင့်သားကျင်းကို သဘောကျခဲ့ရတာကို အရှင့်သားကျင်းက သတိ‌တောင်မထားမိဘူးလေ။”




ကောင်းသန်းယန် တိတ်ဆိတ်သွားပြီး မျက်နှာအနေအထားလည်း ပြောင်းလဲသွားသည်။ ထိုအကြောင်းကို သူ(မ) ယခင်ကမတွေးမိခဲ့ဘဲ ယခုမှသာ ရုတ်တရက်တွေးမိသွားခြင်းဖြစ်သည်။ အရှင့်သားမှာ သတိမထားမိခြင်းမဟုတ်ဘဲ မသိချင်ယောင်ဆောင်နေခြင်း ဖြစ်နိုင်လေသည်။ ကျောင်းကျယ်၏ပုံစံမှာ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ မည်သူ့ကိုမျှလည်း နွေးနွေးထွေးထွေး မဆက်ဆံချေ။ ၎င်းကို သူ၏ပင်ကိုစိတ်ရင်းဟု မှတ်ယူကာ မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်ဟု ကောင်းသန်းယန်ထင်ထားခဲ့သည်။ သို့သော် ယနေ့တွင်မူ သူ(မ)မမြင်ဖူးခဲ့သည့် ကျောင်းကျယ်၏ပုံစံကို မထင်မှတ်ဘဲ မြင်တွေ့လိုက်ရသည်။ တစ်စုံတစ်ယောက်၏ မျက်ရည်များကို ညင်သာစွာသုတ်ပေးနေသည့် ကျောင်းကျယ်၏ပုံစံမှာ ထူးခြားနေသော်လည်း သူမျက်ရည်သုတ်ပေးလိုသူမှာ ကောင်းသန်းယန်မဟုတ်ခဲ့ချေ။




ကောင်းသန်းယန် နှုတ်ခမ်းကိုက်လိုက်ပြီး ဝေ့လော်ကိုလည်း ပို၍စိတ်ဆိုးသွားခဲ့သည်။ ထို့နောက် သူ(မ)က ထိုနေရာမှထွက်လာရင်း




“မြို့စားယင်းအိမ်တော်က စတုတ္ထသခင်မလေးနဲ့ ဝမ်းကွဲအစ်ကိုကျင်းက ဘယ်လိုသိကျွမ်းတာလဲ ဘယ်လိုဆက်ဆံရေးရှိတာလဲဆိုတာ သွားစုံစမ်းလာခဲ့။ ဒီအကြောင်းတွေကို ငါစုံစမ်းခိုင်းတယ်လို့ ဘယ်သူမှ မသိစေနဲ့။”




ထိုကိစ္စကို မည်သို့ကိုင်တွယ်သင့်ကြောင်း အစေခံမိန်းကလေးက သေချာသိပေသည်။ ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး ကောင်းသန်းယန်နံဘေးမှ ချက်ချင်း ထွက်သွားလိုက်တော့သည်။ 




*




ဧကရီမိဖုရား၏ မွေးနေ့ပွဲကိုကျင်းပသည်မှာ အခြားရည်ရွယ်ချက်တစ်ခုလည်း ရှိသေး၏။ ၎င်းမှာ ဆဋ္ဌမမင်းသမီး ထျန်းကျီအတွက် စာလေ့လာရန် အဖော်ရှာလိုခြင်းပင်။ ဆဋ္ဌမမင်းသမီး ထျန်းကျီမှာ မွေးကတည်းက အားနည်းသောခန္ဓာကိုယ် ရှိသဖြင့် ဧကရီမိဖုရားက သူ(မ)လက်အောက်တွင်သာ ပိုးမွေးသလိုမွေးထားရသည်။ နှစ်ပေါင်းများစွာကြာသည့်တိုင် သမီးဖြစ်သူကို အခြားသူများနှင့် တွေ့ခွင့်မပေးခဲ့ချေ။ မင်းသမီးထျန်းကျီ အသက် (၅)နှစ်ပြည့်ပြီးသောအခါမှ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာသောကြောင့် ဧကရီမိဖုရားလည်း စိတ်ကိုလျှော့လိုက်ပြီး မင်းသမီးထျန်းကျီကို အပြင်လူများနှင့်တွေ့ခွင့်ပေးခြင်းဖြစ်သည်။ သို့သော် ထိုသို့တွေ့ခွင့်ပေးရာတွင်လည်း နန်းတော်ထဲမှ လူများနှင့်သာ တွေ့ခွင့်ပေးသောကြောင့် မြင့်မြတ်လှသည့်မျိုးရိုးမှ မိန်းကလေးများအပါအဝင် နန်းတော်ပြင်ပမှ လူများမှာ ကျောင်းလျူလီ၏မျက်နှာကို တစ်ခါမျှမမြင်ဖူးခဲ့ကြချေ။ ကောင်းသန်းယန်နှင့် ကောင်းချင်းယန်ပင်လျှင် နန်းတော်သို့လာပြီး ဧကရီမိဖုရားကို အရိုအသေပေးသည့်အခါတွင်မှ ရံဖန်ရံခါသာ မြင်ဖူးကြသည်။ 




ချင်းရှီနန်းတော်၏ ကျောင်းယန်ခန်းမထဲတွင် ဧကရီမိဖုရားက ကြီးကျယ်ခမ်းနားသည့် သစ်နက်ခုံမြင့်ပေါ်တွင် ထိုင်နေသည်။ သူ(မ)က ရွှေရောင်ပျိုနီပန်းများဖြင့် ရက်လုပ်ထားသော အနီရောင်ဝတ်ရုံနှင့် နဂါးတိမ်ပုံစံများပါဝင်သည့် စကတ်ရှည်ကို ဝတ်ဆင်ထားသည်။ သူ(မ)၏ အနေအထားမှာ စိတ်သက်သက်သာသာရှိနေခဲ့ပြီး လက်ထဲမှ စန္ဒကူးယပ်တောင်ကို အေးအေးဆေးဆေး ဝှေ့ယမ်းကာ 




“လျူလီဘယ်မှာလဲ။”




သူ(မ)၏ ထိုင်ခုံအောက်တွင် ပျားရည်အရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အထိန်းတော်အိုကြီးတစ်ယောက်က လက်နှစ်ဖက်ကို သေသေချာချာချီမြှောက်၍ ရိုသေလေးစားစွာဖြင့် 




“ဧကရီမိဖုရားရဲ့ မေးခွန်းကို ဖြေကြားရရင် မင်းသမီးလေးက ခုလေးတင်ပဲ မိဖုရားအတွက် လက်ဆောင်ပြင်ဆင်ဖို့ဆိုပြီး ပြေးထွက်သွားပါတယ်။”




“ဪ ဒီကလေးကတော့...”




ဧကရီမိဖုရား၏လေသံမှာ မတတ်နိုင်သည့်လေသံဖြစ်နေသော်လည်း သူ(မ)မျက်လုံးများက ပြုံးနေခဲ့သည်။ တစ်စုံတစ်ခုကို ရုတ်တရက်တွေးမိသွားပြီးနောက် သူ(မ)က ခေါင်းငုံ့ကာ အထိန်းတော်အိုကြီးကို မေးလိုက်သည်။




“လျူလီ ဆေးရောသောက်ရဲ့လား။”




အထိန်းတော်အိုကြီး၏ မျက်နှာအနေအထားမှာ အနည်းငယ်တောင့်တင်းသွားပြီး ခေါင်းခါပြလေသည်။




“မင်းသမီးလေးက ဆေးမသောက်ချင်ပါဘူး။ ပါးစပ်ထဲကို ဝင်ဝင်ချင်းမှာပဲ ဆေးတွေကို ထွေးထုတ်လိုက်ပါတယ် မိဖုရား။”




ဧကရီမိဖုရား၏မျက်နှာတွင် အပြုံးရိပ်တို့ပျောက်ကွယ်ကာ တည်တံ့သွားတော့သည်။ ထိုသမီးလေးမှာ သူ(မ)၏ အဖိုးတန်ရတနာဖြစ်ပေ၏။ ငယ်စဥ်ကတည်းက ကျန်းမာရေးမကောင်းသောကြောင့် ဆေးဝါးကိုမှီဝဲနေရသဖြင့် သူ(မ)ကို စကားလုံးကြမ်းကြမ်း မပြောဆိုခဲ့ဘဲ အလွန်ထိန်းချုပ်မိမည်ကိုလည်း မိဖုရားက စိုးရိမ်ခဲ့ရသည်။ သူ(မ)၏ ပထမဆုံးသားလေး အသက် (၁၀)နှစ်အရွယ်တွင် ဆုံးပါးသွားခဲ့သည့်ဖြစ်ရပ်က သူ(မ)စိတ်ထဲတွင် နှစ်ပေါင်းများစွာကြာအောင် လေးလံနေစေခဲ့သည်။ ထို့ကြောင့် အသက်(၁၀)နှစ်မပြည့်ခင်တွင် သူ(မ)၏သမီးငယ်လေးအား တစ်ဖန်ဆုံးရှုံးရမည့်အဖြစ်ကို မလိုလားခဲ့ချေ။ လက်ရှိတွင် လျူလီက အသက် (၇)နှစ်ရှိပြီဖြစ်ရာ ဧကရီမိဖုရားလည်း နေ့တိုင်း ကြောက်လန့်ပူပန်နေရပြီး လျူလီကျန်းမာရေးကောင်းရန်သာ ဆုတောင်းခဲ့ရသည်။ 




ဧကရီမိဖုရားက သက်ပြင်းချလိုက်၏။ အချိန်ကြာကြာ စဥ်းစားလိုက်ပြီးနောက် အနီးနားမှ အထိန်းတော်ကြီးကိုခေါ်ကာ 




“လျူလီကို ကြည့်ရှုစောင့်ရှောက်ဖို့ လူတွေထပ်ချထားလိုက်ပါ။ သမီးလေး လုံခြုံနေဖို့လိုတယ်။ တကယ်လို့ တခြားအရာရှိအိမ်တော်က သမီးတစ်ယောက်ယောက်နဲ့ တွေ့နေတယ်ဆိုရင်လည်း သူတို့ကိုမတားဘဲ ဘေးကနေပဲ ကြည့်နေပါ။ တကယ်လို့ သူတို့ထဲက တစ်ယောက်ယောက်က လျူလီကို ဆေးသောက်အောင်စွမ်းဆောင်နိုင်တယ်ဆိုရင် အဲ့ဒီ့သူကို နန်းတော်ထဲပေးဝင်ပြီး လျူလီရဲ့ စာသင်ဖက်အဖြစ် နေရာပေးထားလိုက်ပါ။”




သူ(မ) တစ်ခဏထပ်တွေးလိုက်ပြီးနောက် ဆက်၍




“လျူလီက အသက် (၇)နှစ်ရှိနေပြီဆို‌တော့ လူတွေနဲ့ အဝေးမှာဆက်နေဖို့ မဖြစ်တော့ဘူး။ သူ(မ)အတွက် သင့်တော်တဲ့ ကစားဖော်တစ်ယောက်လည်း ရှာကြည့်ပါ။ တကယ်လို့ သူ(မ) ပျော်လာပြီဆိုရင် ကျန်းမာရေးလည်း မြန်မြန်ကောင်းလာနိုင်တယ်။”




ထိုအခါ အထိန်းတော်အိုကြီးက 




“မိဖုရားက မင်းသမီးအတွက် အရမ်းစိတ်ပူနေလို့ပါ။ မင်းသမီးက အခုဆို ပိုပြီးကျန်းမာလာပါတယ်။ ပြီးတော့ ကောင်းကောင်းမွန်မွန်လည်း ကြီးပြင်းလာပါတယ်။”




ဧကရီမိဖုရားက မချိုမချဥ်ပြုံးလိုက်ပြီး 




“အဲ့လိုတော့ ထင်တာပဲ။”




တစ်နေရာရာတွင်။ 




ရေကန်ကြီး၏ကမ်းစပ်တွင် စိတ်လှုပ်ရှားစရာအသံတို့ကို ကြားလိုက်သောကြောင့် မင်းသမီးထျန်းကျီက သူ(မ)ကို ထိုနေရာသို့ ခေါ်သွားပေးရန် နန်းတော်အစေခံများကို တောင်းဆိုလိုက်သည်။ ယခုကဲ့သို့ လူအများကြီးကို တစ်ခါမျှမမြင်ဖူးခဲ့သောကြောင့် သူ(မ) အလွန်သိချင်နေပြီး သူတို့ကိုလှမ်းကြည့်ချင်ခဲ့သည်။ ဧကရီမိဖုရားချန်မှာ သူ(မ)အပေါ် အစိုးရိမ်လွန်ကာ အလွန်ချုပ်ချယ်ခဲ့သည်။ သူ(မ) အသက်(၇)နှစ်ရှိပြီဖြစ်သော်လည်း သူ(မ)၏စိတ်မှာ အခြားရွယ်တူကလေးများထက် ပို၍ဖြူစင်နေပြီး အကြောင်းအရာအများစုကိုလည်း မသိသေးချေ။




ကျောက်ခင်းလမ်းပေါ် လျှောက်သွားရင်း ဘေးဘက်တွင် ငှက်ပျောပန်းပွင့်များကိုတွေ့လိုက်ရသည်။ မလှမ်းမကမ်းတွင် ငန်းရိုင်းစံအိမ်ရှိနေပြီး ထိုစံအိမ်ထဲမှလူတို့၏ လှုပ်ရှားသွားလာနေသောပုံရိပ်ကိုလည်း မြင်ရသည်။ အရာအားလုံးမှာ သူ(မ)အတွက် ထူးဆန်းနေသောကြောင့် ခြေလှမ်းကို ခပ်မြန်မြန်လှမ်းလိုက်မိသည်။ ထောင့်တစ်ထောင့်ထဲသို့ ကွေ့ဝင်လိုက်သည့်အခါ ရုပ်တုကို ဖြတ်သန်းသွားပြီးနောက် သူ(မ) ရုတ်တရက်ရပ်လိုက်သည်။ သူ(မ)ရှေ့တွင် သူ(မ)နှင့် အရွယ်တူသည်ဟုထင်ရသော မိန်းကလေးနှစ်ယောက် ရပ်နေ၏။ အချင်းချင်း တိုက်မိသွားသောကြောင့် သူတို့(၃)ယောက်စလုံး အနည်းငယ် အံ့ဩသွားကြသည်။ 




လျောင်ယူရုန်က ကျောင်းလျူလီ၏အနောက်မှ ရုပ်တုကြီးကိုလက်ညှိုးထိုး၍ အော်လိုက်သည်။ 




“ငါတို့ ဘာလို့ဒီနေရာကို ပြန်ရောက်လာတာလဲ။ အားလော်ရေ။ ငါတို့တော့ လမ်းပျောက်နေပြီ။”




*****




Aurora Novel Translation Team



Report content on this page

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment