ကျင်းလုနှင့် အထိန်းတော်ယဲ့ပါလာခြင်းကို ပြဿနာတစ်ခုဟု မဒမ်တုက မယူဆပေ။ အချိန်ကျလာသည်နှင့် သူတို့ကိုအဝေးပို့ရန် အကြောင်းအရင်းကိုလည်း သူ(မ)စဥ်းစားမည်ဖြစ်သည်။ သူတို့ပြန်ရောက်သည့်အချိန်တွင် ဝေ့လော်ကို ကျွန်ကုန်သည်လင်မယားနှစ်ယောက်က ခေါ်သွားပြီဖြစ်သောကြောင့် နောက်ပိုင်းကိစ္စများမှာ လွယ်လွယ်ကူကူပြီးသွားမည်ပင်။ ဝေ့လော် လမ်းပျောက်သွားသဖြင့် လိုက်ရှာသော်လည်း မည်သည့်နေရာတွင်မှ ရှာမတွေ့ကြောင်း၊ တောထဲမှ ဓားပြများဖမ်းသွားခြင်းဖြစ်နိုင်ကြောင်း သူ(မ)ရှင်းပြလိုက်မည်။ ထို့နောက် အလွန်ဝမ်းနည်းနေသည့်ပုံစံ ဟန်ဆောင်ရင်း ဒဏ်ရာရသွားသည့်ပုံစံမျိုးလည်း ဖန်တီးလိုက်မည်။ အိမ်သို့ပြန်ရောက်သည့်အခါ ပဥ္စမသခင်ကြီး၏ပြစ်ဒဏ်မှတစ်ပါး အခြားကြီးကြီးမားမားရှိမည်မဟုတ်ပေ။ တစ်ခဏကြာပြီး သခင်ကြီးစိတ်အေးသွားသည့်အခါ ထိုကိစ္စရပ်တစ်ခုလုံးကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြလိမ့်မည်။ တစ်ခါလောက် အပြစ်ပေးခံလိုက်ရပါက သူ(မ)တစ်သက်လုံး စိတ်အေးချမ်းသာစွာနေထိုင်သွားနိုင်တော့မည်ဖြစ်သောကြောင့် ၎င်းမှာ ကောင်းမွန်သည့်အပေးအယူတစ်ခုပင်။
ထိုအကြံအစည်များနှင့် မဒမ်တုက အထိန်းတော်ယဲ့နှင့်စကားပြောပြီးနောက် သစ်သားအိမ်လေးထဲသို့ဝင်သွားသည်။
“ခဏလောက်စကားပြောပြီးရင် ပြန်ထွက်လာခဲ့မယ်။ မမလေးကို သေသေချာချာကြည့်ထားလိုက်နော်။ ဘာမှမဖြစ်စေနဲ့။”
အထိန်းတော်ယဲ့က ခေါင်းညိတ်၏။
“ဟုတ်ကဲ့။ မမလေးကို ကျွန်မနဲ့ထားခဲ့လိုက်ပါမဒမ်။”
ဝေ့လော်က အထိန်းတော်ယဲ့၏အဝတ်အစားများကို ဆွဲထားပြီး အံကြိတ်ကာ မျက်နှာထားကိုဖုံးကွယ်ထားသည်။ ယခင်ဘဝက မဒမ်တုအိမ်ထဲဝင်သွားစဥ်တွင် သူ(မ)က ကျင်းစီ၊ ကျင်းကယ်တို့နှင့် အပြင်ဘက်တွင်စောင့်နေရသည်။ သိပ်မကြာခင်တွင် သစ်သားအိမ်ထဲမှ အမျိုးသမီးတစ်ဦးထွက်လာပြီး ဝေ့လော်ကိုလိုအပ်သဖြင့် အိမ်ထဲခေါ်ရန်ပြောခဲ့သည်။ ကျင်းစီနှင့် ကျင်းကယ်တို့ကလည်း အကြောင်းစုံသိပြီးသားဖြစ်သောကြောင့် ဆန့်ကျင်ခြင်းမရှိဘဲ ဝေ့လော်ပါသွားသည်ကိုသာ ကြည့်နေခဲ့ကြသည်။ အခန်းထဲသို့ရောက်သွားသည်နှင့် မည်သည်ကြောင့်မှန်းမသိဘဲ တစ်ခုခုလွဲမှားနေသည်ဟု အားလော်ခံစားခဲ့ရသည်။ ထိုအမျိုးသမီး၏လက်ထဲမှ ရုန်းထွက်ကာ အိမ်အနောက်ဘက်သို့ထွက်ပြေးခဲ့သည်။ အိမ်၏အနောက်တွင် စမ်းချောင်းတစ်ခုရှိ၏။ ထိုစမ်းချောင်းမှတစ်ဆင့် တောင်အောက်သို့ဆင်းသွားနိုင်သည်။ ၎င်းကိုသိထားသည့်သူ(မ)က ထိုလမ်းအတိုင်းပြေးသွားခဲ့သည်။ ကံဆိုးစွာဖြင့် ဝေ့လော်မှာအလွန်ငယ်သေးသောကြောင့် ခပ်ဝေးဝေးမပြေးနိုင်ဘဲ မဒမ်တု၏လူများက သူ(မ)ကိုဖမ်းမိသွားကြသည်။ မဒမ်တုကလည်း အလွန်အမင်းဒေါသထွက်ခဲ့၏။ ထို့ကြောင့် ကလေးကိုမရောင်းတော့ဘဲ စိတ်ပြောင်းကာ ဝေ့လော်ကိုလည်ပင်းညှစ်၍ ချက်ချင်းသတ်ပစ်ရန်ကြိုးစားခဲ့သည်။ ထိုအချိန်တွင် အားလော်က အလွန်ကြောက်လန့်၍ ကူကယ်ရာမဲ့ဖြစ်နေပြီဖြစ်၏။ ခပ်ပြုံးပြုံးမျက်နှာဖြင့် ကြင်နာတတ်သည့် မဒမ်တုအဖြစ်မှ သူ(မ)ကိုသတ်ပြစ်ချင်သောမိန်းမတစ်ယောက်အဖြစ် အဘယ်ကြောင့်ပြောင်းလဲသွားရသည်ကို ဝေ့လော်နားမလည်နိုင်ခဲ့ပေ။ တဖြည်းဖြည်းနှင့် ဝေ့လော် အသက်ရှူရခက်လာသည်။ မျက်ရည်များကလည်း မျက်နှာပေါ်တွင်စီးကျနေရင်း မဒမ်တုကို သူ(မ)တောင်းပန်ခဲ့သည်။
“အမေ။ ဘာလို့လဲ။”
“အမေ။ နာတယ်။”
သို့သော် ထိုတောင်းပန်မှုများအားလုံး အချည်းအနှီးသာ။ ထိုအခိုက်အတန့်တွင် မဒမ်တုပြောခဲ့သည့်စကားမှာ
“မြန်မြန်သေသွားစမ်း။ နင်သေသွားမှ ငါ့သမီးလေးဝေ့ကျန်းက ပျော်ပျော်ရွှင်ရွှင်နေသွားရတော့မှာ။”
အကြောင်းမှာ ထိုသို့ပင်။ သူတို့ပျော်ရွှင်စွာနေထိုင်လိုသည့်တန်ကြေးက ဝေ့လော်၏အသက်ကိုပေးဆပ်ရခြင်းပင်။
ဝေ့လော် ခပ်ဖွဖွပြုံးလိုက်၏။ မဒမ်တုက ဝေ့ကျန်းအတွက် လမ်းကောင်းတစ်ခုဖောက်ပေးလိုသည်ကို သိသော်လည်း ဝေ့လော် မပူးပေါင်းပေးချင်ပေ။ သူ(မ) ကျင်းလုဘက်သို့လှည့်ကာ
“အစ်မကျင်းလုရဲ့ဆံထိုးလေးက အရမ်းလှတာပဲ။ အားလော်ကို ခဏလောက်ပြကြည့်ပါလား။”
ကျင်းလုမှာ ဝေ့လော်၏ဆန္ဒများကို အမြဲလိုက်လျောခဲ့သူဖြစ်သည်။ ယခုတွင်လည်း ဆံထိုးတစ်ခုသာဖြစ်သောကြောင့် အပန်းမကြီးလှပေ။ ကျင်းလုက ငွေရောင်စံပယ်ဆံထိုးလေးကိုဖြုတ်ကာ အားလော်ကိုလှမ်းပေးလိုက်သည်။
“ဆံထိုးကချွန်တယ်နော် မမလေး။ ကိုယ့်ကိုယ်ကိုယ်မထိုးမိအောင် ဂရုစိုက်ပြီးကိုင်ပါ။”
ဝေ့လော်က ဆံထိုးကိုယူလိုက်ပြီး အပြုံးတစ်ခုဖြင့်
“ဟုတ်။ သေချာကိုင်ပါ့မယ်။”
ထိုဆံထိုးကို ယနေ့တွင် ကြီးကြီးမားမားအသုံးချစရာကိစ္စရှိသောကြောင့် ဝေ့လော်သူ(မ)ကိုယ်သူ(မ) ထိုးမိလိမ့်မည်မဟုတ်ချေ။
ရထားလုံးထဲတွင်စောင့်နေရင်း ဝေ့လော်က အကောင်းဆုံးဟန်ဆောင်ကာ အသံမထွက်အောင်နေသည်။ ဆံထိုးလေးကို သဘောကျစွာကိုင်ထားရင်း ခြေထောက်ကိုဝှေ့ယမ်းဆော့ကစားနေ၏။ ယခုဆိုလျှင် ကျင်းလုနှင့် အထိန်းတော်ယဲ့ကို မည်သို့ဖယ်ထုတ်သင့်ကြောင်း မဒမ်တု စဥ်းစားနေပေလိမ့်မည်။ ဝေ့လော်ကလည်း မဒမ်တု၏အစီအစဥ်ထဲတွင်မပါဝင်သော တိတ်တဆိတ်ထွက်ပြေးခြင်းကို ရွေးချယ်မည်မဟုတ်ပေ။ မကြာခင် ဝေ့လော်အသက်အန္တရာယ်ကျရောက်လာမည်။ ထို့ကြောင့် မဒမ်တု၏ကျရှုံးခန်းကိုသာ သူ(မ)လိုချင်သည်။ သွေးပိုထွက်လေ ပိုကောင်းလေဖြစ်သည်။
ဝေ့လော်က ကျင်းလု၏အင်္ကျီစကိုဆွဲ၍
“အစ်မကျင်းလု။ မဒမ်က ထွက်မလာသေးဘူးလား။ ဝေ့လော် ပင်ပန်းနေပြီ။ အိမ်ပြန်ပြီး အဖေနဲ့တွေ့ချင်နေပြီ။”
ကျင်းလုက မတ်တတ်ရပ်လိုက်ပြီး
“ဘာတွေဖြစ်နေလဲဆိုတာ ကျွန်မသွားကြည့်လိုက်ပါ့မယ်။ မမလေး ဒီမှာပဲစောင့်နေနော်။ ကျွန်မ ခဏနေပြန်လာခဲ့မယ်။”
ဝေ့လော်က ခေါင်းညိတ်၍
“မဒမ်က ဘာလို့အရမ်းသိုသိပ်နေတာလဲမသိဘူးနော်။ သမီးတို့မကြားနိုင်တဲ့နေရာမှာမှ ဘာလို့စကားသွားပြောတာလဲမသိဘူး။”
အခြားသူများအတွက်မူ သာမန်ကလေးစကားဟုထင်နိုင်သော်လည်း ကျင်းလုနှင့် အထိန်းတော်ယဲ့က ထိုစကားထဲမှအမှန်တရားအချို့ကို နားလည်ခဲ့ကြသည်။ ထိုနေရာသို့မရောက်ခင်ကတည်းက မဒမ်တု၏ပုံစံမှာ အတော်ထူးဆန်းနေခဲ့သည်။ သူတို့ သံသယဝင်ခဲ့ကြသော်လည်း မည်သည့်စကားမျှ ထုတ်မပြောခဲ့ကြပေ။ သို့သော် အားလော်ကထုတ်ပြောလိုက်သောအခါတွင်မူ သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိလိုက်၏။ ထို့နောက် ကျင်းလုက ရထားလုံးပေါ်မှဆင်း၍ သစ်သားအိမ်အပြင်ဘက်သို့ တိတ်တဆိတ်သွားကြည့်လိုက်တော့သည်။
*
သစ်သားအိမ်ထဲတွင် မဒမ်တုက လင်မယားနှစ်ယောက်နှင့်စကားပြောနေ၏။ ထိုနှစ်ယောက်မှာ ရှန်းမြို့တော်မှမဟုတ်ကြဘဲ လျုံးလင်စီရင်စုဟူသော မြို့စွန်မြို့ဖျားမှ ကျွန်ကုန်သည်များဖြစ်ကြသည်။ ယောက်ျား၏အမည်မှာ ဝူကျိုးဖြစ်ပြီး မိန်းမ၏ မျိုးရိုးအမည်မှာ ဝမ်ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးမှာ လျုံးလင်စီရင်စုတွင် နာမည်ဆိုးနှင့်ကျော်ကြားပြီး မြို့ထဲမှ ကလေးများကို ပြန်ပေးဆွဲကာ အခြားနေရာများသို့ရောင်းချသည့် သတင်းများလည်းရှိသည်။ မဒမ်တုက လျုံးလင်စီရင်စုတွင်နေထိုင်သော သူ(မ)၏အထိန်းတော်မှတစ်ဆင့် ထိုအကြောင်းကိုသိထားပြီး သူတို့နှင့်ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်နှင့် ပတ်သက်နေရသော်လည်း မဒမ်တုက သူတို့ကိုကြိုက်နှစ်သက်ခြင်းမရှိပေ။
ဝူကျိုးက
“ဒီမိန်းကလေးရဲ့ အစေခံတွေကိုရော ဘယ်လိုလုပ်မှာလဲ။”
မဒမ်တုက မကြာသေးမီကမှဆိုးထားသော အသစ်စက်စက်လက်သည်းများကိုကြည့်ရင်း အပြုံးတစ်ခုဖြင့်ပြန်ဖြေ၏။
“သူတို့ကို ခဏလောက်ဖယ်ခိုင်းလိုက်ဖို့ ကျွန်မမှာအကြံရှိပြီးသားပါ။ ကလေးနဲ့ကျန်ခဲ့မှာက အထိန်းတော်ပဲ။ ကျွန်မက ကလေးကိုခေါ်ခိုင်းလိုက်တယ်လို့ပြောပြီး သူ(မ)အနားက ကလေးကို ခေါ်လာခဲ့။”
မိန်းမဖြစ်သူဝမ်က အနည်းငယ်သံသယရှိနေပြီး ထိုအစီအစဥ်က ဖြစ်နိုင်ခြေမရှိဟုခံစားရသောကြောင့် ထပ်မံ၍
“သူတို့တွေက ဘာမှပြန်မမေးကြတော့ဘူးတဲ့လား။ ဒီကောင်မလေးကို ဘယ်သူမှလာမရှာဘူးဆိုတာရော သေချာရဲ့လား။ ကျွန်မတို့က သူ(မ)ကိုခေါ်သွားပြီဆိုတာနဲ့ မလိုအပ်တဲ့ပြဿနာတွေဖြစ်လာမှာကိုတော့ မလိုချင်ဘူးနော်။”
မဒမ်တုက သူ(မ)ကိုလှမ်းကြည့်လိုက်ပြီး သရော်ပြုံးဖြင့်
“သူ(မ)အမေကတောင် သူ(မ)ကိုမလိုချင်လို့ထားခဲ့သေးတာပဲ။ ဘယ်သူကလိုက်ရှာမှာလဲ။”
စကားပြောဆိုပြီးသွားသည့်အခါ နျဥ်းရွှယ်အား အင်္ကျီလက်ထဲတွင်ထည့်လာသည့် ဆေးအချို့ကိုထုတ်၍ အမျိုးသမီးဝမ်ကိုပေးရန် မဒမ်တုကစေခိုင်းလိုက်သည်။
“ရှင် မကျေနပ်သေးဘူးဆိုရင်လည်း ဒီဆေးတွေကိုသုံးပြီး သူတို့ကိုသတိလစ်အောင်လုပ်လိုက်။ အဲ့လိုဆိုရင်တော့ သေချာပေါက် အားလုံးအဆင်ပြေသွားမယ်ဆိုတာ ကျွန်မအာမခံတယ်။”
ထိုရနံ့မျိုးမှာ အနံ့ပြင်း၍ စိတ်ငြိမ်စေသည်။ ထို့ပြင် ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်စေနိုင်သည့် အာနိသင်မျိုးလည်း ပေးစွမ်း၏။ သို့သော် ဆေးလွန်လျှင် ကိုမာဖြစ်စေနိုင်သည်။ ထိုဆေးများအားလုံးကို မဒမ်တုက အလွန်စေ့စပ်စွာပြင်ဆင်ထားခဲ့သည်။ ထိုဆေးများကိုမြင်သည်နှင့် အမျိုးသမီးဝမ်၏မျက်နှာထားက လုံးဝပြေလျော့သွား၏။ သူတို့အားလုံး လုပ်ငန်းစရန် အဆင်သင့်ဖြစ်နေကြသည်။
အခန်းအပြင်ဘက်တွင် ကျင်းလုက အာရုံစိုက်နားထောင်နေရင်း အသံမထွက်အောင်ထိန်းထား၏။ သူတို့၏စကားများကိုကြားပြီးနောက် သူ(မ)တစ်ကိုယ်လုံး အေးစက်သွားခဲ့ရသည်။ မဒမ်တုမှာ စတုတ္ထသခင်မလေးကို အမှန်တကယ်ရောင်းစားချင်နေသည်ပင်။
‘မမလေးအပေါ် အရမ်းကောင်းပြတာတွေက အားလုံးဟန်ဆောင်တာတွေပဲလား။ မဒမ်တုက ရက်စက်လိုက်တာ မထင်ရက်စရာပဲ။’
ကျင်းလု အလွန်အံ့အားသင့်သွားပြီး ရထားလုံးဆီသို့ အမြန်ပြန်ကာ သူ(မ)ကြားခဲ့သည့်စကားများကို အထိန်းတော်ယဲ့အားပြန်ပြောပြ၏။ ထိုအခါ အထိန်းတော်ယဲ့လည်း ထိတ်လန့်ကာ ဒေါသထွက်သွားတော့သည်။
“မဒမ်ရဲ့နှလုံးသားက တကယ့်ကို အကြင်နာတရားကင်းမဲ့တာပဲ။”
ကျင်းလုက သူ(မ)ကို ရထားလုံးအပြင်ဘက်သို့ဆွဲထုတ်လိုက်ပြီး
“သူတို့တွေ အာရုံမစိုက်ခင် ကျွန်မတို့တွေ မမလေးကိုခေါ်ပြီး ထွက်ပြေးကြရင်ကောင်းမယ်ထင်တယ်။ ဒီကိစ္စကို သခင်ကြီးသိအောင်လည်း အကြောင်းကြားရမယ်။”
အထိန်းတော်ယဲ့ကလည်း ခေါင်းညိတ်လိုက်ပြီး ဝေ့လော်ကိုချီကာ ရထားလုံးအောက်သို့ဆင်းလိုက်သည်။ သူ(မ)၏လက်နှစ်ဖက်စလုံး တုန်ယင်နေသော်လည်း ဝေ့လော်ကိုတော့ တင်းကျပ်စွာဆုပ်ကိုင်ထားသေး၏။ သူ(မ)မျက်လုံးများက နီရဲနေပြီး
“သနားစရာကောင်းတဲ့ မမလေးရယ်။”
ဝေ့လော်က အထိန်းတော်ယဲ့၏လည်ပင်းကိုဖက်ထားရင်း ဘာမှမသိသယောင်ဟန်ဆောင်ကာ
“အထိန်းတော်ယဲ့။ ဘာလို့ငိုနေတာလဲဟင်။ ပြီးတော့ ဘာဖြစ်လို့လမ်းလျှောက်နေတာလဲ။ ဝေ့လော်တို့က မဒမ့်ကိုစောင့်နေရမှာမဟုတ်ဘူးလား။”
ထိုစကားလုံးများက အထိန်းတော်ယဲ့ကို ပို၍ပင်ငိုကြွေးစေခဲ့သည်။
“မမလေးရယ်။ ကျွန်မတို့တွေ ဆက်စောင့်နေရင် မဒမ်တုက မမလေးကိုရောင်းစားတော့မှာ။”
ကျောင်းမြောင်လန် မထွက်သွားခင်က အမြွှာလေးနှစ်ယောက်ကို ကောင်းမွန်စွာဂရုစိုက်စောင့်ရှောက်ပေးရန် သူ(မ)ထံသို့ယုံကြည်စွာအပ်နှံခဲ့သည်။ သို့သော် ယခုတွင် သူ(မ)ဂရုစိုက်နေရင်းနှင့် မမလေးကို ဆုံးရှုံးရလုနီးပါး ဖြစ်သွားခဲ့လေသည်။ ထိုအကြောင်းကိုသာ ယခုလိုကြိုမသိခဲ့ပါက မမလေး၏ကံကြမ္မာ မည်သို့ဖြစ်နေမည်နည်း။ ဖြစ်နိုင်ခြေကိုတွေးကြည့်ရုံနှင့်တင် သူ(မ)စိတ်ထဲ၌ အပြစ်ရှိစိတ်များပေါက်ဖွားလာတော့သည်။
*
ဆူညံသံအချို့ကိုကြားလိုက်သည်နှင့် သစ်သားအိမ်ထဲမှလူတို့ အပြင်ထွက်ပြီးစစ်ဆေးကြည့်သော် ရထားလုံးထဲတွင် လူမရှိတော့ကြောင်းသိလိုက်ရသည်။ အစေခံများနှင့် ထိုမိန်းကလေး ထွက်ပြေးသွားချေပြီ။ ကံကောင်းစွာဖြင့် သူတို့က ခြေလျင်သာပြေးသောကြောင့် ခပ်ဝေးဝေးမရောက်နိုင်သေးပေ။
မဒမ်တုက အံကြိတ်ကာ ဝူကျိုးအား
“သူတို့နောက်ကို မြန်မြန်လိုက်စမ်း။”
သူတို့ထွက်ပြေးလွတ်မြောက်ပြီး ဝေ့ကွမ်းကိုသတင်းပေးလိုက်ပါက သူ(မ) မည်သို့မျှ လိမ်၍ရတော့မည်မဟုတ်ပေ။ သည်တစ်ကြိမ်တွင် ကျင်းလုနှင့် အထိန်းတော်ယဲ့ကို သူ(မ)သတိထားရတော့မည်။ သူတို့ကိုဖမ်းမိပါက အလွတ်ပေး၍မရတော့ချေ။
ဝူကျိုးမှာ ယောက်ျားကြီးဖြစ်သောကြောင့် အပြေးမြန်သည်။ အထိန်းတော်ယဲ့ကို သစ်ပင်ကြီးတစ်ခုအနီးတွင် လမ်းပိတ်လိုက်ပြီး သူ(မ)ချီထားသည့်ဝေ့လော်ကို အတင်းဆွဲယူလေသည်။
“ကလေးကို ငါ့ကိုပေး။”
ထိုသူမှာ အသားမည်းပြီး သွားများကလည်း ဝါကျင်နေသည်။ သူ့ကိုကြည့်ရင်းနှင့် ဝေ့လော်ပျို့အန်ချင်သွား၏။ အထိန်းတော်ယဲ့ကလည်း ဝေ့လော်ကို ထိုလူ့လက်ထဲသို့မထည့်ပေးနိုင်ပေ။ ဝေ့လော်ကို သေသေချာချာချီထားရင်း သူ(မ)က အနောက်သို့ဖြည်းဖြည်းချင်းဆုတ်သွားသည်။ အနောက်ဘက်တွင် မဒမ်တုက တဖြည်းဖြည်းအနားကပ်လာသည်ကိုသိသဖြင့် သူ(မ) ဝမ်းနည်းမှုကိုမျိုသိပ်ကာ
“မဒမ်။ မမလေးက မဒမ့်သမီးအရင်းမဟုတ်ဘူးဆိုပေမဲ့ သခင်ကြီးရဲ့သမီးလေ။ မမလေးက ယင်းအိမ်တော်ရဲ့ စတုတ္ထသခင်မလေးပဲ။ မဒမ်က ဘာဖြစ်လို့ သူ(မ)ကိုဒီလိုလုပ်နိုင်ရတာလဲ။”
မဒမ်တုက မျက်နှာထားကိုပြင်ဆင်ရင်း အပြုံးတစ်ခုဖြင့် သူတို့အနားသို့ကပ်လာ၏။
“မင်းဘာတွေပြောနေတာလဲ ငါနားမလည်ဘူး။ ဒီနားမှာ ရှုခင်းတွေလှလို့ ငါက အားလော်ကိုခေါ်ပြတာ။”
ထိုသို့ပြောလိုက်ပြီးနောက် သူ(မ)က အားလော်အား
“အားလော် ဒီနေရာကိုကြိုက်လား။”
ဝေ့လော်က သူ(မ)မျက်နှာထားကို အတတ်နိုင်ဆုံးထိန်းထားပြီး ခေါင်းကိုချက်ချင်းယမ်းပြလိုက်သည်။
“မကြိုက်ဘူး။”
ထိုအခါ မဒမ်တုက တဖြည်းဖြည်း အနားကပ်လာပြီး
“ဘာလို့မကြိုက်တာလဲ။”
အထိန်းတော်ယဲ့နှင့် အားလော်တို့ကို အာရုံလွှဲချင်သောကြောင့် သူ(မ)က အားလော်ကို အတင်းစကားပြောခိုင်းနေခြင်းဖြစ်သည်။ သူတို့ကို အာရုံလွှဲထားရင်းနှင့် ဝူကျိုးက အထိန်းတော်ယဲ့၏အနောက်ဘက်သို့ဝင်ကာ နှာခေါင်းနှင့်ပါးစပ်ကို အဝတ်ဖြင့်အုပ်မည်ဖြစ်သည်။ ထိုအဝတ်တွင် ဆေးထည့်ထားပြီးသားဖြစ်သောကြောင့် တစ်ချက်ရှူလိုက်ရုံနှင့် အထိန်းတော်ယဲ့ လဲကျသွားမည်ပင်။
ထိုသို့ အစီအစဥ်တကျဖြစ်လိမ့်မည်ဟု ဝူကျိုးတွေးထားခဲ့သည်။ သို့သော် ကလေးမလေးက ရုတ်တရက် သူ့ဘက်သို့လှည့်ကာ စူးစိုက်စွာကြည့်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ လက်ထဲတွင် ချွန်ထက်သည့်အရာတစ်ခုကိုကိုင်ထားရင်း ဝေ့လော်က သူ့မျက်နှာကိုထိုးချလိုက်တော့သည်။ ကြည်လင်ပြီး ခန့်မှန်းရခက်သည့်မျက်လုံးများက သူ့ကိုအေးစက်စက်ကြည့်နေ၏။ ဝူကျိုးလည်း အငိုက်မိသွားသဖြင့် အချိန်မီမရှောင်လိုက်နိုင်ပေ။ သူသတိဝင်သည့်အချိန်တွင် မျက်နှာပေါ်၌ ပြင်းစွာသောနာကျင်မှုကို ခံစားမိနေပြီဖြစ်သည်။ သူစူးရှစွာအော်လိုက်ပြီး မျက်နှာကိုကိုင်ကြည့်လိုက်သောအခါ သွေးများထွက်နေလေသည်။ အားလော်က ကျင်းလု၏ဆံထိုးကိုသုံး၍ သူ့မျက်လုံးထောင့်မှ နှုတ်ခမ်းထောင့်အထိ ဆွဲခြစ်လိုက်ခြင်းဖြစ်သည်။ ဒဏ်ရာက ကြီးမားပြီး နက်ရှိုင်းသောကြောင့် သွေးများစွာထွက်နေသည်။ အလွန်နာကျင်နေသဖြင့် သူဘာမှမလုပ်နိုင်တော့ပေ။
ထိုအချိန်တွင် မဒမ်တုလည်း မှင်တက်မိသွား၏။ (၆)နှစ်အရွယ် ကလေးမလေးတစ်ယောက်က ယခုကဲ့သို့လုပ်ရပ်မျိုးကို လုပ်ရဲပြီး အားအင်သုံးလိမ့်မည်ဟု သူ(မ)မထင်ထားခဲ့ပေ။ စကားပြောရန်ပြင်လိုက်ချိန်တွင် ဝေ့လော်က သွေးစွန်းနေသည့်ဆံထိုးကိုကိုင်ကာ သူ(မ)ဘက်သို့လှည့်လာသည်ကို လှမ်းမြင်လိုက်ရသည်။ သူ(မ)မျက်နှာကို ခြစ်မိလုနီးပါးအချိန်တွင် ကြောက်လန့်အားဖြင့် နောက်ဆုတ်လိုက်သောကြောင့် နျဥ်းရွှယ်အပေါ်ကိုသာ ပြုတ်ကျသွားသည်။
ဝေ့လော်မှာ ဝူကျိုးကိုထိခိုက်အောင်လုပ်ထားခဲ့ပြီးဖြစ်သော်လည်း အနည်းငယ်မျှ ပျာယာခတ်သွားခြင်းမရှိပေ။ အေးစက်စက် အပြစ်ကင်းသောအသံဖြင့် သူ(မ)က
“မဒမ်က သူ့ကိုသိတာလား။ အားလော်ကို တခြားသူတွေလာထိတာကို အားလော်မကြိုက်ဘူး။ အားလော်ကို မထိနဲ့လို့ပြောပေးပါ။ ဟုတ်ပြီလား။”
‘ဒါတွေက အသက်(၆)နှစ်အရွယ်ကလေးတစ်ယောက်ပြောတဲ့စကားတဲ့လား။ မဖြစ်နိုင်တာ။’
မဒမ်တု မျက်လုံးများပြူးသည်အထိ အလွန်အံ့အားသင့်သွားခဲ့သည်။ ဝေ့လော်ကို သာမန် ဂရုမစိုက်တတ်သောကလေးတစ်ယောက်ဟု ထင်ထားခဲ့သော်လည်း ရုတ်တရက် သူ(မ)၏ ရဲရင့်ကြမ်းတမ်းသော အနေအထားကို မြင်လိုက်ရလေသည်။ ထိုအခိုက်အတန့်တွင် ဝေ့လော်၏စကားကို ခေါင်းညိတ်၍နားထောင်ကာ ‘ဟုတ်ကဲ့’ဟုပင် ပြန်ပြောချင်သွားခဲ့သည်။
ယခုအခြေအနေအထိရောက်လာပြီဖြစ်သော်လည်း ယနေ့ကိစ္စမှာ ကောင်းမွန်သည့်အဆုံးသတ်တစ်ခု မရှိခဲ့ပေ။ ဒဏ်ရာရသွားသည့်ဝူကျိုးက မြေပြင်တွင် ရှေ့နောက်လူးလှိမ့်နေ၏။ အခြားအစေခံများကလည်း သွေးသံတရဲရဲမြင်ကွင်းကိုမြင်ပြီး ဝေ့လော်လက်ထဲကဆံထိုးကို ကြောက်ရွံ့ကြသောကြောင့် အနားမကပ်ရဲကြပေ။ သူတို့မျက်နှာများ ပျက်စီးသွားမည်ကို စိုးရိမ်နေကြလေသည်။ အထိန်းတော်ယဲ့နှင့် ကျင်းလုတို့လည်း အံ့အားသင့်သွားရ၏။ သို့သော် ၎င်းမှာ အကျပ်အတည်းထဲရောက်နေသည့်အချိန်တွင် ဝေ့လော်က တုံ့ပြန်လိုက်ခြင်းဖြစ်သောကြောင့် သနားစရာကောင်းသည့်ကလေးဟုသာ ထင်မြင်လိုက်ကြသည်။
သစ်ရွက်များ လှုပ်ခါသွားပြီး နေရောင်ကလည်း သစ်ပင်ကြားသို့ဝင်ရောက်လာရင်း မြေကြီးပေါ်တွင် အရိပ်တစ်ခုပေါ်လာသည်။ အနီးနားမှ သစ်ပင်တစ်ပင်တွင် လူတစ်ယောက်ပုန်းနေဟန်ရှိ၏။ ဖြစ်ရပ်ကုန်စင်ကို မြင်ပြီးသွားပြီဖြစ်သောကြောင့် သူက အဝတ်အစားများကိုဖုန်ခါကာ လူအုပ်၏အလယ်သို့ခုန်ချလိုက်သည်။ စိမ်းပြာရောင်အင်္ကျီ၊ အားမန်တက်ကြွသောကိုယ်ခန္ဓာနှင့် ထိုသူမှာ ကျောင်းကျယ်၏ သက်တော်စောင့်တစ်ယောက်ပင်။ ထိုသက်တော်စောင့်က ဝေ့လော်ကိုကြည့်ကာ ပြုံးလိုက်ပြီး
“မင်းကိုတွေ့ပြီပေါ့ကွာ။”
*****
Aurora Novel Translation Team
Report content on this page