Chapter 15
ဝေ့လော်၏အသံက ဝေ့ကွမ်းနှင့် မြို့စားယင်းတို့ကိုလည်း အာရုံစိုက်မိစေခဲ့ပြီး လူကြီးများအားလုံး တစ်ယောက်ပြီးတစ်ယောက် ဝေ့လော်ကိုငုံ့ကြည့်လိုက်ကြသည်။ ထို့နောက် ဝေ့ကွမ်းက အံ့အားသင့်စွာဖြင့်
“အားလော်။ ဘယ်လိုဖြစ်လို့ ပြန်ရောက်လာတာတုန်း။”
ဝေ့လော်က ဖြူဖွေးကြည်လင်သော မျက်နှာလေးကိုမော့ကာ ပါးချိုင့်နှစ်ခုပေါ်သည်အထိ ရယ်ပြလိုက်၏။ ထို့နောက် ကျိုးကြောင်းသင့်စွာ စကားဆိုလိုက်သည်။
“အားလော် အစ်ကို မင်းသားကျင်းကို ဒီဆေးလေးလာပေးတာပါ။ အစ်ကို မင်းသားကျင်းရဲ့လက်မှာ ဒဏ်ရာရထားလို့လေ။ ဒီဆေးလေးကို လိမ်းလိုက်ရင် ချက်ချင်းသက်သာသွားမှာ။”
ထိုသို့ ပြောလိုက်ပြီးနောက် ဝေ့လော်က လက်ကိုမြှောက်ကာ ဆေးကိုလှမ်းပေးလိုက်သည်။ သို့သော် ကျောင်းကျယ်က မလှုပ်မယှက်နှင့် ဆေးပုလင်းကိုလက်မခံသောကြောင့် ဝေ့လော်က သူ့လက်ကိုလှမ်းဆွဲပြီး လက်ချောင်းများကို အတင်းထိုးဖွင့်ကာ ဆေးပုလင်းကို သူ့လက်ထဲထည့်ပေးလိုက်သည်။
“အစ်ကို။ ဒီဆေးကို နေ့တိုင်း တစ်နေ့(၂)ကြိမ်လိမ်းနော်။ အဲ့ဒါဆို ဒဏ်ရာက အမြန်ပျောက်သွားလိမ့်မယ်။”
ဝေ့လော်အသံက ခပ်ချွဲချွဲနှင့် ချိုမြိန်နေ၏။ အပေါ်မှငုံ့ကြည့်သည့်အခါ အားလော်၏ မျက်တောင်တို့မှာ ရှည်လျားထူထဲနေပြီး ဝိုင်းစက်သည့်မျက်ဝန်းနက်များကို ဖုံးကွယ်နေခဲ့သည်။
‘အဲ့ဒီ့မျက်ဝန်းနက်ထဲမှာ ဘယ်လိုအကြည့်မျိုးရှိနေပါလိမ့်။’
ကျောင်းကျယ် တွေးဆနေမိသည်။ ထို့နောက် ဝေ့လော်ပေးသည့် ဖန်ပုလင်းကို သူ့အိတ်ထဲထည့်လိုက်ပြီး နှုတ်ခမ်းထောင့်လေးကိုကွေး၍
“အစ်ကို့လက်မှာ ဒဏ်ရာရနေတာကို ညီမလေးက ဘယ်လိုလုပ်ပြီးသိသွားတာလဲ။”
ဝေ့လော် ပခုံးလေးတွန့်သွားပြီး သူ့မျက်စိရှေ့မှနေ၍ နောက်သို့ ခြေနှစ်လမ်းဆုတ်သွားသည်။ သူ(မ)နှင့်ယှဥ်လိုက်သော် ကျောင်းကျယ်က အလွန်အရပ်မြင့်၏။ လက်ရှိ အသက်(၆)နှစ် အသက်အရွယ်တွင် အရပ်အလွန်မရှည်လာသေးသောကြောင့် လူကြီးများကို လည်ပင်းကျိုးလုမတတ် မော့ကြည့်နေရသည်။
ထို့နောက် သူ(မ)က အရှက်မရှိသောမျက်နှာထားဖြင့်
“အစောပိုင်းက ရှေ့ခြံမှာတွေ့တုန်းက အစ်ကို့အင်္ကျီလက်ကို လှန်လိုက်သေးတယ်လေ။ အဲ့တုန်းက အားလော်မြင်လိုက်တာပါ။”
အားလော်က ထိုသို့ရှင်းပြ၏။ ကျောင်းကျယ် ရယ်ချင်စိတ်ကိုထိန်းကာ ပြုံးလိုက်ရင်း သူ(မ)နဖူးလေးကို လက်မဖြင့်ပွတ်သပ်လိုက်သည်။ ထို့နောက် အသံဩဩဖြင့် သူက
“ကျေးဇူးတင်ပါတယ်။ ညီမလေးက အရမ်းကိုအလိုက်သိတာပဲ။”
ကျောင်းကျယ်၏လက်ချောင်းများမှာ ရှည်လျားပြီး သန်မာ၏။ နေရောင်ထဲတွင်မူ ထိုလက်တစ်စုံက အဖြူရောင် ကျောက်စိမ်းကဲ့သို့ တောက်ပနေလေရာ ကြီးကျယ်မြင့်မြတ်သော အိမ်တော်တွင် ကြီးပြင်းလာရကြောင်း သိသာနေခဲ့သည်။ ဝေ့လော်၏နဖူးကို ပွတ်သပ်နေရင်း ဝေ့လော်၏ဆံမြိတ်ကို မတော်တဆဖယ်မိသွားပြီး မျက်ခုံးနှစ်ဖက်ကြားမှ မွေးရာပါအမှတ်အနီလေးကို ကျောင်းကျယ် မြင်တွေ့သွားခဲ့သည်။ ဖြူဖွေးနူးညံ့သည့် မျက်နှာလေးပေါ်တွင် တည်ရှိနေသော အမှတ်အနီလေးကြောင့် သူ(မ)ပုံစံမှာ ပို၍ ချစ်စရာကောင်းနေ၏။ သူ(မ)ကို ပို၍ကြာကြာကြည့်လေ သူ(မ)ပုံစံက ပန်းချီကားထဲကထွက်လာသည့် အရုပ်လေးနှင့်တူလေဖြစ်လာသည်။ နှုတ်ခမ်းလေးများကလည်း ပန်းရောင်သန်းနေပြီး သွားလေးများကလည်း ပုလဲလုံးလေးများလိုပင်။ သို့သော် ကျောင်းကျယ် သူ(မ)ကို ဆက်မငေးနေတော့ဘဲ တစ်ဖက်သို့လှည့်သွားတော့သည်။ ထို့နောက် မြို့စားယင်းနှင့်အတူ မြို့စားယင်းအိမ်တော်ထဲမှ ထွက်သွားလေသည်။
ဝေ့လော်ကမူ ရှေ့ခြံထဲတွင်နေခဲ့ပြီး တွေးတောနေ၏။
‘ငါပေးတဲ့ဆေးကို လက်ခံတယ်ဆိုတော့ ငါ့ကိုခွင့်လွှတ်လိုက်ပြီဆိုတဲ့ သဘောပဲမဟုတ်လား။’
ကျောင်းကျယ်၏အတွေးများကို သူ(မ) ထိုးဖောက်၍မမြင်နိုင်ပေ။ သူ့အတွေးများမှာ လေးနက်ရှုပ်ထွေးပြီး နားလည်ရခက်ကြောင်းကိုသာ ဝေ့လော်ခံစားမိလိုက်သည်။ ကျောင်းကျယ်နှင့်ပတ်သက်သော ယခင်ဘဝမှ မှတ်ဉာဏ်များကို ဝေ့လော် ပြန်လည်ရှာဖွေကြည့်မိသည်။ ကျောင်းကျယ်က ဉာဏ်ပညာထက်မြတ်ပြီး ပညာလည်းထူးချွန်သည်။ ဆွေကြီးမျိုးကြီးမှ ပေါက်ဖွားလာကာ ရုပ်ရည်ခံ့ညားပြီး ယခင်ဧကရာဇ်၏ သဘောကျခြင်းကိုလည်း ခံရသောကြောင့် အသက်(၁၂)နှစ်အရွယ်တွင် မင်းသားရာထူးကို ပေးအပ်ခံခဲ့ရသည်။ သူ၏ နည်းလမ်းများမှာ တိကျသေချာပြီး လိမ္မာပါးနပ်လှသောကြောင့် ယုံကြည်ရသည့် လက်ထောက်များစွာလည်း စုဆောင်းထားသည်။
သို့သော် ယခင်ဧကရာဇ် နတ်ရွာစံသွားပြီးနောက် ကျောင်းကျယ်၏ ကြီးပြင်းလာမှုကို မကျေနပ်သည့် ဧကရာဇ်ချုံကျန်းက အကြောင်းပြချက်ကောင်းတစ်ခုကိုရှာကာ ကျောင်းကျယ်၏ခန္ဓာကိုယ်ကို ပို၍တောင့်တင်းလာစေရန် ဝူးရုံ လေ့ကျင့်ရေးကျောင်းသို့ပို့ခဲ့သည်မှာ အချိန်အားဖြင့် (၃)နှစ်တိတိကြာသွားခဲ့သည်။ နေ့ရက်များကို ရေတွက်ကြည့်ပါက လေ့ကျင့်ရေးစခန်းမှ ကျောင်းကျယ် ပြန်ရောက်လာသည်မှာ သိပ်မကြာသေးချေ။ ပြန်ရောက်လာသည့်အခါ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြောင်းလဲမှုများက အလွန်ကြီးမားနေ၏။ ဧကရာဇ်ချုံကျန်းက ကျောင်းကျယ်၏ညီဖြစ်သူ ကျောင်းကျန့်ကို အားတက်သရော ပံ့ပိုးပေးနေပြီး မင်းသားတစ်ပါးအဖြစ် ထီးနန်းပေးရန်ပင် ရည်ရွယ်နေခဲ့သည်။
အားလော်၏ အတိတ်ဘဝမှမှတ်ဉာဏ်များသာ မှန်ကန်နေဆဲဖြစ်ပါက ကျောင်းကျန့်က နျဥ်ကွေ့ဖေး၏ သားဖြစ်လိမ့်မည်။ ဧကရာဇ်မှာ အချစ်ကြောင့် စုံလုံးကန်းနေသဖြင့် ခေါင်းအစခြေအဆုံး ပြီးပြည့်စုံနေသည့် တရားဝင်သားဖြစ်သူ ကျောင်းကျယ်ကို ဖယ်ထုတ်ပြီး တရားမဝင်သားတစ်ယောက်ကို နန်းတင်လိုခြင်းပင်။
ဝေ့လော် စိတ်ထဲတွင် တွေးတောဝေဖန်နေမိ၏။ တော်ဝင်မိသားစု၏ လျှို့ဝှက်ချက်များမှာ အလွန်ရှုပ်ထွေးနေသောကြောင့် အချိန်တစ်ခဏအတွင်း သူ(မ) နားမလည်နိုင်ချေ။ သို့သော် သူ(မ) မှတ်မိသလောက်ဆိုရလျှင် နောက်ပိုင်းတွင် ကျောင်းကျယ်က လူမှုရေးအဆင့်များအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်သည့်လူတစ်ယောက် ဖြစ်လာလိမ့်မည်ပင်။
***
ကျောင်းကျယ်ကို လိုက်ပို့ခဲ့ပြီးနောက် ဝေ့ကွမ်းက ဝေ့လော်ကိုခေါ်ကာ ထင်းရှူးဆောင်သို့ ပြန်ခဲ့သည်။ ဂင်ဂိုဆောင်တွင်မူ အခြေအနေများ မငြိမ်သက်သေးချေ။ ဝေ့ကွမ်းနှင့် မတွေ့ရသောကြောင့် မဒမ်တုက တတိယမဒမ်လျူနှင့် အဆက်အသွယ်ရမည့်နည်းလမ်းကို စဥ်းစားခဲ့သည်။ ကျယ်လောင်စွာ အော်ငိုရင်းနှင့် မဒမ်လျူ၏ရှေ့တွင် သူ(မ)ခံစားရသမျှကို ထုတ်ချပြလိုက်၏။ ထို့နောက် မဒမ်လျူအား ထင်းရှူးဆောင်သို့ သွားပေးရန်နှင့် သူ(မ)ကိုပြန်ခေါ်ရန်အတွက် ဝေ့ကွမ်းကို နားချပေးရန် တောင်းဆိုခဲ့သည်။ ဂင်ဂိုဆောင်ကဲ့သို့သော နေရာမျိုးတွင် သူ(မ) ဆက်၍မနေနိုင်တော့ကြောင်းကိုလည်း ထည့်ပြောပေးရန် ဖြည့်စွက်ခဲ့သေး၏။
ဝေ့ကွမ်းက အင်္ကျီလက်ကို ခါထုတ်လိုက်ပြီး မလှုပ်မယှက်နှင့်
“ဂင်ဂိုဆောင်မှာ ဆက်မနေနိုင်တော့ဘူးဆိုရင် သူ(မ)ကို အရေးပိုင်မင်းကျုံးယီအိမ်မှာ ပြန်နေခိုင်းလိုက်ပါ။”
ကွာရှင်းပြတ်ဆဲပြီး ဗိုက်ထဲတွင်လည်း ကိုယ်ဝန်ရှိနေလျက်နှင့် မိခင်ဘက်မှတော်စပ်သော ဆွေမျိုးအိမ်သို့ပြန်ရသည်မှာ မည်မျှ ရှက်စရာကောင်းလိမ့်မည်နည်း။ မဒမ်တုမှာ အခြားတစ်ယောက်နှင့် ဖောက်ပြန်ပြီး ထိုကလေးကိုရလာခြင်းဖြစ်သောကြောင့် ဝေ့ကွမ်းက သူ(မ)ကိုနှင်ချလိုက်သည်ဟု အခြားသူများက ထင်မြင်ကြပေလိမ့်မည်။ ထိုအခါ မဒမ်တု၏ဂုဏ်သိက္ခာမှာ ကြမ်းပြင်ပေါ်ရောက်သည်အထိ ကျဆင်းရုံမက အရေးပိုင်မင်း ကျုံးယီအိမ်တွင်ရှိသော ကျန်မိန်းမပျိုလေးများကိုလည်း မည်သူကမျှ လက်ထပ်တော့မည်မဟုတ်ချေ။
ရက်အနည်းငယ် ကြာသွားသည့်တိုင် ဝေ့ကွမ်း၏ဒေါသနှင့် စိတ်ပိုင်းဖြတ်မှုတို့ အနည်းငယ်မျှ ပြောင်းလဲခြင်းမရှိသည်ကို မဒမ်လျူမယုံနိုင်ခဲ့ပေ။ လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး သူ(မ)က အကြံပြု၏။
“ပဥ္စမခဲအိုက ဘယ်လိုလုပ်ပြီး ဒီစကားကိုပြောထွက်ရတာလဲ။ ပဥ္စမယောင်းမက ပဥ္စမခဲအိုနားမှာ (၅)နှစ်လုံးလုံး ဆိုးတူကောင်းဖက် ရှိနေပေးခဲ့တဲ့သူပါ။ ဒီ(၅)နှစ်လုံးမှာလည်း အိမ်ရဲ့စီမံခန့်ခွဲမှုကိုပါ ကူညီပေးသေးတာ။ ဘယ်သူ့ဆီကမှ အသိအမှတ်မပြုခံရပေမဲ့ သူ(မ)က အကောင်းဆုံးကြိုးစားခဲ့တာပါပဲ။ အခုလည်း တွေဝေမှုတစ်ခုကြောင့် အမှားလေးတစ်ခု လုပ်မိသွားရုံပါ။ အမှားလုပ်မိတယ်။ ဒါကြောင့် အပြစ်ပေးခံရတယ်။ ဒီအထိတော့ ကိစ္စမရှိဘူး။ ဒါပေမဲ့ ကတိတွေဖျက်ပြီး ဒီလိုကြီး အဝေးမှာထားတာကတော့ မကောင်းဘူးပေါ့။”
ဝေ့ကွမ်း၏ရင်ခွင်ထဲတွင် ပုန်းကွယ်နေသော ဝေ့လော်ကိုလှမ်းကြည့်ကာ သူ(မ)က
“ပြီးတော့ ပဥ္စမယောင်းမက ကိုယ်ဝန်ကြီးနဲ့လေ။ ကိုယ်ဝန်သည်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သေသေချာချာဂရုစိုက်ဖို့လိုတယ်။ ဒါပေမဲ့လည်း ဂင်ဂိုဆောင်မှာနေရတော့ သူ(မ)ကို ဂရုစိုက်မဲ့သူလည်း တစ်ယောက်မှမရှိတာ အဆင်မပြေဘူးပေါ့။ တကယ်လို့ သူ(မ)ဗိုက်ထဲက ကလေးက ယောက်ျားလေးဖြစ်မယ်ဆိုရင် အားလော်လည်း နောက်ထပ်မောင်လေးတစ်ယောက် ရလာတော့မှာ။ အဲ့ဒီ့အခါကျရင် သူတို့ကို ဂင်ဂိုဆောင်မှာပဲ ဆက်နေခိုင်းတာက ဘယ်လိုလုပ် လက်ခံနိုင်စရာရှိပါ့မလဲ။”
မဒမ်လျူ၏မျက်လုံးထဲမှ အရိပ်အယောင်များကို ဝေ့လော်သဘောမကျချေ။ ထိုအကြည့်များက ဝေ့လော်ကို အဆင်မပြေဖြစ်စေခဲ့သည်။ ထို့ကြောင့် ဝေ့ကွမ်း၏ရင်ခွင်ထဲသို့ တိုးဝင်ကာ သူ(မ)ကို လျစ်လျူရှုထားလိုက်တော့သည်။
အားလော်၏အလိုလိုသိစိတ်မှာ အလွန်တိကျမှန်ကန်လွန်းသည်။ ယခင်ဘဝက မဒမ်လျူက သူ(မ)ကို သဘောမကျသကဲ့သို့ ယခုဘဝတွင်လည်း ထပ်တူပင်။ မဒမ်လျူမှာ ဝေ့ကျန်းအပေါ်တွင် အလွန်ကောင်းသော်လည်း အားလော်နှင့် ချောင်ဟုန်အပေါ်တွင်မူ အမြဲလိုလို အေးစက်စက်ဆက်ဆံသည်။ တစ်ခါတစ်ရံ သူတို့မောင်နှမကို စက်ဆုပ်ရွံရှာသည့်ပုံစံပင် ပြတတ်သေး၏။ မဒမ်လျို သူတို့ကို ထိုသို့ဆက်ဆံရသည့် အကြောင်းအရင်းကို အားလော်ယခင်က သေသေချာချာနားမလည်ခဲ့သော်လည်း ယခုတွင်မူ တွေးဆကြည့်လို့ရနိုင်ပြီဖြစ်သည်။
ထိုနေ့က ဧည့်ကြိုဆောင်တွင် မဒမ်တုကို မည်သို့ကိုင်တွယ်သင့်ကြောင်း လူကြီးများ ဆွေးနွေးခဲ့စဥ်က အားလော်မှာ အပြင်ဘက်မှနေ၍ ချောင်းကြည့်ကာ ခိုးနားထောင်နေခဲ့ပြီး တတိယဦးလေးနှင့် ဖခင်ဝေ့ကွမ်းတို့ကြားမှ ပဋိပက္ခကိုလည်း မြင်တွေ့ခဲ့ရသည်။ ထို့နောက် ဧည့်ကြိုဆောင်ထဲမှ တတိယဦးလေးထွက်လာပြီး တစ်စုံတစ်ယောက်ကို အောက်မေ့တမ်းတမိသည့် မျက်နှာထားမျိုးဖြင့် သူ(မ)ကိုကြည့်ခဲ့သည်ကိုလည်း ဝေ့လော် သတိထားမိသည်။ ဝေ့လော်မှာ ဉာဏ်ပြေးသည့်မိန်းကလေးဖြစ်ပြီး တတိယဦးလေး၏ အပြုအမူများကလည်း အလွန်သိသာနေသောကြောင့် အကြောင်းအရင်းကို ခန့်မှန်းမိနိုင်ခဲ့သည်။
မဒမ်လျို၏စကားကို ဝေ့ကွမ်း မည်သို့မျှမတုံ့ပြန်ချေ။ ဝေ့ကွမ်း အလျှော့ပေးလိုက်မည်ကို စိုးရိမ်သည့် ဝေ့လော်က သူ့ရင်ခွင်ထဲမှနေ၍
“အားလော်မှာ ချောင်ဟုန်ဆိုတဲ့ မောင်လေးတစ်ယောက်ပဲရှိတာ။ နောက်ထပ်မောင်လေးတစ်ယောက် ထပ်မလိုချင်ဘူး။’
သူ(မ)စိုးရိမ်သည်မှာလည်း ကျိုးကြောင်းသင့်လျော်နေသည်။ ဝေ့ကွမ်း၏ပုံစံက အေးအေးဆေးဆေးနှင့် အလွယ်တကူစိတ်ယိုင်တတ်ပြီး တတိယအဒေါ်မှာလည်း စကားဖြင့်သိမ်းသွင်းရာတွင် ထူးချွန်လှသည်။ ထို့ကြောင့် စကားလုံးအနည်းငယ်ပြောရုံဖြင့် ဝေ့ကွမ်းဘက်က လက်လျှော့ကာ အလျှော့ပေးလိုက်နိုင်သည်။ ဝေ့လော် ထိုသို့အဖြစ်မခံနိုင်ချေ။ မဒမ်တုအပေါ်တွင် တင်းတင်းကျပ်ကျပ်သဘောထားမျိုးကိုသာ သူ(မ)ရှိစေချင်သည်။
မဒမ်လျူက ထူးဆန်းစွာပြုံး၍ ဝေ့လော်ကိုကြည့်ကာ
“မဒမ်ရဲ့သားက အားလော်ရဲ့ မောင်လေးပဲပေါ့။ အားလော်က ဘာဖြစ်လို့ မလိုချင်ဘူးလို့ ပြောရတာလဲ။”
ဝေ့လော် သူ(မ)ကိုမကြည့်ဘဲ ခေါင်းငုံ့ထားရင်း လက်ချောင်းများဖြင့် နံပါတ်ကိုရေတွက်ကာ ဆော့ကစားနေ၏။ ထို့နောက် ဆက်မပြောသင့်တော့ဟု ခံစားရသော်လည်း သူ(မ)က
“အားလော် မလိုချင်လို့ပေါ့။”
ဟူးကော်ဘုရားကျောင်းမှ အပြန်လမ်းတွင် အကြီးမားဆုံးသော စိတ်ဒဏ်ရာနှင့် ကြုံတွေ့ခဲ့ရသောကြောင့် မဒမ်တုဟူသော အမည်ကိုကြားလျှင်ပင် တုန်ယင်ရသည်အထိ အားလော်ကြောက်လန့်နေခဲ့သည်။ ထို့ကြောင့် ဝေ့ကွမ်းက ကြင်နာယုယစွာဖြင့် ဝေ့လော်ကိုကြည့်လိုက်ရင်း သူ့လက်မောင်းများက ပို၍တင်းကျပ်စွာ ဖက်ထားပေးလိုက်ပြီး မဒမ်လျူအား
“ဒီတစ်ခါလည်း တတိယမရီးအနေနဲ့ ကျွန်တော့်ကိုထပ်ပြီး နားချစရာမလိုပါဘူး။ မဒမ်တုက အမှားလုပ်ထားပြီး အပြစ်ပေးခံရဖို့ ထိုက်တန်တဲ့သူပဲ။ သူ(မ)ဗိုက်ထဲကကလေးကတော့ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် မွေးလာပြီးမှပဲ ဆက်ပြောကြတာပေါ့။ ကျွန်တော် ဒီကိစ္စကို နောက်တစ်ခါထပ်မပြောချင်တော့ဘူး။ တတိယမရီးလည်း ပြန်လိုက်ပါတော့။”
‘ကလေးမွေးတဲ့အချိန်ထိ မဒမ်တုကို ဂင်ဂိုဆောင်မှာပဲနေပါလို့ ပြောချင်တာလား သူက။’
မဒမ်လျူ၏ပုံစံက အနည်းငယ် ယိမ်းယိုင်တုန်လှုပ်သွား၏။ သူ(မ)ထံတွင် ပြောစရာရှိသေးသည်ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ ထိုနေရာတွင် ဆက်မနေသင့်တော့ချေ။ ထို့ကြောင့် သူ(မ) ထပြန်လိုက်သည်။ သို့သော်လည်း သူ(မ)က အဆောင်သို့ချက်ချင်းမပြန်ဘဲ လမ်းတစ်ဝက်တွင် ဂင်ဂိုဆောင်ဘက်သို့လှည့်ကာ ဝေ့ကွမ်း၏စကားလုံးများကို မဒမ်တုထံသို့ သွားရောက်ပို့ဆောင်ပေးခဲ့သည်။
မဒမ်တုက ထိုစကားများကို တွေဝေငေးမောလျက် နားထောင်နေ၏။ လက်ရန်းပါသော ထိုင်ခုံတွင်ထိုင်ရင်း အချိန်အတော်ကြာ စိတ်နှင့်ကိုယ်နှင့်မကပ်ချေ။
‘နောက်ထပ် တစ်ရက်တောင် ဒီနေရာမှာထပ်မနေနိုင်တော့တာကို နောက်ထပ် (၈)လတောင် ထပ်နေရဦးမယ်တဲ့လား။’
ထိုအိမ်တွင် အပြင်အဆင်များမရှိ ရိုးရိုးရှင်းရှင်းနှင့် မဒမ်တုအနီးတွင်လည်း မိန်းကလေးအစေခံ (၂)ယောက်သာရှိသည်။ လက်ရှိ ရှိနေသောအစေခံများက သူ(မ)ကို ကောင်းမွန်စွာဆက်ဆံကြသော်လည်း ယခင် ထင်းရှူးဆောင်တွင်နေခဲ့စဥ်က ဘဝအခြေအနေနှင့် လုံးဝကွာခြားနေလေသည်။ ယခင်ကမူ အနီးနားတွင် အခြွေအရံများစွာဖြင့် အားလုံး၏ လေးစားခြင်းကိုခံရပြီး “ပဥ္စမမဒမ်”ဟု အခေါ်ခံကာ ဇိမ်ခံဘဝမျိုးကို ခံစားခဲ့ရသည်။ သို့သော် ယခုတွင်မူ ထိုဂင်ဂိုဆောင်ထဲတွင် အကျဥ်းကျနေပြီး သမီးဖြစ်သူ၏မျက်နှာကို မြင်နိုင်ရန်ပင် ခက်ခဲနေတော့သည်။ ထို့ကြောင့် ယခုကဲ့သို့ ဘဝအလှည့်အပြောင်းမျိုးကို မဒမ်တု မည်သို့ လက်ခံနိုင်လိမ့်မည်နည်း။
*****
Aurora Novel Translation Team
Report content on this page