no

Font
Theme

Chapter 27

ဝေ့လော် ဘယ်ဘက်သို့သွားလျှင် သူက ဘယ်ဘက်သို့ လိုက်လာပြီး ဝေ့လော် ညာဘက်သို့သွားလျှင် သူလည်း ညာဘက်သို့ လိုက်ပိတ်နေခဲ့သည်။


'သူ တမင်သက်သက် လုပ်နေတာ။'


ဝေ့လော် ခေါင်းမော့၍ လီစုန့်ကို မော့ကြည့်လိုက်သည်။ လက်ရှိတွင် ဝေ့လော်မှာ ထိုနေရာ၌ လီစုန့်နှင့် အချိန်ဖြုန်းနေရန် အချိန်မရှိချေ။ လီစုန့် လမ်းပိတ်ထားသည့်အချိန်တွင် လင်းဟွေ့လျန်က မြင်ကွင်းထဲမှ ပျောက်သွားတော့မည်ဖြစ်သည်။ ထို့ကြောင့် စိတ်ပူပန်လာသဖြင့် ဝေ့လော် အော်လိုက်မိ၏။


"ဘေးဖယ်ပေး။"


ဝေ့လော်၏ရက်စက်မှုမှာ အလွန် အံ့ဩစရာကောင်းလှ၏။ ဝိုင်းစက်နေသော မျက်လုံးပြူးများဖြင့် စိုက်ကြည့်နေသည်မှာ လီစုန့်ကို ဝါးစားတော့မလိုပင်။ သို့သော် လီစုန့်ကလည်း သူ(မ)ကို တမင်တကာနှောင့်ယှက်ရန် ရောက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ဝေ့လော်ဖယ်ခိုင်းလျှင်ပင် သူဖယ်ပေးလိမ့်မည် မဟုတ်ချေ။


'နောက်ရက်တွေမှာ သူ(မ)ကို လာမရှာတာနဲ့ပဲ ငါတို့ကြားက ကိစ္စတွေ ကြေအေးသွားပြီလို့ သူ(မ) ထင်နေတာလား။'


လီစုန့်‌တစ်ဘဝလုံးတွင် ထိုမျှ ကြီးကြီးမားမား အရှက်မကွဲဖူးချေ။ အားလုံးရှေ့တွင် သူ့ကို အရှက်ခွဲရန် ကျောင်းကျယ်ကပါ သူ(မ)နှင့် ပူးပေါင်းခဲ့သောကြောင့် သူတို့နှစ်ယောက်လုံးကို လီစုန့်မကျေနပ်ဘဲရှိ၏။ သို့သော် ကျောင်းကျယ်ကိုမူ ပြဿနာရှာ၍မရနိုင်သောကြောင့် ယခုတွင် ဝေ့လော်ကို လှမ်းတွေ့လိုက်သည့်အခါ အလွှတ်မပေးဘဲ ရောက်လာခြင်းဖြစ်သည်။ ဝေ့လော်က သူ(မ)နှင့် တစ်ပုံစံတည်းတူညီသည့် ဂျုံရုပ်လေးကိုင်ထားသည်ကို မြင်သည့်အခါ လီစုန့် မျက်မှောင်ကြုတ်မိ၏။ ထိုအရုပ်ကို သူ(မ)လက်ထဲမှ လှမ်းလုလိုက်ပြီး မြေပေါ်သို့ပစ်ချကာ


"ရုပ်ဆိုးမ။ မဖယ်ပေးတော့ ဘာဖြစ်လဲ။ နင်ဘာလုပ်ချင်လို့လဲ။"


ဂျုံရုပ်များမှာ မူလကတည်းက နူးညံ့သောကြောင့် မြေပေါ်သို့ ပစ်ချခံလိုက်ရသည့်အခါ ချက်ချင်း ပျက်စီးသွားပြီး ယခင်ရှိနေသော ပြုံးနေသောမျက်နှာလေး ပျက်သွားခဲ့သည်။ ပြုတ်ကျသွားသည့် ထိုဂျုံအရုပ်လေးကို စိုက်ကြည့်လိုက်ရင်း ဝေ့လော် စကားတစ်ခွန်းမျှမပြောဘဲ နှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်သည်။ လင်းဟွေ့လျန်လည်း လူအုပ်ထဲတွင် ပျောက်သွားပြီဖြစ်ပြီး ဝေ့လော် သူ(မ)ကို ရှာမတွေ့တော့ချေ။ ထို့ကြောင့် သူ(မ)နှင့် အတူပါလာသူမှာ အားတိုင်ဟုတ်မဟုတ် ဝေ့လော် မဆုံးဖြတ်နိုင်လိုက်ပေ။ လီစုန့်သာ သူ(မ)၏လမ်းကို မပိတ်ခဲ့ပါက ထိုသို့ဖြစ်လာလိမ့်မည် မဟုတ်ချေ။ ဝေ့လော် အံကြိတ်ကာ မျက်လုံးနီများဖြင့် လီစုန့်ကိုစိုက်ကြည့်လိုက်သည်။ လီစုန့်မှာ ယခင်ဘဝတွင်သာမက ယခုဘဝတွင်ပါ အလွန် ကျက်သရေတုံးနေဆဲပင်။


လီစုန့်က သူ့ညီမနှင့်အတူ အပြင်ထွက်လာခြင်းပင်။ ညီမဖြစ်သူက အစေခံများနှင့်အတူ ပစ္စည်းများဝယ်ရန် အဆောက်အအုံကို ဖြတ်သန်းနေစဥ်တွင် လီစုန့်တစ်ယောက်တည်း ရထားလုံးထဲတွင် နေရစ်ခဲ့၏။ စောင့်ရသည်မှာ အချိန်ကြာလာသည်နှင့်အမျှ ပျင်းရိလာသောကြောင့် ရထားလုံး၏လိုက်ကာကို မ,တင်လိုက်သည့်အခါ မထင်မှတ်ဘဲနှင့် ဝေ့လော်ကို လှမ်းတွေ့လိုက်ခြင်းဖြစ်သည်။ စကားပြောဆိုနေရင်း ပြုံးနေသော သူ(မ)၏မျက်နှာလေးမှာ အလွန်ထင်းထွက်နေခဲ့လေသည်။


'ငါက ဒီလောက်ထိ အရှက်ရစရာကိစ္စနဲ့ ကြုံထားရတာကို သူ(မ)ကတော့ ဒီလိုမျိုး ရယ်မောနေနိုင်တယ်ပေါ့။'


မခံမရပ်နိုင်ဖြစ်သွားသည့် လီစုန့်မှာ ရထားလုံးပေါ်က ချက်ချင်းဆင်း၍ သူ(မ)၏လမ်းကို တမင်တကာ ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။ ဝေ့လော်ကို "ရုပ်ဆိုးမ"ဟု ခေါ်လိုက်ခြင်းမှာ ဝေ့လော် ရုပ်ဆိုးနေသောကြောင့် မဟုတ်ဘဲ ရှေ့သွားကျိုးနေသောကြောင့်ပင်။ ဝေ့လော် ပါးစပ်ဖွင့်လိုက်သည့်အခါတိုင်း ထိုသွားကျိုးနေသည်ကို သိသိသာသာမြင်ရလေသည်။ ၎င်းမှာ အနည်းငယ် ရယ်စရာကောင်းနေသော်လည်း ရုပ်ဆိုးသည်ဟု ခေါ်စရာတော့ မဟုတ်ခဲ့ချေ။ "ရုပ်ဆိုးမ"ဟု ခေါ်လိုက်သည့်အချိန်တွင် လီစုန့် သိပ်မတွေးခဲ့သော်လည်း ဝေ့လော်၏ အသားအရေ ဖြူဖျော့လာသည်ကို မြင်သည့်အခါ သူအတော်လေး ကျေနပ်သွားလေ၏။


ထို့ပြင် မီးလောင်ရာ လေပင့်လိုက်ပြီး လီစုန့်က


"ဘာကြည့်တာလဲ။ ငါပြောတာအားလုံးက အမှန်တွေပဲ..."


"ဝါး"ဟု ရုတ်တရက်အော်ကာ လက်ကိုမျက်နှာတွင်းဖုံး၍ ဝေ့လော်ငိုသွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ ဝေ့လော် ရုတ်တရက် ထငိုလိုက်ခြင်းပင်။ မိနစ်ပိုင်း အနည်းငယ်ခန့်က ရက်စက်တတ်သော မျက်နှာထားမှ မျက်စိတစ်မှိတ်အတွင်း မျက်ရည်များကျသည်အထိ ပြောင်းလဲခဲ့ပေသည်။ မျက်ရည်များ တစ်လှိမ့်ချင်း လှိမ့်ဆင်းလာရင်း သူ(မ)မျက်နှာတစ်ခုလုံး စိုရွှဲသွားတော့သည်။ ပါးပြင်မှ စီးဆင်းလာသော မျက်ရည်များကြောင့် သူ(မ)၏ အဝတ်အစားရှေ့ပိုင်းလည်း စိုသွားလေ၏။ ရပ်တန့်မည့် အရိပ်အယောင်မရှိဘဲ ဝေ့လော် ဆက်၍ အော်ငိုနေတော့သည်။


"အစ်ကို... အစ်ကိုစုန့်ဟွေ့..."


လီစုန့် မှင်တက်မိသွား၏။


'ဘာတွေဖြစ်ကုန်တာလဲ။ သူ(မ)က ဘာလို့ ရုတ်တရက်ကြီး ငိုသွားရတာလဲ။'


တစ်ခဏကြာသော် လူအုပ်ကို အတင်းတိုးဝှေ့ကာ စုန့်ဟွေ့ အပြေးအလွှားရောက်လာ၏။ ဝေ့လော်ကို ချက်ချင်းကောက်ချီလိုက်ပြီး သူ့အင်္ကျီလက်များဖြင့် သူ(မ)ကို မျက်ရည်သုတ်ပေးရင်း


"အားလော် ဘာဖြစ်လို့ ငိုနေတာလဲ။ အားလော်ကို ဘယ်သူအနိုင်ကျင့်တာလဲ။ ခုနက ဘာလို့ ရုတ်တရက်ကြီး ထွက်ပြေးသွားရတာလဲ အားလော်ရဲ့။ အစ်ကိုစုန့်ဟွေ့ အားလော်ကို ရှာမတွေ့တော့ရင် ဘယ်လိုလုပ်မလဲ။"အစောပိုင်းက ဝေ့လော် ပြေးထွက်လာခဲ့စဥ်က ကျင်းလုနှင့် ကျင်းဝူတို့သာ သူ(မ)ကို အမှီလိုက်နိုင်ခဲ့ကြသည်။ စုန့်ဟွေ့နှင့် ချောင်ဟုန်မှာ အနည်းငယ်နောက်ကျနေသောကြောင့် သူ(မ)ကို ရှာမတွေ့ခဲ့ကြချေ။ ယခုကဲ့သို့ သူ့နာမည်ကိုခေါ်ကာ အော်ငိုနေခြင်းမဟုတ်ပါက ဝေ့လော်ကို ထိုမျှမြန်မြန် ပြန်ရှာတွေ့လိမ့်မည်မဟုတ်ချေ။


ဝေ့လော်မှာ ဝမ်းနည်းကြီးစွာငိုနေသဖြင့် တစ်မျက်နှာလုံးတွင် မျက်ရည်များဖြင့် ပြည့်နှက်နေတော့သည်။ အနက်ရောင် မျက်ဝန်းများတွင်လည်း အစိုဓာတ်များရှိနေ၏။ သူ(မ)က ရှိုက်ကြီးတငင်ငိုနေရင်း လီစုန့်ကို လက်ညှိုးထိုးပြလိုက်ပြီး


"အစ်ကိုစုန့်ဟွေ့။ အစ်ကိုစုန့်ဟွေ့ပေးထားတဲ့ ဂျုံရုပ်လေးကို သူက ဖျက်ဆီးလိုက်တာ... ပြီးတော့ အားလော်ကိုလည်း ရုပ်ဆိုးမလို့ ခေါ်သေးတယ်။"


ထိုသို့ပြောလိုက်ပြီး အားလော်မှာ စုန့်ဟွေ့၏လည်ပင်းကိုဖက်၍ ဆက်ငိုနေပြန်သည်။ ဝေ့လော်ညွှန်ပြသည့်နေရာကို လှမ်းကြည့်လိုက်သည့်အခါ မလှမ်းမကမ်းတွင်ရပ်နေသည့် လီစုန့်ကို တွေ့လိုက်ရသည်။ ဝေ့လော်၏ ရုတ်တရက်ငိုယိုမှုကြောင့် လီစုန့်လည်း အနည်းငယ်ထိတ်လန့်နေလေသည်။ အောက်ကိုငုံ့ကြည့်လိုက်သည့်အခါ မြေကြီးပေါ်၌ ဂျုံရုပ်လေးတစ်ရုပ် ပျက်စီးနေ၏။ အားလော်၏ငိုသံက အနီးအနားမှ ဖြတ်သန်းသွားလာသူများကိုလည်း အာရုံစိုက်စေခဲ့သည်။ တစ်ယောက်မှာ (၈)နှစ်၊ (၉)နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်မှာ (၆)နှစ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်၏။ မည်သူ မှားသည်မှန်သည်ကို မေးမြန်းနေစရာမလိုဘဲ တစ်ချက်ကြည့်လိုက်ရုံနှင့် သိနိုင်လေသည်။ လမ်းပေါ်မှ လူအားလုံးမှာ လီစုန့်ကို ဝိုင်းကြည့်လိုက်ကြပြီး သူတို့၏မျက်နှာတွင်လည်း အပြစ်တင်ဝေဖန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။


'ဘာလို့ အားနည်းတဲ့ မိန်းကလေးကို အနိုင်ကျင့်ရတာလဲ။ သူက ကောင်မလေးကို အနိုင်ကျင့်တာ သေချာတယ်။'


လီစုန့်က ထိုနေရာတွင်သာ ရပ်နေပြီး စုန့်ဟွေ့ကို စိုက်ကြည့်လိုက်သည်။ နောက်ဆုံးအချိန်အထိ သူ နောက်မဆုတ်ချင်ခဲ့ပေ။ တစ်ခဏကြာသော် လီရှန်းနှင့် အစေခံတစ်ယောက် အဆောက်အအုံတစ်ခုထဲမှ ထွက်လာ၏။ ထိုအနေအထားကို အဝေးမှလှမ်းမြင်ရုံနှင့် ခံစားချက်သိပ်မကောင်းတော့သောကြောင့် မည်သို့ဖြစ်ပျက်သည်ကို မေးမြန်းရန် အစေခံမိန်းကလေးက ရှေ့သို့တိုးလိုက်သည်။ သူ(မ)၏ရှေ့တွင်ရှိနေသော ကလေးများမှာ စျေးကြီးသည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူတို့၏ ရုပ်ရည်သွင်ပြင်ကလည်း ထူးခြားနေသည်ကို သူ(မ) သိလိုက်ရ၏။ ထို့ကြောင့် သူတို့ကို ရန်စခြင်းမှာ ကောင်းမွန်သည့်အရာ မဟုတ်လှချေ။ ပထမဦးစွာ လီရှန်းကို ရထားလုံးထဲသို့ ပြန်ပို့လိုက်ပြီးမှ ရိုကျိုးသော မျက်နှာထားဖြင့် ခေါင်းကိုငုံ့ကာ ဝေ့လော်နှင့် စုန့်ဟွေ့ကို သူ(မ) တောင်းပန်လိုက်လေသည်။ နောက်ဆုံးတွင် ဝေ့လော်အတွက် နောက်ထပ် ဂျုံရုပ်လေးတစ်ရုပ် ပြန်ဝယ်ပေးရန်ပင် သူ(မ)က ကမ်းလှမ်းခဲ့သေး၏။


စုန့်ဟွေ့က စိတ်မကျေနပ်စွာဖြင့် ခတ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။


"မလိုပါဘူး။"


ထိုအခါ အစေခံမိန်းကလေးက တစ်ဖန် ထပ်တောင်းပန်လိုက်၏။


လမ်းမပေါ်မှ လူအုပ်မှာ ကြီးသည်ထက် ကြီးလာသောကြောင့် ထိုအစေခံမိန်းကလေးက ထိုနေရာတွင် ကြာကြာမနေလိုတော့ဘဲ လီစုန့်ကို အိမ်သို့အမြန်ခေါ်သွားလိုက်သည်။ သို့သော် ရထားလုံးထဲမဝင်မီ လီစုန့်က ဝေ့လော်ကို တစ်ချက်ကြည့်သွားသေး၏။ ဝေ့လော်မှာ အငိုတိတ်သွားပြီဖြစ်ပြီး မျက်လုံးများလည်း ပြန်လည်ကြည်လင်နေပြီဖြစ်သည်။


'ခုနတုန်းက ဝမ်းနည်းတကြီးငိုနေတဲ့ မျက်နှာထားက ဘယ်ရောက်သွားပြီလဲ။'


သူ့လည်ပင်းကို ဖက်ထားသည့် ဝေ့လော်ကို ပွေ့ချီကာ စုန့်ဟွေ့ တစ်ဖက်သို့လှည့်လိုက်၏။ လီစုန့် ခပ်လှမ်းလှမ်းသို့ရောက်သည့်အခါ ဝေ့လော် သူ့ကိုလှမ်းကြည့်လိုက်သည်။ တစ်ခဏကြာသော် သူ(မ)၏မျက်နှာပေါ်တွင် ရက်စက်တတ်သော အပြုံးတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။ ထိုအပြုံးမှာ ဉာဏ်များသည့်အပြုံးတစ်ခုကဲ့သို့ ဖြစ်နေပြီး လီစုန့်ကိုလည်း လှောင်ပြောင်နေသကဲ့သို့ပင်။ ထိုသို့ မျက်နှာထားအပြောင်းအလဲကို လီစုန့်မြင်သွားမည်ကိုလည်း သူ(မ) မစိုးရိမ်နေခဲ့ချေ။


နောက်ဆုံးတွင် လီစုန့် နားလည်သွားတော့သည်။


'ဒါဆို သူ(မ)က ဟန်ဆောင်နေတာပေါ့။ တကယ်ငိုတာ မဟုတ်ဘူးပေါ့။'


လီစုန့် မျက်နှာပျက်သွား၏။ အလွန်အမင်းလည်း စိတ်ပျက်မိသွားတော့သည်။


*


ချင်းရွှေတောင်မှ ပြန်ရောက်သည့်အခါ လမ်းမတွင် မြင်တွေ့ခဲ့သည့်မြင်ကွင်းကို ဝေ့လော် ပြန်တွေးမိခဲ့သည်။ သူ(မ)၏အတွေးများသာ မှန်ကန်နေပါက လင်းဟွေ့လျန်တို့ လင်မယားမှာ ယခုဘဝတွင် အားတိုင်ကို မွေးစားလိုက်ခြင်း ဖြစ်ပေလိမ့်မည်။


'ဒါဆို အားတိုင်က ဒီဘဝမှာ ငါ့အစား အရှင်လတ်လတ်မြေမြှုပ်ခံရမှာလား။'


'အားတိုင် ဟုတ်မဟုတ်ဆိုတာ သေသေချာချာကြည့်လိုက်ရရင် ကောင်းမှာကို လီစုန့်ကြောင့် ဘာမှမသိလိုက်ရဘူး။'ထိုသို့တွေးနေရင်းနှင့် လီစုန့်ကို ဝေ့‌လော်ပို၍ မုန်းတီးလာမိသည်။ လက်ရှိတွင် ကျောင်းကျန့်ကလည်း အတန်းမတက်ချေ။ ရေကျောက်ပေါက်နေသဖြင့် နာမကျန်းဖြစ်နေသောကြောင့် နန်းတော်မှ ကိုယ်ပိုင်အခန်းထဲတွင်သာ အနားယူနေရသည်။ သူ၏ အစောင့်အရှောက်များနှင့် တာဝန်ရှိသူများသာ ကျောင်းကျန့်ကို တွေ့ရလေသည်။ လီစုန့်မှာ ကျောင်းကျန့်၏ စာသင်ဘက်ဖြစ်သောကြောင့် ကျောင်းကျန့်မရှိသည့်အခါ လီစုန့်လည်း ကျောင်းတက်စရာမလိုခဲ့ချေ။ သူတို့နှစ်ယောက် မရှိသည့်အခါ စာသင်ခန်းကြီးက အေးချမ်းနေခဲ့လေသည်။


အတန်းပြီးသွားသည့်အခါ ဝေ့လော်နှင့် ကျောင်းလျူလီတို့ ချန်းဟွာခန်းမထဲတွင် စာရေးလေ့ကျင့်ကြသည်။ သူတို့နှစ်ယောက်မှာ အနက်ရောင် စားပွဲခုံနိမ့်ပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်ရင်း ဆိတ်မွှေးနှင့် ပြုလုပ်ထားသော စုတ်တံတစ်ချောင်းစီကို ကိုင်ကာ "The Analects of Confucius" ထဲမှ အကြောင်းအရာများကို ကူးရေးနေကြသည်။ ဝေ့လော်၏ စာလုံးစုတ်ချက်များမှာ သေသပ်လှပပြီး သဘောကျချင်စရာကောင်းနေ၏။ အမြဲလိုလို စိတ်ပါလက်ပါ ရေးလေ့ရှိသော်လည်း ယနေ့တွင် ဝေ့လော် အနည်းငယ် ‌လေးလံနေခဲ့သည်။ အားတိုင်နှင့် လင်းဟွေ့လျန်တို့၏ ဆက်ဆံရေးကိုမြင်လိုက်ပြီးနောက် ဝေ့လော် စာလုံး (၂)လုံးသာ ရေးလိုက်နိုင်ပြီး မေးကိုထောက်ကာ အပြင်ဘက်သို့ ငေးကြည့်နေမိတော့သည်။


ကျောင်းလျူလီက မေးမြန်းသော်လည်း ဝေ့‌လော် ပြန်မဖြေဘဲ အပြင်ကိုသာငေးနေ၏။ အချိန်အတော်ကြာသည့်အခါ ချန်းဟွာခန်းမထဲသို့ လူတစ်ယောက်ဝင်လာသည်။ နန်းတွင်းအစေခံများက ဒူးထောက်ကာ သူ့ကို အရိုအသေပေး၍ နှုတ်ဆက်ကြလေ၏။ ထိုသူမှာ နက်ပြာရောင် ဘရိုကိတ်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ခါးတွင်လည်း ကျောက်စိမ်းအဆင်တန်ဆာများ ဆင်မြန်းထားလေသည်။ သူလမ်းလျှောက်သည့်အခါ ထိုကျောက်စိမ်း အဆင်တန်ဆာများက အချင်းချင်းတိုက်မိသောကြောင့် အသံမြည်နေ၏။ ထိုသူက နံဘေးတွင်လာရပ်သည့်တိုင် ဝေ့လော် မည်သို့မျှ မတုံ့ပြန်ခဲ့ချေ။ ထိုသူက ဝေ့လော်ရှေ့တွင်ရှိသော စာရွက်ကို ကောက်ကိုင်လိုက်ပြီး ချိုမြိန်သော အသံဖြင့်


"ရေးနည်း သပ်ရပ်ပြီး လက်ရေးလည်း လှတယ်။ အားစိုက်ထုတ်မှုမရှိလို့ ပြန့်ကျဲနေတာတစ်ခုပဲ။ ဒါက မင်းရဲ့လက်ရေးလား။"


ဝေ့လော် အသိစိတ်ပြန်ဝင်ပြီး ခေါင်းမော့ကြည့်လိုက်သည့်အခါ ကျောင်းကျယ်၏မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားတော့သည်။ သူ့မေးခွန်းကိုလည်း ဝေ့လော် ခေါင်းညိတ်၍ ဖြေလိုက်လေသည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment