Chapter 8.2
ဝေ့ကွမ်းက လည်ပင်းညှစ်ထားသောကြောင့် အဖွားတုန့် အသက်မရှူနိုင်တော့သည်ကို မြင်သည့်အခါ မဒမ်တုက ဝေ့ကွမ်းရှေ့တွင်ဒူးထောက်၍ တောင်းပန်လေသည်။
“အထိန်းတော်တုန့်က တကယ်ပဲ စိတ်လွတ်သွားလို့နေမှာပါ။ သူ(မ)ကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးဖို့ သခင်ကြီးကိုတောင်းဆိုပါတယ်။”
‘အထိန်းတော်ကြီးရဲ့စကားတွေကြောင့် သူ(မ)က အပြစ်ကနေလုံးဝလွတ်သွားပြီလို့များ ထင်နေတာလား။’
ယနေ့တွင် သူတို့အား လက်လွှတ်အလျှော့ပေးရန် အစီအစဥ်မရှိကြောင်း ဝေ့ကွမ်းပြောပြီးသားပင်။ ပထမဦးစွာ အပြစ်လုပ်ထားသော်လည်း အပြစ်ပေးခံရမည်ဟုမထင်ထားကြသည့် အစေခံများကို သူအပြစ်ပေးမည်။ ထို့နောက် မြို့စားမင်း သခင်ကြီးယင်း ပြန်လာသည်အထိစောင့်ဆိုင်းပြီး ကွာရှင်းရန်ကိစ္စကို ဆွေးနွေးမည်ဖြစ်သည်။
အဖွားတုန့်၏လည်ပင်းတွင် ညှစ်ထားသည့်လက်ချောင်းများကို ဖြေလျှော့လိုက်ပြီး ဝေ့ကွမ်းက ဂိတ်စောင့်များအား
“အထိန်းတော်တုန့်ကို ရုံးတော်ထဲခေါ်သွားကြ။ ပြီးရင် သစ်သားတုတ်ရှည်နဲ့ သူ(မ)ကို သေတဲ့အထိရိုက်နှက်ပြီး အပြစ်ပေးမယ်။”
အဖွားတုန့်လည်း ကြောက်လန့်သွားပြီး ကြမ်းပြင်ပေါ်မှ ပြန်မထနိုင်တော့ပေ။ ဘေးနှစ်ဘက်တွင်ရှိနေသည့် သက်တော်စောင့်နှစ်ယောက်က သူ(မ)ကိုဆွဲခေါ်သွားရသည်။ သို့သော် ဝေ့ကွမ်းက စကားမဆုံးသေးချေ။
“ဒီနေ့ မဒမ်တုနဲ့အတူ ဟူးကော်ဘုရားကျောင်းကိုလိုက်သွားတဲ့ အစေခံတွေကိုလည်း သွားခေါ်ပြီး ကြိမ်ဒဏ် တစ်ယောက်အချက်(၃၀) အပြစ်ခံခိုင်းလိုက်။ ပြီးရင် ထင်းတဲထဲမှာ တစ်ညလုံးပိတ်ထား။ မနက်ဖြန်ကျရင် သူတို့ကိုရောင်းစားဖို့ ပြင်လိုက်တော့။”
ထိုအစေခံများထဲတွင် မဒမ်တု၏ အယုံကြည်ရဆုံး မိန်းကလေးအစေခံ နှစ်ယောက်ပါလေ၏။ တစ်ယောက်မှာ နျဥ်းရွှယ်ဖြစ်ပြီး ကျန်တစ်ယောက်မှာ ဟန်ရွှမ်းဖြစ်သည်။ မဒမ်တုက သူ(မ)နှင့် အနီးကပ်ဆုံးတွင်ရှိနေသည့် လူယုံများအားလုံးကို ရုတ်တရက်ဆုံးရှုံးလိုက်ရခြင်းပင်။ သူတို့အတွက် သက်ညှာပေးရန်တောင်းဆိုပေးချင်ပါသော်လည်း သူ(မ)ကိုယ်တိုင်ကပင် ပြဿနာကြားထဲရောက်နေလေသည်။ ဝေ့ကွမ်း၏အမိန့်ကိုကြားသည့်အခါ သူ(မ) ပါးစပ်အဟောင်းသားနှင့် စကားတစ်ခွန်းမျှပင်မပြောနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူတို့ကို ရုံးတော်သို့ခေါ်သွားပြီး ကြိုးတုပ်ကာ ရိုက်ခံရသည်ကိုသာ သူ(မ)ငေးကြည့်နေခဲ့ရသည်။ သူ(မ)၏ ဝမ်းနည်းပူဆွေးမှုမှာ မဖော်ပြတတ်လောက်အောင် ကြီးမားလွန်းနေလေသည်။
ထိုသို့မြင်ရသည့်အခါ စတုတ္ထမဒမ်ချင်းက ဝေ့ကွမ်းကို ဖျောင်းဖျချင်ခဲ့သော်လည်း ဝေ့ကွမ်းက မိမိဆုံးဖြတ်ချက်မှတစ်ပါး အခြားစကားများကို လက်ခံနိုင်သည့်ပုံမပေါ်ချေ။ ထို့ကြောင့် ပါးစပ်ဖျားတွင်ရောက်လာသည့် စကားလုံးများကို မဒမ်ချင်း ပြန်မျိုသိပ်ထားလိုက်ရတော့သည်။
ထိုလူတို့မှာ အလွန်ကံဆိုးလှပေ၏။ သူတို့ကို ကြိမ်ဒဏ်အချက်(၁၀၀) ရိုက်ခိုင်းလျှင်ပင် ဝေ့ကွမ်း၏ဒေါသမှာ ပြေလျော့သွားမည်မဟုတ်ပေ။ သို့သော် ဝေ့ကွမ်းစိတ်တိုသည်မှာလည်း သဘာဝကျပေ၏။ ဝေ့လော်မှာ အရာရှိယင်း၏ ယင်းအိမ်တော်မှ ဂုဏ်သရေရှိမမလေးတစ်ယောက်ဖြစ်သည်။ သူ(မ)အား ထိုသို့ မကောင်းကြံချင်စိတ်ရှိသူများမှာ အသက်ရှင်သန်နေရသည့်ဘဝကို အမှန်တကယ် ငြီးငွေ့နေသူများသာ ဖြစ်ပေလိမ့်မည်။
အပြင်ဘက်တွင် ငိုကြွေးနေကြသည့်အသံကိုကြားသဖြင့် တတိယမဒမ်လျူက
“ဒီအစေခံတွေက တကယ်ကိုဉာဏ်များတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ပဥ္စမခဲအိုကြားတဲ့အတိုင်း ပဥ္စမယောင်းမမှာတော့ အပြစ်မရှိဘူးမဟုတ်လား။ ကွာမယ်ရှင်းမယ်ဆိုတာကတော့ လွန်လွန်းပါတယ်။”
မဒမ်လျူမှာ မဒမ်တုနှင့် အလွန်ရင်းနှီးသောကြောင့် ယခုအခြေအနေတွင် မဒမ်တုဘက်မှနေ၍ ပြောဆိုပေးခြင်းဖြစ်သည်။ သို့သော် အပြင်ဘက်မှငိုသံများမှာ ဝေ့ကွမ်းအတွက် ကျေနပ်စရာ စိတ်ပြေစရာများဖြစ်နေခဲ့၏။
“တကယ်ပဲ သူ(မ)ကိုယ်တိုင်က ဒီကိစ္စကိုမသိခဲ့ဘူးဆိုရင်တောင် သူ(မ)က အားလော်အတွက် နည်းနည်းလေးမှ ဂရုစိုက်ပူပန်ပေးတာမျိုး မရှိခဲ့တာတော့သေချာတယ်။ သူ(မ)ရဲ့အဆောင်က အစေခံတွေကို သူ(မ)ကိုယ်တိုင်က သေသေချာချာ ထိန်းချုပ်ကိုင်တွယ်တာမျိုးမလုပ်နိုင်ဘူးဆိုရင် ဒါဟာ သူ(မ)ရဲ့ မစွမ်းဆောင်နိုင်မှုလို့ပဲ ကျုပ်မြင်တယ်။ ကျုပ်က သူ(မ)ကိုမကွာရှင်းရဘူးဆိုတော့ အားလော်လေးကို နောက်ထပ်အန္တရာယ်ပေးဖို့အတွက် ကျုပ်ဘေးနားမှာ သူ(မ)ကို ဆက်ခေါ်ထားပေးရမှာလား။”
မဒမ်လျူက ထပ်မံ၍
“ဒီကိစ္စက လွယ်လွယ်ဆုံးဖြတ်လို့ရတဲ့ အသေးအဖွဲကိစ္စလေးမဟုတ်ဘူး။ အဖေနဲ့အမေကိုလည်း သေချာတိုင်ပင်ပြီး နောက်ဆုံးအဖြေတစ်ခုရတဲ့အထိ စကားပြောသင့်တယ်။”
ရုံးတော်တွင် ငိုသံများ ပို၍ကျယ်လောင်လာ၏။ အဖွားတုန့်မှာ အသက်ကြီးလှပြီဖြစ်သောကြောင့် ကြိမ်ဒဏ်အပြစ်ပေးချက်ကို မခံနိုင်တော့ပေ။ ကြိမ်ဒဏ်အနည်းငယ်ကပင် သူ(မ)ကို သေမင်းတံခါးဝသို့ ပို့ဆောင်ပေးနေပြီဖြစ်သည်။ မဒမ်တုက ဝင်ပေါက်မှ လှမ်းကြည့်နေ၏။ သူ(မ)၏အစေခံများကို သက်ညှာစွာရိုက်ပေးရန် တောင်းဆိုချင်ပါသော်လည်း ဝေ့ကွမ်း၏အမိန့်မှာ “သေသည်အထိရိုက်ရန်” ဖြစ်သည်။ သို့သော် ထိုသို့တောင်းဆိုပါလျှင်လည်း အစောင့်များက ဝေ့ကွမ်း၏အမိန့်ကို လွန်ဆန်ရဲလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် အဖွားတုန့်အတွက် အသနားခံပေးလျှင်တောင် ကြိမ်ဒဏ်များက ဆက်လက်ကျသင့်နေမည်ပင်။ သူ(မ)တောင်းပန်ပေးလျှင်လည်း ဒဏ်ရာများ သက်သာသွားလိမ့်မည်မဟုတ်ချေ။
မဒမ်တုက ပန်းပုံစံဖော်ထားသည့် တံခါးကို ကိုင်ထားသည်။ မတ်လ၏ ရာသီဥတုမှာ အေးမြနေပြီး နေလည်းသာနေသည်။ ထိုအချိန်တွင် သူ(မ)ခေါင်းထဲ၌ မူးဝေမှုကိုခံစားလာရပြီး ခန္ဓာကိုယ်ကလည်းအားလျော့ကာ သူ(မ) မေ့လဲသွားတော့သည်။
*
ဆေးအပြာရောင်သုတ်ထားသည့်အခန်းထဲတွင် အားလော်က ပြတင်းပေါက်ဘေးတွင် လဲလျောင်းနေရင်း ဒူးထောက်နေသည့်အစေခံများကို လှမ်းကြည့်နေသည်။ သူတို့၏ကိုယ်ပေါ်သို့ ရိုက်ခတ်သည့် တုတ်သံကိုနားထောင်နေရင်း သူ(မ)စိတ်ထဲတွင် ကျေနပ်ကာ သဘောကျနေခဲ့သည်။
‘မဒမ်တုရဲ့အနောက်ကနေ ရပ်တည်ပေးလိုက်ရုံနဲ့ပဲ သူတို့နှစ်ယောက်လုံး လွတ်မြောက်သွားမယ်လို့ အဖွားတုန့်က တကယ်ပဲထင်နေတာလားမသိဘူး။ တုံးအ,လိုက်တာ။ မဒမ်တုက သူ(မ)ကိုယ်တိုင်တောင်မှ ဒုက္ခကြားထဲရောက်နေတာကို အဖွားတုန့်ကို ဘယ်လိုလုပ်ပြီး ကူညီပေးနိုင်မှာလဲ။ အဖွားတုန့်က အခုဆို အသက်လည်းကြီးပြီဆိုတော့ သိပ်လည်းအသုံးမကျတော့ပါဘူး။ အဖွားတုန့် သေတာရှင်တာ၊ ဘယ်လိုပုံစံမျိုးနဲ့ သေရမလဲဆိုတာတွေက မဒမ်တုရဲ့ထိန်းချုပ်မှုအောက်မှာလည်း မရှိတော့ဘူးပဲ။'
ဝေ့လော် အံကြိတ်ထားမိ၏။ နဖူးပေါ်တွင်ချထားသော ဆံမြိတ်၏အောက်တွင် သွက်လက်သည့် မျက်လုံးတစ်စုံက ဟိုဟိုသည်သည်လှည့်ပတ်ကြည့်နေသည်။ ထိုမျက်လုံးများထဲတွင် မကောင်းသည့်အတွေးများလည်း ရှိနေမည်ကို မှန်းဆစရာပင်မလိုတော့ချေ။ သူ(မ)၏အနောက်တွင်ရပ်နေသည့် ဝေ့ချောင်ဟုန်က အချိန်အတော်ကြာ အသံတိတ်နေပြီးနောက်မှ မနေနိုင်တော့ဘဲ ထုတ်မေးလိုက်လေသည်။
“အားလော်။ မဒမ်က နင့်ကို ဘာဖြစ်လို့ရောင်းစားချင်တာလဲ။ သူ(မ)က ငါတို့အမေရင်း မဟုတ်လို့လား။”
အားလော် တစ်ဖက်ပြန်လှည့်လိုက်သည့်အခါ တွေဝေနေသည့် ချောင်ဟုန်၏မျက်လုံးများနှင့် အကြည့်ချင်းဆုံမိသည်။ သူ(မ)က ခုံပေါ်မှခုန်ဆင်းလိုက်ပြီး ဝေ့ချောင်ဟုန်ရှေ့တွင်ရပ်ကာ
“သူ(မ)က ငါတို့အမေရင်းမဟုတ်ဘူးဆိုတာ နင်လည်းသိနေတာလား။”
ချောင်ဟုန် ခေါင်းညိတ်လိုက်၏။ သူသိထားခဲ့သည်။ သူသိထားသည်မှာ အတော်ကြာလေပြီ။ သွေးသားတော်စပ်ခြင်းနှင့် သွေးသားမတော်စပ်ခြင်း၏ ခြားနားပုံကို ချောင်ဟုန်ရှေ့တွင် မတော်တဆထုတ်ပြောမိခဲ့သော မိန်းကလေးအစေခံတစ်ယောက် ရှိခဲ့ဖူး၏။ ထိုအကြောင်းကို ကြားပြီးကတည်းက ဝေ့ချောင်ဟုန်စိတ်ထဲတွင် အမြဲ မှတ်သားထားခဲ့သည်။ ဝေ့ချောင်ဟုန်မှာလည်း ရွယ်တူကလေးများထက်ပို၍ အသိဉာဏ်ရှိသည့် ကလေးတစ်ယောက်ဖြစ်သည်။ ထိုအကြောင်းကို အားလော်ကို ယခင်က မပြောပြဖူးပေ။ သို့သော် သူကိုယ်တိုင်သည်လည်း အသက်(၆)နှစ်သာ ရှိသေးသောကြောင့် စဥ်းစားမှုများစွာပြုလုပ်သည့်တိုင် မည်သို့မျှအဖြေမထုတ်နိုင်သဖြင့် နောက်ဆုံးတွင် ထုတ်မေးလိုက်ရခြင်းဖြစ်သည်။
အားလော်က သူ့လက်ကိုကိုင်ထားပြီး အပြင်ဘက်တွင် အစေခံများရိုက်ခံနေရသည့်မြင်ကွင်းကို ကြည့်စေသည်။ ထို့နောက် သူ(မ)က ပျော်ရွှင်စွာဖြင့်
“ဟုတ်တယ်။ သူ(မ)က ငါတို့အမေရင်း မဟုတ်လို့ပဲ။ သူ(မ)က ဝေ့ကျန်းရဲ့အမေ။ အဲ့ဒါကြောင့် နောင်မှာ သူ(မ)ကို ‘အမေ’လို့ ထပ်ခေါ်စရာအကြောင်းမရှိဘူး။ ပြီးတော့ သူ(မ)က လူကောင်းတစ်ယောက်မဟုတ်ဘူး။ ဒါကြောင့် နင်လည်း သူ(မ)နဲ့ခပ်ဝေးဝေးမှာနေရမယ်။”
ချောင်ဟုန်က ဝေ့လော်၏စကားအတိုင်း သဘောတူလိုက်သည်။ လူကောင်းနှင့် လူဆိုးကို ခွဲခြားသိနိုင်သည့် ချောင်ဟုန်၏အသိမှာ အနည်းငယ် ဝေဝါးနေသေးသော်လည်း အားလော်ကို အနိုင်ကျင့်ခဲ့သူမှာ သေချာပေါက် လူဆိုးဖြစ်ပေလိမ့်မည်။
တစ်ခဏကြာပြီးနောက် ချောင်ဟုန်က ထပ်မေးပြန်၏။
“ဒါဆို ငါတို့ရဲ့အမေရင်းက ဘယ်သူလဲ။ ငါတို့အမေရင်းက ဘယ်မှာလဲ။”
အားလော်ကိုယ်တိုင်လည်း သူတို့၏အမေရင်းကို မမြင်ဖူးခဲ့ပေ။ ထို့ကြောင့် ကျောင်းမြောင်လန်မှာ မည်သည့်ပုံစံရှိကြောင်း သူ(မ)လည်းမသိဘဲရှိ၏။ သို့သော် တစ်ခဏစဥ်းစားလိုက်ပြီး သူ(မ)က
“ငါတို့အမေရင်းက သေသွားပြီ။”
*
နေ့လယ်ခင်းသို့ရောက်သော်။
မြို့စားမင်း အရာရှိဝေ့ကျောင်းချွမ်နှင့် သူ့ဇနီးတို့ ဘိုးဘွားများ၏အိမ်သို့ လည်ပတ်သည့်ခရီးစဥ်မှ ပြန်ရောက်လာကြသည်။ အိမ်တော်ထဲသို့ ဝင်လိုက်သည်နှင့် ချက်ချင်းပင် အခြေအနေအကြောင်း သတင်းကြားရပြီး ပြဿနာကို မည်သို့ကိုင်တွယ်သင့်ကြောင်းဆွေးနွေးရန် သက်ဆိုင်သူအားလုံးကို ဧည့်ကြိုဆောင်သို့ ခေါ်ခိုင်းလိုက်သည်။
အစ်ကိုဖြစ်သူ သခင်ကြီးများက နားချရန်ကြိုးစားသည့်တိုင် ဝေ့ကွမ်းက ကွာရှင်းရန်အတွက် စိတ်ပြတ်သားနေ၏။ မဒမ်တုကမူ မွန်းတည့်ချိန်လောက်ကတည်းက မေ့လဲသွားရာ ယခုထိ ပြန်မနိုးလာသေးပေ။ မကြာသေးခင်က တတိယမဒမ်က သမားတော်ကိုခေါ်ခဲ့ပြီး စမ်းသပ်မှုခံယူနေသော်လည်း ယခုချိန်အထိ အခြေအနေကိုမသိရသေးချေ။
ဝေ့ကျောင်းချွမ်မှာ အသက်(၅၀)ကျော်ရှိပြီး သမာဓိသိက္ခာနှင့်ပြည့်စုံသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ဖြစ်ကြောင်းကုန်စင်ကို ကြားပြီးသည့်နောက် သူက ဒေါသကြီးစွာဖြင့် စားပွဲကို လက်သီးနှင့်ထိုးခဲ့သည်။
“မဒမ်တုက သိပ်ကို ဆင်ခြင်တုံတရားကင်းမဲ့တာပဲ။”
သူ့ဘေးတွင်ရှိနေသည့် ဇနီးဖြစ်သူ မဒမ်လော်မှာ မက်မန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ(မ)၏နဖူးအနီးတွင် ကျောက်စိမ်းနှင့် ရွှေတို့ရောထားသည့် အဆင်တန်ဆာတစ်ခုကိုဆင်မြန်းထားသည်။
အဖြစ်အပျက်ကိုသိရပြီးနောက် သူ(မ)က မျက်မှောင်ကြုတ်၍
“အထိန်းတော်တုန့်က ဒီကိစ္စတွေအားလုံးကို သူ(မ)ကိုယ်တိုင်စီစဥ်ခဲ့ကြောင်း ဝန်ခံတယ်လို့ မင်းပြောလိုက်တာလား။ ဒါဆို ဒီကိစ္စက မဒမ်တုနဲ့မဆိုင်ဘူးပေါ့။ အထိန်းတော်တုန့် အခုဘယ်မှာလဲ။”
အနေအေးသည့် စတုတ္ထမဒမ်ချင်းက
“ပဥ္စမခဲအိုက သူ(မ)ကို ကြိမ်ဒဏ်အပြစ်ပေးထားပါတယ်။ သူ(မ)က ကြိမ်ဒဏ်ကို ခံနိုင်ရည်မရှိတော့တာမို့ အသက်မသေရုံလေးပဲကျန်ပါတော့တယ်။ အခုတော့ အခြားအစေခံတွေနဲ့အတူ ထင်းတဲထဲမှာ ပိတ်ခံထားရပါတယ်။”
တကယ်တမ်းတွင် ဝေ့ကွမ်း၏အမိန့်အရ အထိန်းတော်တုန့်မှာ သေဒဏ်ဖြစ်၏။ သို့သော် ထိုသို့ကြိမ်ဒဏ်ပေးနေချိန်တွင် မဒမ်တုမေ့လဲသွားသဖြင့် ထိုနေရာမှလူအားလုံး ကသောင်းကနင်းဖြစ်သွားခဲ့ရသည်။ ထိုအခါ တတိယမဒမ်က အရာရှိယင်းနှင့် ဇနီးဖြစ်သူတို့ပြန်ရောက်လာမှ ထိုကိစ္စကို တစ်ဖန်ပြန်လည်ကိုင်တွယ်မည်ဟုဆိုကာ အစေခံများအား အပြစ်ပေးနေခြင်းကို ရပ်တန့်ခိုင်းလိုက်ပြီး ထင်းတဲထဲသို့ခေါ်သွားခိုင်းလိုက်ခြင်းဖြစ်သည်။
မြေပေါ်တွင် ရွှံ့ပုံကဲ့သို့လဲလျောင်းနေသည့် အထိန်းတော်တုန့်ကိုခေါ်ရန် မဒမ်ကြီး (ဝေ့ချောင်ဟုန်၏ ဇနီး)က အစေခံတစ်ယောက်ကို စေလွှတ်ခိုင်းလိုက်၏။ အထိန်းတော်တုန့်မှာ ခေါင်းအစခြေအဆုံး ဒဏ်ရာများဖြင့်ပြည့်နှက်နေပြီး ရိုက်ခံထားရသောကြောင့် အသက်ကိုပင် ခပ်ဖြည်းဖြည်းသာရှူနိုင်တော့သည်။ မဒမ်ကြီးက သူ(မ)အား
“ဒီကိစ္စတွေအားလုံးကို ရှင်ဘယ်လိုပြင်ဆင်ခဲ့တာလဲ။ အသေးစိတ်ပြောပြစမ်း။”
အထိန်းတော်တုန့်မှာ မဒမ်တုကို အလွန်သစ္စာစောင့်သိသောကြောင့် ယခုအခြေအနေတွင်လည်း မဒမ်တုကိုကာကွယ်ပေးရန် မမေ့နေခဲ့ပေ။ ယနေ့အစောပိုင်းက သူ(မ)ပြောခဲ့သည့်အကြောင်းအရာကိုသာ တစ်ဖန်ပြန်ပြောရင်း၊ အပြစ်များအားလုံးကို ခံယူရင်းနှင့် သူ(မ)အော်ဟစ်ငိုကြွေးတော့သည်။
“မဒမ်က မှားယွင်းစွပ်စွဲခံရတာပါ။ တကယ်ပဲ မဒမ်က ဘာမှမသိပါဘူး။ တကယ်လို့ မဒမ်က အမှားတစ်ခုခုလုပ်မိခဲ့တယ်ဆိုရင်တောင် အဲ့ဒီ့အမှားက ဒီအစေခံအိုကြီးကျွန်မကို မျက်လုံးစုံမှိတ်ပြီး ယုံကြည်ခဲ့တဲ့အမှားပဲ ဖြစ်မှာပါ။ မြို့စားမင်းအရာရှိကြီးနဲ့ မဒမ်ကြီးကို ကျွန်မတောင်းပန်ပါတယ်။ မဒမ်ရဲ့ အပြစ်ကင်းစင်မှုကိုတော့ အသိအမှတ်ပြုပေးပါ။”
အဖွားတုန့်ကို ထင်းတဲသို့ပြန်ခေါ်သွားရန် မဒမ်ကြီးက လက်ကိုဝှေ့ယမ်းကာ အချက်ပြလိုက်တော့သည်။ ထိုအချိန်တွင် လူ(၁၀)ယောက်ကျော်ရှိနေသည့်အခန်းက ရုတ်တရက်ကြီး ပို၍ငြိမ်သက်တိတ်ဆိတ်သွား၏။
အကြီးဆုံးသခင်ကြီး ဝေ့မင်က ကိစ္စများကို စဥ်းစားဆင်ခြင်လိုက်ပြီး
“ပဥ္စမညီလေး။ နောက်တစ်ခေါက်လောက် သေချာပြန်စဥ်းစားတာ ပိုကောင်းလိမ့်မယ်။ တကယ်လို့ ပဥ္စမခယ်မရဲ့ အထိန်းတော်ကြီးပြောတဲ့စကားက အမှန်ဖြစ်နေမယ်ဆိုရင်ပေါ့။ ငါတို့တွေ ကိစ္စတစ်ခုကို အလုံးစုံသေချာမသိတဲ့အချိန်မှာ မင်းက ကွာရှင်းလိုက်မယ်ဆိုရင် ငါတို့မိသားစုနဲ့ ဦးလေးကျုံးယီတို့မိသားစု နောင်မှာ မျက်နှာပျက်စရာတွေဖြစ်ကုန်လိမ့်မယ်။ မင်းသိတဲ့အတိုင်း ဦးလေးကျုံးယီနဲ့ အဖေနဲ့ သိကျွမ်းလာတာလည်း ဆယ်စုနှစ်တွေများစွာရှိနေပြီလေ။”
ဦးလေးကျုံးယီ၏အနေအထားက ပေါ့သေးသေးမဟုတ်သောကြောင့် ထိုအချက်မှာလည်း လက်ရှိ အခန်းထဲတွင်ရှိနေသူတိုင်း စဥ်းစားရမည့်အချက်ဖြစ်နေသည်။ ပို၍အရေးကြီးသည်က ဦးလေးကျုံးယီမှာ လက်ရှိတွင် နျဥ်ကွေ့ဖေးနှင့် မျိုးနွယ်စုတစ်စုတည်းဖြစ်နေခြင်းပင်။ အခုချိန်မှာ သူ(မ)က အလိုလိုက်အကြိုက်ဆောင်ခြင်းခံနေရသူဖြစ်ကာ ဧကရာဇ်၏နှလုံးသားကလည်း သူ(မ)ထံတွင် တည်ရှိနေပေသည်။ မြို့စားယင်း၏အိမ်တော်က အာဏာရှိသည်မှန်သော်လည်း နျဉ်ကွေ့ဖေးကိုတော့ မစော်ကားဝံ့ကြချေ။
ဝေ့ကွမ်းက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး နီရဲနေသည့်မျက်လုံးများဖြင့်
“ကျွန်တော့်ကိုထပ်ပြီး နားမချရင်ကောင်းလိမ့်မယ် အစ်ကိုကြီး။ အရင်တုန်းကလည်း အားလော်နဲ့ ချောင်ဟုန်တို့ကို မွေးခါစတုန်းက ကလေးတွေကို ပြုစုစောင့်ရှောက်မဲ့သူ မရှိလို့ မဒမ်တုကိုလက်ထပ်လိုက်ပါဆိုပြီး အစ်ကိုကြီး ကျွန်တော့်ကိုဖျောင်းဖျခဲ့ပြီးပြီလေ။ မဒမ်တုကိုလက်ထပ်လိုက်ရင် အားလော်နဲ့ ချောင်ဟုန်တို့မှာလည်း အမေရှိသွားလိမ့်မယ်လို့ အစ်ကိုကြီးပြောခဲ့တာလေ။ အခုကျတော့ရော။ အမေဆိုတဲ့သူ(မ)က ဘာလုပ်နေတာလဲ အစ်ကိုကြီးသိရဲ့လား။ ဒီနေ့ကိစ္စက သူ(မ)နဲ့ ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ ကျွန်တော်ကတော့ နောက်ဆုံးအထိ ဒီဆုံးဖြတ်ချက်ကိုပြင်မပေးနိုင်တော့ဘူး။”
ဝေ့မင်က ပါးစပ်အဟောင်းသားနှင့် ကျန်ရစ်၏။ ညီဖြစ်သူအတွက် အလွန်လည်း စိတ်မကောင်းဖြစ်ကာ အပြစ်ရှိစိတ်လည်းဝင်မိသည်။ သို့သော်လည်း ယခုတွင် အတိတ်ကိုပြင်ဆင်ခွင့်မရှိတော့သောကြောင့် ခွန်းတုံ့ပြန်ပြောရန်စကားလည်း ရှာမတွေ့တော့ချေ။ သူ၏ ညာဘက်နံဘေးတွင်ထိုင်နေသူမှာ တတိယသခင်ကြီး ဝေ့ချောင်ဖြစ်၏။ ဝေ့ချောင်က အေးစက်စက်အပြုံးနှင့် လက်သီးကိုသာ တိတ်တဆိတ်ဆုပ်ထားမိသည်။ သူ့ကိုလှည့်ကြည့်လိုက်ချိန်တွင် ဝေ့မင်ထိတ်လန့်သွားရခြင်းမှာ ဝေ့ချောင်၏ပုံစံက တစ်ယောက်ယောက်ကို ထထိုးတော့မလို မျက်လုံးထဲတွင်လည်း အကြမ်းဖက်လိုစိတ်များရှိနေသောကြောင့်ပင်။ သို့သော်လည်း ကျင့်ဝတ်စောင့်ထိန်းကာ သူ၏ဒေါသကိုထိန်းထားသည်မှာ ကောင်းသည်ဟုလည်းဆိုရမည်။
ထိုညီအစ်ကိုနှစ်ယောက်က ဝေ့မင်ကို အမှန်တကယ်စိတ်ရှုပ်စေခဲ့၏။ လွန်ခဲ့သော (၆)နှစ်ကျော်၊ (၇)နှစ်ခန့်ကလည်း ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့ဖူးသည်။ အရာအားလုံးကို ဆွေးနွေးအဖြေထုတ်ပြီးနောက် ပြဿနာ၏ရင်းမြစ်မှာ မိန်းမတစ်ယောက်ဖြစ်နေခဲ့သည်။ ဝေ့ကွမ်း ကျောင်းမြောင်လန်ကို မိသားစုရှေ့သို့ခေါ်လာသည့်နှစ်က ညီအစ်ကိုနှစ်ယောက်စလုံး မိန်းမတစ်ယောက်တည်းကို အတူတူချစ်နေကြလိမ့်မည်ဟု မြို့စားမင်းအိမ်တော်တွင်ရှိနေသည့် မည်သူမျှထင်မှတ်မထားခဲ့ပေ။ ထိုအချိန်တုန်းကလည်း ကျောင်းမြောင်လန်ကြောင့်နှင့် သူတို့ညီအစ်ကိုနှစ်ယောက် အတော်များများ ပြဿနာတက်၊ ရန်ဖြစ်ခဲ့ကြသည်။ ဝေ့ကွမ်းနှင့် ကျောင်းမြောင်လန်တို့ လက်ထပ်လိုက်ပြီးနောက်တွင် ညီအစ်ကိုနှစ်ယောက်၏ဆက်ဆံရေးမှာ ပိုမကောင်းလာရုံသာမက အောက်ဆုံးထိပါကျသွားခဲ့ရသည်။ နှစ်ပေါင်းများစွာကြာလာသည့်တိုင် ယခုထိ ပြန်မကောင်းလာသေးပေ။
တတိယသခင်ကြီးဝေ့ချန်၏ မျက်လုံးထဲတွင် ဝေ့ကွမ်းအား ချစ်ခင်မြတ်နိုးတတ်ခြင်းမရှိသူဟုသာ ထင်မြင်သည်။ လက်ရှိတွင်လည်း ဝေ့ကွမ်းကို လူရမ်းကားတစ်ယောက်ဟုသာ သူမြင်၏။ ပဥ္စမသခင်ကြီး ဝေ့ကွမ်း၏မျက်လုံးထဲတွင်မူ ဝေ့ချောင်အား ညီဖြစ်သူ၏ ဇနီးမယားကို အငမ်းမရလိုချင်နေသည့် အရူးတစ်ယောက်ဟုသာမြင်သည်။
သူတို့ညီအစ်ကိုနှစ်ယောက်ကြောင့် အကြီးဆုံးသခင်ကြီး ဝေ့မင် ခေါင်းကိုက်နေရချိန်တွင် တတိယမဒမ်က သမားတော်ကိုခေါ်ကာ အဆောင်ထဲသို့ဝင်လာခဲ့သည်။ မဒမ်လျူ၏ အနေအထားမှာ အလွန်သိမ်မွေ့နေ၏။ မြို့စားယင်းနှင့် ဇနီးကိုနှုတ်ဆက် အရိုအသေပေးရင်း သူ(မ)က တုံ့ဆိုင်းစွာဖြင့်
“အဖေနဲ့အမေ။ အခုလေးတင် သမားတော်က ပဥ္စမယောင်းမကို စမ်းသပ်ခဲ့တာ။ ပဥ္စမယောင်းမမှာ ကိုယ်ဝန်ရှိနေပြီတဲ့။”
*****
Aurora Novel Translation Team
Report content on this page