ဝေ့လော်၏ ခန့်မှန်းချက်မမှားယွင်းပါက ဟူးကော်ဘုရားကျောင်းတွင် အမွှေးတိုင်ထွန်းပြီးသည်နှင့် အိမ်အပြန်လမ်းတွင် မဒမ်တုက အစီအစဥ်ကိုအကောင်အထည်ဖော်မည်ဖြစ်သည်။ မဒမ်တုဆက်သွယ်ထားသည့် ကျွန်ကုန်သည်များက တစ်နေရာရာတွင် ပုန်းနေပေလိမ့်မည်။ ထိုလူတို့မှာ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ဖြစ်ကြပြီး အလွန်လည်း ရုပ်ဆိုးကြသည်။ မဒမ်တုက သူတို့အား ဝေ့လော်ကို တတ်နိုင်သမျှ ခပ်ဝေးဝေးသို့ရောင်းချပေးရန်သာ တောင်းဆိုခဲ့သည်။ မဒမ်တုအတွက်မူ ဝေ့လော်ဘဝတစ်လျှောက်လုံး မြို့ထဲသို့ပြန်မလာနိုင်လျှင် အကောင်းဆုံးပင်။
မဒမ်တုနောက်သို့လိုက်သွားရင်း အားလော်ကလည်း အစီအစဥ်ကို တစ်ဆင့်ချင်းတွေးတောနေ၏။
‘သူ(မ)က ငါ့ကိုရောင်းချင်တာမဟုတ်လား။ ကောင်းပြီလေ။ ဒါဆိုရင် သူ(မ)ဘယ်လောက်တော်လည်း ကြည့်ကြတာပေါ့။’
အချိန်ကျလာသည့်အခါ အထိန်းတော်ယဲ့က အလွန်ကြောက်လန့်သွားလိမ့်မည်မဟုတ်ဟု ဝေ့လော်မျှော်လင့်ထား၏။ အထိန်းတော်ကြီး၏အမြင်တွင် သူ(မ)ကို အပြစ်ကင်းသောကလေးတစ်ယောက်အဖြစ်သာ သူ(မ)အမြဲထင်မှတ်နေစေချင်သည်။ အထိန်းတော်ယဲ့ကို ဝေ့လော် အမှန်တကယ်သဘောကျ၏။ သူ(မ)မှတ်မိသလောက်ဆိုရလျှင် အထိန်းတော်ယဲ့က သူ(မ)ကို သေသေချာချာပြုစုစောင့်ရှောက်ခဲ့သည်။ သူ(မ)၏ သွေးသားရင်းများထက်ပင် ပို၍ကောင်းပေးခဲ့သည်ဟုဆိုနိုင်သည်။ ထို့ပြင် ယခင်ဘဝတုန်းက ဆွေမျိုးများ၏ အသိမှတ်ပြုခြင်းကိုခံရရန် ယင်းအိမ်တော်တို့ပြန်ခဲ့စဥ်တွင် ပျက်စီးသွားခဲ့သည့်ဝေ့လော်မျက်နှာကို မှတ်မိခဲ့သူမှာ အထိန်းတော်ယဲ့တစ်ယောက်တည်းသာရှိခဲ့သည်။ ဝေ့လော်ကို မှတ်မိသဖြင့် သူ(မ)ဆီသို့ခေါ်ယူကာ ပြုစုစောင့်ရှောက်ပေးခဲ့သော်လည်း ဝေ့လော်၏ခန္ဓာကိုယ်က အားနည်းနေခဲ့သောကြောင့် ကြာကြာမတောင့်ခံနိုင်ခဲ့ပေ။ ထိုသို့ကြောင့် တဖြည်းဖြည်းနှင့် ဝေ့လော်၏ထွက်သက်ထိတိုင် အမုန်းတရားများဖြင့်သာ ပြည့်နှက်ခဲ့ရသည်။
မဒမ်တု၏အကြံအစည်များကို အထိန်းတော်ယဲ့သိထားခဲ့ပါက ဝေ့လော်ကို အစွမ်းကုန်ကာကွယ်ခဲ့မည်ပင်။ သို့သော် သူ(မ)ကိုယ်တိုင်လည်း မသိခဲ့ရသောကြောင့် ဝေ့လော်ခမျာ သေသွားသည့်တိုင် သနားစရာကောင်းနေခဲ့လေသည်။ ထိုအချိန်တုန်းက မဒမ်တု ညအိပ်လျှင် သူ(မ)ကိုအိပ်မက်မက်ရဲ့လားဟု ဝေ့လော်တွေးမိသည်။ ဝေ့လော်၏မျက်နှာကိုဖျက်ဆီးခဲ့ပြီးနောက် ဝေ့ကျန်းကိုမြင်နေရသည်ကို သူ(မ)ကျေနပ်ရဲ့လားဟု ဝေ့လော် စဥ်းစားမိသည်။
‘သူများရဲ့အသားကို ဓားနဲ့လှီးရတဲ့ခံစားချက်က အတော်ကောင်းပုံပဲ။ ငါလည်း တစ်ခါလောက်တော့ စမ်းကြည့်ချင်သေးတယ်။’
ရက်စက်သည့်အတွေးများကို တွေးနေရင်း ဝေ့လော်၏နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးသွား၏။ ထို့နောက် မျက်နှာတွင် ချိုသာသည့်အပြုံးကို ပြန်လည်ပြင်ဆင်လိုက်သည်။ ပြတင်းပေါက်ဘက်ကိုသာ ဆက်တိုက်ငေးကြည့်နေပြီး ပတ်ဝန်းကျင်ကို လေ့လာနေလိုက်သည်။ လမ်းမပေါ်တွင် လူများစည်ကားနေ၏။ စီးပွားရေးအကြောင်း ပြောဆိုနေကြသူများ၊ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသူများနှင့် သူတောင်းစားများကိုလည်း တွေ့ရသည်။ လူအလွန်ရှုပ်သောကြောင့် ရထားလုံးက ဖြည်းဖြည်းချင်းသာ ရွေ့လျားနေသည်မှာ ဝေ့လော်အတွက် ပတ်ဝန်းကျင်ကိုသေချာကြည့်ရှုနိုင်သည့် အခွင့်ကောင်းတစ်ခုဖြစ်နေခဲ့သည်။
လမ်းတစ်လျှောက်တွင် ရထားလုံး ရုတ်တရက်ရပ်သွား၏။ မဒမ်တု၏ မိန်းကလေးအစေခံ နျဥ်းရွှယ်က လိုက်ကာကိုဖွင့်ကာ အကျိုးအကြောင်းသတင်းပေးလိုက်သည်။ ရထားလုံးနှစ်ခု တိုက်မိသွားသဖြင့် အရှေ့တွင်လမ်းပိတ်သွားသောကြောင့် မျက်နှာဖုံးရောင်းသည့်နေရာအနီးတွင် ရထားလုံးကိုရပ်လိုက်ရသည်။
နျဥ်းရွှယ်က
“ကျွန်မတို့တော့ ကံဆိုးတာပဲ မဒမ်။ တခြားလမ်းက သွားကြမလား။”
မဒမ်တုက အချိန်မဖြုန်းချင်သဖြင့် ခေါင်းသာညိတ်လိုက်၏။
“အေး။ ကြည့်လုပ်လိုက်။”
လမ်းတစ်လျှောက် ယခုအချိန်ထိ စကားမပြောသေးသည့်ဝေ့လော်က ရုတ်တရက်
“မဒမ်။ ဟိုမှာကြည့်ပါဦး။ မျက်နှာဖုံးတွေ အများကြီးပဲ။ အားလော် မျက်နှာဖုံးဝယ်ချင်တယ်။”
မဒမ်တုက အပြုံးမျက်နှာကို ထိန်းထား၏။ အားလော် သူ(မ)အား ‘မဒမ်’ဟုခေါ်လိုက်တိုင်း သူ(မ)စိတ်ထဲတွင် ကသိကအောက်ဖြစ်ရသည်။ ချက်ချင်း စိတ်ဆိုးလိုက်ချင်သော်လည်း ကလေးမလေးကို လိမ်ခေါ်ရမည်ဖြစ်သောကြောင့် စိတ်ကိုထိန်းထားခဲ့ရသည်။ အားလော်က ပါးနပ်၏။ တစ်ခုခုလွဲနေသည်ကိုသိပါက ချက်ချင်းထွက်ပြေးမည်ဖြစ်သောကြောင့် ကိစ္စများ ရှုပ်ထွေးခက်ခဲကုန်လိမ့်မည်။ ထိုအကြောင်းကို စဥ်းစားမိသဖြင့် မဒမ်တု အပြုံးကိုထိန်းကာ
“အားလော်လေး။ အခု အမေတို့က ဟူးကော်ဘုရားကျောင်းမှာ အမွှေးတိုင်သွားထွန်းကြမှာလေ။ အပြန်မှပဲ မျက်နှာဖုံးဝယ်ကြမယ်နော်။ အားလော်က လိမ္မာပါတယ်။”
အားလော်က ချက်ချင်းခေါင်းယမ်း၏။
“မရဘူး။ အားလော် အခုပဲဝယ်ချင်တာ။”
မဒမ်တုက ထပ်ငြင်းတော့မည်ကို သေချာသိလိုက်သဖြင့် အားလော် နည်းလမ်းပြောင်းလိုက်တော့သည်။
“ခုနတုန်းက အိမ်မှာတုန်းကတော့ အားလော်အတွက် မျက်နှာဖုံးဝယ်ပေးမယ်လို့ မဒမ်ပဲပြောခဲ့တာလေ။ ကတိဆိုတာ တည်ရမှာပေါ့။ မဒမ်က အားလော်ကိုလိမ်ပြောတာလား။ အဖေနဲ့တိုင်ပြောမှာနော်။”
ခြိမ်းခြောက်မှုနှင့် ဖျားယောင်းမှုကို မည်သို့သုံးသင့်ကြောင်း အားလော်သိ၏။ မဒမ်တု မျက်နှာမကောင်းသည်ကိုမြင်သဖြင့် အားလော်က ကြည်လင်နေသောမျက်လုံးလေးဖြင့် မျက်နှာဖုံးဆိုင်များကို လက်ညှိုးထိုးပြလိုက်သည်။
“မျက်နှာဖုံးလိုချင်တယ်။ မဒမ်။ မျက်နှာဖုံးဝယ်ပေးပါ။ ဝယ်ပေးရင် လိမ်လိမ်မာမာနေပါ့မယ်။”
ဝေ့လော် အပူကပ်နေသဖြင့် မဒမ်တုစိတ်ရှုပ်လာပြီး တစ်ခဏစဥ်းစားလိုက်သည်။ လမ်းကလည်း ပိတ်နေဦးမည်ဖြစ်သောကြောင့် ဝေ့လော်၏တောင်းဆိုမှုကို လိုက်လျောလိုက်ခြင်းက နောက်ပိုင်းပြဿနာများအတွက် အေးဆေးသွားနိုင်မည်ဟု သူ(မ)ယူဆလိုက်သည်။ ထို့ပြင် ကျင်းလုနှင့် အထိန်းတော်ယဲ့တို့က ဒုတိယရထားလုံးထဲတွင်သာရှိနေသောကြောင့် ယခုရထားလုံးထဲမှ အစေခံများကလည်း သူ(မ)၏ဘက်တော်သားများသာဖြစ်ကြသည်။ ထို့ကြောင့် ဝေ့လော်ထွက်ပြေးစရာနေရာမရှိဟုသတ်မှတ်ကာ ဝေ့လော်၏ဆန္ဒကို သူ(မ) သဘောတူပေးလိုက်၏။
မဒမ်တုက နျဥ်းရွှယ်ကိုခေါ်၍
“သွား။ မမလေးကို မျက်နှာဖုံးလိုက်ဝယ်ပေးလိုက်။ ဘယ်ကိုမှလျှောက်မသွားနဲ့နော်။ ပြီးတာနဲ့ ချက်ချင်းပြန်ခဲ့။ ကြားလား။”
ထိုအမိန့်ကိုကြားပြီးနောက် နျဥ်းရွှယ်လည်း တုံ့ဆိုင်းစွာဖြင့် ဝေ့လော်ကိုခေါ်လိုက်သည်။
“မမလေး။ ကျွန်မနဲ့လိုက်ခဲ့ပါ။”
နျဥ်းရွှယ်လက်ကမ်းသည်ကို မမြင်ချင်ယောင်ဆောင်၍ ဝေ့လော်က ရှောင်လိုက်သည်။ ထို့နောက် ရထားလုံးထဲမှ ချက်ချင်းခုန်ချကာ မျက်နှာဖုံးဆိုင်များဆီသို့ ခုန်ပေါက်ပြေးသွားတော့သည်။ နျဥ်းရွှယ်ကလည်း မဒမ်တု၏အစေခံဖြစ်သောကြောင့် မဒမ်တု၏အစီအစဥ်များကို သိထားပြီးသားဖြစ်ပြီး ဝေ့လော်အပေါ် အကောင်းမြင်စိတ်မရှိပေ။ ဝေ့လော် သူ(မ)အား လျစ်လျူရှုသွားသည့်အခါ သူ(မ)ကစိတ်ဆိုးပြီး မကျေမနပ်ဖြင့် နောက်မှလိုက်သွားခဲ့တော့သည်။
*
ဝေ့လော်မှာ (၆)နှစ်အရွယ် ကလေးမလေးဖြစ်သောကြောင့် ဆိုင်ရှေ့တွင်ရပ်ရုံနှင့် ဆိုင်ရှင်ကိုမမြင်ရချေ။ သို့သော် သူ(မ) အလျင်လိုနေခြင်းမရှိ။ အမျိုးအစားစုံလင်သော မျက်နှာဖုံးများကို လိုက်ကြည့်နေရင်း အချိန်ယူရွေးချယ်နေသည်။ နောက်ဆုံးတွင် အနီးနားတွင်ရပ်နေသည့် လူတစ်ယောက်ဘက်သို့လှည့်ကာ သူ၏ မဲနယ်ရောင်ကုတ်အင်္ကျီကို လှမ်းဆွဲလိုက်သည်။ ချိုသာသော ကလေးအသံလေးဖြင့် သူ(မ)က
“အစ်ကိုကြီး။ အစ်ကိုကိုင်ထားတဲ့ မျက်နှာဖုံးလေးကို သဘောကျလို့ သမီးကို ခဏလောက်ပေးကြည့်ပါလား။”
ထိုအမျိုးသားက အောက်ကိုငုံ့ကြည့်လိုက်လေရာ ကလေးမလေးတစ်ယောက်ကိုတွေ့ရသည်။ သူ(မ)ဆံပင်မှာ ဆံထုံးထုံးထားပြီး ပုလဲနှင့် ရွှေအဆင်တန်ဆာများကို ဆင်မြန်းထားသည်။ ထို့ပြင် နူးညံ့သည့် အစိမ်းရောင် ဘရိုကိတ်ဂါဝန်ကိုဝတ်ဆင်ထားသဖြင့် ချမ်းသာသောမိသားစုတစ်ခုမှ မမလေးတစ်ယောက်ဖြစ်ကြောင်း သိသာနေခဲ့သည်။
ထိုအမျိုးသားက မျက်နှာဖုံးကိုကိုင်ထားရင်း ညင်သာသည့် အသံဩဩဖြင့်
“မင်းက ဒါကိုလိုချင်လို့လား။”
ထိုသူမှာ လူငယ်လေးတစ်ယောက်ဖြစ်သော်လည်း အဆင့်အတန်းမြင့်၏။ သူ့ပုံစံမှာ ချောမော၍ တင့်တယ်ခမ်းနားသည်။ အသက်အရွယ်အားဖြင့် (၁၅)နှစ်၊ (၁၆)နှစ် ဝန်းကျင်သာရှိသေးသော်လည်း အခက်အခဲများစွာကို ရင်ဆိုင်နိုင်ခဲ့သည့်လူတစ်ယောက်ကဲ့သို့ ရင့်ကျက်တည်ငြိမ်နေသည်။ အဖတ်မလုပ်တတ်သည့် သူ့ပုံစံမှာ အခြားသူများ လိုက်တုပ၍မလွယ်နိုင်သည့်ပုံစံပင်။ ထိုလူငယ်လေး၏နောက်တွင် သက်တော်စောင့်နှစ်ယောက် ရှိနေ၏။ သူတို့နှစ်ယောက်မှာ ကိုယ်ခံပညာလည်း အလွန်ထူးချွန်ပုံရသည်။ ထို့ကြောင့် ဝေ့လော် မျက်နှာဖုံးကိုဝယ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ဝေ့လော်က ခေါင်းညိတ်လိုက်၏။
“ဟုတ်။”
ဝူးရုံ (တပ်ရင်းတစ်ခုခု)မှ ပြန်လာသော ကျောင်းကျယ်မှာ နန်းတော်ကိုပြန်ရန် အလျင်မလိုနေခဲ့ပေ။ လမ်းမများပေါ်တွင် လျှောက်ကြည့်နေရင်း ကလေးမလေးတစ်ယောက်ကိုယ်တိုင်အစပျိုးသည့် စကားပြောခန်းတစ်ခုထဲသို့ ဝင်သွားရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ ကံမကောင်းစွာဖြင့် ကလေးများနှင့်ပတ်သက်လျှင် သူကိုယ်တိုင်က စိတ်မရှည်တတ်သောကြောင့် အလွန်လှပသော ကလေးမလေးဖြစ်နေလျှင်လည်း သူဂရုမစိုက်ပေ။ သူက ဝေ့လော်ကို မျက်နှာဖုံးလှမ်းပေးလိုက်ပြီး ထွက်သွားရန်ပြင်ဆင်လိုက်သည်။
“ရော့။ ယူလိုက်။”
သို့သော် အားလော် ရထားလုံးထဲမှထွက်လာသည်မှာ သူ့ကြောင့်ဖြစ်သောကြောင့် သူ့ကို အဘယ်ကြောင့် အလွယ်တကူထွက်သွားခွင့်ပေးလိမ့်မည်နည်း။
အားလော်ရှေ့တွင် မျက်နှာဖုံးကိုလှမ်းပေးလိုက်သော်လည်း သူ့လက်က နောက်သို့ပြန်ဆုတ်၍မရခဲ့ချေ။ အားလော်က သူ့လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်ပြီး ပါးစပ်ကိုဟကာ ချွန်ထက်သောသွားများဖြင့် သူ့လက်ကိုကိုက်ချလိုက်တော့သည်။ ကိုက်ချက်မှာ အားပြင်းသွားသောကြောင့် သူ(မ)သွားများ သူ့အသားထဲသို့ နစ်ဝင်သွားပြီး သွေးများထွက်လာခဲ့သည်။
ကျောင်းကျယ်လည်း သတိလွတ်သွား၏။ လက်ကိုမြောက်ကာ သူ(မ)ကိုခါထုတ်သော်လည်း သူ(မ)က အားပြင်းလှပြီး ခေါင်းမာစွာဖြင့် သူ့လက်ကောက်ဝတ်ကိုမလွှတ်ဘဲ ခဲထားခဲ့သည်။ နှစ်ကြိမ်တိတိ ခါထုတ်ရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထိုအခါ သက်တော်စောင့်များက ဓားထုတ်ကာ ရှေ့သို့တိုးလာသည်။ လူစည်ကားသောလမ်းမအလယ်တွင် ရောက်နေသည်ကိုလည်း သူတို့ဂရုမစိုက်တော့ပေ။ နေရောင်အောက်မှ ဓားသွားများမှာ ကြောက်စရာကောင်းနေပြီး အားလော်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာတော့ပေမည်။ သို့သော် အားလော်က ဓားများကို လျင်မြန်စွာရှောင်ရှားကာ နျဥ်းရွှယ်၏အနောက်တွင် ဝင်ပုန်း၍ ပြုံးနေခဲ့သည်။ သူ(မ)ပုံစံမှာ “လာဖမ်းလေ။”ဟု စိန်ခေါ်နေသကဲ့သို့ပင်။
ကျောင်းကျယ်၏မျက်လုံးထဲတွင် အေးစက်စက်အလင်းရောင်တစ်ခု ဖြတ်ပြေးသွား၏။ လက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်သည့်အခါ နက်နဲပြီး သွေးစွန်းနေသည့်ကိုက်ရာကိုတွေ့လိုက်ရသည်။ သာမန် မမလေးတစ်ယောက်နှင့် စကားပြောရသည်ဟုတွေးကာ သူသတိလက်လွတ်ဖြစ်သွားခဲ့သည်။ ထိုမိန်းကလေးတွင် ချွန်ထက်သောအစွယ်ရှိနေပြီး ရက်စက်တတ်သည့်စိတ်ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သက်တော်စောင့်များက သူ့အမိန့်ကို စောင့်ဆိုင်းနေကြသည်။
“သခင်လေး။”
ကျောင်းကျယ်က နျဥ်းရွှယ်၏အနောက်တွင်ပုန်းနေသော ဝေ့လော်ကို စိုက်ကြည့်လိုက်သည်။
“အဲ့ကလေးမလေးကို ငါ့ဆီခေါ်ခဲ့။ သူ(မ)သွားတွေ ဘယ်လောက်တောင်ကောင်းလဲ ကြည့်ရတာပေါ့။”
သက်တော်စောင့်များကလည်း အမိန့်အတိုင်းနာခံရန် ပြင်ဆင်ကြ၏။ အားလော်ကမူ လျင်မြန်စွာပြေးတော့သည်။ သူ(မ)က အရွယ်ငယ်သော်လည်း အရှိန်မြန်လှ၏။ ခြေနင်းခုံကိုနင်းကာ ရထားလုံးထဲသို့ခုန်ဝင်ပြီး လိုက်ကာကိုချလိုက်သည်။ ထို့နောက် အပြင်ထွက်ရန်လည်း ငြင်းဆန်နေတော့သည်။
သက်တော်စောင့်နှစ်ယောက်နှင့်အတူ အနောက်တွင်ကျန်ရစ်ခဲ့သည့် နျဥ်းရွှယ်မှာ အားလော်အကြောင်း ရှင်းပြနေ၏။ ကိစ္စများကို မရှုပ်ထွေးစေချင်သောကြောင့် သူ(မ)က ပြုံး၍သာ ဖျောင်းဖျတောင်းပန်ခဲ့လေသည်။
“ဂုဏ်သရေရှိသခင်လေးရှင့်။ ကျွန်မတို့မိသားစုရဲ့ မမလေးက အခုမှ (၆)နှစ်ပဲရှိပါသေးတယ်။ သူ(မ)နဲ့တန်းတူ ရန်ဖြစ်ရလောက်တဲ့အထိ သခင်လေးကိုယ့်ကိုယ်ကိုယ် မနှိမ့်ချလိုက်ပါနဲ့။”
အနက်ရောင်အဝတ်အစားများကိုဝတ်ဆင်ထားသည့် သက်တော်စောင့်က
“(၆)နှစ် ဟုတ်လား။ (၆)နှစ်အရွယ် ကလေးတစ်ယောက်က ဒီလောက်တောင် ရက်စက်တတ်နေပြီ။ သူ(မ)က ငါတို့သခင်လေးကို ကိုက်လိုက်တာကွ။”
ဝေ့လော်၏အမှားဖြစ်ကြောင်းသိသဖြင့် နျဥ်းရွှယ်က ထပ်ခါတလဲလဲတောင်းပန်၏။ နောက်ဆုံးတွင် ရထားလုံးထဲမှ မဒမ်တုက စိတ်မရှည်တော့သောကြောင့် သူ(မ)ကိုပြန်ခေါ်မှသာ နျဥ်းရွှယ်စိတ်သက်သာရာရသွားတော့သည်။
ဆက်သွားနေသည့် အနက်ရောင်ခေါင်မိုးဖြင့် ရထားလုံးထဲတွင် ဝေ့လော် ပြတင်းပေါက်မှခေါင်းထုတ်၍ အနောက်သို့လှည့်ကြည့်လိုက်သည်။ ကျောင်းကျယ်ကလည်း သူ(မ)ကိုကြည့်နေသဖြင့် သူ(မ)ပြောလိုက်သည့်စကားလုံးများကို ကြားသွားသယောင်လည်းရှိသည်။
“အဲ့လောက်လည်း အရသာမရှိပါဘူး။”
ကျောင်းကျယ်၏ပုံစံက ပြောင်းလဲသွားသည်။ အစောပိုင်းက စကားပြောခဲ့သည့် သက်တော်စောင့် ကျူ့ကုန်းက
“အရှင့်သား။ အဲ့ဒီမိန်းကလေးကို ပြန်ခေါ်ပြီး ဖြေရှင်းချင်ပါသလား။”
ကျောင်းကျယ် အသံတိတ်နေ၏။ မငြင်းဆန်သလို အတည်လည်းမပြုသေးချေ။
*
ရထားလုံးက ဟူးကော်ဘုရားကျောင်းသို့ ရောက်ရှိလာ၏။ ခမ်းနားလှသော ခန်းမကြီးထဲသို့ မဒမ်တုက ဝေ့လော်ကိုခေါ်သွားသည်။ အမွှေးတိုင်ထွန်း၊ ဆုတောင်းရန်နှင့် ဘုရားရှိခိုးရန်ဖြစ်၏။ သူ(မ)၏ ဟန်ဆောင်မှုကလည်း စေ့စပ်လှသည်။ မဒမ်တုမှာ စိတ်ပူပန်နေလျှင်ပင် ဟန်ပန်ကိုထိန်းထားတတ်၏။ လုပ်ထုံးလုပ်နည်းများအားလုံးကို လုပ်ဆောင်ခဲ့ပြီးနောက် သူတို့ အိမ်ပြန်ရန်ပြင်ဆင်ကြသည်။ ရုတ်တရက် ဝေ့လော်က အထိန်းတော်ယဲ့ဆီသို့ပြေးသွားပြီး
“အထိန်းတော်ယဲ့။ သမီး နေလို့သိပ်မကောင်းဘူး။”
ထိတ်လန့်သွားသည့် အထိန်းတော်ယဲ့က ဝေ့လော်၏အခြေအနေကို စမ်းသပ်ကြည့်ရန်ထိုင်ချလိုက်သည်။
“မမလေး။ ဘယ်နားမှာ နေလို့မကောင်းတာလဲ။ ဖျားတာ သက်သာသွားပြီမဟုတ်ဘူးလား။ လေတိုက်လို့ ပြန်ပြီး အအေးမိသွားတာလား။”
အထိန်းတော်ယဲ့မှာ အသက်(၃၀)ကျော် အမျိုးသမီးဖြစ်ပြီး သာမန်မျက်နှာမျိုးနှင့် ထိန်းထိန်းသိမ်းသိမ်းရှိသူဖြစ်ရာ အမျိုးသမီးအများစုထက် ပို၍ သဘာဝဆန်သည်။ အားလော်၏မိခင် ကျောင်းမြောင်လန်က ဝေ့ကွမ်းနှင့်လက်ထပ်ပြီးကတည်းက အထိန်းတော်ယဲ့ကိုခေါ်ထားခဲ့ခြင်းဖြစ်သည်။ မဒမ်ကျောင်း ထွက်သွားကတည်းက အားလော်ကို အထိန်းတော်ယဲ့ကပင် ပြုစုစောင့်ရှောက်ခဲ့ရသောကြောင့် အားလော်ကို သူ(မ)၏သမီးရင်းကဲ့သို့ သဘောထားခဲ့သည်။ ယခုတွင်လည်း ကလေးနေမကောင်းသည့်အကြောင်းကိုကြားပြီး သူ(မ)နှလုံးသားထဲတွင် နာကျင်သွားရသည်။
ဝေ့လော် အမှန်တကယ်နေမကောင်းခြင်းမဟုတ်ပေ။ မဒမ်တုနှင့်အတူ ရထားလုံးတစ်ခုတည်းတွင် အတူတူမစီးချင်သောကြောင့် အထိန်းတော်ယဲ့နားတွင် လာကပ်နေခြင်းဖြစ်သည်။ နောက်ဆုံးတွင် အထိန်းတော်ယဲ့နှင့် တုယွယ်ယင်းတို့ လက်လျှော့လိုက်ရပြီး အားလော်ကို အထိန်းတော်ယဲ့နှင့်အတူ ရထားတစ်စီးထဲတွင်ပေးစီး၍ တောင်အောက်ပြန်ဆင်းလိုက်ရတော့သည်။
ရထားလုံးထဲတွင်ထိုင်နေရင်း ဝေ့လော် ငြိမ်ကျသွားပြီး အထိန်းတော်ယဲ့၏ခါးကိုဖက်ကာ
“အထိန်းတော်ယဲ့။ သမီးကို မထားခဲ့ပါနဲ့။ အားလော်ကို တစ်ယောက်တည်းမထားခဲ့ပါနဲ့နော်။”
မနက်ကတည်းက ဝေ့လော် မဒမ်တုအပေါ်သဘောမကျသည်ကို အထိန်းတော်ယဲ့ကရိပ်မိ၏။ အနည်းငယ် ထူးဆန်းနေသည်ဟုလည်း သူ(မ)ထင်မိခဲ့သည်။ ယခင်က အားလော်နှင့် မဒမ်တုတို့ သိပ်မရင်းနှီးခဲ့ကြသော်လည်း အချင်းချင်း သဘောမကျမှုများမရှိခဲ့ပေ။ ယနေ့မှသာ မည်သို့ဖြစ်ကြပါသနည်း။
ယနေ့မနက်က အားလော်ပြောခဲ့သည့်စကားများကို သူ(မ)စိတ်ထဲ တွေးနေမိသည်။
“စတုတ္ထအဒေါ်ကပြောတယ်။ သမီးမှာ အမေရှိတယ်တဲ့။ မဒမ်က သမီးရဲ့အမေမဟုတ်ဘူးတဲ့။”
သူ(မ) သက်ပြင်းချလိုက်၏။ ကလေးမလေးမှာ သူ(မ)အမေရင်းကို လွမ်းဆွတ်နေခြင်းဖြစ်ပေလိမ့်မည်။ ထိုအတွေးများဖြင့် သူ(မ) အားလော်၏ခေါင်းကို ညင်ညင်သာသာပွတ်သပ်ပေးလိုက်သည်။
“မထားခဲ့ပါဘူးကွယ်။ မမလေးကိုထားပြီး ကျွန်မက ဘယ်ကိုသွားရမှာလဲ။ မမလေး အရွယ်ရောက်လာလို့ ကျွန်မကိုငြီးငွေ့သွားပြီဆိုတော့မှ ကျွန်မကထွက်သွားမှာ။”
ဝေ့လော်က တုံ့ပြန်၏။
“အထိန်းတော်ကြီးကို အားလော်ဘယ်တော့မှ မငြီးငွေ့ပါဘူး။”
အထိန်းတော်ယဲ့၏မျက်နှာတွင် နွေးထွေးသည့်အပြုံးတစ်ခုပေါ်လာသည်။ ယင်းအိမ်တော်၏ရထားလုံးမှာ တောင်အောက်ကိုဆင်းသွားရင်း လမ်းနှစ်ဖက်တွင် အရိပ်ကောင်းပြီး ထူပြောလှသည့်သစ်တောကြီးကိုတွေ့လိုက်ရသည်။ ဆက်သွားကြည့်သောအခါ ၎င်းမှာ သူတို့လာခဲ့သောလမ်းနှင့် မတူလှပေ။ ထို့ကြောင့် ကျင်းလုက လိုက်ကာကိုဖွင့်ကာ ရထားလုံးမောင်းသူအား
“ဒါက အိမ်ပြန်တဲ့လမ်းမဟုတ်ဘူးထင်တယ်။ ဘာဖြစ်လို့ ဒီဘက်ကိုမောင်းလာတာလဲ။”
ရထားလုံးမောင်းသူကလည်း မဒမ်တု၏ဘက်တော်သားသာဖြစ်၏။ ထို့ကြောင့် သူက ခေါင်းငုံ့ကာ
“မဒမ်ရဲ့အမိန့်အရမောင်းတာပါ။ မဒမ်က တစ်ယောက်ယောက်နဲ့ တွေ့စရာရှိတယ်ဆိုလို့ပါ။”
ကျင်းလုက လိုက်ကာကိုပြန်ချလိုက်သော်လည်း ထိုအဖြေနှင့်ပတ်သက်၍ ကျေနပ်ခြင်းမရှိပေ။
“ဒီလောက်ထိ ဝေးလံခေါင်ဖျားနေတဲ့ တောအုပ်ထဲမှာ ဘယ်လိုလူမျိုးနဲ့များ လာတွေ့ရတာလဲမသိဘူး။”
သစ်သားအိမ်လေးတစ်လုံးရှေ့တွင် ရထားလုံးရပ်သွား၏။ တစ်ခဏကြာသော် မိန်းကလေးအစေခံတစ်ယောက်နှင့် မဒမ်တုတို့ ရထားးလုံးထဲမှထွက်လာကြသည်။ ဝေ့လော်က လိုက်ကာကြားမှ ချောင်းကြည့်လိုက်သည့်အခါ အိမ်တံခါးနှင့်မလှမ်းမကမ်းတွင် မိန်းမတစ်ယောက်နှင့် ယောက်ျားတစ်ယောက် ရပ်နေကြသည်ကို သူ(မ)တွေ့လိုက်ရ၏။ ထိုသူတို့မှာ မဒမ်တု ဆက်သွယ်ထားသူများပင်။
*****
Aurora Novel Translation Team
Report content on this page