no

Font
Theme

Chapter 25.2

ကျောင်းကျယ်က စကားပြန်ပြောဘဲ ပြုံးပြလိုက်ပြီး တစ်ဖက်သို့လျှောက်သွားသည်။ (၁၅)မိနစ်ခန့်ကြာသော် မင်းသားများ ကိုယ်ခံပညာလေ့ကျင့်သည့်နေရာသို့ ရောက်သွားကြ၏။ ထိုနေရာမှာ အလွန်ကျယ်ပြောပြီး ကွင်းပြင်ညီညာကာ အနံ့မွှေးသည့် မြက်ပင်များလည်းရှိသည်။ ၎င်းမှာ မြင်းစီးမြားပစ်ခြင်းအတွက် အလွန်သင့်တော်သော နေရာတစ်ခုပင်။ ခြံဝင်း၏နှစ်ဖက်လုံးတွင် မြားလေ့ကျင့်သည့် ပစ်မှတ်များ ထောင်ထား၏။ မြားပစ်သူက မြင်းကိုစီးလာရင်းနှင့် လေးကြိုးကိုဆွဲကာ ပစ်မှတ်တည့်တည့်ကို ထိမှန်အောင်ပစ်ရခြင်းဖြစ်သည်။ ၎င်းမှာ မင်းသားများ အတန်းပြီးသည်နှင့် နေ့တိုင်း မြားလေ့ကျင့်ရသည့် နေရာတစ်ခုပင်။


ဧကရာဇ်ချုံကျန်းမှာ တိုင်းပြည်ကို အုပ်ချုပ်နေသည့်တိုင် စစ်ပွဲတွင်လည်း အမြဲ အနိုင်ရခဲ့သည်။ မင်းသားများကို ဘာသာရပ်(၄)ခုနှင့် အနုပညာ(၅)မျိုး သင်ယူစေသည့်အပြင် ကျန်းမာတောင့်တင်းသော ခန္ဓာကိုယ်အတွက် ကိုယ်ခံပညာကိုလည်း လေ့ကျင်သင်ယူစေ၏။ နောက်ပိုင်းတွင် လက်တွေ့မလိုအပ်လျှင်ပင် ကျန်းမာတောင့်တင်းသည့် ခန္ဓာကိုယ်မှာ မင်းသားတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုပင်။ ထို့ကြောင့် ဧကရာဇ်ချုံကျန်း၏ သားတော် (၁၁)ယောက်လုံးကို လက်ရုံးရည်ရော နှလုံးရည်ပါပြည့်ဝအောင် လေ့ကျင့်ပေးထားခဲ့သည်။


လီစုန့်က တွေဝေစွာဖြင့် ကျောင်းကျယ်အား


"အစ်ကို ဘာလို့ ကျွန်တော့်ကို ဒီနေရာကိုခေါ်လာတာလဲ။"


'မြားစွမ်းရည် ပြိုင်မလို့လား မသိဘူး။'


ကျောင်းကျယ်က ပစ်မှတ်တစ်ခုဆီသို့ လမ်းလျှောက်သွားလိုက်ရင်း ပစ်ကွင်းတစ်ခုအတွင်း ရပ်လိုက်သည်။ အပြာရောင် ဘရိုကိတ်ဝတ်ရုံတစ်ခု လေထဲတွင်လွင့်နေ၏။ ကျောင်းကျယ်က လက်တစ်ဖက်ကို အနောက်ပစ်ထားလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ပစ်မှတ်ကိုလက်ညှိုးထိုးပြလိုက်ပြီး ဂရုမစိုက်စွာဖြင့်


"အဲ့ဒီ့နေရာမှာ သခင်လေးကို ချည်ထားလိုက်။"


လီစုန့် အံ့အားသင့်သွားသဖြင့် မျက်လုံးပြူးသွား၏။


ကျူ့ကုန်းနှင့် ရန်ဟောက်တို့ကလည်း ကျောင်းကျယ်၏အမိန့်အတိုင်း လီစုန့်ကို လက်မောင်းမှကိုင်၍ ဆွဲခေါ်သွားကြသည်။ လီစုန့် ရုန်းကန်နေသည့်ကြားက သူတို့နှစ်ယောက်မှာ လီစုန့်၏လက်နှင့် ခြေထောက်များကို ပစ်မှတ်နေရာတွင် ချည်နှောင်လိုက်လေ၏။ လီစုန့်မှာ မလှုပ်နိုင်တော့သောကြောင့် ဒေါသဖြင့် အံကိုကြိတ်၍


"ဝမ်းကွဲအစ်ကို မင်းသားကျင်း။"


လီစုန့် ကြောက်လန့်တုန်လှုပ်လာသည်။ ကျောင်းကျယ်၏ အပြုအမူများက အလွန် ခန့်မှန်းရခက်နေ၏။ မူလကမူ ထိုနေရာတွင် မြားစွမ်းရည်ယှဥ်ပြိုင်မည်ဟုသာ လီစုန့်ထင်ထားခဲ့သည်။ သူ့ကို ပစ်မှတ်နေရာတွင်ချည်နှောင်ကာ လျစ်လျူရှုထားလိမ့်မည်ဟု လီစုန့်မထင်ထားခဲ့ချေ။


'သူ ဘာလုပ်ချင်တာလဲ။ ငါသူ့ကို ဘယ်တုန်းက ရန်စမိလို့လဲ။'


ခပ်လှမ်းလှမ်းမှ ကျောင်းကျယ်မှာ ကျူ့ကုန်း၏လက်ထဲမှ ကျွဲချိုပုံစံ လေးကြီးကိုလှမ်းယူလိုက်၏။ လီစုန့်၏အော်သံကို လုံးဝလျစ်လျူရှုထားလိုက်ပြီး လေးကြိုးကို စစ်ဆေးနေခဲ့သည်။ အချိန်တစ်ခုကြာသော် သူ ခေါင်းမော့ကာ ခပ်ဖွဖွပြုံး၍ လီစုန့်ကိုလှမ်းကြည့်လိုက်သည်။


"ခုနတုန်းက သခင်လေးရဲ့ မြားဦးတည်ရာကို ကောင်းကောင်းထိန်းချုပ်နိုင်တယ်လို့ သခင်လေးပြောခဲ့တယ် မဟုတ်လား။ မလှုပ်ရင် သေချာပေါက် မထိပါဘူး ဆိုပြီးတော့လေ။"


လီစုန့် မှင်တက်မိသွားရပြီး ရုတ်တရက် စိတ်လေးလာတော့သည်။ ထို့နောက် ကျောင်းကျယ်က ထပ်မံ၍


"ဒီမင်းသားက အခု သခင်လေးဆီကို မြားနဲ့လှမ်းပစ်တော့မှာ။ မလှုပ်နဲ့နော်။ ဘာမှထိခိုက်မှုမရှိဘဲ ပြီးသွားမလား ကြည့်ကြတာပေါ့။"


လီစုန့်၏အသားအရေမှာ ချက်ချင်းဖြူဖျော့သွား၏။ ကျောင်းကျယ်၏ မြားအတတ်မှာ အလွန်ကောင်းမွန်နေသည့်တိုင် (၈)နှစ်အရွယ် ကလေးတစ်ယောက်မဆိုထားနှင့် မည်သူကမျှ လူသားပစ်မှတ်အဖြစ် အစမ်းသပ်ခံရဲလိမ့်မည် မဟုတ်ချေ။ လီစုန့် တစ်ယောက် ဒူးများတွင် အားအင်ကုန်ခမ်းသွားသည်အထိ ကြောက်လန့်နေသော်လည်း ပါးစပ်ကမူ မြှောက်ပင့်စကားဆိုနေသေး၏။


"အစ်ကို ကျွန်တော့်ကို ချည်ထားစရာမလိုပါဘူး။ ကျွန်တော် မလှုပ်ဘူး။ အဖေကပြောတယ် အစ်ကို့ရဲ့ မြားပညာက...."


လီစုန့် စကားမဆုံးလိုက်ခင်တွင် ကျောင်းကျယ်က သူ့နံဘေးမှာ ချယ်ရီရောင်ဝတ်ဆင်ထားသည့် မိန်းကလေးကို လက်ယပ်ခေါ်လိုက်လေသည်။


"အားလော်။ ဒီကိုလာခဲ့။"


လီစုန့် "......."


သူတို့၏ အနေအထားက လေ့ကျင့်ရေးခြံဝင်းထဲမှ လူအများကို အာရုံစိုက်မိစေခဲ့သည်။ ထို့ကြောင့် ထိုသူများက လေ့ကျင့်ရေးကို ခဏနားလိုက်ပြီး ထိုမြင်ကွင်းကို စောင့်ကြည့်လိုက်ကြသည်။

ဝေ့လော်က ကျောင်းကျယ်၏အရှေ့သို့ လျှောက်လာပြီး ကလေးအသံလေးဖြင့်


"အားလော် မြားမပစ်တတ်ဘူး။"


အစပိုင်းတွင် ကျောင်းကျယ်၏ရည်ရွယ်ချက်ကို ဝေ့လော် နားမလည်ခဲ့သော်လည်း ယခုတွင်မူ သူ(မ)၏ဒေါသများကို ထွက်ပေါက်တစ်ခုရှာပေးနေကြောင်း ဝေ့လော် နားလည်သွားခဲ့သည်။


'ဒါပေမဲ့ သူက ဘာလို့ ငါ့ကိုကူညီပေးနေတာလဲ။'


ထိုအကြောင်းကို ဝေ့လော် နားမလည်ခဲ့သော်လည်း ယခုအချိန်မှာ ၎င်းကိုစဥ်းစားနေရမည့်အချိန် မဟုတ်ချေ။ လီစုန့်က သူ(မ)၏ သနားညှာတာမှုနှင့် မထိုက်တန်သောကြောင့် သူ့ကို ပြန်၍သင်ခန်းစာပေးရန် တစ်ယောက်ယောက်က အခွင့်အရေးပေးနေခြင်းကို ဝေ့လော် ဝမ်းသာရမည်ပင်။ကျောင်းကျယ် လှောင်ပြုံးပြုံးလိုက်၏။ သူ(မ)အနောက်တွင် ရပ်နေရင်းနှင့် မြားပစ်နည်းကို သူကိုယ်တိုင် သင်ကြားပေးနေသည်။ ဝေ့လော်၏ လက်လေးများအပေါ်သို့ သူ့လက်ဖြင့် လှမ်းကိုင်လိုက်ပြီး မြားကို လေးပေါ်တွင်တင်ကာ လီစုန့်ရှိရာသို့ လှမ်းချိန်လိုက်၏။ ထို့နောက် ဝေ့လော်၏ နားအနီးသို့ ကပ်လိုက်ပြီး


"သေသေချာချာ မြင်ရတယ် မဟုတ်လား။"


ကြောက်လန့်သဖြင့် မှင်တက်နေသည့်လီစုန့်ကို ဝေ့လော် တည့်တည့်ကြည့်လိုက်၏။ ကြောက်လန့်ပြီး မခံမရပ်နိုင်ဖြစ်နေသည့် လီစုန့်မှာ သူတို့ကို စိုက်ကြည့်နေရင်း အံကြိတ်လျက် မျက်နှာလည်း ဖြူဖျော့လာ၏။ ဝေ့လော် တစ်ခုခုပြောတော့မည့်အချိန်တွင် ကျောင်းကျယ်က သူ(မ)လက်ကို ရုတ်တရက် လွှတ်လိုက်သည်။ ထိုအခါ မြားလည်း အရှိန်နှင့် ပြေးထွက်သွားတော့သည်။


ထိုမြားမှာ လေထဲတွင် တဝှီဝှီအသံများဖြင့် ဖြတ်သန်းသွားရင်း လီစုန့်၏ နားရွက်အနီးသို့ ထိုးစိုက်သွား၏။ လီစုန့်တစ်ယောက် ဘာဖြစ်သွားသည်ကို မသိလိုက်ဘဲ သူ့ခန္ဓာကိုယ်တစ်ခုလုံး အားအင်ကုန်ခမ်းသွားခဲ့သည်။ သူ့နဖူးပေါ်တွင် ချွေးစေးများပြန်နေပြီး စိတ်ဆိုးနေရန်ပင် အားမရှိတော့ချေ။ ကျူ့ကုန်းနှင့် ရန်ဟောက်တို့ သူ့ကို ပြန်လာခေါ်သည့်အခါ လီစုန့်၏နှလုံးခုန်သံမှာ ဗုံသံကဲ့သို့ဖြစ်နေတော့သည်။ ကျန်ရှိနေသေးသည့် အကြောက်တရားမှာလည်း မပျောက်ကွယ်သွားသေးချေ။


နောင်တွင် လီစုန့်တစ်ယောက် အချိန်ကြာသည်အထိ လေးနှင့်မြားကို ထိရန်မစဥ်းစားရဲတော့မည်မှာ သေချာနေတော့သည်။


*


ကျောင်းကျယ်က ဝေ့လော်ကို နန်းတော်အပြင်သို့ မခေါ်သွားခင် ကောင်းယန်ခန်းမသို့ ဦးစွာခေါ်သွား၏။ ကျောင်းလျူလီမှာ ကျန်းမာရေးအခြေအနေကြောင့် သူတို့ထက်ဦးစွာ ပြန်ရောက်နေပြီး ခန်းမထဲတွင် စောင့်နေခဲ့သည်။ အစောပိုင်းမှ အဖြစ်အပျက်များအားလုံးကို ကျောင်းလျူလီ မတွေ့လိုက်ရသောကြောင့် ဝေ့လော်အား သူ(မ)ကိုပြောပြပေးရန် မျှော်လင့်နေမိသည်။ သို့သော် ဝေ့လော်မှာ ဧကရီမိဖုရားနှင့် တွေ့ဆုံရတော့မည်ဖြစ်သောကြောင့် ကျောင်းလျူလီနှင့် မတွေ့နိုင်တော့ချေ။


ဧကရီမိဖုရားက ခုံမြင့်ပေါ်တွင် ထိုင်နေ၏။ ဝေ့လော်ကို ပထမဆုံးအကြိမ် တွေ့ဆုံရသည့်အချိန်တွင် သူ(မ)က ရင်းနှီးနေသော အပြုအမူဖြင့် နံဘေးတွင်ရှိသော ထိုင်ခုံကို ပုတ်ပြလိုက်သည်။


"မင်းက ဝေ့လော်လား။ လာပါဦးကွယ်။ ကြည့်စမ်းပါရစေဦး။"


"ဧကရီမိဖုရား။"


ထိုသို့ခေါ်လိုက်သည့် ဝေ့လော်၏အသံမှာ အလွန်ညင်သာလှပြီး အပြုအမူသိမ်မွေ့ကာ ကလေးတစ်ယောက်၏ ချိုမြိန်မှုလည်း ပါဝင်နေသည်။ ထိုအသံကိုကြားသော် မည်သူမဆို အနည်းငယ် စိတ်ပျော့ပြောင်းသွားနိုင်ပေ၏။ ဧကရီမိဖုရားက အထိန်းတော်ချူအား ဝေ့လော်ကိုချီရန် မှာကြားလိုက်ပြီး သူ(မ)ကို သေသေချာချာ ကြည့်ရှုလေ့လာလိုက်သည်။ ထို့နောက် အရိုးသားဆုံး ချီးကျူးစကားများကို မိန့်ဆိုလိုက်၏။


"မြို့စားယင်းဆိုတဲ့ အဖိုးကြီးကတော့ တကယ့်ကို ကံကောင်းတာပဲ။ သူ့မြေးမလေးက ဒီလောက်တောင် ချောမောလှပပြီး ချစ်စရာကောင်းလိုက်တာ။"


ဝေ့လော်နှင့် မတွေ့ခင်က ဧကရီမိဖုရားမှာ မင်းသမီးကောင်းယန်၏ သမီးဖြစ်သူ လီရှန်းကို အလှဆုံးဟု ယုံကြည်ထားခဲ့၏။ ထို့နောက် ကောင်းသန်းယန်နှင့် ကောင်းချင်းယန်တို့မှာလည်း အလွန်လှပကြောင်း သူ(မ) တွေ့ခဲ့ရသည်။ ယခုတွင်မူ ဝေ့‌လော်နှင့်တွေ့သည့်အခါ ဝေ့လော်တွင် မည်သူမျှမယှဥ်နိုင်သည့် အလှတရားမျိုးရှိနေသည်ဟု သူ(မ)ခံစားလိုက်ရတော့သည်။ ဝေ့လော်၏ မျက်နှာလေးမှာ ကြွေရုပ်ကလေးကို ထွင်းထုထားသကဲ့သို့ နေရာတိုင်းက ပြီးပြည့်စုံနေ၏။ ပါးလေးများမှာ အဖြူရောင် ကျောက်စိမ်းလေးများကဲ့သို့ ဖြူဖွေးနူးညံ့ကာ ချစ်စရာနှာခေါင်းနှင့် ထက်မြတ်သောမျက်လုံးများလည်း ရှိသည်။ တစ်နေ့ အရွယ်ရောက်လာသည့်အခါ မည်မျှချောမောလှပနေမည်ကို မခန့်မှန်းနိုင်ချေ။


ဧကရီမိဖုရားက ဝေ့လော်ကို အနီးကပ်ကြည့်ရှုနေ၏။ ဝေ့လော်ကို ပိုကြည့်လေ ဝေ့လော်နှင့် သက်ဆိုင်နေသည့် ကံကြမ္မာကို ခံစားမိလေဖြစ်လာခဲ့သည်။ ဝိုင်းစက်တောက်ပနေသည့် သူ(မ)မျက်လုံးများမှာ ထက်မြတ်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး မျက်လုံး၏ ကြည်လင်နေမှုမှာလည်း လူတို့၏ အပြစ်များကို ဆေးကြောပေးနိုင်သော စမ်းရေကြည်ကဲ့သို့ပင်။ ဧကရီမိဖုရားက ဝေ့လော်၏ခေါင်းကို ပွတ်သပ်ကာ ပြုံးလိုက်ပြီး


"တော်လိုက်တဲ့ ကလေး။ မိဖုရားလည်း မင်းရဲ့အကြောင်းတွေ ကြားပြီးပါပြီ။ ဒါနဲ့ မင်းကို စာသင်ဘက်တစ်ယောက်အနေနဲ့ နန်းတော်ထဲကို ပေးဝင်ရတဲ့အကြောင်းအရင်းက လျူလီကို အဖော်လုပ်ပေးစေချင်လို့ဆိုတာ မပြောရသေးဘူးနော်။ ဒီနန်းတော်ထဲမှာ လျူလီက ကစားဖော်မရှိတော့ အတော်လေး အထီးကျန်နေရှာတာ။ နောက်ပိုင်း လျူလီနဲ့ ရင်းနှီးသွားတဲ့အခါကျရင် မင်းက လျူလီအတွက် အကောင်းဆုံးသူငယ်ချင်း ဖြစ်လာပေးရမယ်နော်။"


ဧကရီမိဖုရားချန် ဝေ့လော်ကိုလေ့လာနေစဥ်တွင် ဝေ့လော်ကလည်း မိဖုရားကို တိတ်တဆိတ်လေ့လာနေ၏။ ဝေ့လော် ဧကရီမိဖုရားအကြောင်း သိချင်နေခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ ဧကရီမိဖုရားမှာ တလျောင်တွင် လေးစားစရာအကောင်းဆုံး အမျိုးသမီးဖြစ်ပြီး ဧကရာဇ်ချုံကျန်းကိုလည်း လွယ်လွယ်နှင့် အလျှော့ပေးတတ်သူမဟုတ်ချေ။


ဝေ့လော် ခေါင်းလေးငုံ့လိုက်ပြီး


"ကျွန်တော်မျိုးမ မင်းသမီးလေး လျူလီကို သေသေချာချာ စောင့်ရှောက်ပါ့မယ်။"ဝေ့လော်နှင့် ပတ်သက်၍ ဧကရီမိဖုရား အလွန်သဘောကျမိသွားပြီး ညစာအတူစားရန် ဝေ့လော်ကို ဖိတ်ခေါ်ခဲ့သည်။ ကောင်းယန်ခန်းမှထဲမှ ဝေ့လော်ထွက်လာသည့်အချိန်တွင် အနောက်အရပ်တွင် နေဝင်နေပြီဖြစ်ပြီး ညနေ (၇)နာရီထိုးပြီ ဖြစ်သည်။ ဧကရီမိဖုရားက တစ်ခဏ စဥ်းစားလိုက်၏။ ကောင်းကင်က မှောင်မည်းနေပြီဖြစ်သောကြောင့် ဝေ့လော်ကို တစ်ယောက်တည်း အိမ်ပြန်လွှတ်ရန် မလုံခြုံတော့ချေ။ ထို့ကြောင့် နံဘေးထိုင်ခုံတွင် ထိုင်နေသည့် ကျောင်းကျယ်အား


"ချောင်ရှန်း။ သားတော်လည်း အိပ်ဆောင်ကို မပြန်ချင်သေးဘူး မဟုတ်လား။ မင်းသားကျင်းရဲ့ အဆောင်နဲ့ မြို့စားယင်း အိမ်တော်က လမ်းကြုံနေတာကို မယ်တော် မှတ်မိတယ်။ အဲ့ဒါကြောင့် စတုတ္ထသခင်မလေးကို သားတော်ပဲ အိမ်ပြန်လိုက်ပို့ပေးလိုက်ပါ။"


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment