Chapter 11
သွားသင့် မသွားသင့် အားလော် တုံ့ဆိုင်းနေပြီးနောက်
“အဖေက အားလော်အတွက် ဆရာနဲ့ ဆရာမကို ခေါ်ထားပေးတာ။ အဲ့ဒါ သူတို့ မနက်ဖြန်ကျရင် ရောက်မှာတဲ့။”
တကယ်တမ်းတွင် အားလော် လိုက်ချင်သည်။ ယခင်ဘဝတုန်းက မလုပ်ခဲ့ရသည့်အရာများစွာရှိသောကြောင့် ယခုဘဝတွင် အရာအားလုံးကို ဝေ့လော် လေ့လာစူးစမ်းချင်သည်။ ထို့ပြင် စုန့်ဟွေ့လည်း ထိုနေရာတွင်ရှိနေသောကြောင့် ဝေ့လော် ပို၍သွားချင်ခဲ့သည်။ စုန့်ဟွေ့မှာ ဦးလေးကျုံးယီတို့၏အိမ်မှ အကြီးဆုံး မြေးတစ်ယောက်ဖြစ်ပြီး စာတတ်ပေတတ်လည်းဖြစ်သောကြောင့် အလွန်အချစ်ခံရသည်။ အထူးသဖြင့် ဦးလေးကျုံးယီ၏ဇနီးက စုန့်ဟွေ့ကို အလွန်ချစ်၏။ ချစ်လွန်းသဖြင့် စုန့်ဟွေ့ကို မဆူရက်မငေါက်ရက်ဖြစ်သည်။ စုန့်ဟွေ့ကို တွေ့သည့်အခါတိုင်း မဒမ်တုပင် ယဥ်ယဥ်ကျေးကျေးဆက်ဆံရသည်။ စုန့်ဟွေ့ကမူ အားလော်အပေါ် အလွန်ကြင်နာပေးပြီး သူ၏ ညီမရင်းလေးတစ်ယောက်လိုလည်း ချစ်ခင်လေသည်။ အားလော်ကိုယ်တိုင်လည်း ထိုအကြောင်းကို ယခင်က သိပ်မတွေးခဲ့ပေ။ သို့သော် ယခုတွင်မူ သူ(မ)အပေါ်ထားသည့် စုန့်ဟွေ့၏မေတ္တာများက မည်မျှရိုးသားမှန်ကန်သည်ကို သူ(မ) သိချင်လာခဲ့သည်။
‘ငါ့အပေါ်ထားတဲ့ မေတ္တာတွေက အရမ်းမလေးနက်ခဲ့လို့နေမှာပေါ့။ မဟုတ်ရင် ငါမရှိတော့တာနဲ့ ဘာလို့ ဝေ့ကျန်းနဲ့ ချက်ချင်းလက်ထပ်မှာလဲ။’
ဝေ့ချောင်ရှန်းက အားလော်၏ပူပန်မှုများကို ရှင်းထုတ်ပေးလိုက်၏။
“သူတို့က မနက်ဖြန်မှရောက်မှာမဟုတ်လား။ ရောက်ရောက်ချင်းနေ့မှာတော့ သူတို့ စာမသင်လောက်သေးပါဘူး။ ဆရာနဲ့ ဆရာမကို နှုတ်ဆက်ပြီးတာနဲ့ အစ်ကို့ဆီကိုလာခဲ့။ ဒါဆို အစ်ကိုတို့ အတူတူသွားလို့ရပြီ။ ညီမလေးအားလော်။ အမဲလိုက်ခွေးပြိုင်ပွဲဆိုတာ အရမ်းကို ပျော်စရာကောင်းတာနော်။ မကြည့်လိုက်ရရင် နောင်ကျ နောင်တရနေလိမ့်မယ်။”
အားလော် ပြုံးလိုက်မိပြီး ခေါင်းကိုငုံ့၍
“ဒါဆိုလည်း ကောင်းပြီလေ။ အားလော် လာခဲ့မယ်။ တတိယအစ်ကိုက အားလော်ကို ကာကွယ်ပေးရမယ်နော်။ အဲ့ဒီ့ခွေးကြီး အားလော်ကိုကိုက်မှာ အားလော်ကြောက်တယ်။”
ဝေ့ချောင်ရှန်းက ခေါင်းတညိတ်ညိတ်နှင့်
“အေးပါ။ အေးပါ။ ကာကွယ်ပေးပါ့မယ်။”
မြို့စားယင်းအိမ်တော်၏ အငယ်ဆုံးမျိုးဆက်တွင် သခင်မလေး (၅)ယောက်ရှိ၏။ အကြီးဆုံးမဒမ်၏ သမီးဖြစ်သူ အကြီးဆုံး သခင်မလေးမှာ လာမည့်နှစ်တွင်လက်ထပ်တော့မည်။ သူ(မ)၏ခင်ပွန်းလောင်းဖြစ်သည့် စွန်းယင်းမှာ အကြီးအကဲတစ်ယောက်၏ သားဖြစ်သည်။ လာမည့်နှစ်တွင် လက်ထပ်တော့မည်ဖြစ်သောကြောင့် အကြီးဆုံးသခင်မလေးမှာ သတို့သမီးဝတ်စုံချုပ်ခြင်း၊ မျက်နှာလွှားစကို ပန်းထိုးခြင်း စသည်တို့ဖြင့် အလုပ်များနေ၏။ အနားယူရသည့်အချိန်မှာ ခပ်ရှားရှားပင်။
ဒုတိယသခင်မလေး ဝေ့တီမှာ မွေးရာပါ ရှက်ကြောက်တတ်သူဖြစ်သောကြောင့် သူတို့နှင့် ကစားရသည်ကို မကြိုက်ချေ။ တတိယ သခင်မလေး ဝေ့ယာနှင့် ပဥ္စမသခင်မလေး ဝေ့ကျန်းတို့က အချင်းချင်း အလွန်ရင်းနှီးကြ၏။ သူတို့နှစ်ယောက်၏ အသက်အရွယ်မှာ ဝေ့လော်နှင့်သိပ်မကွာလှသော်လည်း ဝေ့ချောင်ရှန်းက သူတို့ကိုခေါ်၍ကစားရသည်ကို မကြိုက်ချေ။ သူတို့နှစ်ယောက်စလုံးက အလွန်စကားများသောကြောင့် နှစ်ယောက်အတူထားလိုက်လျှင် နားအလွန်ညီးလှသည်။
စာကလေးများနှင့်တူသော ထိုညီအစ်မနှင့်ယှဥ်သော် ပန်းကလေးကဲ့သို့ ချစ်စရာကောင်းပြီး ဉာဏ်လည်းကောင်း၊ စူးရှရှ မျက်လုံးများလည်းရှိသည့်ဝေ့လော်ကိုသာ သူပို၍သဘောကျမိသည်။ အားလော်မှာ စိတ်ကောင်းရှိသည့်မိန်းကလေးမှန်း သိသာနေ၏။ သခင်မလေး (၅)ယောက်ထဲတွင် အားလော်နှင့် အပြင်သွားရသည်ကိုသာ ချောင်ရှန်းအပျော်ဆုံးဖြစ်သည်။ ထို့ပြင် ချောင်ရှန်း၏မိခင် စတုတ္ထမဒမ်ကလည်း အားလော်နှင့်ရင်းနှီးသောကြောင့် ချောင်ရှန်းနှင့် ချောင်ချီတို့ကလည်း အားလော်ကို ပို၍ရင်းနှီးချစ်ခင်ကြသည်။ ယခုဆိုလျှင်လည်း အမဲလိုက်ခွေးပြိုင်ပွဲအတွက် ဝေ့ယာနှင့် ဝေ့ကျန်းတို့ကိုမခေါ်ဘဲ ဝေ့လော်ကိုသာ ခေါ်ချင်နေခဲ့လေသည်။
အားလော်ကလည်း ခေါင်းညိတ်ကာ သဘောတူလိုက်၏။ ထိုအချိန်တွင် အနောက်မှနေ၍ လက်တစ်ဖက်က သူ(မ)၏အင်္ကျီလက်ကို လှမ်းဆွဲသည်ကို ဝေ့လော် သတိထားမိလိုက်သည်။ လှည့်ကြည့်လိုက်သောအခါ ချောင်ဟုန်က မျက်လုံးလေးပြူးကာ စကားတစ်ခွန်းမျှမပြောဘဲ သူ(မ)ကိုကြည့်နေလေ၏။ ချောင်ဟုန်က သူ(မ)ကို မလိုက်သွားစေချင်ပေ။ ထို့ပြင် ချောင်ဟုန်က လူအများရှေ့တွင်လည်း စကားမပြောချေ။ တစ်အိမ်ထဲတွင် အတူတူနေကြသည့်တိုင် တတိယအစ်ကို၊ စတုတ္ထအစ်ကိုတို့နှင့် မရင်းနှီးပေ။ သူတို့နှင့် ဆုံတွေ့လျှင်လည်း စကားပြော နှုတ်ဆက်လေ့မရှိချေ။ ယနေ့တွင်လည်း ဝေ့လော်ကြောင့်သာ စတုတ္ထအဒေါ်တို့အိမ်သို့ လာခဲ့ရခြင်းဖြစ်သည်။
ချောင်ဟုန် ဘာပြောချင်သည်ကို သိလိုက်သဖြင့် အားလော်က အံကြိတ်၍
“ချောင်ဟုန်လည်း လိုက်ချင်လို့လား။”
ဝေ့ချောင်ဟုန်က နှုတ်ခမ်းကိုစေ့ထားရင်း ခေါင်းခါပြ၏။ ချောင်ဟုန်က စုန့်ဟွေ့ကိုလည်း သဘောမကျ၊ ဦးလေးကျုံးယီအိမ်ကိုလည်း သဘောမကျချေ။ သူကိုယ်တိုင်လည်း မသွားချင်သောကြောင့် ဝေ့လော်ကိုလည်း မလိုက်စေချင်ပေ။ ထိုအချက်ကို အားလော်က မသိချင်ယောင်ဆောင်ထား၏။ စုန့်ဟွေ့၏ပုံစံကို သိရှိခဲ့ပြီးဖြစ်သောကြောင့် ယခုဘဝတွင် ဝေ့လော် စုန့်ဟွေ့နှင့် အလွန်တရင်းတနှီးနေမည်မဟုတ်ချေ။ စေ့စပ်ထားပြီးသား ဖြစ်သော်လည်း ဝေ့လော် သူ့ကိုလက်ထပ်မည်မဟုတ်ပေ။
အားလော်က ဝေ့ချောင်ရှန်းကို
“တတိယအစ်ကို။ ချောင်ဟုန်ကိုရော ခေါ်လို့ရလား။ သူ့ကိုတော့ စိတ်မပူပါနဲ့။ အားလော် သေချာထိန်းပါ့မယ်။”
ဝေ့ချောင်ရှန်းက သဘောတူလိုက်ပြီး
“ဒါဆို တတိယညီမလေးနဲ့ ပဥ္စမညီမလေးကိုလည်း ခေါ်လိုက်မယ်။ လူများတော့ ပိုပြီး တက်တက်ကြွကြွရှိတာပေါ့။”
ဝေ့ယာ၊ ဝေ့ကျန်းတို့နှင့် အပြင်သွားရခြင်းကို မနှစ်သက်သော်လည်း သူ့ကိုအားပေးမည့်လူအင်အား များနေခြင်းကလည်း တစ်မျိုးကောင်းပေသည်။ ပြိုင်ပွဲတွင်လည်း လူအင်အားအတောင့်အတင်းဖြင့် အကောင်းဆုံးယှဥ်ပြိုင်ကာ စုန့်ဟွေ့ကိုအနိုင်ယူမည်ဖြစ်သည်။
ဝေ့လော်က မျက်လုံးလှည့်လိုက်ပြီးနောက် ပြုံးကာ
“ကောင်းပြီလေ။ ဒါဆို အားလော်ပြန်ရောက်ရင် ဝေ့ကျန်းကိုပြောပြလိုက်မယ်။”
အားလုံးကို စီစဥ်ခဲ့ပြီးနောက် အားလော်နှင့် ချောင်ဟုန်တို့ စတုတ္ထမဒမ်၏အိမ်တွင် တစ်ခဏနေကာ သူတို့နှင့်အတူ နေ့လယ်စာစားပြီးမှ ထင်းရှူးဆောင်သို့ ပြန်ခဲ့ကြသည်။ အိမ်ပြန်ရောက်သော် အားလော်က မနက်ဖြန် ဦးလေးကျုံးယီအိမ်သို့ အလည်သွားမည့်ခရီးစဥ်အကြောင်း ဝေ့ကျန်းကိုပြောပြ၏။ ဦးလေးကျုံးယီအိမ်မှာ မဒမ်တု၏ ဆွေမျိုးအိမ်လည်းဖြစ်သောကြောင့် ဝေ့ကျန်းက ငြင်းဆန်ခြင်းမရှိဘဲ ချက်ချင်းသဘောတူလိုက်သည်။ ညနေ ဝေ့ကွမ်းပြန်လာသည့်အခါ အားလော်က ထိုအကြောင်းကို ဖခင်ဖြစ်သူအား ပြောပြပေမည်။ ဆရာက မနက်ဖြန်မှရောက်မည်ဖြစ်သောကြောင့် ချက်ချင်းစာမသင်လောက်သေးသဖြင့် ဝေ့ကွမ်းလည်း ကလေးများကို လျှောက်လည်ရန်ခွင့်ပြုနိုင်သည်။ လွန်ခဲ့သောရက်အနည်းငယ်ခန့်က အားလော်တွင် ထိတ်လန့်စရာကိစ္စနှင့် ကြုံခဲ့ရသောကြောင့် ယခုအစီအစဥ်မှာ အားလော်စိတ်ပြေနိုင်စေမည့် အကြောင်းအရာကောင်းတစ်ခုလည်း ဖြစ်လေသည်။
***
နောက်တစ်နေ့နံနက်တွင်။
ဝေ့ကွမ်းက ကလေး (၃)ယောက်ကိုခေါ်ကာ ဆရာ၊ ဆရာမတို့နှင့်တွေ့စေ၏။ ဆရာရွှယ်မှာ အသက် (၅၀)အရွယ် လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်။ ထို့ပြင် သူ၏ အရည်အချင်းများနှင့် အတွေ့အကြုံရှိပုံ၊ ပညာရှိပုံတို့က သူ့ပုံစံတွင် ထင်ဟပ်နေခဲ့သည်။ ဆရာစကားပြောသည့်အခါ မုတ်ဆိတ်မွှေးရှည်ကြီး လှုပ်ရှားနေဟန်ကလည်း အလွန်ထူးဆန်း၏။
ကျင့်ဝတ်များကိုသင်ကြားပေးမည့် ဆရာမမှာ ဟန်မျိုးနွယ်အမျိုးသမီးဖြစ်ပြီး ယခုနှစ်တွင် အသက် (၄၀)ပြည့်မည်ဖြစ်သည်။ နန်းတော်မှ မထွက်လာခင်က ဆရာမဟန်က အရင်ဘုရင်၏ကြင်ယာတော်ထံတွင် အစေခံအဖြစ် ခစားဖူးခဲ့သည့် ကောလာဟလများလည်းရှိသည်။ အရင်ဘုရင်၏ကြင်ယာတော်က ဆရာမဟန်၏ အလုပ်အပေါ် တိကျမှုများနှင့် စိတ်သဘောထားကို အလွန်သဘောကျပြီး ဆရာမဟန်၏ ရုပ်ရည်သွင်ပြင်ကို ထိန်းသိမ်းတတ်သည့် နည်းလမ်းကိုလည်း သဘောကျလေသည်။ ဆရာမဟန်မှာ အသက် (၄၀)ဟုဆိုသော်လည်း ဖြူဖွေးကောင်းမွန်သော အသားအရေ၊ ကျက်သရေရှိသော ကိုယ်ဟန်တို့ကြောင့် အသက်(၂၀) ဝန်းကျင်ဟုသာ ထင်ရသဖြင့် မဒမ်အများစုက သူ(မ)ကို အလွန်အားကျကြသည်။ နန်းတော်တွင် အလုပ်လုပ်ခဲ့သောနေ့ရက်များတွင် အရင်ဘုရင်၏ကြင်ယာတော်က သူ(မ)ဘက်တွင်ရှိခဲ့သောကြောင့် အမြဲလိုလို ဦးစားပေးခံရပြီး ဧကရာဇ်ထံမှလည်း ချီးကျူးစကားကို မကြာခဏကြားရလေသည်။
ဆရာမဟန်၏အတိတ်အကြောင်းကို သိထားပြီးနောက် ဝေ့လော်က တောက်ပနေသောမျက်လုံးများဖြင့် သူ(မ)ကို ကြည့်လိုက်သည်။
‘ဆရာမဟန်ရဲ့ လျှို့ဝှက်ချက်တွေကို ငါသင်ယူလို့ရရင် သိပ်ကောင်းမှာပဲ။ သူ(မ)က အပြင်ပန်းပုံစံ လှရုံမက စိတ်ထားကလည်း အရမ်းထားတတ်တာဆိုတော့ ကောင်းကျိုးတွေရတာ မထူးဆန်းတော့ဘူးလေ။’
အစီအစဥ်ဆွဲပြီးနောက် ဝေ့လော်က ရိုသေကျိုးနွံသောပုံစံဖြင့် ရှေ့သို့ထွက်ကာ ဆရာနှင့် ဆရာမကို နှုတ်ဆက်လိုက်သည်။ လက်ဖက်ရည်ပန်းကန်ကို တစ်ယောက်တစ်ခွက်စီ ကမ်းပေးလိုက်ခြင်းဖြင့် ဝေ့လော်က ရိုသသမှုကိုပြသလိုက်ပြီး ချိုသာသော အသံလေးဖြင့်
“ဆရာနဲ့ ဆရာမ။ လက်ဖက်ရည်လေး သုံးဆောင်ပါရှင့်။”
ဆရာရွှယ်က ခေါင်းညိတ်လိုက်ပြီး ဆရာမဟန်ကမူ ခပ်ဖွဖွပြုံးပြသည်။ ဝေ့လော်ဟူသည့် ကျောင်းသူလေးကို သူတို့ စိတ်ကျေနပ်သွားသည်မှာ သေချာလေသည်။ ချောင်ဟုန်ကလည်း ဝေ့လော် လက်ဖက်ရည်တိုက်သည့် အပြုအမူအတိုင်း နှေးတုံ့တုံ့နှင့် နောက်မှလိုက်လုပ်ခဲ့သည်။ သို့သော် ဝေ့ကျန်းကမူ စတွေ့ကတည်းက နှုတ်ခမ်းစူလျက် စိတ်ကောက်နေပြီး မျက်နာထားကလည်း အင်တင်တင်သာဖြစ်နေခဲ့သည်။ ဝေ့ကွမ်းက လှမ်းခေါ်မှသာ လက်ဖက်ရည်ကို ဖြည်းဖြည်းချင်းငှဲ့ပေးပြီး ဆရာ၊ ဆရာမတို့ကို နှုတ်ဆက်ခဲ့သည်။
ဝေ့ကျန်းနှင့်ယှဥ်လိုက်သော် ဝေ့လော်၏အလိုက်သိမှုက ပို၍ သိသာထင်ရှားသွားလေ၏။ ဆရာမဟန်မှာ နန်းတော်ထဲမှ အစေခံတစ်ယောက်ဖြစ်သော်လည်း အရင်ဘုရင်၏ကြင်ယာတော်နှင့် ရင်းနှီးသောကြောင့် လူအများက သူ(မ)ကို လေးလေးစားစားဆက်ဆံကြသည်။ ဆရာမတစ်ယောက်အဖြစ် လာရောက်သင်ပြပေးရန် ဝေ့ကွမ်းက ကမ်းလှမ်းဖိတ်ကြားသည့်အခါ သူ(မ)က သဘောမတူချင်ခဲ့သော်လည်း မြို့စားယင်း၏မျက်နှာကြောင့် ခေါင်းညိတ်ခဲ့သည်။ မြို့စားယင်း၏အိမ်တော်သို့မလာခင်က ထိုသခင်မလေးနှစ်ယောက်မှာ ကလေးဘဝကတည်းက အလိုလိုက်ခံရပြီး အသက်အရွယ်အားဖြင့်လည်း ငယ်သေးသောကြောင့် စည်းကမ်းမကျသေးဟု သူ(မ)ထင်ခဲ့သည်။ ထိုသခင်မလေးနှစ်ယောက်ထဲတွင် ထိုသို့ အလိုက်သိတတ်ပြီး ချစ်စရာမျက်နှာလေးဖြင့် ပါးချိုင့်နှစ်ဖက်ခွက်အောင် ပြုံးပြတတ်သည့် ကလေးတစ်ယောက်ရှိနေမည်ဟု သူ(မ) မထင်ထားခဲ့ချေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဝေ့လော်ကို သဘောကျသွားသည့် ဆရာမဟန်က ဆရာမအလုပ်ကို ခက်ခဲသည်ဟုလည်း မထင်တော့ချေ။
ဆရာနှင့် ဆရာမတို့ ညှိနှိုင်းကြပြီးနောက် အချိန်ဇယားတစ်ခုကို ဆုံးဖြတ်ပေးခဲ့ကြသည်။ မစ္စတာရွှယ်က မနက်ပိုင်းယူပြီး မစ္စဟန်က မွန်းလွှဲပိုင်းတွင် ကျင့်ဝတ်များအကြောင်း သင်ပေးမည်ဖြစ်သည်။ အတန်းများမှာလည်း မနက်ဖြန် စမည်ဖြစ်၏။ စည်းမျည်းများအကြောင်း အနည်းငယ်ရှင်းပြနေစဥ်တွင် အားလော်က ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေခဲ့သည်။ နာရီဝက်လောက်ကြာသော် သူတို့က ကလေးများကို လွှတ်ပေးလိုက်၏။ ဝေ့ချောင်ရှန်းကလည်း မစောင့်နိုင်တော့ဘဲ ထင်းရှူးဆောင်သို့ လာကြည့်ရန် သူ့လူများကို ခဏခဏစေလွှတ်နေခဲ့သည်။ ထို့ကြောင့် အားလော်တို့ ထွက်လာသည်နှင့် သူက ကလေးများကိုခေါ်ကာ ဦးလေးကျုံးယီအိမ်သို့ ဦးဆောင်သွားခဲ့လေတော့သည်။
*****
Aurora Novel Translation Team
Report content on this page