Chapter 13.1
မျက်လုံးတွင် အုပ်ထားသည့်အဝတ်ကို ဝေ့လော်ဖယ်ထုတ်လိုက်ပြီး အံ့အားသင့်စွာဖြင့်
“အားကျန်း။”
ကျန်မိန်းကလေးများလည်း ကူကယ်ရာမဲ့သည့်မျက်လုံးများဖြင့် အံ့အားသင့်နေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် မရိုးဖြောင့်သည့်အရိပ်အယောင် တစ်စုံတစ်ခုမျှမရှိနေကြချေ။ အားလော်က သူ(မ)ရှေ့တွင်မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ကြောက်လန့်သွားပုံရသည်။ စုန့်ဟွေ့၏ အဝတ်အစားများကို တင်းကျပ်စွာဆုပ်ထားပြီး သူ့ရင်ခွင်ထဲသို့တိုးဝင်ကာ ဝေ့ကျန်းကို သွားမကယ်စေရန် တားမြစ်နေ၏။
“အစ်ကိုစုန့်ဟွေ့။ အားလော် အရမ်းကြောက်တယ်။ ဝေ့ကျန်းက ဘယ်လိုဖြစ်ပြီး ရေထဲပြုတ်ကျသွားရတာလဲ။ သူ(မ) ရေကန်အစွန်းမှာရပ်နေတာ အားလော် တကယ်မသိလိုက်တာပါ။ သူ(မ)က အားလော်ကိုခေါ်ပြီး သူ(မ)ကို ဖမ်းပါလို့ ပြောနေတာ....”
စုန့်ဟွေ့က သူ(မ)၏နောက်ကျောကိုပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်ပြီး ဝေ့ကျန်းကိုကယ်ရန် လျောင်ယုကို လှမ်း၍အချက်ပြလိုက်သည်။ ထို့နောက် သူက ဝေ့လော်ကိုချီပြီး ကန်နံဘေးမှ လုံခြုံသည့်နေရာသို့ခေါ်သွားကာ
“အားလော်လေး။ မကြောက်နဲ့နော်။ အဆင်ပြေသွားမှာပါ။ အဲ့ဒီ့နေရာက အမြဲတမ်းရေစိုနေတော့ ချော်တယ်။ သေသေချာချာ သတိမထားရင် ရေကန်ထဲကိုကျသွားတတ်တယ်။ ဒီအကြောင်းတွေကို ကြိုမပြောပြမိတာ အစ်ကိုမှားတာပါ...”
လျောင်ယုမှာ ငယ်စဥ်ကတည်းက ကိုယ်ခံပညာကိုသင်ယူထားသောကြောင့် ခန္ဓာကိုယ်တောင့်တင်းပြီး ရေကူးလည်းကျွမ်းကျင်သည်။ ထို့ကြောင့် ရေကန်ထဲမှဝေ့ကျန်းကို အချိန်ခဏနှင့် ကယ်တင်လိုက်နိုင်ခဲ့၏။ အချိန်တစ်ခဏလေးသာ ကြာလိုက်သော်လည်း ဝေ့ကျန်းက ရေမွန်းသွားသောကြောင့် အတော်လေး ကြောက်လန့်သွားခဲ့သည်။ လျောင်ယုက သူ(မ)ကို ကယ်တင်လာပြီး မြေပြင်ပေါ်သို့ချပေးသည့်တိုင် အချိန်အတော်ကြာ အသိပြန်မဝင်လာဘဲ အေးစက်တုန်ယင်နေတော့သည်။ အားလော်ကို အန္တရာယ်ပေးချင်သည့် သူ(မ)စိတ်ကြောင့် သူ(မ)ကိုယ်သူ(မ) ပြန်၍ အန္တရာယ်ပြုမိခြင်းပင်။ ထို့ပြင် အသက်(၅)နှစ်သာရှိသေးသည့် ကလေးတစ်ယောက်ဖြစ်သောကြောင့် ထိုသို့ကြုံရသည့်အခါ ချက်ချင်းအော်ငိုပြီး မျက်ရည်ပေါက်ကြီးငယ် ကျလာတော့သည်။ ငိုနေရင်းနှင့် မျက်လုံးကိုလည်း လက်ဖြင့်ပွတ်သပ်နေ၏။ ထို့ပြင် ရေကန်ထဲသို့ကျသွားစဥ်က နှာခေါင်းကိုထိခိုက်မိထားသောကြောင့် နှာခေါင်းသွေးများလည်းထွက်နေလေသည်။ မျက်နှာကို ပွတ်သပ်နေသဖြင့် ထိုသွေးများက မျက်နှာတစ်ခုလုံးတွင်ပေကျံကာ ဝေ့ကျန်းမျက်နှာက ကြောက်စရာကောင်းနေတော့သည်။
ဝေ့ကျန်း၏ပုံစံကိုမြင်ပြီး နံဘေးမှလူတို့လည်း ကြောက်လန့်ကုန်ကြ၏။ ပထမဦးဆုံး တုံ့ပြန်ပြီး အပြေးရောက်သွားသူမှာ စုန့်ယုဝေဖြစ်သည်။ သူ(မ)က မိန်းကလေးအစေခံတစ်ယောက်၏ အပေါ်ထပ်အင်္ကျီကို အမြန်ယူကာ ဝေ့ကျန်း၏ပခုံးတွင် ခြုံထားပေးလိုက်ပြီး အဝတ်စတစ်ခုဖြင့် ဝေ့ကျန်းမျက်နှာပေါ်မှ သွေးများကို သုတ်ပေးလိုက်သည်။
“ခေါင်းမော့ထား။ ခေါင်းကိုမငုံ့နဲ့။ မဟုတ်ရင် နှာခေါင်းသွေးက ပိုထွက်လိမ့်မယ်။ ညီမလေးအားကျန်း။ ဘယ်လိုနေသေးလဲ။ နှာခေါင်းသွေးအပြင် တခြား ဘယ်နားမှာ ထိခိုက်တာရှိသေးလဲ။”
ဝေ့ကျန်းက ခက်ခက်ခဲခဲနှင့် အငိုရပ်လိုက်ပြီး ငိုသံဖြင့်
“မရှိ... မရှိတော့ပါဘူး။”
ဝေ့ကျန်းကို ယခုကဲ့သို့မြင်ရသဖြင့် စုန့်ယုဝေ အလွန်စိတ်မကောင်းဖြစ်နေပြီး တစ်ဖက်သို့လှည့်ကာ ဝေ့လော်အား
“အားကျန်းက ရေထဲပြုတ်ကျသွားတာကို သူ(မ)အစ်မဖြစ်တဲ့နင်က သိတောင်မသိလိုက်ဘူးလား။ နင်တို့နှစ်ယောက်လုံး ရေကန်အစွန်မှာ အတူတူရပ်နေတာကို ပြုတ်ကျတဲ့သူက အားကျန်းဖြစ်ပြီး ဘာလို့ နင်က အကောင်းအတိုင်းရှိနေရတာလဲ။”
စုန့်ယုဝေ၏စကားလုံးများမှာ ကျိုးကြောင့်သင့်လျော်ခြင်းမရှိချေ။ ဝေ့လော်နှင့် ဝေ့ကျန်းတို့ နှစ်ယောက်စလုံး ရေကန်အစွန်နားတွင် ရပ်နေသည်မှန်သော်လည်း အားလော်က မျက်လုံးကို အဝတ်ဖြင့်အုပ်ထားရလေသည်။ ထို့ပြင် ထိုအချိန်က ဝေ့လော်ကို ကန်စပ်သို့လာစေရန် မျှားခေါ်ခဲ့သူမှာ ဝေ့ကျန်းဖြစ်သည်။ မတော်တဆဖြစ်ပွားသည့်အခါမှ စုန့်ဟွေ့အမြန်ရောက်လာသောကြောင့် အားလော်ကို ကယ်တင်လိုက်နိုင်ခဲ့ခြင်းပင်။ စုန့်ယုဝေ၏ဘက်လိုက်မှုက သိသာလွန်းနေခဲ့သည်။
ထိုစကားကိုကြားသော် အနီးနားတွင်ရပ်နေသည့် လျောင်ယူရုန်ကလည်း အလွန်စိတ်ပျက်မိပြီး ချက်ချင်းပင် ပြန်တုံ့ပြန်လိုက်၏။
“အခု အစ်မယုဝေက အားလော်ကို အပြစ်တင်နေတာလား။ အဲ့ဒီ့အချိန်တုန်းက အားလော်က မျက်လုံးကိုအဝတ်နဲ့အုပ်ထားရလို့ ဘာမှမမြင်ရဘူးလေ။ ဒါပေမဲ့ ဝေ့ကျန်းက အားလုံးကိုမြင်နေရတယ် မဟုတ်ဘူးလား။ ဝေ့ကျန်းကိုယ်တိုင်ကပဲ ရေကန်အစွန်းကို သွားခဲ့လို့ သူ(မ)ကိုယ်တိုင် အဲ့ဒီ့နားကနေ အားလော်ကိုလှမ်းခေါ်နေတာကို တစ်ခုခုဖြစ်တော့ အားလော်ကို အစ်မကအပြစ်တင်ချင်သေးတာပေါ့။ ဒါကြီးက ဘယ်လိုသဘောတရားလဲ နားမလည်တော့ဘူး။ အစ်ကိုစုန့်ဟွေ့သာ အားလော်ကို အချိန်မီမကယ်လိုက်နိုင်ရင် အားလော်လည်း ရေထဲပြုတ်ကျသွားမှာပဲ။ ဘာလဲ။ အစ်မယုဝေက အစ်ကိုစုန့်ဟွေ့ အားလော်ကို ကယ်လိုက်လို့ မကျေနပ်တာလား။ ဝေ့ကျန်းကို မကယ်လို့ စိတ်ဆိုးနေတာလား။”
သူ(မ)၏ခွန်းတုံ့ပြန်မှုများက စုန့်ယုဝေကို တစ်ခဏမှင်တက်သွားစေခဲ့သည်။ လျောင်ယူရုန်နှင့် ဝေ့လော်တို့တွင် တူညီသောကျွမ်းကျင်မှုရှိ၏။ မွေးရာပါ စကားပြောကောင်းပြီး၊ အချက်ကျကျပြောဆိုတတ်သည်ဟုပင် လူကြီးများက ဆိုကြသည်။ အခြားသူများနှင့် စကားနိုင်လုရလျှင် သူတို့ ဘယ်တော့မှမရှုံးချေ။ ထို့ပြင် သူတို့နှစ်ယောက်မှာ အရင်းနှီးဆုံးသူငယ်ချင်းများလည်း ဖြစ်နေသေး၏။ ထို့ကြောင့် ယခုကဲ့သို့အခြေအနေတွင် မျက်နှာငယ်စရာမရှိခဲ့ချေ။
စုန့်ယုဝေက သက်ပြင်းအနည်းငယ်ချမိ၏။ လက်မလျှော့ချင်သေးသည့် သူ(မ)ကလည်း ကောင်းမွန်သော ဆင်ခြေတစ်ခုဖြင့် ပြန်လည်တုံ့ပြန်ရန် ပြင်ဆင်လိုက်သည်။
“ငါပြောချင်တာက...”
“ဝေဝေ။”
သူ(မ)အမည်ကိုလှမ်းခေါ်လိုက်သည့်အချိန်တွင် စုန့်ဟွေ့၏မျက်နှာထားက စိတ်ပျက်လက်ပျက်ရှိနေ၏။
“ကန်ရေက အေးတယ်။ ညီမလေးအားကျန်းကို အဝတ်အစားအမြန်လဲဖို့ ခေါ်သွားပေးလိုက်။ ဒီမှာနေပြီး အချိန်ဖြုန်းမနေနဲ့။”
စုန့်ဟွေ့၏လေသံမှာ စုန့်ယုဝေအား ထိုနေရာတွင်နေကာ ပြဿနာမရှာစေချင်တော့သည့် အဓိပ္ပာယ်ဖြစ်သည်။ စုန့်ယုဝေကလည်း ယခင်ကဲ့သို့ ရှက်စရာကောင်းသည့်ပုံစံမျိုးကို ပြန်မထိန်းထားတတ်တော့ချေ။ သူ(မ)၏စိတ်ထဲတွင် ဝေ့လော်တို့ကို ပြောဆိုချင်သေးသော်လည်း အစ်ကိုဖြစ်သူ၏စကားကိုလည်း မလွန်ဆန်ရဲပေ။ ရွေးချယ်စရာမရှိတော့သည့် သူ(မ)က မကြားတကြားရေရွတ်သံများ ပြောဆိုပြီး သူ(မ)၏အနောက်မှ အစေခံတစ်ယောက်အား အမိန့်ပေးလိုက်သည်။
“ညီမလေးအားကျန်းကို ကျွန်မအခန်းထဲ အမြန်ခေါ်သွားပြီး ကျွန်မအဝတ်အစားတွေနဲ့ အမြန်လဲပေးလိုက်ပါ။”
ဝေ့ကျန်း၏နှာခေါင်းသွေးလည်း ရပ်သွားလေပြီ။ သို့သော် သူ(မ)မျက်နှာက အလွန်ဖြူဖျော့ကာ အေးစက်နေ၏။ အစေခံက ချီ၍လာခေါ်သည့်အချိန်ထိတိုင် သူ(မ) တစ်ကိုယ်လုံး တုန်ယင်နေဆဲပင်။
‘ဒီလောက်ဆို ဝေ့ကျန်း သင်ခန်းစာရသွားလောက်ပါပြီ။’
စုန့်ဟွေ့ရင်ခွင်ထဲမှ ခေါင်းလေးထုတ်ကာ အစေခံနှင့်အတူ ထွက်သွားသည့်ဝေ့ကျန်းကို ဝေ့လော်လှမ်းကြည့်မိသည်။ သူ(မ)မျက်လုံးထဲတွင် အထင်သေးမှုများလည်း ရောင်ပြန်ဟပ်နေ၏။ ယခုတွေ့ကြုံရသည့် ဖြစ်ရပ်ကို စံနမူနာယူ၍ ဝေ့ကျန်း အနည်းငယ်ဉာဏ်ကောင်းလာရန် ဝေ့လော်မျှော်လင့်မိသည်။ မဟုတ်လျှင် ယခုကဲ့သို့ ခန့်မှန်းရလွယ်သည့် ကလေးကွက်များနှင့် ကစားရသည်မှာ အလွန်ပျင်းဖို့ကောင်းနေပေလိမ့်မည်။ ထိုအခါ ဝေ့လော် သူ(မ)နှင့်ကစားရန် စိတ်ရှည်တော့မည်မဟုတ်ချေ။
ဝေ့လော်၏ပခုံးများ ရုတ်တရက်လေးလံလာ၏။ သူ(မ)ခန္ဓာကိုယ်ကို အနွေးဓာတ်တစ်ခုက လွှမ်းခြုံထားသည်။ အားလော် တစ်ဖက်သို့ပြန်လှည့်ကြည့်လိုက်သည့်အခါ စုန့်ဟွေ့က သူ၏ အပြင်ဝတ်အပေါ်ထပ်ကိုချွတ်ကာ သူ(မ)ကို ခြုံပေးထားသည်ကို တွေ့ရ၏။ ထို့နောက် စုန့်ဟွေ့က သူ(မ)ခေါင်းကိုပုတ်ကာ
“အားလော်ရဲ့ အဝတ်အစားတွေလည်း စိုနေတာပဲ။ အဝတ်အစား လဲချင်သေးလား အားလော်။”
ဝေ့ကျန်း ရေထဲသို့ကျသွားခဲ့စဥ်က ဝေ့လော်ကိုလည်း ရေစင်သောကြောင့် အဝတ်အစားများ အတော်စိုသွားခဲ့သည်မှာ ယခုထိ ပြန်မခြောက်သေးချေ။ သို့သော် ဝေ့လော်က ခေါင်းခါလိုက်ပြီး ပေါ့ပေါ့ပါးပါးလေသံဖြင့်
“ခဏနေ ခြောက်သွားပါလိမ့်မယ်။ အဲ့လောက်ကြီးလည်း မစိုသွားပါဘူး။”
ထိုသို့ပြောလိုက်ပြီးနောက် အားလော် တစ်ခဏစဥ်းစားလိုက်ပြီး စုန့်ဟွေ့ကိုကြည့်ကာ ကျေးဇူးတင်စွာဖြင့်
“အားလော်ကို ကယ်ပေးခဲ့လို့ ကျေးဇူးပါနော် အစ်ကိုစုန့်ဟွေ့။”
တစ်စုံတစ်ခုကို တွေးမိလိုက်သောကြောင့် စုန့်ဟွေ့က ခပ်ဖွဖွပြောလိုက်သည်။ ထို့နောက် သူက
“ဘာကို အစ်ကို့ကိုကျေးဇူးတင်ပါတယ်လဲ။ ဒါက အစ်ကိုလုပ်သင့်တဲ့ အရာတစ်ခုပဲလေ။”
သူ အားလော်ကို ကယ်ခဲ့သော်လည်း အားကျန်းကို မကယ်နိုင်ခဲ့ပေ။ ထို့ကြောင့် ထိုလုပ်ရပ်မှာ ကျေးဇူးတင်စရာကောင်းလောက်အောင် မထိုက်တန်လှဟု သူယူဆသည်။
‘တကယ်ဆို သူတို့နှစ်ယောက်မှာ ဝေ့ကျန်းရဲ့အနေအထားက ပိုပြီးအန္တရာယ်ရှိနေတာကို ငါဘာဖြစ်လို့ ဝေ့ကျန်းကို အရင်မကယ်ခဲ့တာပါလိမ့်။’
ဝေ့ကျန်းမှာ သူနှင့်နီးနီးကပ်ကပ်မရှိသေးသောကြောင့် ခပ်များများမစဥ်းစားလိုက်ဘဲနှင့် အားလော်ကို အရင်ကယ်လိုက်မိသည်ဟု သူယူဆလိုက်သည်။ စုန့်ဟွေ့ ခေါင်းကိုငုံ့၍ ဝေ့လော်၏ မျက်ဝန်းနက်များကို ကြည့်နေရင်း သူ့နှလုံးသားတွင် နူးညံ့သွားခဲ့သည်။ ထို့နောက် အင်္ကျီအိတ်ကပ်ထဲမှ တစ်ခုခုကို ထုတ်လိုက်၏။ ၎င်းမှာ ဝေ့လော် အစောပိုင်းက လောင်းကြေးထည့်ထားသည့် လိပ်ပြာပုံစံရှိသော ငွေရောင်အသက်စောင့်လောကတ်သီးလေးပင်။ ထိုလည်ဆွဲလေးကို သူ(မ)လည်ပင်းတွင် ပြန်ဆွဲပေးလိုက်ပြီး သူက
“ဒီသက်စောင့် လောကတ်သီးလေးက အရင်တစ်နှစ် ညီမလေးမွေးနေ့တုန်းက အစ်ကိုမွေးနေ့လက်ဆောင်ပေးထားတဲ့ လောကတ်သီးလေးလေ။ ဒါကို ဘာလို့ လောင်းကြေးထပ်လိုက်ရတာလဲ။ ပြီးတော့ လောင်းတော့လည်း အစ်ကို့ဘက်ကနေလောင်းတာလည်း မဟုတ်ဘူး။ အားလော်က ဒီပွဲမှာ အစ်ကိုစုန့်ဟွေ့နိုင်မယ်လို့ ယုံကြည်ချက်မရှိဘူးပေါ့။”
အားလော် စိတ်ရှုပ်ထွေးသွား၏။ ထိုလောကတ်သီးလေး၏ မူလဇစ်မြစ် ဘယ်ကလာသည်ကို သူ(မ) လုံးဝမေ့သွားခဲ့သည်။ နှစ်တိုင်း မွေးနေ့ပွဲတွင် ရရှိသောလက်ဆောင်များက အလွန်များသောကြောင့် ခေါင်းကိုက်ရလေရာ လက်ဆောင်တစ်ခုချင်းကို သူ(မ)မည်သို့ မှတ်မိနိုင်လိမ့်မည်နည်း။ ထို့ပြင် ထိုလောကတ်သီးလေးကို စုန့်ဟွေ့ပေးခဲ့သည်မှာ မနှစ်ကဖြစ်၏။ အချိန်အားဖြင့် တစ်နှစ်သာကြာသေးသော်လည်း ၎င်းမှာ အားလော်၏မှတ်ဉာဏ်ထဲတွင် အတော်ကြာနေပြီဖြစ်သောကြောင့် ပြန်မမှတ်မိတော့ချေ။ သူ(မ) ယနေ့ အပြင်ထွက်လာစဥ်က ထိုလည်ဆွဲကို အစ်မကျင်းလုဝတ်ခိုင်းသောကြောင့်သာ ဝတ်လာခဲ့သည်။ စုန့်ဟွေ့သာ ထုတ်မပြောပါက သူ(မ)ယခုထိ သိလိမ့်ဦးမည်မဟုတ်ပေ။
ဝေ့လော် ထိုလောကတ်သီးလေးကို ကိုင်ကြည့်လိုက်ပြီး သူ့ကိုရှင်းပြ၏။
“အစ်ကိုစုန့်ဟွေ့နိုင်မယ်ဆိုတာ ဝေ့လော် သိပါတယ်။ အဲ့ဒါကြောင့်လည်း တတိယအစ်ကိုဘက်ကနေ လောင်းခဲ့တာပေါ့။ တကယ်လို့ အားလော်ကလည်း အစ်ကိုစုန့်ဟွေ့ဘက်ကနေ လောင်းခဲ့မယ်ဆိုရင် တတိယအစ်ကိုဘက်မှာ လောင်းမဲ့သူ ရှိတော့မှာမဟုတ်ဘူးလေ။ အဲ့အခါကျရင် တတိယအစ်ကိုက ဘယ်လိုလုပ် စိတ်ကောင်းပါ့မလဲ။”
ထိုသို့ လောင်းကြေးထပ်ရာတွင် ဝေ့လော် ထိုမျှစဥ်းစားခဲ့လိမ့်မည်ဟု စုန့်ဟွေ့ မထင်ထားခဲ့ပေ။ ဝေ့လော်၏အပြောကို ကျေနပ်သွားပြီး သူက
“ဪ အဲ့ဒီလိုကိုး။ ငါတို့အားလော်လေးက တကယ် သိတတ်တာပဲ။”
အစောပိုင်းတုန်းက သူခံစားခဲ့ရသည့် ခံပြင်းခြင်းတို့ ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။
‘(၆)နှစ်အရွယ် ကလေးတစ်ယောက်နဲ့ ဒီလိုအခြေအနေမျိုးမှာ ငါကဘာလို့ ပြဿနာရှာနေရမှာလဲ။ ပြီးတော့ သူ(မ)ကိုယ်တိုင်ကလည်း ကျိုးသင့်ကြောင်းသင့် လုပ်ခဲ့တာပဲလေ။’
စုန့်ဟွေ့က သူ(မ)၏နှာခေါင်းလေးကို ခပ်ဖွဖွပုတ်လိုက်ပြီး
“အခုကစပြီး ဒီသက်စောင့် လောကတ်သီးလေးကို အမြဲဝတ်ထားတော့နော်။ နောက်တစ်ခါ ဒီလိုမျိုး လွယ်လွယ်မချွတ်ပေးနဲ့ ကြားလား။ မဟုတ်ရင်တော့ အစ်ကိုစုန့်ဟွေ့က စိတ်ဆိုးမှာ။”
ဝေ့လော် နားလည်လိုက်သော်လည်း တမင်တကာ ထပ်မေးလိုက်၏။
“ဒါဆို ရေချိုးရင်ရော မချွတ်ရဘူးပေါ့။”
စုန့်ဟွေ့က ရွှင်ပြစွာရယ်မောပြီး ကြည်လင်နေသောအသံဖြင့်
“အဲ့လိုတော့ ချွတ်လို့ရပါတယ်ဟ။ အရူးမလေး။ ရေချိုးရင်တော့ ဆွဲကြိုးကို ဘယ်လိုလုပ် ဝတ်ချိုးလို့ရမှာလဲ။”
ဝေ့လော် တုံးအ,သောကြောင့် ထိုမေးခွန်းကို မေးလိုက်ခြင်းမဟုတ်။ စုန့်ဟွေ့၏ တုန့်ပြန်ချက်ကို မြင်တွေ့လိုရုံမှတစ်ပါး အခြားမရှိချေ။ သို့သော် နောက်ဆုံးတွင်လည်း စုန့်ဟွေ့က သူ(မ)ကို (၆)နှစ်အရွယ် ကလေးတစ်ယောက်အဖြစ်သာ ဆက်ဆံနေဆဲပင်။ ဝေ့လော် ခေါင်းကိုငုံ့၍ လည်ပင်းပေါ်မှ သက်စောင့်လောကတ်သီးလေးနှင့် ကစားနေ၏။ ယခုလက်ရှိတွင် သူ(မ)ခန္ဓာကိုယ်က အသက်(၆)နှစ်အရွယ်သို့ ပြန်ရောက်သွားပြီဖြစ်သောကြောင့် ဟန်မဆောင်နေသင့်တော့ချေ။ စုန့်ဟွေ့က သူ(မ)ကိုအနိုင်ရသွားသော်လည်း နောင်တွင် သူ့ကိုအနိုင်ပြန်ယူရန် အားလော်ကြိုးစားပေမည်။
*****
Aurora Novel Translation Team
Report content on this page