no

Font
Theme

Chapter 33.1

ဂင်ဂိုဆောင်မှ အစေခံများက သတင်းကို ဝေ့ကွမ်းအား အကြောင်းကြားရန် ထင်းရှူးဆောင်သို့ သွားခဲ့ကြသည်။ ထိုအချိန်တွင် ဝေ့ကွမ်းက ဝေ့လော်ကို စာရေးနည်း သင်ပေးနေဆဲဖြစ်၏။ ဝေ့လော်၏လက်မှာ သေးငယ်သောကြောင့် စာရေးသည့် စုတ်တံကို သေသေချာချာမကိုင်နိုင်သေးချေ။ ထို့ကြောင့် စုတ်ချက်တစ်ချက်ချင်းစီကို သေသေချာချာရေးနိုင်ရန် ဝေ့ကွမ်းက သူ(မ)လက်ကိုကိုင်၍ သင်ပေးနေခြင်းဖြစ်သည်။


"ဆိတ်ငြိမ်သော"ဟူသည့် တရုတ်စာလုံးကို သင်ကြားပေးပြီးနောက် အစေခံတစ်ယောက် အလျင်စလို ရောက်လာလေသည်။


"သခင်ကြီး။ မဒမ် ကလေးမွေးတော့မယ်။"


စုတ်တံကိုင်ထားသော ဝေ့ကွမ်း၏လက်မှာ ချက်ချင်း တောင့်တင်းသွားလေ၏။ သူချက်ချင်း တံခါးဘက်သို့ လှည့်ကြည့်လိုက်သည်။ ဟုန်ယာမှာ မဒမ်တုကို ခစားနေရသည့် အစေခံမိန်းကလေးတစ်‌ယောက် ဖြစ်သည်။ ဂင်ဂိုဆောင်မှနေ၍ ထင်းရှူးဆောင်သို့ ပြေးလာခဲ့ရသောကြောင့် သူ(မ) မောဟိုက်နေသဖြင့် စည်းမျဥ်းစည်းကမ်းများကိုလည်း သေသေချာချာ မလိုက်နာနိုင်တော့ချေ။


ဝေ့ကွမ်း မျက်မှောင်ကြုတ်လိုက်ပြီး စုတ်တံကိုချကာ


"မွေးဖို့က အချိန်မကျသေးဘူး မဟုတ်လား။"


မဒမ်တု၏ကိုယ်ဝန်မှာ မတ်လတွင် တစ်လသာရှိသေး၏။ တွက်ချက်ကြည့်ရလျှင် နိုဝင်ဘာနှောင်းပိုင်းမှ ကလေးမွေးချိန်ရောက်မည်ပင်။ ယခုတွင်မူ နိုဝင်ဘာလ အစောပိုင်းသာရှိသေးသောကြောင့် သားမဖွားနိုင်လောက်သေးချေ။


ထိုအခါ ဟုန်ယာက ရှင်းပြလိုက်၏။


"မနေ့က နှင်းကျတော့ မဒမ်က ခြံထဲမှာ လမ်းလျှောက်ထွက်ချင်တယ်ဆိုပြီး သွားခဲ့ပါတယ်။ ဒါပေမဲ့ လှေကားတွေက ချော်နေတာကို ဘယ်သူမှ သတိမထားမိခဲ့တာမို့ မဒမ် အမှတ်တမဲ့ဆင်းလိုက်တဲ့အချိန်မှာ ခြေချော်ပြီး ပြုတ်ကျသွားတာပါ။"


ထိုအချိန်က ဟုန်ယာနှင့် လုရီ အစေခံနှစ်ယောက်မှာ အဝတ်လျှော်နေကြလေ၏။ ဂင်ဂိုဆောင်တွင် အခြားအစေခံများ မရှိသောကြောင့် အလုပ်များအားလုံးကို သူတို့နှစ်ယောက်တည်း လုပ်ကိုင်ခဲ့ရသည်။ ၎င်းမှာ တိုက်ဆိုင်သွားသည့် ဖြစ်ရပ်တစ်ခုပင်။ သူတို့ မဒမ်တုကို သေသေချာချာ မစောင့်ကြည့်လိုက်နိုင်ခင်တွင် မျက်စိတစ်မှိတ်အတွင်း မတော်တဆဖြစ်သွားခဲ့လေသည်။


ဟုန်ယာနှင့် လုရီတို့မှာ မဒမ်တုကို ခစားရန်အတွက် ဂင်ဂိုဆောင်သို့ အတင်းအကျပ် စေလွှတ်ခံခဲ့ရခြင်းဖြစ်သည်။ ယခင်ကတည်းက သူ(မ)အပေါ် မကျေမနပ်ဖြစ်မိသော်လည်း အတတ်နိုင်ဆုံး ကြိုးစားကာ အလုပ်လုပ်ခဲ့ကြသည်။ သို့သော် နောက်ဆုံးတွင် မဒမ်တုမှာ မြို့စားယင်းမိသားစု၏ ပဥ္စမမဒမ်ဖြစ်နေသောကြောင့် မဒမ်တု တစ်ခုခုဖြစ်ပါက သူတို့ သေချာပေါက် အပြစ်ပေးခံရမည်ပင်။ ထို့ကြောင့် ယခုအခြေအနေတွင်လည်း သူတို့ ကြောက်လန့်တုန်လှုပ်နေကြသည်။


ဝေ့ကွမ်းက


"ဒါဆိုရင် လက်သည်ခေါ်ဖို့ လူလွှတ်ပြီးပြီလား။"


ဟုန်ယာက ခေါင်းငုံ့လိုက်ပြီး


"မခေါ်ရသေးပါဘူး သခင်ကြီး။ ကိစ္စတွေက အရေးပေါ်ဖြစ်နေတော့ ကျွန်မတို့ မဒမ့်ကို အခန်းထဲပြန်ပို့ရုံလောက်ပဲ အချိန်ရလိုက်လို့ပါ။"


ထို့ပြင် မဒမ်တုမှာ အပြစ်ပေးခံနေရဆဲဖြစ်ပြီး ပဥ္စမသခင်ကြီးကလည်း သူ(မ)ကို စိတ်ဆိုးနေဆဲဖြစ်သည်။ ထို့ကြောင့် ပဥ္စမသခင်ကြီး၏ရှေ့တွင် မဒမ်တုအကြောင်း မည်သူမျှ ထုတ်မပြောရဲကြချေ။ ယခုဆိုလျှင် မဒမ်တုထံသို့ အပြေးရောက်သွားသည့် လက်သည်တစ်ယောက်မျှပင် မရှိနေခဲ့ပေ။ ထိုအချိန်တွင် မထင်မှတ်ထားသော နာကျင်မှုကြောင့် မဒမ်တုမှာ အိပ်ရာထဲတွင် ငိုယိုအော်ဟစ်နေရလေသည်။


ဝေ့ကွမ်းက ထိုအကြောင်းကို စဥ်းစားလိုက်ပြီး


"လက်သည်တစ်ယောက် ရှာပြီး ဂင်ဂိုဆောင်ကို ခေါ်သွားလိုက်။ ကလေးမွေးပြီးမှ ကျန်တဲ့ကိစ္စတွေ ဆက်ဆုံးဖြတ်မယ်။"


ဝေ့ကွမ်း၏အမိန့်ကို ကြားလိုက်ရပြီးနောက် ဟုန်ယာလည်း အချိန်ဆွဲမနေတော့ဘဲ အမြန်ထွက်သွားလေ၏။ ဝေ့လော်မှာ ဝေ့ကွမ်း၏ပေါင်ပေါ်မှ ဆင်းလိုက်ပြီး ဟုန်ယာထွက်သွားသည့်ဘက်ကို လိုက်ကြည့်လိုက်သည်။ အချိန်အတော်ကြာသည်အထိ ဝေ့လော် စကားမပြောခဲ့ပေ။


မမွေးလာသေးသည့် ထိုကလေးမှာ မဒမ်တုအတွက် အကာအကွယ် အဆောင်လက်ဖွဲ့တစ်ခုလို ဖြစ်နေလေ၏။ သူ(မ) ယောက်ျားလေးမွေးပါက ဝေ့ကွမ်းက သူ(မ)ကို ဂင်ဂိုဆောင်မှ ပြန်ခေါ်တော့မည်ပင်။ ထိုအဖြစ်အပျက်မျိုးကို ဝေ့လော် အဖြစ်မခံနိုင်ချေ။ သူ(မ) လျင်မြန်စွာ စဥ်းစားလိုက်ပြီးနောက် စကားတစ်ခွန်းမျှ မပြောဘဲ အပြင်သို့ ပြေးထွက်သွားလိုက်သည်။


ထိုအခါ ဝေ့ကွမ်းက သူ(မ)ကို လှမ်းခေါ်လေ၏။


"အားလော်။ ဘယ်သွားမလို့လဲ။"


ဝေ့လော်မှာ ရပ်နားခြင်းမရှိဘဲ တတ်နိုင်သမျှ မြန်မြန်ပြေးလေသည်။ ထို့ကြောင့် လမ်းတွင်လည်း အစေခံမိန်းကလေးများနှင့် တိုက်မိခဲ့သေးသည်။ နောက်ဆုံးတွင်မူ ဝေ့ချောင်ဟုန်၏အခန်းရှေ့တွင် ဝေ့လော် ရပ်လိုက်တော့သည်။


ဝေ့ကွမ်းလည်း သူ(မ)နောက်မှ အမှီလိုက်လာ၏။ ထူးဆန်း‌သော အပြုအမူများကြောင့် ဝေ့လော် တစ်ခုခုဖြစ်မည်ကို သူစိုးရိမ်ခဲ့သော်လည်း ထိုသို့ ပြေးလွှားနေခြင်းမှာ ချောင်ဟုန်ဆီသို့ သွားခြင်းဖြစ်လိမ့်မည်ဟု ဝေ့ကွမ်းမထင်ထားခဲ့ပေ။ ထိုအခါမှသာ သူ သက်ပြင်းချနိုင်တော့လေ၏။ ဝေ့ကွမ်းက ထိုင်ချလိုက်ပြီး ဝေ့လော်၏ပခုံးပေါ်သို့ လက်တင်ကာ


"ချောင်ဟုန်ကို တွေ့ချင်တာနဲ့ပဲ ဘာဖြစ်လို့ ဒီလောက်အရေးတကြီး ပြေးလွှားနေရတာလဲ အားလော်ရယ်..."ထိုမေးခွန်းကို ပြီးအောင်မမေးလိုက်နိုင်ခင် ဝေ့ကွမ်းရပ်လိုက်လေ၏။ အကြောင်းမှာ ဝေ့လော်၏မျက်နှာတွင် မျက်ရည်များစများကို မြင်လိုက်ရသောကြောင့်ပင်။ ဝေ့လော်မှာ စကားတစ်ခွန်းမျှမပြောဘဲ ငိုနေလေသည်။ မျက်ရည်များကလည်း တစ်လှိမ့်ပြီးတစ်လှိမ့် မျက်နှာတစ်ခုလုံးပေါ်သို့ စီးကျလာ၏။ သူ(မ)ပုံစံမှာ အတော်လေး သနားစရာကောင်းနေတော့သည်။


နောက်ဆုံးတွင် သူ(မ) စကားပြောလိုက်လေသည်။


"အဖေ... အဖေက အားလော်တို့ကို မလိုချင်တော့ဘူး မဟုတ်လား။ အားလော် အရမ်းဝမ်းနည်းတာပဲ။"


လွန်စွာချစ်ခင်ရသော သမီးလေးအတွက် ဝေ့ကွမ်း စိတ်မကောင်းဖြစ်သွားသည်။ ထို့နောက် အင်္ကျီလက်ကို ခပ်ဖွဖွယူ၍ ဝေ့လော်ကို မျက်ရည်သုတ်ပေးလိုက်ပြီး အသံညင်သာစွာဖြင့်


"ဘာဖြစ်လို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေရတာလဲ သမီးရဲ့။ အဖေက ဘာလို့ သမီးတို့ကို မလိုချင်ရမှာလဲ။ အဖေက သမီးနဲ့ ချောင်ဟုန်ကို အချစ်ဆုံးပဲ။"


ဝေ့လော် ရှိုက်ငိုလိုက်ပြီး မသဲကွဲသောအသံဖြင့်


"မဒမ် ကလေးမွေးပြီးသွားရင် အဖေက အဲ့ဒီ့က‌လေးကို ချစ်ပြီး အားလော်တို့ကို မချစ်တော့ဘူး မဟုတ်လား..."


ဝေ့ကွမ်း မှင်တက်မိသွား၏။ သမီးဖြစ်သူ ဝေ့လော်မှ ထိုမျှ အရာအားလုံးကို နားလည်နေလိမ့်မည်ဟု ဝေ့ကွမ်း မထင်ထားခဲ့ချေ။ ကလေးတစ်ယောက်၏ အလိုလိုသိစိတ်မှာ လွန်စွာတိကျပေ၏။ ဝေ့ကွမ်းက ဖုံးကွယ်ထားသည့်တိုင် သူ(မ) သတိပြုမိခဲ့သေးလေသည်။ ဝေ့လော်မှာ အပြစ်ကင်းစင်သည့် ကလေးငယ်တစ်ယောက်သာ ဖြစ်သေးသော်လည်း သူ(မ)စိတ်ထဲတွင် ပူပန်မှုများစွာဖြင့် ပြည့်နှက်နေရလေသည်။


ဝေ့ကွမ်း နောင်တရမိ၏။ ဝေ့လော်ရှေ့တွင် ဒူးထောက်ကာ သူ(မ)ကို ဖက်ထားလိုက်ရင်း ခေါင်းလေးပုတ်ပေး၍ ပြန်ချော့လိုက်ရတော့သည်။


"အားလော်လေးရယ်။ ဒါတွေကို ကြံဖန်ပြီး မကြောက်ပါနဲ့။ မဒမ်က ကလေးတစ်ယောက် ထပ်မွေးတယ်ဆိုရင်တောင် အဖေက သမီးတို့နှစ်ယောက်ကို အချစ်ဆုံးပါပဲ။"


အပြင်ဘက်မှ အသံများကိုကြားသဖြင့် ချောင်ဟုန် တံခါးဖွင့်လိုက်၏။ တံခါးဝတွင် ဝေ့လော်ငိုနေသည်ကို မြင်သောအခါ ချောင်ဟုန်၏မျက်နှာထား ပြောင်းလဲသွားလေသည်။


"အားလော်။"


ဝေ့လော်က မျက်ရည်များကို သုတ်လိုက်ပြီး ဝေ့ကွမ်း၏ပခုံးကို မှီထားလိုက်သည်။ ထို့နောက် ချောင်ဟုန်ကို မျက်လုံးနီများဖြင့် လှမ်းကြည့်လိုက်၏။ ချောင်ဟုန်က သူ(မ)အနားသို့ ကပ်လာပြီး


"နင် ငိုနေတာလား။"


သူ(မ) ငိုနေသည့်အကြောင်းအရင်းကို ချောင်ဟုန်အား မသိစေချင်ခဲ့ပေ။ အကြောင်းမှာ ထိုမျက်ရည်များက ဝေ့ကွမ်းကို လှည့်ဖျားရန်အတွက် အသုံးချခဲ့သည့် မျက်ရည်တုများသာ ဖြစ်နေသောကြောင့်ပင်။


ဝေ့လော် မျက်လုံးကိုပွတ်လိုက်ပြီး


"ဒီနေ့ အရမ်းအေးတာပဲ။ အရမ်းအေးလို့ မျက်ရည်တောင်ကျတယ်။"


ချောင်ဟုန်မှာ အရူးတစ်ယောက်မဟုတ်သောကြောင့် ထိုစကားကို အဓိပ္ပာယ်မရှိကြောင်း ချက်ချင်းသိလိုက်လေသည်။


"အဓိပ္ပာယ်မရှိတာ။ ရာသီဥတုအေးတာနဲ့ နင်ငိုတာနဲ့ ဘာဆိုင်လဲ။"


ဝေ့လော်က အလျှော့မပေးသော မျက်နှာထားဖြင့် ထိုစကားကို အမှန်ဟုသာ ပြောဆိုနေတော့သည်။ ထိုအခါ ချောင်ဟုန်က နှုတ်ခမ်းကိုစေ့၍ သူ(မ)ကိုကြည့်လိုက်၏။ ချောင်ဟုန်မှာ ငြင်းခုံရသည့်ပညာရပ်တွင် မကျွမ်းကျင်သောကြောင့် သူ(မ)၏ အဓိပ္ပာယ်မရှိသော စကားကိုသာ လက်ခံလိုက်ရလေတော့သည်။


——–


ဂင်ဂိုဆောင်တွင်။


မဒမ်တု၏အိပ်ခန်းထဲသို့ မဝင်ကြည့်လျှင်ပင် မဒမ်တု၏အော်သံကို ကြားနိုင်လေ၏။ ဝေ့ကွမ်းက အပြင်ဘက်တွင် ရပ်နေပြီး ထိုသတင်းကိုကြားသည့်အခါ စတုတ္ထမဒမ်လည်း အပြေးအလွှား ရောက်လာခဲ့သည်။ ဝေ့လော်မှာ အနီရောင်ပျိုနီပန်းများနှင့် အလှဆင်ထားသော ခြုံထည်ကြီးတစ်ခုကို ခြုံထားသည်။ သူ(မ)နှင့် ချောင်ဟုန်က ထင်းရှူးပင်အောက်မှ နှင်းများနှင့် ကစားနေကြလေ၏။ အချင်းချင်း နှင်းလုံးများဖြင့် ပစ်ခတ်နေရင်း တစ်ခဏကြာသော် သူတို့နှစ်‌ယောက်လုံး နှင်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ထိုသို့ဖြင့် နှင်းလုံးတစ်လုံးက ဝေ့ကွမ်း၏နံဘေးတွင်ရပ်နေသော ဝေ့ကျန်း၏ခြေထောက်ကို ထိမှန်သွားတော့သည်။ ထိုအခါ ဝေ့ကျန်းက မျက်လုံးနီများဖြင့် သူတို့ကို စိုက်ကြည့်လိုက်လေ၏။


ထို့နောက် သူ(မ)က ဝေ့ကွမ်း၏အင်္ကျီစကို ဆွဲလိုက်ပြီး


"အဖေ... သမီးအမေ မသေပါဘူးနော်။"


ဝေ့ကွမ်းက ချောင်ဟုန်နှင့် အားလော်တို့ကို စောင့်ကြည့်ပေးရန် စတုတ္ထမဒမ်ကို တောင်းဆိုခဲ့၏။ နှင်းများထဲတွင် ကြာကြာကစားပါက အ‌အေးမိမည်ကို စိတ်ပူသောကြောင့်ပင်။


ဝေ့ကျန်း၏မေးခွန်းကိုမူ သူတစ်ခဏ စဥ်းစားကြည့်လိုက်ပြီးနောက်


"အင်း။ မသေပါဘူး။"


မျှော်လင့်ထားသည့်အတိုင်း ထိုစကားများက ဝေ့ကျန်းကို စိတ်သက်သာရာရသွားစေခဲ့သည်။ ထိုအခါ ဝေ့ကျန်းလည်း စိတ်ရှည်စွာဖြင့် ငြိမ်ငြိမ်သက်သက် စောင့်ဆိုင်းနေတော့သည်။


အခန်းထဲမှ အော်သံများမှာ မနက်ကတည်းက ညနေအထိ မရပ်နားခဲ့ပေ။ အစပိုင်းတွင် အော်သံက ပြင်းထံကာ တုန်ခါနေသော်လည်း နောက်ဆုံးတွင်မူ အသက်ရှူသံ ခပ်တိုးတိုးသာ ကြားရတော့သည်။ ယခုတစ်ကြိမ် ကလေးမွေးခြင်းမှာ ပထမတစ်ကြိမ်ထက်ပို၍ များစွာနာကျင်လေ၏။ မွေးချိန်မရောက်ဘဲ မွေးရသည့် ကလေးဖြစ်သော်လည်း မိခင်နှင့် ကလေးနှစ်ယောက်စလုံး ဘေးကင်းနေသည်မှာ ကံကောင်းလွန်းသည်ဟု ဆိုရပေမည်။ ညရောက်သောအခါ ကောင်းကင်တွင် ကြယ်များလင်းလက်နေချိန်၌ ဂင်ဂိုဆောင်တွင် ကလေးငိုသံတစ်ခု ကြားလိုက်ရလေသည်။ ထိုကလေးငိုသံ၏ အနောက်တွင် လက်သည်အမျိုးသမီး၏ ဝမ်းသာသောအသံတစ်ခုလည်း ထွက်ပေါ်လာလေ၏။"ကလေး မွေးပါပြီ။"


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment