Chapter 10.2
ဝေ့လော်ရှေ့တွင် ချပေးလိုက်သည့် ငါးမန်းဆူးတောင်ပေါက်စီပန်းကန်ကို ဝေ့ကျန်းစိတ်ပူပန်စွာကြည့်နေ၏။ သူ(မ)ရှေ့တွင် ကျန်နေသည့် ပန်းကန်များမှာ မုန့်ပေါင်းနှင့် ရာသီပေါ်အရွက်သုပ်တစ်မျိုးဖြစ်ရာ သူ(မ)မကြိုက်ချေ။ ဝေ့လော်ကလည်း ဝေ့ကျန်း၏အကြည့်ကို မမြင်ချင်ယောင်ဆောင်၍ ငါးမန်းဆူးတောင်ပေါက်ဆီကို တူဖြင့်ယူကာ ချောင်ဟုန်ကိုလည်းထည့်ပေးလိုက်သေးသည်။
“ချောင်ဟုန်။ များများစားနော်။ စတုတ္ထအဒေါ်ကပြောတယ် များများစားရင် အရပ်မြန်မြန်ရှည်လာမှာတဲ့။”
ထိုစကားကိုကြားပြီးနောက် ချောင်ဟုန်က သူ(မ)ကိုမော့ကြည့်ကာ
“ဒါကိုစားရင် ငါက နင့်ထက်အရပ်ပိုရှည်သွားမှာလား။”
လက်ရှိ သူတို့အရွယ်တွင် မိန်းကလေးများက ယောက်ျားလေးများထက် ပို၍ထွားတတ်၏။ တစ်ရက်တည်းတွင်မွေးသော အမြွှာမောင်နှမဖြစ်သော်လည်း အားလော်က ချောင်ဟုန်ထက် လက်မအနည်းငယ် အရပ်ပိုရှည်နေလေသည်။
အားလော်က ပြုံးကာ ခေါင်းညိတ်ပြ၏။
“အင်း။ ရှည်လာမှာပေါ့။”
အားလော်က ချောင်ဟုန်နှင့်အတူ စကားပြော၊ ရယ်မောရင်းနှင့် တစ်ခါတစ်ရံ ဝေ့ကွမ်းနှင့်လည်း စကားလှည့်ပြောသေးသည်။ သို့သော် မည်သူကမျှ ဝေ့ကျန်းကို စကားစမပြောကြသောကြောင့် ဝေ့ကျန်းမှာ အပြင်လူတစ်ယောက်လိုဖြစ်နေခဲ့သည်။ ယခင်ကမူ ထိုနေရာတွင် မဒမ်တုရှိတတ်သောကြောင့် ဝေ့ကျန်းကို အထီးမကျန်စေခဲ့ပေ။ ထို့ပြင် အသက်(၅)နှစ်ရှိပြီဖြစ်သည့်တိုင် ဝေ့ကျန်းကို မဒမ်တုက ကိုယ်တိုင်ထမင်းခွံ့သေး၏။
အားလော်နှင့် ချောင်ဟုန်တို့ မနက်စာစားပြီးသွားသည့်အခါမှသာ ဝေ့ကျန်းက နှေးတုံ့တုံ့ဖြင့် မုန့်ကိုလှမ်းယူလိုက်သည်။ ဝေ့ကွမ်းက မျက်ခုံးပင့်လိုက်ပြီး ကလေးများအား
“အဖေ မင်းတို့အတွက် လူကြီးလူကောင်းတစ်ယောက်ကို ဖိတ်ထားပေးတယ်။ သူက စာရေးဖို့၊ စာဖတ်ဖို့ကို သင်ပေးလိမ့်မယ်။ မနက်ဖြန်လောက် သူရောက်လိမ့်မယ်။ မင်းတို့တွေ သူ့ကိုအရင်ဆုံး သွားနှုတ်ဆက်ကြနော်။ ကောင်းကောင်းမွန်မွန်နှုတ်ဆက်ဖို့လည်း မမေ့ကြနဲ့ဦး။”
ထိုသို့ပြောပြီးနောက် ဝေ့ကွမ်းက ဝေ့လော်နှင့် ဝေ့ကျန်းဘက်သို့လှည့်ကာ
“သမီးတို့နှစ်ယောက်အတွက်လည်း မိန်းကလေး ဆရာမတစ်ယောက် ခေါ်ထားပေးတယ်။ သူ(မ)က မိန်းကလေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အပြုအမူတွေနဲ့၊ ဓလေ့ကျင့်ဝတ်တွေ၊ ယဥ်ကျေးမှုတွေကို သင်ပေးလိမ့်မယ်။ အားကျန်းဒီနေ့လုပ်လိုက်တဲ့ တူကိုပစ်ပေါက်တဲ့အပြုအမူမျိုးကို အဖေ ထပ်ပြီးမမြင်ချင်ဘူး။”
ဝေ့ကျန်းက တိတ်ဆိတ်နေပြီး ထိုဆရာမအကြောင်းလည်း စိတ်မဝင်စားချေ။ ဝေ့လော်ကမူ ဆရာမ၏သင်ကြားမှုကို များစွာမျှော်လင့်နေမိသည်။ ယခင်ဘဝတုန်းက ဝေ့လော်မှာ လယ်သမားမိသားစုတွင် ကြီးပြင်းလာရသည်။ သူ(မ) ကြီးပြင်းလာသည့်ရွာတွင် စာတတ်ပေတတ် ပညာတော်သင်ဟူ၍ တစ်ဦးတည်းသာရှိ၏။ သူ(မ) စာအနည်းငယ်လေ့လာခဲ့သော်လည်း သိပ်မလုံလောက်ခဲ့ပေ။ အထူးသဖြင့် အသက်(၁၅)နှစ်တွင် မြို့တော်သို့ပြန်လာသည့်အခါ အဆင့်အတန်းမြင့် ရွယ်တူမိန်းကလေးများနှင့် သူ(မ)ကြားမှ ပညာရေးကွာခြားမှု အလွန်ကြီးမားနေသည်ကို ဝေ့လော်သိလိုက်ရသည်။ အခြားသူများ၏ အမူအကျင့်များမှာ ရည်မွန်တင့်တယ်လှပြီး မတ်တတ်ရပ်နေရုံဖြင့်ပင် လူတို့၏အာရုံစိုက်ခြင်းကို ခံရလေသည်။ ဝေ့လော်မှာ မျက်နှာလေးကလှပသော်လည်း ထိုသို့သင်ကြားခံရသည့် အမူအကျင့်ကောင်းများမရှိထားသောကြောင့် အများနှင့်ယှဥ်သည့်အခါ နောက်ကျကျန်နေခဲ့ရသည်။ ရွာသို့ရောက်သွားသည့်အချိန်တွင် အသက်အရွယ်ငယ်သေးပြီး မည်သည်ကိုမျှလည်း သေသေချာချာနားမလည်သေးသောကြောင့် ထိုပတ်ဝန်းကျင်မျိုးတွင် ကြီးပြင်းလာရသည့်အခါ ကွာခြားမှုက သိသာနေခဲ့သည်။
ထို့ကြောင့် လက်ရှိအခြေအနေကို အခွင့်ကောင်းယူကာ ဂုဏ်သရေရှိသော အမျိုးသမီးငယ်တစ်ဦးဖြစ်လာစေရန် သူ(မ) အချိန်မီသင်ယူမည်။ ကဗျာစာပေနှင့်တကွ ယဥ်ကျေးမှုကျင့်ဝတ်၊ လောကဝတ်တို့ကို သင်ယူလိုစိတ် ပြင်းပြနေသည်။ ယခင်ဘဝက မသင်ခဲ့ဖူးသည့်အရာများအတွက် သူ(မ) ပြန်လည်ပြင်ဆင်ချင်ပြီး ဂုဏ်သရေရှိသော မိသားစုတစ်ခု၏ ကျင့်ဝတ်သိတတ်သော မိန်းမပျိုလေးတစ်ယောက်ဖြစ်လာချင်ပေသည်။
ဝေ့လော်က မျက်တောင်ခတ်လိုက်ပြီး
“အဲ့ဒီ့လူကြီးလူကောင်းက အားလော်တို့ကို ဘာတွေသင်ပေးမှာလဲအဖေ။ တတိယအစ်ကိုနဲ့ စတုတ္ထအစ်ကိုတို့က သီချင်းစာအုပ် (ကဗျာပေါင်းချုပ်စာအုပ်)ကို သင်ယူနေတယ်ဆိုတော့ အားလော်လည်း အဲ့ဒါတွေသင်ချင်တယ်။”
ဝေ့ကွမ်းက ရယ်မောကာ သူ(မ)ခေါင်းကိုပုတ်၍
“သီချင်းစာအုပ်ကို သင်ယူဖို့အတွက် သမီးကငယ်ပါသေးတယ်။ ဆရာက သမီးကို စန်းဇစ်ကျင်းနဲ့ စာစောင်တွေ ဘယ်လိုရေးရလဲဆိုတာ အရင်သင်ပေးလိမ့်မယ်။ ဟုတ်ပြီလား။”
(T/N – စန်းဇစ်ကျင်း (San Zi Jing) ဆိုတာ တရုတ်က ကလေးတွေ စာမရေးတတ်၊ မဖတ်တတ်ခင်ကတည်းက အလွတ်ကျက်မှတ်ရတဲ့ ဂန္တဝင်စာပေတစ်မျိုးပါ။)
စဥ်းစားကြည့်သော် ဝေ့ကွမ်းက အားလော်အပေါ် အပြစ်ရှိစိတ်ခံစားနေရသဖြင့် သူ(မ)အတွက် ပို၍စဥ်းစားပေးခဲ့သည်။
“အားလော်လေး။ ဆရာသင်တာကို သေချာနားထောင်ပြီး စာတွေသင်ပြီးသွားပြီဆိုရင် အဖေ့ဆီကိုလာပြီး စာလာလုပ်လို့ရတယ်နော်။ သမီးရဲ့တိုးတက်မှုကို အဖေ နေ့တိုင်း သေချာစစ်ဆေးပေးမယ်။”
“ဟုတ်ကဲ့။”
ဝေ့လော်က ခေါင်းညိတ်ကာ တက်ကြွစွာပြန်ဖြေလိုက်သည်။ သို့သော် တစ်ဖက်တွင်မူ မဒမ်တု၏ အလိုလိုက်ခြင်းကိုခံထားရသော ဝေ့ကျန်းမှာ လူတို့၏စိတ်ခံစားချက်ကို ဖတ်ရှုတတ်ခြင်းမရှိဘဲ ကောင်းမွန်သည့်အခိုက်အတံ့လေးကို ဖျက်ဆီးပစ်လေသည်။
“အဲ့ဒီ့ လူကြီးလူကောင်းဆိုတဲ့သူကိုလည်း မလိုချင်ပါဘူး။ အမေ့ကိုပဲ ပြန်လိုချင်တာ။ အဖေ။ အမေ့ကို ပြန်လာခိုင်းလိုက်ပါ။”
ထိုအကြောင်းကိုပြောတိုင်း ဝေ့ကွမ်းက တမင်တကာ ပြန်မဖြေဘဲနေ၏။ ပြန်မဖြေချင်သော အကြောင်းအရာတစ်ခုတည်းကိုသာ ဆက်တိုက်ပြောနေသည်ကို ကြားရသည့်အခါ ဝေ့ကွမ်းလည်း စိတ်ကုန်လာပြီး အေးစက်စက်မျက်နှာထားဖြင့်
“နောက် ဒီစကားမျိုး ဘယ်တော့မှထပ်မပြောနဲ့။ အမေ့ကိုတွေ့ချင်ရင် သူ(မ)ရှိတဲ့ ဂင်ဂိုဆောင်မှာ သူ(မ)နဲ့အတူ သွားနေလိုက်။”
ဆူခံလိုက်ရသောကြောင့် ဝေ့ကျန်း၏မျက်လုံးများ နီရဲလာ၏။ တဖြည်းဖြည်း မျက်ရည်ဝဲလာသော်လည်း နောက်ဆုံးထိ တောင့်ထားခဲ့သောကြောင့် မျက်လုံး၏အနားသတ်များက ပို၍နီရဲလာခဲ့သည်။
အားလော်ကလည်း သူ(မ)ကိုအရေးမစိုက်ချေ။ မနက်စာစားပြီးသည်နှင့် တူကိုချကာ
“အားလော် ဗိုက်ပြည့်ပြီ။ ဒါဆို စတုတ္ထအဒေါ်ဆီ သွားလိုက်ဦးမယ်နော် အဖေ။”
ယခင်ဘဝတုန်းက သူ(မ)သိခဲ့သည့်ဝေ့ကျန်းမှာ ငိုရသည်ကိုနှစ်သက်၏။ စိတ်တိုလျှင် ငိုသည်၊ အမှားလုပ်မိလျှင်လည်း ငိုသည်။ တစ်ခါတစ်ရံ ကြောက်လျှင်လည်း ငိုတတ်သေးသည်။ အားလော်ကမူ ထိုသို့ သင့်တော်သော အကြောင်းတစ်စုံတစ်ရာမရှိသည့် အပြုအမူမျိုးကို မကြိုက်ဆုံးဖြစ်သည်။ သို့သော် ယခုဘဝတွင် မဒမ်တုအနားမှာမရှိပါက ဝေ့ကျန်း အနည်းငယ်ရင့်ကျက်လာပါ့မလား မသိနိုင်ပေ။
ဝေ့လော် ထိုင်ခုံပေါ်မှဆင်းသွားသည်ကို မြင်သည့်အခါ ချောင်ဟုန်ကလည်း တူကိုအမြန်ချ၍
“သားလည်း ဗိုက်ပြည့်ပြီ။”
ထမင်းစားခန်းထဲတွင် ဝေ့ကွမ်းနှင့် ဝေ့ကျန်းတို့နှစ်ယောက်သာ ကျန်ရစ်တော့သည်။ ဝေ့ကွမ်း၏ ခပ်တည်တည်မျက်နှာထားကို ကြောက်လန့်သောကြောင့် ဝေ့ကျန်းမှာ မုန့်ကိုတစ်ကိုက်ချင်းသာစားနေပြီး ငိုချလိုက်ရန်လည်း မရဲချေ။
***
အားလော် အစောပိုင်းကထုတ်ပြောခဲ့သည့် တတိယအစ်ကိုနှင့် စတုတ္ထအစ်ကိုဟူသည်မှာ စတုတ္ထအဒေါ်၏ သားနှစ်ယောက်ဖြစ်သည်။ တတိယသခင်လေး ဝေ့ချောင်ရှန်းမှာ ယခုနှစ်တွင် အသက် (၁၁)နှစ် ပြည့်မည်ဖြစ်ပြီး စတုတ္ထသခင်လေး ဝေ့ချောင်ချီမှာ (၁၀)နှစ်ပြည့်မည်ဖြစ်သည်။ စတုတ္ထအဒေါ်၏အိမ်သို့ အားလော် မကြာခဏရောက်လာတတ်သောကြောင့် ထိုညီအစ်ကိုနှစ်ယောက်မှာ သူ(မ)နှင့်အတော်ရင်းနှီးနေခဲ့သည်။
မက်မန်းဆောင်သို့ရောက်သောအခါ ခြံဝင်းတစ်ခုလုံး စိတ်လှုပ်ရှားစရာ ဆူညံသံများဖြင့်ပြည့်နှက်နေသည်ကို တွေ့ရ၏။ ခွေးဟောင်သံများနှင့် လူတို့၏အသံတို့ ရောယှက်နေသည်ကို အဝေးမှလှမ်း၍ ကြားရသည်။ ခြံဝင်းထဲသို့ တစ်ချက်ဝင်ကြည့်လိုက်သည့်အခါ အမဲလိုက်ခွေးတစ်ကောင် ရှိနေလေ၏။ ၎င်း၏ပုံစံမှာ ကြမ်းကြုတ်ရက်စက်သော မျက်နှာထားမျိုးရှိနေသောကြောင့် ရန်မစမိစေရန် သတိထားသင့်သည်။
ခြံဝင်းထဲမှ မိန်းကလေးအစေခံများလည်း ကြောက်လန့်နေကြပြီး တစ်ယောက်ကိုယ်တစ်ယောက် ကွယ်ကာ ပုန်းနေကြသည်။ မဆင်မခြင်လုပ်တတ်သည့် လူဆိုးလေး ဝေ့ချောင်ရှန်းက ခွေးကိုဆွဲကာ ရယ်မောလျက်
“ဒီခွေးကိုရဖို့ ကျွန်တော့်ဦးလေးက အများကြီးကြိုးစားပေးထားရတာ။ ဘယ်လိုလဲ။ မိုက်တယ်မဟုတ်လား။”
သူပြောသည့် ဦးလေးဆိုသူမှာ မှူးမတ်အန်လင်း၏ အငယ်ဆုံးသား ချင်းစဲ့ဖြစ်သည်။ ချင်းစဲ့မှာ ယခုနှစ်မှ အသက် (၁၆) နှစ်သာ ပြည့်ဦးမည်ဖြစ်သော်လည်း မိသားစုထဲတွင် သူ၏ရာထူးက မြင့်မားနေခဲ့သည်။ လူငယ်လေးသာဖြစ်သောကြောင့် အတူကစားကြရာ ဝေ့ချောင်ရှန်းကလည်း သူ့နောက် တစ်နေ့လုံးလျှောက်လိုက်တတ်သဖြင့် တဖြည်းဖြည်း အသစ်အဆန်းများစွာ ရှာဖွေတွေ့ရှိလာခဲ့သည်။ ယခု သူ့လက်ထဲမှ အမဲလိုက်ခွေးကြီးမှာလည်း ထိုသို့ အသစ်အဆန်းများထဲမှတစ်ခုဖြစ်သည်။
ဝေ့လော်က ဝင်ပေါက်တွင်ရပ်နေ၏။ အမဲလိုက်ခွေးကြီး၏ ကြောက်စရာမျက်နှာထားကြောင့် အားလော် မလှုပ်ရဲပေ။ လှည့်ကြည့်လိုက်သောအခါ ဝေ့ချောင်ရှန်းက သူ(မ)ကိုသတိထားမိသွား၏။ အားလော် ကြောက်နေလောက်ပြီဟုတွေးကာ ထိုခွေးကို အစေခံတစ်ယောက်လက်ထဲသို့ထည့်လိုက်ပြီး ချောင်ရှန်းက ပြုံး၍
“ညီမလေးအားလော် ရောက်နေတာလား။ မကြောက်ပါနဲ့။ ခွေးက အစ်ကို့စကားဆို နားထောင်တယ်။ အားလော်ကို သူ မကိုက်ရဲပါဘူး။”
ထိုသို့ နှုတ်ဆက်လိုက်သည့်တိုင် အားလော်ပုံစံက ခံစားချက်မဲ့နေသေး၏။ ချောင်ရှန်းမှာ အားလော်ထက် အသက်(၅)နှစ် ပိုကြီးသည့် အာဏာရှိသူ အစ်ကိုတစ်ယောက်ဖြစ်သည်။ အစ်ကိုကြီးတစ်ယောက်၏ စိုးရိမ်ပူပန်သောမျက်နှာထားဖြင့် သူက အားလော်ဆီသို့သွားကာ သူ(မ)လက်လေးကို ဆွဲလိုက်ပြီး ခြံဝင်းထဲသို့ခေါ်ဝင်လာခဲ့သည်။
“အဲ့ဒီ့ခွေးကြီးက စုန့်ဟွေ့နဲ့ ပြိုင်ရင် သုံးဖို့ခေါ်လာတာပါ။ စုန့်ဟွေ့ရဲ့ ပိန်ပါးပါး ရှန်ရှီခွေးကိုတော့ နိုင်မယ်လို့ မျှော်လင့်ရတာပဲ။”
စုန့်ဟွေ့ဟူသော အမည်ကို ကြားလိုက်သည့်အခါ ဝေ့လော် အနည်းငယ်တွန့်သွား၏။ စုန့်ဟွေ့နှင့် အားလော်ကို ငယ်ငယ်လေးကတည်းက မိဘများက မင်္ဂလာစကား စပ်ပေးထားကြသည်။ ကျောင်းမြောင်လန် ကိုယ်ဝန်ရှိစဥ်က ထိုစေ့စပ်ပွဲကို ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ စုန့်ဟွေ့မှာ အားလော်ထက် အသက်(၆)နှစ် ပိုကြီးပြီး အစ်ကိုကြီးတစ်ယောက်ကဲ့သို့ အားလော်ကိုဂရုစိုက်သည်။ တစ်ချိန်ကျလျှင် သူ့ကိုလက်ထပ်ပြီး သူ့ဇနီးဖြစ်လာမည်ဟု ယခင်ဘဝက အားလော်ယုံကြည်ခဲ့ဖူးသည်။ သို့သော် သူ(မ) စိတ်ပျက်သွားသည်မှာ သူ(မ)ပျောက်သွားပြီး (၁၀)နှစ်အကြာ မြို့စားယင်းအိမ်တော်သို့ ပြန်လာခဲ့စဥ်က စုန့်ဟွေ့မှာ ဝေ့ကျန်းနှင့် စေ့စပ်လိုက်သောကြောင့်ပင်။ မူလကတည်းက စုန့်ဟွေ့မှာ သူ(မ)အပိုင်မဟုတ်ခဲ့ချေ။ သတို့သမီးကိုပြောင်းလိုက်ပါကလည်း စုန့်ဟွေ့က လက်ထပ်ရမည်ပင်။
ပြန်လည်မွေးဖွားလာပြီးနောက် အားလော် စုန့်ဟွေ့ကိုမတွေ့ရသေးချေ။ ဝေ့ချောင်ရှန်းက အားတက်သရောဖြင့် အားလော်ကို
“မနက်ဖြန်ကျရင် ဒီကောင်ကြီးကို ဦးလေးကျုံးယီအိမ်ကို ခေါ်သွားပြီး စုန့်ဟွေ့ရဲ့ခွေးနဲ့ ပြိုင်ခိုင်းချင်တာ။ ညီမလေးအားလော်ရော အစ်ကိုနဲ့ အတူလိုက်ခဲ့မလား။”
*****
Aurora Novel Translation Team
Report content on this page