Chapter 19.2
မြို့စားယင်း အိမ်တော်တွင်။
ဝေ့လော် ရထားလုံးထဲတွင် အိပ်ပျော်သွားသည်မှာ အိမ်ပြန်ရောက်ပြီး နောက်တစ်နေ့မနက်မှ နိုးလာ၏။ မျက်လုံးဖွင့်လိုက်သည်နှင့် သူ(မ) မနေ့ကဝယ်ယူခဲ့သော သက်စောင့်လက်ပတ်လေးကို စတင်ရှာဖွေတော့သည်။ ခက်ခက်ခဲခဲ လိုက်လံရှာဖွေပြီး နောက်ဆုံးတွင် ပန်းပုံစံအလှဆင်ထားသည့် ခေါင်းအုံးအောက်၌ ထိုလက်ပတ်လေးကိုရှာတွေ့ခဲ့သည်။ ထိုအခါ သူ(မ) ဖိနပ်ပင်မစီးတော့ဘဲ ချောင်ဟုန်ကို အပြေးအလွှားသွားရှာလိုက်လေသည်။
အနက်ရောင်ဆံပင်ရှည်က ကျောပေါ်တွင်ပြေကျနေပြီး သူ(မ)၏ နူးညံ့မှုနှင့် သွက်လက်တက်ကြွသည့် အသွင်ကို ပေါ်လွင်နေစေသည်။ အစိမ်းရောင် ပိတ်သားစကတ်အောက်တွင် ဖိနပ်မပါသည့် ဖြူဖွေးသောခြေထောက်ဖြင့် ကြမ်းပြင်တွင်ပြေးလွှားနေပါသော်လည်း အအေးဓာတ်ကို မခံစားရချေ။ သူ(မ) ပြေးလွှားနေချိန်တွင် မည်သူကမျှ သူ(မ)လမ်းကို မပိတ်ဆို့ထားနိုင်ချေ။ ကံကောင်းစွာဖြင့် ဝေ့ကွမ်းကလည်း အနီးနားတွင်ရှိနေသောကြောင့် သူ(မ)ကို ခေါ်ယူကာ ပွေ့ချီလိုက်ပြီး
“အားလော်။ အလျင်စလိုနဲ့ ဘယ်သွားမလို့လဲ။”
သက်စောင့်လက်ပတ်ကို ကိုင်ထားသည့်အားလော်က ဖခင်၏လက်ထဲတွင် ရုန်းကန်လိုက်ရင်း
“အဖေ။ အားလော်ကို ချောင်ဟုန့်ဆီကို အမြန်ခေါ်သွားပေးပါ။ အားလော် သူ့ကို ပေးစရာရှိလို့။”
ဝေ့ကွမ်းက သိချင်စိတ်ဖြင့် မျက်ခုံးကိုပင့်ကာ
“ဘာများ ပေးစရာရှိလို့လဲ အားလော်ရဲ့။”
ဝေ့ကွမ်းကို ထုတ်ပြလိုက်ပါက မောင်လေးအတွက် အလိုက်တသိဝယ်လာပေးသည်ဟုဆိုကာ ချီးကျူးနေဦးမည်ဖြစ်သောကြောင့် ဝေ့လော် ထုတ်မပြချင်ခဲ့ပေ။ သို့သော်လည်း ယခုတွင် ရွေးချယ်စရာမရှိတော့သောကြောင့် ဝေ့လော် သက်စောင့်လက်ပတ်လေးကို ထုတ်ပြလိုက်ရတော့သည်။
ယနေ့မနက်ခင်းတွင် ရာသီဥတုက အနည်းငယ် အေးစိမ့်နေ၏။ ဖိနပ်မပါဘဲ လျှောက်ပြေးနေပါက အလွယ်တကူ အအေးမိသွားနိုင်သည်။ ထို့ကြောင့် ဝေ့ကွမ်းက အိစက်စက်အနီရောင်ဖိနပ်လေးကို သူကိုယ်တိုင် ဝေ့လော်ကိုစီးပေးလိုက်သည်။ ဆေးကြောသန့်စင်ပြီး အဝတ်အစားကို သေသေချာချာဝတ်ဆင်ပြီးပါက ချောင်ဟုန်ကိုတွေ့ရန် အလယ်ဆောင်သို့ ခေါ်သွားပေးမည်ပင်။
အလယ်ဆောင်တွင် မနက်စာဟင်းလျာများကို အစီအရီ ပြင်ဆင်ထား၏။ ချောင်ဟုန်က စားပွဲဝိုင်း၏အနောက်တွင် ထိုင်နေရင်း ခပ်မတ်မတ်အနေအထားဖြင့် မိသားစုဝင်များကိုစောင့်ဆိုင်းနေသည်။ တံခါးခုံကို ဖြတ်ကျော်လိုက်ပြီးနောက် ဝေ့လော်က စိတ်မရှည်သည့်ပုံစံဖြင့် လမ်းလျှောက်ဝင်လာသည်။ ထို့နောက် သူ(မ)မျက်နှာတွင် အပြုံးများဝေဆာလျက်
“ချောင်ဟုန်။ နင့်လက် ရှေ့ကိုထုတ်လိုက်။ ငါနင့်ကို ပစ္စည်းကောင်းလေး ပေးစရာရှိတယ်။”
တွေဝေစွာဖြင့် ချောင်ဟုန်က သူ(မ)ပြောသည့်အတိုင်း လက်ကိုရှေ့ထုတ်ပေးလိုက်သည်။ ထို့နောက် ဝေ့လော်က (၅)ရောင်ခြယ် ကြိုးလေးတစ်ခုကို သူ့ကိုဝတ်ပေးလိုက်ပြီး ခေါင်းကိုသေချာငုံ့ကာ ကြိုးချည်ပေးနေခဲ့သည်။
“ဒါက သက်စောင့်လက်ပတ်လို့ခေါ်တယ်။ အထိန်းတော်ကြီးကပြောတယ်။ ဒါလေးကိုဝတ်ထားရင် ဘဝတစ်လျှောက်လုံး ဘေးကင်းနေလိမ့်မယ်တဲ့။”
အစပိုင်းက ထိုသက်စောင့်လက်ပတ်လေးမှာ ရိုးရှင်းနေသောကြောင့် ဝေ့လော်မကြိုက်ခဲ့ပေ။ ထို့နောက် ကျင်းလုအား အရှေ့ပင်လယ်မှ ပုလဲတစ်လုံးကို ထိုလက်ပတ်တွင်ထပ်ထည့်ခိုင်းလိုက်၏။ ပုလဲမှာ အရောင်စိုစိုနှင့် ချောမွေ့ဝိုင်းစက်နေပြီး အရွယ်အစား အလွန်မကြီးသော်လည်း အတော်လေးအဖိုးတန်လေသည်။ ထိုပုလဲလေးမှာ အားလော်ကို မြို့စားယင်းက မွေးနေ့လက်ဆောင်ပေးထားခြင်းဖြစ်ပြီး ထိုအချိန်ကတည်းက ထိုပုလဲလေးကို ဗူးတစ်ဗူးထဲတွင် ဝေ့လော်ထည့်သိမ်းထားခဲ့သည်။ ထိုပုလဲလေးကို ဝေ့လော် မဝတ်ဆင်ခဲ့သော်လည်း တစ်ခါတစ်ရံတွင်တော့ ထုတ်ကြည့်လေ့ရှိသည်။ ယခုတွင်မူ ထိုပုလဲလေးအား ချောင်ဟုန်ကိုပေးလိုက်လေရာ ဝေ့လော်မှာ ကပ်စေးနည်းသူတစ်ယောက်မဟုတ်ကြောင်း သိသာနေတော့သည်။
သူ(မ)၏ နောက်ဆုံးစကားလုံးများကို ကြားလိုက်ပြီးနောက် ချောင်ဟုန်က ထိုလက်ပတ်လေးကို ပြန်ချွတ်လိုက်ချင်ခဲ့သည်။ ချောင်ဟုန်က တည်ငြိမ်အေးဆေးသည့် လေသံဖြင့်
“ငါမလိုချင်ပါဘူး။ နင်ပဲဝတ်ထားလိုက်။ ဘေးကင်းအောင်လို့။”
ချောင်ဟုန်က ထိုလက်ပတ်လေးကို အမှန်တကယ် ပြန်ချွတ်ချင်ကြောင်း သိလိုက်ရသည့်အခါ ဝေ့လော်က သူ့ကို မျက်လုံးဝိုင်းဝိုင်းများဖြင့် စိုက်ကြည့်လိုက်ပြီး ခြိမ်းခြောက်လိုက်လေသည်။
“မရပါဘူး။ ချွတ်ရဲရင်ချွတ်ကြည့်လေ ငါနင့်ကို စိတ်ဆိုးမှာ။”
ထိုအခါ ချောင်ဟုန်က တစ်ချက်တည်းနှင့် ငြိမ်ကျသွား၏။ ဝေ့လော်၏ ထိုနိုင်ကွက်မှာ မည်သည့်အခါမျှ မကျရှုံးခဲ့ဖူးပေ။ ချောင်ဟုန်မှာ သူ(မ)၏ဒေါသကိုကြောက်သောကြောင့် ဝေ့လော် ထိုသို့ခြိမ်းခြောက်သည့်အခါတိုင်း ချက်ချင်းစကားနားထောင်ကာ ဝေ့လော်ပြောသမျှကို နာခံတတ်လေသည်။
တစ်ခဏကြာသော် ကောင်းမွန်စွာဝတ်စားထားသည့် ဝေ့ကျန်းက စားသောက်ခန်းထဲသို့ဝင်လာပြီး ဝေ့လော်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ ဝေ့ကျန်းမှာ ပျိုနီပန်းပုံစံပေါ်အောင် ရက်လုပ်ထားသည့် စိမ်းပြာရောင် အင်္ကျီကိုဝတ်ဆင်ထားပြီး ဆံပင်ကို နှစ်ဖက်ခွဲ၍ထုံးထားသည်။ ဝေ့ကွမ်းကို နှုတ်ဆက်လိုက်ပြီးနောက် သူ(မ)က မနက်စာစားလိုက်တော့သည်။ မနက်စာစားနေစဥ်အတွင်း ဝေ့ကျန်းမှာ သူတို့ကို စကားတစ်ခွန်းမျှမပြောဘဲ အစားကိုသာ အာရုံစိုက်စားပြီး ထွက်သွားတတ်သည်။ ဝေ့လော်နှင့် ချောင်ဟုန်တို့နှင့်လည်း အဆင်မပြေသောကြောင့် သူတို့နှစ်ယောက်ကလည်း သူ(မ)ကို အာရုံမစိုက်ချေ။ ထိုသို့ဖြင့် ထမင်းစားဝိုင်းမှာ တစ်မျိုးတစ်ဖုံ အေးချမ်းနေပေတော့သည်။
မနက်စာစားပြီးနောက် ဝေ့ကွမ်းက တူကိုချလိုက်ပြီး ကလေးများကို စကားမှာကြားလိုက်သည်။
“သဘက်ခါကျရင် ဧကရီမိဖုရားရဲ့ မွေးနေ့စားသောက်ပွဲရှိတယ်။ နန်းတော်ကနေ အဖေတို့ရဲ့ မြို့စားယင်းအိမ်တော်ကို ဖိတ်စာလည်းရောက်နေပြီ။ သားတို့ သမီးတို့ (၃)ယောက်စလုံး အပြုအမူကောင်းတွေ ပြုမူရမယ်နော်။ ဘာပြဿနာမှ မဖြစ်စေနဲ့။”
ဝေ့လော်က မှိုကြက်သားဆန်ပြုတ်တစ်ဇွန်းကို မျိုချလိုက်၏။ ရှေ့သွားကို မျိုချမိသွားကတည်းက နောက်ထပ်သွားတစ်ချောင်းကို ထပ်မျိုချမိမည်ကို စိုးရိမ်သဖြင့် သူ(မ) ပေါက်စီကို ထပ်မစားရဲတော့ချေ။ ဝေ့ကွမ်း၏စကားများကို နားထောင်ပြီးနောက် သူ(မ)က ခေါင်းကိုဖြည်းဖြည်းငုံ့ကာ အတွေးနယ်ချဲ့လိုက်တော့သည်။
ယခင်ဘဝတုန်းက ဝေ့လော်မှာ နန်းတော်သို့ အလည်သွားခွင့်မရသောကြောင့် ဧကရီမိဖုရားကိုလည်း တွေ့မြင်ခွင့်မရခဲ့ဖူးပေ။ ဧကရီမိဖုရားချန်မှာ မြင့်မြတ်သော ကိုယ်ရောင်ကိုယ်ဝါနှင့် ပြည့်စုံပြီး ဂုဏ်သရေရှိကာ သဘောထားကြီးသည့် ပုံစံရှိသည်ဟု ဝေ့လော်ကြားဖူးခဲ့သည်။ ဧကရီမိဖုရားမှာ ဧကရာဇ်ချုံကျန်းနှင့်အတူ တိုက်ပွဲတိုင်းတွင် ရင်ပေါင်တန်းကာ သတ္တိရှိရှိရင်ဆိုင်ခဲ့သူလည်း ဖြစ်၏။
‘သူ(မ)က ဒီလောက်တောင် ပြီးပြည့်စုံနေတာကို ဧကရာဇ်က ဘာလို့ နျဥ်ကွေ့ဖေးကို ပိုပြီးသဘောကျရတာလဲ။’
ဝေ့လော် စဥ်းစားရင်းနှင့် သိချင်စိတ်ဖြစ်လာခဲ့သည်။ သလျောင်၏ အမျိုးသမီးစစ်သူကြီးဖြစ်သော ဧကရီမိဖုရားကို ဝေ့လော်တွေ့ဖူးချင်ပြီး ထိုအမျိုးသမီးမှာ မည်သို့သောသူမျိုးဖြစ်ကြောင်း ဝေ့လော် စပ်စုချင်လှသည်။ သို့သော် ဧကရီမိဖုရားမှာ ကျောင်းကျယ်၏မိခင်ဖြစ်နေသည်ကို ပြန်သတိရသွားသဖြင့် သူ(မ)၏ စိတ်အားထက်သန်မှုတို့ အနည်းငယ် အားလျော့သွားခဲ့ရသည်။ သူ(မ)ကို လှောင်ပြောင်ခဲ့သည့် ကျောင်းကျယ်ကို သူ(မ) ခွင့်မလွှတ်နိုင်သေးချေ။
‘သူကရော ငယ်ငယ်တုန်းက သွားမကျိုးဖူးတဲ့သူမို့လို့လား။ သူများကိုကြည့်ပြီး လှောင်ချင်သေးတယ်။ ဘာတွေကများ ရယ်စရာပါနေလို့လဲ။’
ဝေ့လော် နှုတ်ခမ်းစူထားရင်း ကျောင်းကျယ်ကို အမြင်မကြည်ဖြစ်နေလေတော့သည်။
*****
Aurora Novel Translation Team
Report content on this page