no

Font
Theme

Chapter 33.2

ဝေ့ကွမ်းနှင့် စတုတ္ထမဒမ်တို့ တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ပြီးနောက် အခန်းထဲဝင်သွားသည်။ မဒမ်တု၏ အိပ်ခန်းထဲတွင် ငှက်ကျားပုံစံရှိသော ကန့်လန့်ကာကို ဖြတ်သွားလိုက်ပြီးနောက် အိပ်ရာပေါ်တွင် လှဲလျောင်းနေသည့် မဒမ်တုကို မြင်ရလေသည်။ မဒမ်တု တစ်ကိုယ်လုံးတွင် ချွေးများရွှဲနေပြီး သတိရှိသည်၊ မရှိသည်မှာ မသေချာခဲ့ပေ။ ဝေ့ကွမ်း အခန်းထဲဝင်လာသည်ကိုမြင်သော် လက်သည်အမျိုးသမီးက အနှီးထုပ်ထားသည့် မွေးကင်းစကလေးကို ပျော်ရွှင်စွာချီလာပေးပြီး


"နောက်ထပ် သားတစ်ယောက်ဆိုတော့ နောက်ထပ် ပျော်စရာတွေ ရောက်လာပြီပေါ့။"


ထို့နောက် သူ(မ)က ပျော်ရွှင်စွာဖြင့် ဆက်၍


"ဂုဏ်ယူပါတယ် သခင်ကြီး။ မဒမ်တု မွေးလာတဲ့ကလေးက သားယောက်ျားလေးပါ။ သခင်ကြီးက တကယ်ကို ကံကောင်းတာပဲနော်။ ကလေးလေးကို တစ်ချက်ကြည့်လိုက်ပါဦး..."


ထိုအကြောင်းကို ပြောပြပြီးသည့်တိုင် ဝေ့ကွမ်း၏မျက်နှာတွင် မည်သည့် တုံ့ပြန်မှု ခံစားချက်မျှမရှိနေသည်ကို သူ(မ) တွေ့လိုက်ရသည်။ ထိုသခင်ကြီးမှာ အခြားသော ဖခင်များကဲ့သို့ ပျော်ရွှင်မနေသည်ကို သူ(မ) သေချာသွားလေ၏။ ကလေးကို ကြည့်လိုက်သည့်အခါတွင်လည်း ဝေ့ကွမ်း၏အကြည့်များတွင် ပျော်ရွှင်မှုအရိပ်အယောင် မရှိနေခဲ့ပေ။ ထိုကလေး မွေးလာမည်ကို မျှော်နေသည့်သူတစ်ယောက် မဟုတ်သကဲ့သို့ ဝေ့ကွမ်း၏တုံ့ပြန်မှုများမှာ အေးဆေးတည်ငြိမ်လွန်းနေခဲ့သည်။


ထိုအခါ လက်သည်အမျိုးသမီးလည်း စကားဆက်မပြောတော့ဘဲ ကလေးကိုသာ သေသေချာချာ ချီထားလိုက်၏။ နောက်ထပ် ဘာဆက်လုပ်သင့်သည်ကိုလည်း သူ(မ) မသိတော့ချေ။


ဝေ့ကွမ်းက လက်သည်အမျိုးသမီးကို ကျော်သွားပြီး အိပ်ရာဆီသို့ သွားလိုက်လေသည်။ ထို့နောက် လိုက်ကာကို ဖွင့်ကာ အထဲသို့ကြည့်လိုက်၏။ မဒမ်တုမှာ ခက်ခဲပင်ပန်းသည့် တစ်နေ့တာကို ဖြတ်ကျော်ခဲ့ရသောကြောင့် လက်ရှိတွင် သတိမရှိဘဲ မိန်းမောနေခဲ့သည်။ ကလေးမွေးပြီးသည့်နောက် ထိုကလေး၏ပုံစံကိုကြည့်ရန် အားမရှိတော့သကဲ့သို့ပင်။


ဝေ့ကွမ်းက သူ(မ)ကို အဝေးမှလှမ်းကြည့်လိုက်ရင်း စတုတ္ထမဒမ်ချင်းအား


"စတုတ္ထမရီး။ ဒီကလေးကိုလည်း စောင့်ရှောက်ပေးဖို့ မရီးကိုပဲ အကူအညီတောင်းရဦးမယ်ထင်တယ်။"


မဒမ်ချင်းက လက်သည်အမျိုးသမီးချီထားသည့် ကလေးကိုလှမ်းကြည့်ကာ ပြုံးပြလိုက်ပြီး


"မဟုတ်တာ။ ကျွန်မကို ကျေးဇူးတင်နေစရာမလိုပါဘူး။ နောင်မှာ ဒီကလေးရဲ့ အနာဂတ်ကိုလည်း ကျွန်မလက်ထဲမှာ စိတ်ချထားလို့ရပါတယ်။"


ထိုအခါမှသာ အကျိုးအကြောင်းကို လက်သည်အမျိုးသမီး နားလည်သွားတော့သည်။ သူ(မ) အလွန်လည်း အံ့အားသင့်နေလေ၏။


'ဒါဆိုရင် ဒီကလေးကို စတုတ္ထမဒမ်က ပျိုးထောင်မှာပေါ့။ ဒါဆို... ပဥ္စမမဒမ်ကရော..."


ထိုကိစ္စကို အစောပိုင်းကတည်းက ဝေ့ကွမ်း ပြင်ဆင်ထားပြီးသား ဖြစ်ပေ၏။ ထိုကလေး မွေးလာသည့်အခါ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ၊ စတုတ္ထမဒမ်အား ပြုစုစောင့်ရှောက်ခွင့်ပေးကာ ထိုကလေး အသက်(၅)နှစ်ပြည့်မှသာ မဒမ်တုနှင့် တွေ့ခွင့်ပေးမည်ဖြစ်သည်။ မဒမ်တု၏စိတ်သဘောထားမှာ မကောင်းမွန်လှသောကြောင့် ကလေးတစ်ယောက်ကို သွန်သင်ပျိုးထောင်ရန် မသင့်တော်ဟု ဝေ့ကွမ်းသတ်မှတ်ထားသည်။ ၎င်းမှာ မဒမ်တုအတွက် အပြစ်ပေးချက်တစ်ခုဟုလည်း ဆိုနိုင်ပေသည်။ ယခင်က ဝေ့ကွမ်း၏ အဖိုးတန်သမီးလေး ဝေ့လော်ကို သူ(မ) ရောင်းစားရန်ကြိုးပမ်းခဲ့ဖူးသောကြောင့် ယခုတွင် သားသမီး ဆုံးရှုံးရသည့်ခံစားချက်ကို သူ(မ)အား တစ်ဖန်ပြန်လည် ခံစားကြည့်စေခြင်းပင်။ ထိုကလေးကို အသုံးချ၍ ဝေ့ကွမ်းကို ခြိမ်းခြောက်ခြင်း၊ သူ(မ)၏ရာထူးကို ပြန်လည်မြှင့်တင်ပေးရန် တောင်းဆိုခြင်းတို့ကိုလည်း မဒမ်တု ပြုလုပ်ခွင့်မရှိချေ။


ထိုကလေး မွေးဖွားပြီးသည့် အချိန်မှစ၍ သူ(မ)နှင့် အဆက်အသွယ်လုပ်ခွင့်‌ပေးမည် မဟုတ်ချေ။ မဒမ်တု၏ဝမ်းဗိုက်ထဲတွင် (၁၀)လတိတိ နေထိုင်ခဲ့ပြီးနောက် မွေးဖွားလာပြီးသည့်အခါ ထိုအကြောင်းတို့ကို သူမှတ်မိတော့မည်မဟုတ်ပေ။ မဒမ်ချင်းကိုသာ သူ၏မိခင်ရင်းကဲ့သို့ သတ်မှတ်ပြီး မဒမ်ချင်းနှင့်သာ အချိန်ကုန်ဆုံးရမည် ဖြစ်သည်။ ထိုအခါ အမေအစား စတုတ္ထအဒေါ်ချင်းကိုသာ သူတမ်းတပေလိမ့်မည်။


အစေခံမိန်းကလေးတစ်ယောက်က လက်သည်အမျိုးသမီးအား ကလေးမွေးပေးသည့် အဖိုးအခအပြင် နှုတ်ပိတ်ခပါ ပေးလိုက်သည်။ လက်သည်အမျိုးသမီးမှာ အလွန်သိချင်နေခဲ့သော်လည်း မေးခွန်းမေး၍မရကြောင်းကို သူ(မ)သိထား၏။ ငွေကိုလက်ခံပြီးနောက် သူ(မ)အခြေအနေကို နားလည်လိုက်ပြီး ထိုနေရာမှ အမြန်ဆုံးထွက်ခွာခဲ့တော့လေသည်။


ထို့နောက် မဒမ်ချင်းက ဝေ့ကွမ်းအား


"ဒီကလေးအတွက် နာမည်ရော စဥ်းစားပြီးသွားပြီလား။ ဘယ်လိုနာမည်ကောင်းလေး ပေးကြမလဲ။"


မြို့စားယင်းအိမ်တော်ရှိ ချောင်ဟုန်တို့၏ မျိုးဆက်တွင် ယောက်ျားလေးများအားလုံးကို "ချောင်" သို့မဟုတ် "ကုန်" ဟူသည့် နာမည်များဖြင့် အစပြုတတ်ကြ၏။ ဝေ့ကွမ်း တစ်ခဏစဥ်းစားလိုက်ပြီးနောက် အဖြေတစ်ခုကို ဆုံးဖြတ်လိုက်သည်။


"သူ့ကို ချောင်မိလို့ နာမည်ပေးကြတာပေါ့။"


"မိ"ဟူသည်မှာ "မရှိနိုင်သော"ဟု အဓိပ္ပာယ်ရသည်။ ထိုက‌လေးမှာလည်း မဒမ်တု၏အပြစ်များကို အကာအကွယ်ပြုရန်သက်သက်သာ ရောက်လာသည့် ကလေးတစ်ယောက်ဟု သတ်မှတ်နိုင်ပေသည်။ ထို့ကြောင့် မဒမ်ချင်းလည်း ခေါင်းညိတ်လိုက်၏။


အပြင်ဘက်တွင် မှောင်နေပြီဖြစ်သောကြောင့် မဒမ်ချင်း ကလေးကိုချီကာ ထိုနေရာမှပြန်ရန် ပြင်ဆင်လိုက်၏။"ချောင်မိက အချိန်မကျသေးဘဲ မွေးလာတာဆိုတော့ အခုအချိန်မှာ ကျန်းမာရေးမကောင်းသေးဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ကျွန်မ သူ့ကို မက်မန်းဆောင်ကိုခေါ်သွားပြီး ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်လိုက်ပါ့မယ်။"


ဝေ့ကွမ်း ခေါင်းညိတ်လိုက်၏။ ကလေးကို မဒမ်ချင်းနှင့် ထည့်ပေးလိုက်ရသည်ကို သူစိတ်ချလေသည်။ မဒမ်ချင်းမှာ ကလေးများကို ပျိုးထောင်ရာတွင် အရည်အချင်းရှိပြီး သူ(မ)၏ ကလေး(၃)ယောက်ကိုလည်း အပြုအမူ၊ ယဥ်ကျေးမှုများတွင် လိမ္မာယဥ်ကျေးအောင် သင်ကြားပေးခဲ့သည်။ အဆိုးဆုံးဖြစ်သော ဝေ့ချောင်ရှန်းပင်လျှင် အရေးကြုံလာလျှင် အနည်းနှင့်အများ အလိုက်သိတတ်လေ၏။ မဒမ်ချင်းသာ ဝေ့ချောင်မိကို ပျိုးထောင်ပေးမည်ဆိုပါက မဒမ်တုလက်ထဲတွင် ကြီးပျင်းလာသည်ထက် ပို၍ကောင်းမွန်သော ဘဝမျိုးကို ပိုင်ဆိုင်ရလိမ့်မည်ပင်။


မဒမ်ချင်း ထွက်သွားပြီးနောက် ဝေ့ကွမ်းလည်း ထိုနေရာတွင် ကြာကြာဆက်မနေတော့ချေ။ အစေခံနှစ်ယောက်အား မဒမ်တုကို ဂရုစိုက်ရန် မှာကြားလိုက်ပြီး ဝေ့လော်နှင့် ချောင်ဟုန်တို့ကိုခေါ်ကာ သူလည်း ထွက်လာခဲ့သည်။ ဝေ့ကျန်းမှာမူ ထိုနေရာမှပြန်ရန် ငြင်းဆန်နေသောကြောင့် ဝေ့ကွမ်း သူ(မ)ကို နေခွင့်ပြုထားလိုက်လေသည်။


——–


နောက်တစ်နေ့တွင်။


မဒမ်တု နိုးလာသောအခါ သူ(မ)ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနေပြီး အားအင်မရှိသည်ကို ခံစားလိုက်ရသည်။ မျက်လုံးဖွင့်လိုက်သည့်အခါ နောက်တစ်နေ့ရောက်နေပြီဖြစ်ကြောင်း သိလိုက်သော်လည်း အခန်းထဲတွင် မည်သူမျှမရှိနေခဲ့ပေ။ သူ(မ)နိုးသည်အထိ စောင့်ဆိုင်းပေနေသည့် အစေခံမိန်းကလေးတစ်ယောက်ပင် မရှိနေခဲ့ချေ။ ထိုအခါ အားမရှိသောအသံဖြင့် သူ(မ) အစေခံများကို လှမ်းခေါ်ရတော့သည်။


တစ်ခဏကြာသော် ဟုန်ယာရောက်လာပြီး


"မဒမ်။ နိုးလာပြီလား။"


တစ်ခုခုမှားနေသည်ဟု မဒမ်တု ခံစားမိလိုက်၏။ သူ(မ) တွေးကြည့်နေရင်း နောက်ဆုံးတွင် တစ်စုံတစ်ခုကို တွေးမိသွားသဖြင့် ခက်ခက်ခဲခဲထထိုင်ကာ ဟုန်ဟာကို စိုက်ကြည့်၍


"ငါ့ကလေး ဘယ်မှာလဲ။ သားလေးလား။ သမီးလေးလား။ ငါ့ကလေး ဘယ်ရောက်သွားပြီလဲ။"


ဟုန်ယာ နေရခက်နေ၏။ မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို ဟုန်ယာသိထားလေသည်။ ဝေ့ကွမ်းကလည်း သူတို့ကို ရှင်းပြထားပြီးသားဖြစ်ပြီး ထိုအကြောင်းကို မဒမ်တုအား ပြန်ပြောပြစေချင်ကြောင်းလည်း ပြောခဲ့သေးသည်။ ယခုတွင် မဒမ်တုနိုးလာပြီဖြစ်သော်လည်း ဟုန်ဟာက ထိုအကြောင်းများကို ပြောပြရန် တုံ့ဆိုင်းနေလေ၏။


"ကလေးက သခင်လေးပါ။ ပြီးတော့ မဒမ်။ စိတ်မပူပါနဲ့။ သခင်လေးက ကောင်းကောင်းမွန်မွန် ရှိနေပါတယ်..."


မဒမ်တု သက်ပြင်းချလိုက်၏။ သားလေးမွေးသည်ဟု သိလိုက်ရသောအခါ မျှော်လင့်ချက်ရောင်ခြည် သန်းလာပြီဖြစ်သောကြောင့် သူ(မ) ပျော်ရွှင်သွားခဲ့သည်။


"ငါ့ကလေး ဘယ်မှာလဲ။ အမြန်ခေါ်လာခဲ့စမ်းပါ ငါကြည့်ချင်လို့။ သားလေးက ဘယ်သူနဲ့တူလဲဆိုတာ ငါမကြည့်ရသေးဘူးလေ။"


စိတ်မကောင်းစွာဖြင့် သူ(မ) ချောင်မိကို တွေ့ခွင့်ရတော့မည် မဟုတ်ချေ။ ဟုန်ယာ ဖြေရခက်နေသဖြင့် ငြိမ်သက်စွာ ရပ်နေမိ၏။ ထိုအခါ မဒမ်တုက မျက်ခုံးကိုပင့်ကာ မကျေမနပ်လေသံဖြင့်


"မသွားသေးဘဲနဲ့ ဘာလုပ်နေတာလဲ။ ငါပြောနေတာကို မကြားဘူးလား။"


ဟုန်ယာလည်း အမှန်တရားကို မဖုံးကွယ်နိုင်တော့သဖြင့် ဖြစ်ကြောင်းကုန်စင်ကို အမှန်အတိုင်း ပြောပြလိုက်တော့သည်။


"မဒမ် သခင်လေးကို မွေးပြီးတဲ့အချိန်မှာ သခင်ကြီးက သခင်လေးကို ချောင်မိလို့ နာမည်ပေးခဲ့ပါတယ်။ ပြီးတော့ သခင်လေးကို စတုတ္ထမဒမ်ဆီကို စောင့်ရှောက်ဖို့လည်း ပေးလိုက်ပါပြီ။ သခင်လေး အသက်(၅)နှစ်ပြည့်ရင် စတုတ္ထမဒမ်က သူ့ကို တရားဝင်မွေးစားမှာပါတဲ့..."


ထိုစကားများကိုကြားသော် မဒမ်တု၏မျက်နှာမှာ ဖြူဖျော့လာလေ၏။


ဟုန်ယာက ဆက်၍


"ပြီးတော့ သခင်ကြီးက ပြောခဲ့ပါသေးတယ်။ မဒမ်က ဂင်ဂိုဆောင်မှာပဲ ဆက်နေရမယ်တဲ့။ အရေးကြီးကိစ္စ မရှိရင် သခင်လေးကို လာမတွေ့တာ ကောင်းပါတယ်တဲ့..."


မဒမ်တုတစ်ယောက် လျှပ်စီး၏ရိုက်ခတ်မှုကို ခံလိုက်ရသကဲ့သို့ပင်။ သူ(မ)နားထဲတွင် တုန်ခါသံကိုသာ ကြားရတော့၏။ ဟုန်ယာပြောသည့်စကားများကိုလည်း သူ(မ) မကြားတော့ချေ။ ၎င်းမှာ လက်ခံနိုင်စရာမရှိသောကြောင့် သူ(မ) မယုံနိုင်ဖြစ်နေခဲ့သည်။


'သူက ငါ့ရင်သွေး၊ ငါ့သားလေ။ ဘာဖြစ်လို့ စတုတ္ထမဒမ်ကို ပေးလိုက်ရတာလဲ။ ငါကရော ငါ့သားကို ဘာဖြစ်လို့ တွေ့ခွင့်မရှိရတာလဲ။'


မဒမ်တု၏မျက်လုံးများ အားနည်းလာပြီး လက်များလည်း တုန်ယင်လာ၏။ ထို့နောက် ဖိနပ်ပင်မစီးနိုင်တော့ဘဲ အပြင်သို့ ပြေးထွက်သွားလေတော့သည်။ ထိုအခါ ဟုန်ယာလည်း အနောက်မှပြေးလိုက်ရတော့သည်။


"မဒမ်... မဒမ်။ မဒမ် ဘယ်သွားမလို့လဲ။"


ထိုအချိန်တွင် မဒမ်တု မည်သည်ကိုမျှ မကြားတော့ချေ။ သူ(မ)ရင်သွေးကိုသာ သူ(မ) တွေ့ချင်နေပြီး ထိုသို့လုပ်ရခြင်း အကြောင်းအရင်းများကိုလည်း ဝေ့ကွမ်းအား မေးမြန်းချင်နေခဲ့သည်။ ချောင်မိမှာ သူ(မ)ကိုယ်တိုင် ဝမ်းနှင့်လွယ်ပြီး မွေးခဲ့ရသော သားတစ်‌ယောက်ဖြစ်သည့်တိုင် သူ(မ) သူ့ကို မြင်ခွင့်မရလိုက်ချေ။


'ကျွန်မသားကို တခြားသူနဲ့ စောင့်ရှောက်ခိုင်းမယ်လို့ မပြောနဲ့။ ရှင် အရမ်းသွေးအေးတာပဲ။'


ဂင်ဂိုဆောင်၏ ဂိတ်ဝသို့ ပြေးထွက်သွားသော်လည်း ထိုဝင်ပေါက်တွင်ရှိနေသော အစောင့်နှစ်ယောက်၏ ဓားရှည်များက သူ(မ)ကို တားလိုက်လေသည်။ ထို့နောက် မည်သည့်ခံစားချက်မျှ မရှိသည့် မျက်နှာထားမျိုးနှင့် အစောင့်တစ်ယောက်က"မဒမ်။ အထဲပြန်ဝင်လိုက်ပါ။ မဒမ့်ကို ဂင်ဂိုဆောင်ထဲကနေ ထွက်ခွင့်မပေးရဘူးလို့ သခင်ကြီးက အမိန့်ပေးထားပါတယ်။"


မဒမ်တု သူတို့ကို တွန်းထုတ်ရန်ကြိုးစားသော်လည်း မည်သို့မျှ အင်အားချင်းမယှဥ်နိုင်ခဲ့ချေ။ ထို့ကြောင့် မဒမ်တုမှာ အနည်းငယ်ပင် ရွေ့လျားနိုင်ခြင်းမရှိခဲ့ပေ။ ရုန်းကန်ရသောကြောင့် သူ(မ)၏ဆံပင်များလည်း ရှုပ်ထွေးလာ၏။ ကိုယ်ပေါ်တွင်လည်း အဝတ်ပါးသာ ဝတ်ဆင်ထားကာ မျက်လုံးများကလည်း နီရဲနေတော့သည်။


ထို့နောက် သူ(မ) အော်ဟစ်လိုက်လေ၏။


"ငါ ဝေ့ကွမ်းကို တွေ့ချင်တယ်။ ငါ့သားလေးကို တွေ့ခွင့်ပေး။ ငါ့သားလေးကို ငါတွေ့ချင်တယ်...."


အစောင့်က သူ(မ)ကိုလှမ်းကြည့်လိုက်ပြီး


"သခင်ကြီးက ဟန်လင်အင်ပါယာကျောင်းတော်ကို သွားတာပါ။ ညအထိ ပြန်ရောက်မှာ မဟုတ်ပါဘူး။"


ထိုအခါ သူ(မ) အနောက်သို့ ခြေနှစ်လမ်းဆုတ်လိုက်ပြီးနောက် မြေပေါ်သို့ လဲကျသွားတော့သည်။ သူ(မ)မျက်နှာကိုကိုင်ကာ အချိန်အတော်ကြာသည်အထိ ငိုကြွေးနေမိ၏။ ၎င်းမှာ သူ(မ)အတွက် ပထမဦးဆုံးအကြိမ် မျှော်လင့်ချက်အားလုံး ပျက်စီးရခြင်းပင်။ ယခင်ကမူ ကလေးမွေးပြီးပါက သူ(မ)၏ ယခင်အခြေအနေကို ပြန်သွားနိုင်မည့် အခွင့်အရေးတစ်ခုရှိလိမ့်မည်ဟု သူ(မ)မျှော်လင့်ထားခဲ့သည်။ ဝေ့ကွမ်းမှာ ထိုမျှရက်စက်လိမ့်မည်ဟု သူ(မ) မထင်ထားခဲ့ချေ။ သူ(မ)၏ရင်သွေးကို သူ(မ)နှင့်အဝေးသို့ ပို့လိုက်ရုံမက သူ(မ)အတွက်လည်း တစ်ခုမျှ ထည့်မစဥ်းစားပေးခဲ့ခြင်းပင်။


~~~


T/N : မိထွေးကို နှိပ်စက်ခန်း စပါပြီ။ ^_^


Author's note:


စာဖတ်သူတွေရော ဝေ့ကွမ်းကို အလကားလူလို့ မထင်ကြဘူးလား။ အခုအခြေအနေအရဆို ဒီကလေးကို မွေးခွင့်ပေးလိုက်တာက မဒမ်တုကို အပြစ်ပေးဖို့သက်သက်လိုပဲ ဖြစ်သွားပြီ။ မဒမ်တုက သူ(မ)လုပ်ရပ်တွေအတွက် အပြစ်ပေးခံရမှာဆိုပေမဲ့ အပြစ်မရှိတဲ့ ကလေးတစ်ယောက်ကို ဒီကိစ္စထဲဆွဲသွင်းဖို့ မလိုဘူးလေ။ သားတစ်ယောက်ကို ဆုံးရှုံးရလို့ မဒမ်တု နာကျင်ပါစေဆိုတဲ့ အတွေးမျိုးပဲ ဝေ့ကွမ်းမှာရှိတယ်။


ဒါပေမဲ့လည်း ကြင်နာတတ်တဲ့ စတုတ္ထမဒမ်နဲ့တွေ့လို့ ချောင်မိက ကံကောင်းပါတယ်။ စတုတ္ထမဒမ်ကတော့ သူ(မ)ကလေးတွေကို စောင့်ရှောက်ရုံမက ဝေ့ကွမ်း မဆင်မခြင်လုပ်ထားတဲ့ နောက်ထပ်ကလေးတစ်ယောက်ကိုပါ ထိန်းပေးရဦးမယ် ╮(^▽^)╭


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment