no

Font
Theme

Chapter 7.2

အစောင့်များထွက်သွားပြီးသည်နှင့် အပြင်ဘက်မှအမျိုးသမီးနှစ်ယောက် အထဲသို့ဝင်လာ၏။ ထိုလမ်းထဲသို့ ဦးဆောင်ဝင်ရောက်လာသူမှာ မဒမ်လျူဖြစ်သည်။ ဆံပင်ကို တိမ်တိုက်ပုံစံ သေသေသပ်သပ်ထုံးထားပြီး ပုလဲများကွပ်ထားသည့် ကျောက်စိမ်းကလစ်ကိုပန်ထားသည်မှာ အလွန်တင့်တယ်လှသည်။ တောက်ပ၍ ထင်းထွက်နေသည့် ဝတ်ရုံနှင့်ပေါင်းစပ်လိုက်သည့်အခါ သူ(မ)၏ဟန်ပန်တွင် သိက္ခာရှိသည့်အလှတရားတစ်ခု ဖြစ်ပေါ်နေခဲ့သည်။ ဂိတ်ကိုဖြတ်လာပြီးနောက် သူ(မ)က အံ့အားသင့်စွာဖြင့်




“ဘာတွေဖြစ်ကြတာလဲ။ ဒီလောက်ထိ ဆူဆူညံညံနဲ့။ ပဥ္စမခဲအိုက ဒီလောက်ထိဒေါသထွက်နေတာ ပဥ္စမယောင်းမက အမှားလုပ်ထားလို့လား။”




သူ(မ)၏အနောက်မှ လမ်းလျှောက်လာသူမှာ စတုတ္ထမဒမ်၊ မဒမ်ချင်းဖြစ်၏။ သူ(မ)က အတော်လေး အနေအထိုင်သိုသိပ်လှသည်။ ဆံထုံးပေါ်တွင် ရွှေရောင်လိပ်ပြာနှစ်ကောင်ပါသည့် ဆံထုံးကိုထိုးထားပြီး ပျားရည်အရောင်ရှိသော ဝတ်စုံကိုဝတ်ဆင်ထားးသဖြင့် နူးညံ့ညင်သာစွာလှပနေသည်။ အစောပိုင်းက နျဥ်းရွှယ်ကို မဒမ်တုအချက်ပြလိုက်ခြင်းမှာ တတိယမဒမ်ကို မဟာမိတ်စစ်ကူတောင်းရန်ဖြစ်သည်။ နျဥ်းရွှယ် လီယွမ်အဆောင်သို့သွားခဲ့စဥ်က တတိယမဒမ်၏အခန်းထဲတွင် စတုတ္ထမဒမ်ကိုပါတွေ့လိုက်သောကြောင့် သူတို့နှစ်ယောက်လုံးကိုခေါ်ခဲ့ခြင်းဖြစ်သည်။




ယင်းအရာရှိကြီးတွင် သား(၅)ယောက်နှင့် သမီး(၃)ယောက်ရှိ၏။ သမီး(၃)ယောက်လုံးမှာ အိမ်ထောင်ကျသွားပြီဖြစ်သောကြောင့် အားလပ်ရက်မှသာ ယင်းအိမ်တော်သို့ လာရောက်လည်ပတ်ကြသည်။ ကျန်ရှိသည့် သခင်(၅)ယောက်ထဲတွင် အကြီးဆုံး၊ တတိယနှင့် ပဥ္စမသခင်တို့မှာ တရားဝင်မယားကြီး၏သားများဖြစ်ပြီး ဒုတိယနှင့် စတုတ္ထသခင်တို့မှာ ကိုယ်လုပ်တော်၏သားများဖြစ်ကြသည်။ ယင်းအရာရှိကြီး၏ ရာထူးဩဇာကြီးမားလှသောကြောင့် ဒုတိယနှင့် စတုတ္ထသားတို့ကို ကိုယ်လုပ်တော်ကမွေးထားသည့်တိုင် အမျိုးသမီးကောင်းများက သူတို့ကိုလက်ထပ်ကြသည်။ စတုတ္ထမဒမ်ဆိုလျှင် အန်လင်းအရာရှိအိမ်တော်မှ သမီးတစ်ယောက်ဖြစ်၏။ ထို့ပြင် တရားဝင်မယားကြီး၏ သမီးလည်းဖြစ်သည်။ အန်လင်းအိမ်တော်မှ မိန်းကလေးများမှာ နူးညံ့သိမ်မွေ့ခြင်း၊ ကျက်သရေရှိခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်း စသည့် သိမ်မွေ့သောအပြုအမူများဖြင့် မြို့တော်ထဲတွင်လူသိများကြသည်။ သူတို့၏လက်ထပ်ပွဲကြောင့် လူ့အသိုင်းအဝိုင်းထဲတွင် စတုတ္ထသခင်ကြီး နေရာရကာ လူဝင်ဆံ့လာသည်ဟုလည်း ဆိုနိုင်သည်။ 




လက်ထပ်ပြီးနောက် စတုတ္ထသခင်ကြီးနှင့် သူ(မ)တို့က အလွန်ချစ်ခင်ခဲ့ကြသဖြင့် သူတို့၏နေ့ရက်များမှာ ကျေနပ်နှစ်သက်စရာဖြစ်ခဲ့သည်။ မဒမ်ချင်းတွင် သား(၃)ယောက်ရှိထားပြီဖြစ်၏။ သူ(မ)က သမီးတစ်ယောက်လိုချင်ပါသော်လည်း ယခုအချိန်ထိ သမီးလေးမမွေးနိုင်သေးပေ။ စတုတ္ထသခင်ကြီး ဝေ့ရန်နှင့် ဝေ့ကွမ်းတို့မှာ တော်ဝင်ကျောင်းတော်တွင် အတူတူတာဝန်ထမ်းဆောင်နေရသောကြောင့် သူတို့မိသားစုနှစ်ခုက အချင်းချင်း ရင်းရင်းနှီးနှီးနေထိုင်ကြသည်။ ထို့ကြောင့် မဒမ်ချင်းကလည်း နတ်သမီးလေးတစ်ပါးကဲ့သို့ လှပကာ ထက်မြတ်သည့်အားလော်လေးကို ချစ်ခင်နှစ်သက်သည်။ ထို့ပြင် ဝေ့လော်လေးတွင် မိခင်မရှိသောကြောင့် မဒမ်ချင်းက အကြင်နာပိုကာ အချိန်နှင့်အမျှ သူ(မ)ကိုအရိပ်တကြည့်ကြည့်ရှိနေခဲ့သည်။ ယင်းအိမ်တော်တွင်နေထိုင်သည့် မဒမ်များအနက် စတုတ္ထမဒမ် တစ်ဦးတည်းသာ ဝေ့လော်ကို နှလုံးသားတစ်ခုလုံးနှင့်ချစ်ခင်လေသည်။ 




မဒမ်ချင်း ဝင်လာသည်ကိုမြင်လိုက်ပြီးနောက် အပြာရောင်တံခါးအနောက်တွင် ပုန်းနေသည့်ဝေ့လော်က အလျင်အမြန်ပြေးထွက်လာပြီး အလိုလိုက်ခံရသည့် အမူအရာမျိုးဖြင့် ချွဲနွဲ့ကာ 




“စတုတ္ထအဒေါ်။ အားလော်ကိုချီ။”




မဒမ်ချင်းကလည်း ပြုံးလျက် သူ(မ)ကိုကောက်ချီကာ ဝေ့လော်၏နှာခေါင်းလေးကို ခပ်ဖွဖွပုတ်လိုက်သည်။ 




“အားလော်လေး။ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။ အခုရော နေကောင်းသွားပြီလား။ မနေ့တုန်းက အန်တီက အန်တီ့မိဘတွေဆီကိုသွားလည်နေလို့ပါ။ အဲ့ဒါကို လာမတွေ့ဖြစ်လို့ အား‌လော်လေးက အန်တီ့ကိုစိတ်ဆိုးနေပြီလား။ ဟုတ်လား။”




အားလော်က မဒမ်ချင်းကို တင်းကျပ်စွာဖက်ထားပြီး သူ(မ)၏လည်ပင်းကြားတွင် ပုန်းကွယ်နေ၏။ ထိုသို့မှီထားရင်းနှင့် မဒမ်တု သူ(မ)ကိုလှမ်းကြည့်နေသည်ကိုလည်း သူ(မ)တွေ့လိုက်ရသည်။ ခေါင်းငုံ့လိုက်သောကြောင့် သူ(မ)၏နှုတ်ခမ်းထောင့်လေးများ လှောင်ပြုံးတစ်ခုအဖြစ် ကွေးသွားသည်ကို မည်သူမျှမမြင်လိုက်ချေ။ ထို့နောက် အားလော်က ဟန်ဆောင်ကောင်းစွာဖြင့် မဒမ်ချင်းကိုတင်းကျပ်စွာဖက်ထားရင်း




“အားလော် နေပြန်ကောင်းပါပြီ အန်တီ။ ဒါပေမဲ့ အားလော်ကြောက်နေတုန်းပဲ။”




မဒမ်ချင်းလည်း တွေဝေသွားပြီး




“အားလော်လေးက ဘာကိုကြောက်နေတာလဲ။”




အားလော်၏အသံက အားလျော့သွားပြီး ‌ကြောက်စိတ်ဝင်နေသည့်အသံဖြင့် 




“မဒမ့်ကိုကြောက်တာ။”




“မဒမ် ဟုတ်လား။”




မဒမ်ချင်း ခန့်မှန်းတွက်ဆနေချိန်တွင် မဒမ်တုက စိတ်ဆိုးမာန်ဆိုးဖြင့် စကားဖြတ်ပြောလိုက်၏။




“အားလော်။”




မဒမ်ချင်း၏ရင်ခွင်ထဲတွင်ရှိနေသော ကလေးမလေးက ထိတ်လန့်သွားပြီး ခန္ဓာကိုယ်လေး တုန်ယင်သွားသည်။ ထိုအခါမှသာ အားလော်ပြောသည့် ‘မဒမ်’ဟူသည်မှာ ပဥ္စမမဒမ်ကိုရည်ညွှန်းကြောင်း မဒမ်ချင်းသိသွားတော့သည်။ 




‘အားလော်က အရင်တုန်းက သူ(မ)ကိုအမေလို့ခေါ်တာမဟုတ်လား။ ဘာဖြစ်လို့ အခုမှ မဒမ်လို့ပြောင်းခေါ်လိုက်ရတာလဲ။’




မဒမ်ချင်းက ဝေ့ကွမ်းကိုကြည့်လိုက်၏။ ထိုအကြောင်းကို သူထပ်မပြောချင်တော့သော်လည်း အရာအားလုံးကို ထပ်ကာထပ်ကာပြန်ပြောပြနေရလေသည်။ ထိုအခါမှသာ ယနေ့တွင် အဖြစ်အပျက်ကြီးတစ်ခုဖြစ်ပျက်ခဲ့ကြောင်း မဒမ်ချင်းနှင့် မဒမ်လျူတို့ သဘောပေါက်သွားကြတော့သည်။ မဒမ်ချင်းက အတော်လေးထိတ်လန့်ကာ အံ့အားသင့်သွားပြီး မဒမ်တုအပေါ် အမြင်လည်းပြောင်းလဲသွားခဲ့သည်။ မဒမ်လျူကမူ ၎င်းကို ကြီးကျယ်သည့်ကိစ္စတစ်ခုဟု မထင်မှတ်ဘဲ ရယ်မောလျက်




“ပဥ္စမခဲအိုက ဘာဖြစ်လို့ အစေခံတစ်ယောက်ရဲ့စကားကို လွယ်လွယ်နဲ့ယုံကြည်လိုက်ရတာလဲ။ အဲ့ဒီ့ အစေခံမိန်းကလေးက ပဥ္စမယောင်းမကို မလိုမုန်းထားစိတ်ရှိလို့ အငြှိုးနဲ့တမင်တကာချောက်ချတာဆိုရင်ရော ဘယ်လိုလုပ်မလဲ။”




သို့သော် ကျင်းလုက အဘယ်အကြောင်းကြောင့် မဒမ်တုကိုချောက်ချနိုင်သည်အထိ ဖြစ်နိုင်လိမ့်မည်နည်း။ ဝေ့ကွမ်းလည်း စကားပြောချင်စိတ်မရှိတော့ပေ။ ဝေ့လော်ကို စိတ်ညစ်ညမ်းသွားစေနိုင်သည့် ထိုသို့ စက်ဆုပ်ဖွယ်စကားများကို နားမထောင်စေချင်သောကြောင့် အပြာရောင်ဆေးသုတ်ထားသည့် အခန်းထဲသို့ ဝေ့လော်ကိုပြန်ခေါ်သွားရန် မဒမ်ချင်းအား တောင်းဆိုလိုက်သည်။




(၂)နာရီကြာသော်။




ဝူကျိုးနှင့် ဝမ်တို့ကိုခေါ်၍ အစောင့်များပြန်ရောက်လာကြသည်။ ဝူကျိုးနှင့် ဝမ်တို့ပါလာသည့်သတင်းကိုကြားသော် အဖွားတုန့်၏ခန္ဓာကိုယ်က အားလျော့သွားပြီး မြေပေါ်သို့လဲကျကာ ပြန်မထနိုင်တော့ချေ။




‘မဒမ်က သူတို့ကိုအဝေးပို့လိုက်ပြီမဟုတ်ဘူးလား။ အစောင့်တွေ သူတို့ကို ဘယ်လိုလုပ်ပြီးရှာတွေ့သွားတာလဲ။’




သူတို့၏တုံ့ပြန်ပုံကိုမြင်လိုက်ပြီး‌နောက် ဝေ့ကွမ်းက အကြောင်းအရင်းကို ခန့်မှန်းမိသွားသည်။ ထို့နောက် သူ့နှလုံးသားထဲတွင် စူးနစ်စွာနာကျင်သွားသည်။ သူက အစောင့်များကို မေးလိုက်၏။




“သူတို့က ဘယ်သူတွေလဲ။”




အစောင့်တစ်ယောက်က ဦးညွတ်လိုက်ပြီး ဝေ့ကွမ်းကိုနှုတ်ဆက်ပြီးနောက် 




“သခင်ကြီးရဲ့ မေးခွန်းကိုပြန်ဖြေရရင် သူတို့နှစ်ယောက်က အထဲမဝင်ရဲလို့ ခြံဝန်းအပြင်ဘက်မှာရှိနေတာပါ။ သူတို့ဆီကနေ ပစ္စည်းနှစ်ခုကိုရှာတွေ့ထားပါတယ်။ သခင်ကြီး ကြည့်ကြည့်လိုက်ပါ။”




ဝေ့ကွမ်းက ခေါင်းညိတ်လိုက်ပြီး အစောင့်ဆီကပစ္စည်းများကို လှမ်းယူလိုက်သည်။ ထိုပစ္စည်းများမှာ မည်သည့်ပစ္စည်းများဖြစ်ကြောင့် အဖွားတုန့်နှင့် မဒမ်တုတို့ သေချာသိကြလေ၏။ သူတို့နှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး စိတ်ထဲတွင် တုန်ယင်နေကြလေသည်။




*****




Aurora Novel Translation Team



Report content on this page

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment