no

Font
Theme

Chapter 6.2

အပြာရောင်ဆေးသုတ်ထားသည့်အခန်းထဲတွင် ဝေ့လော်နှင့် ဝေ့ချောင်ဟုန်တို့နှစ်ယောက် အိပ်ရာပေါ်တွင်ထိုင်နေ၏။ ထို့နောက် အစေခံက စားစရာများလာချပေးပြီး ဘေးဘက်တွင်ရပ်စောင့်ပေးနေသည်။ ဝေ့လော်က ခေါင်ရမ်းကိတ်ကိုကောက်ကိုင်လိုက်၏။ တစ်ဝက်လောက်စားလိုက်ပြီးနောက်မှ ချောင်ဟုန်ကိုကြည့်လိုက်မိသည်။ ချောင်ဟုန်မှာ တူကိုပင်မကိုင်ရသေးဘဲ ဝေ့လော်ကိုသာ စေ့စေ့စပ်စပ်ကြည့်နေသည်။ ထို့နောက် ဝေ့လော်လည်း အစားစားရန်အလျင်မလိုနေတော့ဘဲ တူကိုချကာ 




“ချောင်ဟုန်။ ဘာလို့မစားတာလဲ။ ငါ့ကိုကြည့်ရုံနဲ့တင် ဗိုက်ပြည့်နေပြီလား။”




အစောပိုင်းမှ ဝေ့လော်ပြောခဲ့သည့်စကားများကြောင့် ‌ချောင်ဟုန် အလွန်အံ့အားသင့်ခဲ့ပြီး ဗိုက်လည်းမဆာတော့ချေ။ ရွယ်တူကလေးများထက်ပို၍ များစွာရင့်ကျက်သည့်ချောင်ဟုန်က အမှန်တကယ်ဖြစ်ပျက်သွားသည့်ကိစ္စများကို နားလည်လေသည်။ ဝေ့လော်ကို ‘ကျွန်အဖြစ်ရောင်းစားလိုခြင်း’ဖြစ်ကြောင်း သူသိသည်။ ချောင်ဟုန်မှာ မဒမ်တုနှင့်မရင်းနှီးသော်လည်း လူကြီးတစ်ယောက်ဖြစ်သောကြောင့် အမြဲလိုလိုရိုသေစွာဆက်ဆံခဲ့သည်။ မဒမ်တုက ဝေ့လော်ကို ထိုသို့အန္တရာယ်ပြုလိမ့်မည်ဟု သူ မတွေးကြည့်ခဲ့ဖူးပေ။ 




နှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်ရင်း ချောင်ဟုန်က တည်ငြိမ်စွာဖြင့်




“အားလော်။ အခုကစပြီး ငါနင့်ကိုကာကွယ်မယ်။”




မုန့်လှမ်းယူနေသည့် ဝေ့လော်၏လက်များ ရပ်တန့်သွားပြီး ချောင်ဟုန်ကိုလှမ်းငေးကြည့်လိုက်မိသည်။ ယခင်ဘဝတုန်းက ထိုကဲ့သို့သောစကားမျိုးကို သူ(မ)မကြားခဲ့ရဖူးပေ။ တူညီသောဖြစ်ရပ်တို့ဖြစ်ပျက်ခဲ့သော်လည်း ချောင်ဟုန်က အသက်(၆)နှစ်သာရှိသေးသောကြောင့် ဘာကိုမျှသေချာမသိခဲ့ချေ။ ချောင်ဟုန်ထံမှ ကာကွယ်ပေးလိုသည့်စကားမျိုးကိုကြားရရန် ဝေ့လော်မှာ ချောင်ဟုန်ထက် (၁၀)နှစ်ပိုနေခဲ့ရလေသည်။ 




အစောပိုင်းက ဝေ့ကွမ်း၏ရင်ခွင်ထဲတွင်နေကာ ငိုကြွေးနေခဲ့သည့်မျက်နှာထားမျိုး အားလော်မျက်နှာတွင် မရှိတော့ချေ။ သူ(မ)က ကြက်သားဘူးသီးဟင်းကို တူနှင့်လှမ်းယူလိုက်ပြီး ချောင်ဟုန်၏မြင်ကွင်းရှေ့တွင်ကိုင်ထားရင်း အပြုံးတစ်ခုဖြင့်




“နင်ကငါ့ထက်ငယ်တယ်လေ။ ဘယ်လိုလုပ် ကာကွယ်လို့ဖြစ်မှာလဲ။”




ချောင်ဟုန်က ထိုအချက်ကိုငြင်းခုံရန် ခေါင်းကိုချက်ချင်းမော့လိုက်၏။




“တစ်နာရီပဲ ပိုငယ်တာပါနော်။’




မည်သို့ပင်ဆိုစေကာမူ ချောင်ဟုန်က အငယ်ဖြစ်၏။ အားလော်လည်း သူနှင့်မငြင်းခုံနေချင်တော့သောကြောင့် လက်ထဲတွင် တူနှင့်ကိုင်ထားသည့်ကြက်သားတုံးကို ဝှေ့ယမ်းပြလိုက်သည်။




“နင်စားမှာလား မစားဘူးလား။ ကိုင်ထားရတာ ငါလက်ညောင်းနေပြီ။”




ချောင်ဟုန် သေချာပေါက် သူ(မ)ကျွေးသည့်ကြက်သားကို စားလိုက်သည်။ ဝါးစားနေရင်း တစ်ခုခုကိုရုတ်တရက်မှတ်မိသွားသဖြင့် သူက 




“ဟိုမိန်းကလေးအစေခံပြောတော့ နင့်ကို သက်တော်စောင့်တစ်ယောက်က အိမ်ပြန်ခေါ်လာပေးတာဆို။ သူကရော ဘယ်သူလဲ။”




မထင်မှတ်ထားပါဘဲနှင့် ဝေ့ကွမ်းပင် မေးခွန်းမထုတ်ခဲ့၊ သေသေချာချာသတိမပြုခဲ့သည့်အချက်ကို ချောင်ဟုန်က တွေးမိလေသည်။ ထိုကိစ္စမှာ လွယ်လွယ်ရှင်းပြ၍ရနိုင်သည့် အကြောင်းအရာမဟုတ်သောကြောင့် စကားပေါင်းများစွာကို သေသေချာချာစဥ်းစားရွေးချယ်ရသည်။ ထို့နောက် သူ(မ)က အနီးအနားတွင်ဖြတ်သွားသည့် ကြင်နာတတ်သူတစ်ဦးနှင့်တွေ့ခဲ့သောကြောင့် သူ(မ)ကို ကယ်တင်ပေးခဲ့သည်ဟုသာ ထုတ်ပြောလိုက်သည်။ ထိုသို့ပြောလိုက်သော် ကျူ့ကုန်းက အပေါစားဖြစ်သွားချေ၏။ အမှန်တကယ်တွင် ဝေ့လော်ကိုကယ်တင်လိုခြင်းမဟုတ်ဘဲ သူ၏အရှင့်သားထံသို့ ခေါ်သွားလိုခြင်းဖြစ်သည်။ 




ချောင်ဟုန်ကလည်း ထိုအကြောင်းကို နက်နက်နဲနဲထပ်မတွေးတော့ဘဲ သူ(မ)ပြောပြသည့်အတိုင်း လက်ခံကာ မေးခွန်းထပ်မမေးတော့ချေ။ အစားအစာများကို စားသောက်ပြီးနောက် သူတို့နှစ်ယောက် အိပ်ရာပေါ်တွင်သာ ပြန်ထိုင်လိုက်ကြသည်။ မိန်းကလေးအစေခံက စားပွဲကိုရှင်းလင်းနေချိန်တွင် အပြင်ဘက်၌ မဒမ်တုပြန်ရောက်လာပြီဟူသည့် ဆော်ဩသံကိုကြားလိုက်ရသည်။




‘နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့။’




အားလော် စိတ်အားတက်ကြွစွာဖြင့် အိပ်ရာပေါ်မှခုန်ဆင်းလိုက်၏။ ဘေးသို့တွန်းဖွင့်ရသည့် တံခါးအနောက်ဘက်သို့ ချဥ်းကပ်သွားလိုက်ပြီးနောက် ထူးဆန်းသည့်မျက်နှာထားဖြင့် တံခါးကိုနားနှင့်ကပ်ကာ ခိုးနားထောင်နေခဲ့သည်။ ချောင်ဟုန်ကလည်း သူ(မ)နောက်သို့လိုက်လာပြီး




“နင်ဘာလုပ်နေတာလဲ။’




အားလော်က တစ်ဖက်သို့လှည့်လိုက်ပြီး ဖြူဖွေးသွယ်လျသည့်လက်ညှိုးကို နှုတ်ခမ်းပေါ်တွင်တင်ကာ ချောင်ဟုန်ကိုလည်း အသံတိတ်နေရန်သတိပေးလိုက်သည်။




“မဒမ်ပြန်ရောက်လာပြီတဲ့လေ။”




*




ယင်းအိမ်တော်သို့ မဒမ်တုပြန်ရောက်လာသည့်အခါ သူ(မ)က စုန့်ယွမ်အဆောင်သို့ တိုက်ရိုက်သွားချင်ပါသော်လည်း ဂိတ်စောင့်များက သူ(မ)ကို ပဥ္စမသခင်ကြီးက ဧည့်ကြိုဆောင်တွင်စောင့်နေကြောင်း၊ ထိုနေရာသို့ရောက်အောင် မဒမ်တုကိုလိုက်လံပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြောလေသည်။ ထိုသို့ဖြစ်ရခြင်း၏ နောက်ကွယ်မှ အကြောင်းအရင်းကို မဒမ်တု သေချာပေါက်ခန့်မှန်းမိ၏။ ဝေ့လော် အရင်ပြန်ရောက်လာပြီး ဝေ့ကွမ်းကို တစ်ဖက်သတ်တိုင်ကြားချက်များ ပြုလုပ်ပြီးသွားပြီဖြစ်ချေမည်။ ဝေ့ကွမ်းကလည်း ဝေ့လော်ကို အလွန်ချစ်သောကြောင့် ဝေ့လော်ပြောသမျှ ယုံကြည်ပေမည်။ ယခုတွင် အလွန်အမင်း‌ဒေါသထွက်နေသောကြောင့် မဒမ်တုကိုရှာကာ ပြဿနာဖြေရှင်းစေမည်ဖြစ်သည်။ 




ထိုအကြောင်းအရာအားလုံးကို ခန့်မှန်းကြည့်လိုက်ပြီးနောက် မဒမ်တု လက်သီးဆုပ်လိုက်မိ၏။ မိမိကိုယ်ကို စိတ်အေးအေးထားရန် အတင်းကြိုးစားလိုက်ပြီးနောက် အစေခံနျဥ်းရွှယ်ကို မျက်လုံးနှင့်အချက်ပြလိုက်သည်။ နျဥ်းရွှယ်ကလည်း အကင်းပါးလှသဖြင့် လီယွမ်တရားရုံးသို့သွားရန် ချက်ချင်းဖယ်ထွက်သွားလိုက်သည်။ 




မဒမ်တုနှင့်အတူ ကျင်းလုနှင့် အထိန်းတော်ယဲ့တို့လည်း ဧည့်ကြိုဆောင်သို့ရောက်လာ၏။ ကျူ့ကုန်းက ဝေ့လော်ကိုခေါ်သွားခဲ့ပြီးနောက် သူတို့အနောက်မှလိုက်ရှာခဲ့သော်လည်း ကျူ့ကုန်းကို အမှီမလိုက်နိုင်ခဲ့ချေ။ တောထဲသို့ရောက်နေချိန်တွင် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ချင်သည့်မဒမ်တုက မျက်မြင်သက်သေလည်းဖြစ်၊ ဝေ့လော်၏အနီးကပ် စောင့်ရှောက်သူများလည်းဖြစ်သည့် ကျင်းလုနှင့် အထိန်းတော်ယဲ့ကို ရှင်းထုတ်လိုက်ချင်ခဲ့သည်။ သို့သော် ထိုသို့သောကိစ္စမျိုးကိုလုပ်ဆောင်မည်ဆိုလျှင် ပို၍အရေးကြီးသည့်အရာကို အာရုံစိုက်သင့်သည်။ ကျင်းလုနှင့် အထိန်းတော်ယဲ့တို့သေသွားကြပါက သူ(မ)ကို ပို၍သံသယဝင်ကြလိမ့်မည်။ ထိုအခါ သူ(မ)မည်မျှပင်ရှင်းပြစေကာမူ အပြစ်လျော့သွားတော့မည်မဟုတ်ချေ။ သူ(မ)ကိုယ်တိုင်ကလည်း မည်သို့ပင်ဆိုစေကာမူ ဝေ့လော်ကိုအန္တရာယ်ပေးချင်သည့်လုပ်ရပ်များလုပ်ခဲ့ကြောင်း လုံးဝဝန်မခံလိုပေ။ ကျင်းလုနှင့် အထိန်းတော်ယဲ့တို့က အဓိပ္ပာယ်မရှိသည့်စကားကို လိမ်လည်ပြောဆိုနေသည်ဟု ခံငြင်းမှသာ ထိုအခြေအနေအကျဥ်းအကျပ်ထဲမှ သူ(မ)လွတ်မြောက်နိုင်မည်ဖြစ်သည်။




သူ(မ)၏စိတ်ထဲတွင် ထိုသို့စဥ်းစားထားသော်လည်း ပင်မဆောင်၏နံရံကိုဖြတ်ကာ လမ်းလျှောက်သွားသည့်အခါ ဧည့်ကြိုဆောင်အပြင်ဘက်တွင် ဒူးထောက်နေကြသည့်အစေခံများကို သူ(မ)တွေ့လိုက်ရသည်။ ထိုအခါ သူ(မ)ခြေထောက်များတွင် အားလျော့လာပြီး မူးမေ့လဲတော့မည်ဟုပင် ခံစားလိုက်ရတော့သည်။ ယခုတစ်ကြိမ်တွင် ဝေ့ကွမ်းက အလွန်ဒေါသထွက်ကာ သက်ညှာမှုပေးမည့်ဟန်မရှိချေ။ ဝေ့ကွမ်းမှာ သာမန်အချိန်များတွင် သိမ်မွေ့တည်ငြိမ်ပြီး စိတ်လည်းရှည်သောကြောင့် အစေခံများကိုအပြစ်ပေးသည်မှာ ဖြစ်ခဲလှသည်။ ယနေ့တွင်မူ အစေခံများမှာ ကြာပွတ်နှင့်ရိုက်ခံထားရသကဲ့သို့ ဒဏ်ရာကိုယ်စီရှိနေကြသည်။ ထို့ကြောင့် သူ(မ)က အနီးနားတွင်ရှိသော အဖွားတုန့် (အစေခံအဖွားကြီး)၏လက်ကို တင်းတင်းကျပ်ကျပ်လှမ်းဆွဲလိုက်ပြီး သက်ပြင်းချလိုက်သည်။




“အဖွား။ ဒီနေ့တော့ ကျွန်မလည်း ပြေးမလွတ်တော့ဘူးထင်တယ်။”




အဖွားတုန့်မှာ မဒမ်တု၏မိခင်ဘက်ကခေါ်လာသည့် အထိန်းတော်ကြီးဖြစ်၏။ သူ(မ)က မဒမ်တုကို ကလေးဘဝကတည်းက ပြုစုစောင့်ရှောက်ခဲ့သောကြောင့် အလွန်ရင်းနှီးကာ သံယောဇဥ်ရှိသည်။ သဘောထားသေးသိမ်ခြင်း၊ အထက်စီးဆန်ခြင်း၊ ကောက်ကျစ်ခြင်းနှင့် ဝေ့လော်ကိုရောင်းစားခြင်းတို့မှာ အဖွားတုန့်၏အကြံဉာဏ်လည်း တစ်ဝက်ပါသည်။ ဝူကျိုးနှင့် ဝမ်ဟူသည့် ကျွန်ကုန်သည်လင်မယားနှစ်ယောက်မှာလည်း အဖွားတုန့်၏အသိမိတ်ဆွေများပင်။  




အဖွားတုန့်က မဒမ်တုကိုနှစ်သိမ့်ပေး၏။




“မဒမ်။ စိတ်မပူပါနဲ့။ မဒမ်နဲ့ သခင်ကြီးနဲ့ ချစ်ခင်နှစ်သက်ပြီးအတူနေခဲ့တာ (၅)နှစ်ကျော်၊ (၆)နှစ်လောက်တောင်ရှိနေပါပြီ။”




ထိုသို့ပြောရင်းနှင့် သူတို့ ဧည့်ကြိုဆောင်ထဲသို့ဝင်သွားကြသည်။ ဝေ့ကွမ်းက အေးစက်စက်မျက်နှာထားဖြင့် သစ်မာခုံမြင့်ပေါ်တွင်ထိုင်နေ၏။ မဒမ်တုဝင်လာသည်ကိုမြင်သော်လည်း သူက စကားတစ်ခွန်းမျှမပြောချေ။ မဒမ်တုလည်း စိတ်ကိုငြိမ်အောင်ထိန်းကာ မျက်နှာတွင် အပြုံးတစ်ခုကိုဆင်၍ မည်သို့ဖြစ်ရသည့်အကြောင်း မေးရန်ပြင်လိုက်သည်။ သို့သော် သူ(မ)မမေးလိုက်နိုင်ခင်တွင် အနီးနားမှ မိန်းကလေးအစေခံတစ်ယောက်၏ လက်ပေါ်တွင်ရှိနေသောဝေ့ကျန်းက သူ(မ)ကိုအော်ခေါ်လိုက်လေသည်။




“အမေ။”




ဝေ့ကျန်းက လက်နှစ်ဖက်ကိုဝှေ့ယမ်းပြရင်း မဒမ်တု၏လက်မောင်းများကြားသို့ ခုန်ဆင်းသွားချင်နေခဲ့သည်။




“အမေ။ ထွက်ပြေးတော့။ အဖေက စိတ်တိုနေတာ။ အမေ့ကို အပြစ်ပေးချင်နေတာ။”




မဒမ်တုရင်ထဲတွင် နာကျင်သွား၏။ 




“ကျန်းလေး။”




သူ(မ)က ဝေ့ကျန်းကို ပြေး၍ဖက်ထားလိုက်ချင်သော်လည်း ဝေ့ကွမ်း၏ အေးစက်စက်အမိန့်ကိုကြားလိုက်ရသည်။ 




“ပဥ္စမသခင်မလေးကို အပြင်ခေါ်သွားလိုက်ကြ။”




မိန်းကလေးအစေခံများကလည်း ဝေ့ကွမ်း၏အမိန့်ကို နာခံလိုက်ကြပြီး ဝေ့ကျန်းကို အပြင်ခေါ်ထုတ်သွားကြသည်။ မကြာခင် သူတို့မြင်ကွင်းထဲမှ ပျောက်သွားကြသော်လည်း ဝေ့ကျန်း၏ငိုသံကို ကျယ်လောင်စွာကြားနေရဆဲပင်။ သူ(မ)၏ငိုကြွေးသံကိုကြားရသည့်အခါ မဒမ်တု နှလုံးကွဲကြေမတတ် ခံစားရလေ၏။ ဝေ့ကွမ်းတွင် မည်သည့်ရည်ရွယ်ချက်ရှိနေသည်ဖြစ်စေကာမူ သူ(မ) စကားပြောရပေတော့မည်။




“ဝေ့ကျန်းကို ဘာဖြစ်လို့ ဒီလောက်ထိ ရက်ရက်စက်စက်ဆက်ဆံရတာလဲ သခင်ကြီး။ ဝေ့ကျန်းကလည်း သခင်ကြီးရဲ့သမီးပါ။”




ဝေ့ကွမ်း သူ(မ)ကိုကြည့်လိုက်ပြီး ဒေါသများကိုလွှတ်ချလိုက်တော့သည်။




“မင်းပါးစပ်က ဒီလိုစကားမျိုးထွက်လာသေးတယ်နော်။ ဝေ့ကျန်းက ငါ့သမီးဆိုတော့ အားလော်ကရော ငါ့သမီးမဟုတ်လို့လား။”




ဝေ့ကွမ်း ခဏရပ်လိုက်ပြီး ဒေါသဖြင့်ထပ်မေးလိုက်၏။




“မင်းဒီနေ့ အားလော်ကို ဘယ်နေရာကိုခေါ်သွားတာလဲ။ ပြီးတော့ ဘယ်သူတွေနဲ့တွေ့ခိုင်းခဲ့တာလဲ။”




*****




Aurora Novel Translation Team



Report content on this page

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment