Chapter 14
ဝေ့လော် အနည်းငယ် စိတ်ဓာတ်ကျသွား၏။
‘သူက ငါမြင်အောင်လို့ သွားရာကို တမင်တကာပေါ်အောင်ဝတ်ထားတာများလား။ ပြီးတော့ သူအခု ရောက်နေတဲ့ကိစ္စက ငါနဲ့ စာရင်းရှင်းဖို့တော့ မဟုတ်လောက်ပါဘူးနော်။’
နှစ်ခုစလုံး ဖြစ်နိုင်လေ၏။ ဝေ့လော်ကိုယ်တိုင်ကလည်း ယခင်တစ်ခေါက်က သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သည်မှာ အမှန်ပင်။ သူ၏ သက်တော်စောင့်ကလည်း သူ(မ)ကိုဖမ်းခေါ်ကာ သွားများကို ဆွဲနုတ်ပစ်ချင်ခဲ့သည်။ ဝေ့လော်သာ မငိုပြခဲ့ပါက ယခုအချိန်တွင် ဝေ့လော်၏ရှေ့သွားများ ရှိတော့မည်မဟုတ်ချေ။ ကြားခဲ့ရသည့် ကောလာဟလများအရ ကျင်းမင်းသားမှာ အငြှိုးထားတတ်သူဖြစ်၏။ ထိုကောလာဟလများသာ မှန်ကန်နေပါက သူ ဝေ့လော်ကို အလွှတ်ပေးလိမ့်မည်မဟုတ်ချေ။
ဝေ့ကွမ်း၏ရင်ခွင်ထဲတွင် ထိုင်နေရင်း ဝေ့လော် ချင့်ချိန်စဥ်းစားနေမိသည်။ ပြန်လည်မွေးဖွားလာခဲ့ပြီးမှ ဝေ့လော် နောက်တစ်ကြိမ် ထပ်မသေသွားချင်ပေ။ ကျောင်းကျယ်ကဲ့သို့ ကြီးမြတ်သည့်လူတစ်ယောက်ကိုလည်း နောက်ထပ် ရန်မစချင်တော့ပေ။ ဝေ့လော်မှာ သာမန် အသက်(၆)နှစ်အရွယ် ကလေးတစ်ယောက်မဟုတ်ချေ။ အတွေးများစွာဖြင့် ဖြစ်နိုင်ခြေများကို တွက်ဆကြည့်နေရင်း ယခင်ထက်ပို၍ သတိကြီးစွာနေထိုင်နေသည်။ မင်းသားကျင်းမှာ အဆင့်အတန်းမြင့်မားပြီး လေးစားထိုက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ ထိုသူမျိုးကို သူ(မ)က စိတ်အနှောက်အယှက်ပေးမိခဲ့သောကြောင့် အချိန်နှောင်းခါမှ နောင်တရလျှင်လည်း မထူးတော့ချေ။ ယခုအချိန်မှ တောင်းပန်လျှင်လည်း သူက လက်ခံလိမ့်မည်မဟုတ်။ အခွင့်အရေးတစ်ခုကိုရှာပြီး မိမိကိုယ်ကိုယ် ကာကွယ်နိုင်မှသာ လွတ်လမ်းရှာနိုင်တော့မည်။
ဝေ့ကွမ်း၏ရင်ခွင်ထဲမှ ဝေ့လော် ခေါင်းထောင်လိုက်ပြီး ဝိုင်းစက်တောက်ပသောမျက်လုံးများဖြင့် ကျောင်းကျယ်ကို လှမ်းကြည့်လိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကို မင်းသားကျင်း။”
ကျောင်းကျယ်မှာ မင်းသားတစ်ပါးဖြစ်သောကြောင့် သူ့ကို မရိုမသေဆက်ဆံမိမည်ကို အခြားသူများက စိုးရိမ်နေကြသည်။ အားလော် သူ့ကို မင်းသားကျင်းဟုခေါ်ရာတွင် ‘အစ်ကို’ဟူသော စကားလုံးကို မထည့်ခဲ့သင့်ပေ။ သူ့ကို ‘အစ်ကို’ဟု ခေါ်လိုက်ခြင်းက ရင်းနှီးသည့်ဆက်ဆံရေးတစ်ခုကို ညွှန်ပြနေခဲ့သည်။ သို့သော်လည်း ဝေ့လော်၏အသံက ချိုမြိန်ကာ ညင်သာနေ၏။ အသက်အရွယ် ငယ်သေးသည့်အချက်နှင့် ပေါင်းလိုက်သည့်အခါ သူ(မ)ခေါ်လိုက်သည့် ‘အစ်ကို မင်းသားကျင်း’ဟူသည့် နာမ်စားမှာ အခြားသူများအတွက် ထူးထူးဆန်းဆန်းဖြစ်မနေဘဲ ပို၍ပင် နားဝင်ချိုကာ ယဥ်ကျေးသည့်ပုံစံ ဖြစ်ပေါ်သွားခဲ့သည်။
ကျောင်းကျယ် အဝေးကိုလှမ်းကြည့်နေရင်း ခပ်ဖွဖွပြုံးမိသွား၏။ သူတို့ စတွေ့သည့်နေ့က သောင်းကျန်းနေပြီး ဗိုလ်ကျတတ်သည့် ဝေ့လော်၏ပုံစံကို သူသေသေချာချာမှတ်မိနေသေးသည်။ သူ(မ) သူ့ကိုကိုက်ခဲ့သည့်အချက်ကို ဘာမဟုတ်သလို ကျော်သွားခဲ့ပြီး ရထားလုံးထဲ ပြေးဝင်ကာ သူ့အသားက အရသာမရှိကြောင်း သူ(မ)ပြောခဲ့သည်ကိုလည်း ကျောင်းကျယ် သတိရသေး၏။
‘အရသာမရှိဘူးတဲ့။ ငါ့အသားကို ရှန်းမြို့တော် လမ်းဘေးမှာရောင်းတဲ့ ကြက်ကင်၊ ဘဲကင်လို့များ ထင်နေလားမသိဘူး။’
ထိုနေ့က သူ(မ)၏ပြုမူဟန်တို့မှာ အနီးနားမှလူတို့ကို မကျေမနပ်ဖြစ်စေသည့်ဟန်ရှိပြီး သူ(မ)၏ ယခုပုံစံမှာတော့ ထိုနေ့ကနှင့်မတူဘဲ သိမ်မွေ့နူးညံ့ကာ အလိုက်သိသည့်ပုံစံဖြစ်နေတော့သည်။
‘သူ့အိမ်က လူကြီးတွေရှေ့မှာမို့လို့ အရိုးသားဆုံးပုံစံကို ချက်ချင်းပြောင်းလိုက်တာများလား။’
ကျောင်းကျယ် စကားပြန်မပြောချေ။ သူ(မ)၏ကျေးဇူးတင်စကားကို လက်လည်းမခံသကဲ့သို့ ငြင်းဆန်ခြင်းလည်းမရှိ။ ခါးတွင်ချိတ်ထားသော ဆင်စွယ် ခေါက်ယပ်တောင်ကိုသာ ဆော့ကစားရင်း သူ၏မျက်နှာထားနှင့် ဟန်ပန်ကို ထိန်းချုပ်ထားခဲ့သည်။
သူ့လက်ထဲတွင်ကိုင်ထားသော လက်ဖက်ရည်ခွက်ထဲတွင် လက်ဖက်ရည်မရှိတော့သည်ကို မြင်လိုက်သည့် မြို့စားယင်းက မိန်းကလေးအစေခံတစ်ယောက်ကို လက်ဖက်ရည်ထပ်ဖြည့်ခိုင်းလိုက်ပြီး ထိုခွက်ကို ဝေ့လော်အား ကိုယ်တိုင်သယ်လာခိုင်းလိုက်သည်။
“ဒါက ဒီနှစ်နွေဦးမှာ အသစ်ရလာတဲ့ အောမော့ရွှယ်ယာ လက်ဖက်ရည်ပါ။ အခြားလက်ဖက်ရည်တွေနဲ့ ယှဥ်လိုက်ရင် ဒီအောမော့ရွှယ်ယာက အဆပေါင်းများစွာ ပိုမွှေးပြီး အရသာထူးကဲပါတယ်။ စံအိမ်မှာ ပမာဏနည်းနည်းတော့ ကျန်ပါသေးတယ်။ တကယ်လို့ မင်းသား ကြိုက်နှစ်သက်တယ်ဆိုရင် အားလုံး ထည့်ပေးလိုက်ပါမယ်။”
ကျောင်းကျယ်က ဝေ့လော်ကိုလှမ်းကြည့်လိုက်ရင်း မြို့စားယင်း၏အဆိုကို မငြင်းဆန်လိုက်ချေ။
“ဒါဆိုရင်လည်း ဒီမင်းသားက မရိုင်းပြတော့ပါဘူး။ လက်ဖက်ရည်ကို လက်ခံလိုက်ပါ့မယ်။ ကျေးဇူးတင်ပါတယ်။”
အစေခံက လက်ဖက်ရည်ကိုငှဲ့ပေးလိုက်ပြီးနောက် မင်ရောင်အဖုံးပါသည့် ခွက်တစ်ခွက်ကို အားလော်၏ရှေ့တွင် ချပေးလိုက်သည်။ အားလော်လည်း ဝေ့ကွမ်းပေါ်မှဆင်းကာ လက်ဖက်ရည်ကိုယူလိုက်၏။ ထို့နောက် သူ(မ)က ကျောင်းကျယ်ဆီသို့ ဂရုတစိုက်လမ်းလျှောက်သွားရင်း လက်နှစ်ဖက်ဖြင့် လက်ဖက်ရည်ကိုကမ်းပေးကာ
“အစ်ကို။ လက်ဖက်ရည် သုံးဆောင်ပါဦး။”
ဝေ့လော်၏အသံမှာ ကလေးတစ်ယောက်၏ ငယ်ရွယ်မှုတို့ ပြည့်ဝနေပြီး သာယာချိုမြိန်နေ၏။ ထို့ပြင် စကားသံကို နှိမ့်၍ပြောတတ်သောကြောင့် နားထောင်ရသူအနေဖြင့် ပို၍ချောမွေ့ကာ သဘောကျချင်စဖွယ်ဖြစ်ခဲ့သည်။ သူ(မ)က နူးညံ့ဖြူဖွေးသော မျက်နှာလေးကိုမော့ကာ သူ့ကိုကြည့်လိုက်ချိန်တွင် ထူထဲလှသည့် မျက်တောင်များဝန်းရံထားသော မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးလေးက တောက်ပနေတော့သည်။ သူ(မ)ပုံစံက အနောက်တိုင်းဒေသများမှလာသော ကြွေရုပ်လေးနှင့် အလွန်ဆင်တူလှသောကြောင့် သူ(မ)ကို လှပသောမိန်းကလေးတစ်ယောက်အဖြစ် ကျောင်းကျယ် အသိအမှတ်ပြုလိုက်ရတော့သည်။
ထိုလက်ဖက်ရည်ကို လှမ်းယူရန် သူ အလျင်စလိုမပြုမူချေ။ သစ်မာသားထိုင်ခုံ၏ တိမ်ပုံစံထွင်းထားသော လက်ရန်းကိုမှီကာ ဝေ့လော်ကို သူငေးကြည့်နေမိသည်။ ထိုမိန်းကလေးက အလွန်စိတ်ဝင်စားစရာကောင်း၏။ လူအများရှေ့တွင် ချစ်စရာကောင်းသော်လည်း လူကွယ်ရာရောက်လျှင် အရိုင်းဆန်သည့်သဘောရှိသည်။ ပထမဆုံး တွေ့ဆုံခဲ့စဥ်ကသာ အကိုက်မခံခဲ့ရဖူးပါက လက်ရှိတွင်မြင်နေရသည့် သူ(မ)၏ နူးညံ့သော ချစ်စဖွယ်ဟန်ပန်လေးတွင် လှည့်စားခံရတော့မည်မှာ သေချာပေသည်။
ကျောင်းကျယ်က စကားပြန်မပြောသဖြင့် ဝေ့လော်က တစ်ဖန်ထပ်ခေါ်လိုက်သည်။
“အစ်ကို...”
ကျောင်းကျယ် မသိမသာပြုံးပြလိုက်ပြီး သူ(မ)လက်ထဲမှ လက်ဖက်ရည်ခွက်ကိုလှမ်းယူကာ တစ်ငုံသောက်လိုက်၏။ သူစကားပြောတော့မည့်အချိန်တွင် ဝေ့ကွမ်းက ရုတ်တရက်
“အားလော်။ အဲ့ဒါက မင်းသားကျင်းလေ။ အစ်ကိုလို့ မခေါ်ရဘူး။”
တကယ်တမ်းတွင် ကျောင်းကျယ်ကို အစ်ကိုဟုခေါ်ခြင်းက မှားယွင်းသည့်အရာတစ်ခု မဟုတ်ခဲ့ပေ။ ဝေ့ကွမ်းက အစိုးရိမ်လွန်နေခြင်းသာဖြစ်သည်။ သေသေချာချာစဥ်းစားကြည့်ပါက ဝေ့လော်အနေနှင့် ကျောင်းကျယ်ကို ‘အစ်ကို’ဟုလည်း ခေါ်၍ရနိုင်သည်။ ကျောင်းကျယ်၏မွေးမိခင်မှာ ဧကရာဇ်၏မိဖုရားချန်ဖြစ်သည်။ သူ(မ)၏အောက်တွင် နျဥ်ကွေ့ဖေးရှိ၏။ နျဥ်ကွေ့ဖေးနှင့် အရေးပိုင်မင်း ကျုံးယီတို့မှာ ဆွေမျိုးများဖြစ်ပြီး အရေးပိုင်မင်းကျုံးယီမှာ မဒမ်တု၏ ဆွေမျိုးလည်းဖြစ်ပြန်သည်။ တော်စပ်နိုင်သည့် ဆွေမျိုးဖြစ်နေသော်လည်း ရှုပ်ထွေးသည့် တော်စပ်မှုသာဖြစ်နေခြင်းပင်။
ဖခင်၏စကားကိုကြားသော် ဝေ့လော်က သူ့ကိုကြည့်၍ တစ်မျိုးပြောင်းခေါ်လိုက်သည်။
“အစ်ကို မင်းသားကျင်း။”
ပြောင်းခေါ်လိုက်သော်လည်း အစ်ကိုဟူသော နာမ်စားက ပျောက်မသွားခဲ့ချေ။ အခြားသူများကမူ ဝေ့လော်ကို ခေါင်းမာသည်ဟုထင်မှတ်နိုင်သော်လည်း ကျောင်းကျယ်ကမူ သူ(မ)၏ ပရိယာယ်တစ်ခုဟုသာ ထင်မြင်မိသည်။ ထိုကလေးမလေးတွင် အပြစ်ရှိစိတ်ရှိနေသောကြောင့် သူ့ကို ‘အစ်ကို အစ်ကို’ဟုခေါ်ကာ ယခင်ရန်ငြှိုးကို မေ့ဖျောက်ပေးစေလိုသည့် မျှော်လင့်ချက်မျိုးရှိနေသည်။ ၎င်းမှာ အတော်လေး စိတ်ဝင်စားစရာကောင်းလှ၏။ ကျောင်းကျယ် ကလေးမချစ်တတ်သော်လည်း အသက်(၆)နှစ်အရွယ် ဝေ့လော်မှာ တစ်မူထူးနေခဲ့သည်။ သူ(မ) သူ့ကိုခေါ်သည့်နာမ်စားကို မည်သို့မျှပြန်မတုံ့ပြန်လိုက်ဘဲ သူက လက်ဖက်ရည်ခွက်ကိုချလိုက်သည်။ ထို့နောက် စားပွဲ၏မျက်နှာပြင်ကို လက်ညှိုးဖြင့် အသာပုတ်ကာ
“ဘာမဟုတ်တာလေးနဲ့ ကလေးကို ဒီလိုမျိုးခေါ်လိုက်စရာတော့မလိုပါဘူး။ လူကြီးမင်းဝေ့က အရာအားလုံးကို အလေးအနက်ထားနေလို့ပါ။”
လက်ဖက်ရည်မှာလည်း ပြင်ဆင်ပြီးသားဖြစ်၏။ ကျေးဇူးတင်ကြောင်းကိုလည်း ပြောပြီးသားဖြစ်သောကြောင့် ဝေ့လော်လုပ်နိုင်သည့် အခြားအရာဟူ၍ မရှိတော့ချေ။ လူကြီးများ စကားပြောကြမည်ဖြစ်သောကြောင့် ကလေးငယ်တစ်ယောက်ကို ထိုနေရာတွင် မရှိစေချင်။ ထို့ကြောင့် မြို့စားယင်းက ကျင်းလုကိုလှမ်းခေါ်ကာ ဝေ့လော်ကို ပြန်ခေါ်သွားခိုင်းလိုက်သည်။ ကျင်းလု၏လည်ပင်းကို ဖက်ထားရင်း သူ(မ) ကျောင်းကျယ်ကို ငေးကြည့်နေမိသည်။ ကျောင်းကျယ်၏ မျက်ဝန်းနက်များကလည်း သူ(မ)ကိုလှမ်းကြည့်နေ၏။ ထိုအခါ သူ(မ)ခေါင်းလေးငုံ့ဝင်သွားပြီး ကြည်လင်နေသောမျက်လုံးများသာ ကျန်ရစ်လေရာ သူ(မ)၏ပုံစံက ချစ်စရာကောင်းပြီး ရယ်စရာလည်းကောင်းနေခဲ့သည်။
ဝေ့လော် ထွက်သွားပြီးသည်အထိ ကျောင်းကျယ်၏နှုတ်ခမ်းပါးများက အပြုံးကို မရပ်တံ့နိုင်သေးချေ။ သူ့လက်ကောက်ဝတ်တွင်လည်း သွားရာအမာရွတ်တစ်ခုက အထင်းသားရှိနေသည်။ နီရဲသိသာနေသည့် ထိုအမာရွတ်ကို သတိထားမိသွားသောအခါ ဝေ့ကွမ်း ထိတ်လန့်သွား၏။ အစောပိုင်းက ၎င်းကို မြင်လိုက်သော်လည်း အမြင်အာရုံများ ဝေဝါးနေသဖြင့် ထင်ယောင်ထင်မှားဖြစ်သည်ဟုသာ ဝေ့ကွမ်းထင်ခဲ့သည်။ သို့သော် ယခုတစ်ဖန်ကြည့်လိုက်သည့်အခါ ထိုသွားရာအမာရွတ်က ထင်ရှားနေပြန်၏။ ထို့ကြောင့် သူက
“ကျွန်တော့်ရဲ့သိချင်စိတ်ကို ခွင့်လွှတ်ပေးပါ အရှင့်သား။ အရှင့်သားရဲ့ လက်ကောက်ဝတ်ပေါ်က အမာရွတ်က... ကိုက်ရာတစ်ခုနဲ့ တူနေသလားလို့ပါ။”
ကျောင်းကျယ်က မေးစေ့ကို လက်ဖြင့်ပွတ်သပ်လိုက်ပြီး ပျင်းရိစွာဖြင့်
“ဟုတ်တယ်။”
ထို့နောက် သူက ထပ်ဖြည့်ပြောလိုက်သေး၏။
“ကလေးမလေးတစ်ယောက် ကိုက်သွားတာ။”
***
ရှေ့ခြံထဲမှ ထွက်လာပြီးနောက် ဝေ့လော် ထင်းရှူးဆောင်သို့ ချက်ချင်းပြန်သွားသည်။ ကျင်းလု၏လက်ပေါ်မှဆင်းကာ သူ(မ)၏ခြေထောက်တိုများဖြင့် နေရာတိုင်းသို့လျှောက်ကာ တစ်ခုခုကို ရှာဖွေနေခဲ့သည်။
‘ဒါလည်းမဟုတ်ဘူး။ ဟိုဟာလည်း မဟုတ်ပါဘူး။’
အချိန်အတော်ကြာ ရှာဖွေနေသည့်တိုင် ထိုအရာကို ဝေ့လော်ရှာမတွေ့ချေ။ ထိုအခါ ကျင်းလုက သိချင်စိတ်ဖြင့်
“မမလေး။ ဘာကိုရှာနေတာလဲ။”
ဝေ့လော်က ခေါင်းငုံ့ကာ တစ်ခဏစဥ်းစားလိုက်ပြီး
“ဟူးကော်ဘုရားကျောင်းကနေ ပြန်လာတုန်းက အဖေ အားလော်ကို ဆေးပုလင်းတစ်ခု ပေးခဲ့သေးလားလို့။ အဲ့ဒီ့ဆေးက သွေးလည်ပတ်အားကို ကောင်းစေပြီးတော့ အရေပြားအောက်မှာ သွေးခဲနေတာတွေရှိရင် ဖယ်ရှားပေးပြီး ဒဏ်ရာကိုလည်း အမြန်ပျောက်စေတယ်လေ။”
ဟူးကော်ဘုရားကျောင်းမှ ထွက်ပြေးခဲ့စဥ်က အထိန်းတော်ယဲ့က ဝေ့လော်ကိုချီပြီး အကွာအဝေးရှည်တစ်ခုကို ပြေးလွှားခဲ့ရသည်။ ထို့ကြောင့် သစ်ကိုင်းများနှင့် ခြစ်မိပြီး ဒဏ်ရာအချို့ရခဲ့၏။ ထိုဒဏ်ရာများကိုမြင်သော် ဝေ့ကွမ်းက အချိန်အတော်ကြာ စိတ်မကောင်းဖြစ်နေခဲ့ပြီး နောက်တစ်ရက်တွင် အားလော်အတွက် ဆေးပုလင်းတစ်ခု ယူလာပေးခဲ့သည်။ ဆေးအာနိသင် အလွန်ကောင်းမွန်သောကြောင့် လိမ်းပြီးသည့် နောက်တစ်နေ့တွင် အနာပွေးများအားလုံး ကွာကျသွားခဲ့သည်။
ဝေ့လော်က ထိုဆေးကို ရုတ်တရက် ရှာဖွေနေသဖြင့် ကျင်းလုက စိတ်ပူသွားပြီး
“မမလေး။ ဒဏ်ရာတွေက သက်သာသွားပြီမဟုတ်ဘူးလား။ အဲ့ဒီ့ဆေးကို ဘာဖြစ်လို့လိုတာလဲ။”
ဝေ့လော် ခေါင်းခါပြလိုက်ပြီး
“အားလော်အတွက် မဟုတ်ပါဘူး။ တစ်ယောက်ယောက်ကို ပေးချင်လို့ပါ။”
‘အိမ်တော်မှာ အခြား ဒဏ်ရာရတဲ့သူတစ်ယောက်ယောက် ရှိနေလို့လား။ ပဥ္စမသခင်မလေးအတွက်များလား။’
‘အင်း ဖြစ်နိုင်တယ်။ ပဥ္စမသခင်မလေးက ဆိုးသွမ်းတယ်ဆိုပေမဲ့ မမလေးရဲ့ ညီမလေးပဲကို။ ကလေးတွေကြားမှာ ရန်လိုစိတ်ဆိုတာ ဘယ်ရှိပါ့မလဲ။’
အစောပိုင်းက ဝေ့ကျန်းဒဏ်ရာရလာသောကြောင့် ဝေ့လော်က သူ(မ)ကို ဆေးသွားပေးချင်သည်ဟု ကျင်းလုထင်လိုက်သည်။ ထို့ကြောင့် ကျင်းလုက ထပ်မမေးတော့ဘဲ အားလော်ကို ကူညီရှာဖွေပေးရာ နောက်ဆုံးတွင် စင်တစ်ခုပေါ်မှ အဖြူရောင် ကြွေပုလင်းတစ်လုံးကို ရှာတွေ့သွားသဖြင့် အားလော်ကို လှမ်းပေးကာ
“မမလေး။ ဂင်ဂိုဆောင်ကို သွားမလို့လား။”
ဝေ့လော် စိတ်တွေဝေသွားပြီး မျက်တောင်ခတ်ကာ
“မသွားပါဘူး။ ဂင်ဂိုဆောင်ကို ဘာလို့သွားရမှာလဲ။”
ကျင်းလုကလည်း တွေဝေသွား၏။
“ဒဏ်ရာအတွက် မမလေး ဆေးရှာနေတယ်ဆိုတာ ပဥ္စမသခင်မလေးကို ပေးမလို့ မဟုတ်ဘူးလား...”
ဝေ့လော် နှာခေါင်းရှုံ့လိုက်ပြီး မပျော်မရွှင်အသံဖြင့်
“ဝေ့ကျန်းအတွက် မဟုတ်ပါဘူးနော်။ သူ(မ)က သူ(မ)ကိုယ်သူ(မ) သတိမထားလို့ ဒဏ်ရာရတာကို အားလော်ကို လာအပြစ်တင်နေတာလေ။ အဲ့ဒါကို အားလော်က သူ(မ)အတွက် ဘာလို့ ဆေးယူသွားပေးရမှာလဲ။ မပေးပါဘူး။”
ဝေ့လော် ထိုစကားကို အခြေအမြစ်မရှိဘဲ လက်လွှတ်စပယ်ပြောလိုက်ခြင်းမဟုတ်ပေ။ ဝေ့ကျန်း၏အကျင့်အရ ယခုအချိန်လောက်ဆိုလျှင် မဒမ်တု၏ ရင်ခွင်ထဲဝင်ကာ အကြောင်းစုံကို အပြစ်ပြောနေပြီးဖြစ်ပေလိမ့်မည်။ ဝေ့ကျန်းကလည်း အရူးတစ်ယောက်မဟုတ်ချေ။ ဝေ့လော် သူ(မ)ကိုတွန်းခဲ့သည့်အကြောင်းကို သေချာပေါက် သူ(မ)အမေကို ပြန်ပြောပြပေလိမ့်မည်။ ဝေ့လော်ကိုယ်တိုင်က မတော်တဆတွန်းမိသွားခဲ့လျှင်ပင် သူ(မ)က ဝေ့လော် တမင်တကာတွန်းသည်ဟု ပြောမည်မှာ သေချာလေသည်။ သို့သော် ဝေ့လော် မကြောက်ချေ။ ဝေ့ကျန်း၏ ဆိုးသွမ်းသောအမူအရာကလည်း လူတိုင်းအသိပင်။ ထိုအကြောင်းကို ဝေ့ကျန်းထုတ်ပြောလျှင်ပင် သူ(မ)ကို ယုံကြည်မည့်သူ ခပ်များများရှိလိမ့်မည်မဟုတ်ချေ။
ကျင်းလုက ပို၍ပင်တွေဝေသွားပြီး ဝေ့လော်ကို ထပ်မေးပြန်သည်။
“ဒါဆိုရင် ဒီဆေးကို မမလေးက ဘယ်သူ့ကိုပေးမလို့လဲ။’
ဝေ့လော် သူ(မ)ကိုပြန်မဖြေဘဲ ရှေ့ခြံနေရာလွတ်သို့ပြေးကာ ဂိတ်ပေါက်သို့ အမြန်သွားလိုက်သည်။ သူ(မ) ခြေတစ်လှမ်းနောက်ကျသွားပြီး ကျောင်းကျယ်ကို မမှီလိုက်မည်ကို စိုးရိမ်မိသည်။ သူ(မ)တွင် ကျောင်းကျယ်ကို ရန်စလိုသည့်ရည်ရွယ်ချက်မရှိခဲ့ချေ။ ကိုက်ရာအတွက် သူ(မ) ပြန်မလျော်နိုင်သော်လည်း စိတ်ရင်းစေတနာအမှန်ကိုတော့ ပြသရပေမည်။
ကံကောင်းစွာဖြင့် သူ(မ) အပြေးအလွှားလာလိုက်သောကြောင့် အထဲမှထွက်လာသည့်လူများနှင့် အချိန်မီတွေ့နိုင်ခဲ့သည်။ ကျောင်းကျယ်က အလယ်တွင်ရှိနေပြီး ဘေးဘက်တွင် မြို့စားယင်းနှင့် အနောက်ဘက်တွင် ဝေ့ကွမ်းနှင့်အတူ ဝေ့လော်၏ဦးလေးများ လမ်းလျှောက်၍ ထွက်လာကြသည်။ သူတို့ အာရုံမစိုက်နေသည့်အချိန်ကို အခွင့်ကောင်းယူကာ ပြေးသွားလိုက်ပြီး ကျောင်းကျယ်၏ရှေ့သို့ ရောက်သွားခဲ့သည်။ သို့သော် ဝေ့လော်က အရပ်ပုနေသေးသည့် ကလေးတစ်ယောက်ဖြစ်သောကြောင့် ကျောင်းကျယ်က သူ(မ)ကိုမမြင်ချေ။ မြင်ရက်နှင့် မမြင်ချင်ယောင်ဆောင်နေခြင်းလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ဝေ့လော်က လက်ကိုဆန့်ထုတ်ကာ ကျောင်းကျယ်၏လက်ကို လှမ်းဆွဲလိုက်သည့်အခါမှ ကျောင်းကျယ်တစ်ယောက် သူ(မ)ကို သတိထားမိတော့သည်။
ကျောင်းကျယ် ငုံ့ကြည့်လိုက်၏။ အမြန်ပြေးလာရသောကြောင့် ကလေးမလေး၏မျက်နှာလေးမှာ နီရဲနေသည်။ ဟောဟဲလိုက်ကာ မောပန်းနေရင်း သူ(မ)က လက်ထဲကဖန်ပုလင်းလေးကို ကိုင်မြှောက်၍
“အစ်ကို။ ဒါ အစ်ကို့အတွက်ပါ...”
*****
Aurora Novel Translation Team
Report content on this page