no

Font
Theme

Chapter 23.2

အခြားသူများက သတိမထားမိနိုင်သော်လည်း ကျောင်းကျယ်က သူ(မ)ကိုသာ အမြဲအာရုံစိုက်နေသောကြောင့် ထူးခြားချက်ကိုမြင်ခဲ့လေသည်။ ထိုကလေးမလေးမှာ သူ(မ)၏ခံစားချက်များကို ထိန်းချုပ်ထား၏။ လီစုန့်ကိုကြည့်လိုက်သည့်အချိန်တွင် သူ(မ)မျက်လုံးများက အေးစက်နေပြီး ဒေါသနှင့် အမုန်းတရားများလည်း ပါဝင်နေခဲ့သည်။ ဝေ့လော်၏ ထိုပုံစံကို ယခုမှသာမြင်ဖူးခဲ့သော်လည်း ကျောင်းကျယ် မအံ့ဩခဲ့ပေ။ ထိုသို့သောခံစားချက်မျိုးမှာ အလွန်ထူးဆန်းသည့်တိုင် ဝေ့လော်၏ အမူအရာများက သာမန်အတိုင်းဖြစ်နေပြန်၏။ သူ့ကို ရက်ရက်စက်စက် ကိုက်ခဲ့သည့် သူ(မ)ပုံစံကိုဖြစ်စေ၊ “အစ်ကို”ဟု ညင်ညင်သာသာခေါ်တတ်သော ချိုမြိန်သည့်ပုံစံကိုဖြစ်စေ၊ ယခုမြင်တွေ့ရသည့် အငြှိုးကြီးနေသောပုံစံကိုဖြစ်စေ ကျောင်းကျယ်အတွက် စိတ်ဝင်စားစရာဖြစ်နေသည်။ ဝေ့လော်တွင် ဖုံးကွယ်ထားသည့် ပုံစံမျိုးစုံရှိနေလေရာ ကျောင်းကျယ်က တစ်ခုပြီးတစ်ခု လေ့လာကြည့်နေလေသည်။ 




ဝေ့လော်က နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း နှုတ်ခမ်းထောင့်တွင် သွေးအချို့ပေနေသည်။ သူ(မ)ပုံစံက ခေါင်းမာနေသည့် သားရိုင်းကောင်လေးတစ်ကောင်နှင့် တူနေသည်။ သူ(မ)ကို ဖြည်းဖြည်းချင်း ငြိမ်သက်သွားစေရန် တစ်ယောက်ယောက်က ချော့ပေးရမည်ပင်။




ကျောင်းကျယ် ပြုံးလိုက်၏။




“ကိုယ်ခန့်မှန်းကြည့်မယ်။ လီစုန့်လား ဒါမှမဟုတ် ဝေ့ကွမ်းလား။”




သူ(မ) ရပ်လိုက်ပြီး သူ့ကိုလှမ်းကြည့်လိုက်သည်။ ဝေ့လော် ဝန်မခံသလို ငြင်းလည်းမငြင်းဆန်ခဲ့ချေ။ ဝေ့လော် သူတို့နှစ်ယောက်လုံးကို မုန်းလေသည်။ လီစုန့်ကိုမူ ချောင်ဟုန်ကိုဖျက်ဆီးခဲ့သောကြောင့် မုန်းတီးပြီး ဝေ့ကွမ်းကိုမူ ချောင်ဟုန်ကို မကာကွယ်နိုင်ခဲ့သောကြောင့် မုန်းတီးမိသည်။ သို့သော် လက်ရှိအခြေအနေတွင် လီစုန့်ကို ပို၍မုန်းတီးလေသည်။ 




ကျောင်းကျယ်က သူ(မ)၏အတွေးများကို ခန့်မှန်းမိလိုက်ပြီး ထပ်မေးလိုက်ပြန်သည်။




“ဘာလို့ သူ့ကိုမုန်းနေတာလဲ။ သူက မင်းရဲ့မောင်လေးကို ရေထဲတွန်းချလိုက်လို့လား။”




ဝေ့လော် တစ်ခဏတိတ်ဆိတ်နေပြီးမှ နှုတ်ခမ်းကို ခပ်ဖွဖွလှုပ်ရှား၍




“သူက ချောင်ဟုန်ကို အနိုင်ကျင့်တာလေ။”




‘လီစုန့်ရဲ့လုပ်ရပ်က ချောင်ဟုန်ကို အနိုင်ကျင့်တာပဲ မဟုတ်ဘူးလား။’




ဝေ့‌လော် ကျောင်းကျယ်ကို အလုံးစုံမသိစေချင်သကဲ့သို့ သူ(မ)၏ အငြှိုးကြီးသော ပုံစံကိုလည်း မမြင်စေချင်ပေ။ ယခုတွင် ဝေ့လော် ဟန်ဆောင်ကာ ထိုပုံစံကို ဖုံးကွယ်ထားနေရသည်။ လက်ရှိတွင် သူ(မ)အသက်အရွယ်က (၆)နှစ်သာရှိသေးသောကြောင့် ထိုသို့ အငြှိုးတရားမျိုး ထားရှိနေရန် မဖြစ်သင့်ချေ။




ကျောင်းကျယ်က နှုတ်ခမ်းကိုတင်းတင်းစေ့ထား၏။ သူ(မ)၏စကားကို ယုံသည်၊ မယုံသည် မသိရချေ။ ဝေ့လော်ကို တစ်ခဏ ငေးကြည့်နေလိုက်ပြီးနောက် ခေါင်းလေးကို အသာအယာပုတ်လိုက်ပြီး 




“မင်းရော သူ့ကိုပြန်ပြီး အနိုင်ကျင့်ချင်လား။”




အံ့အားသင့်စွာဖြင့် ခေါင်းမော့ကြည့်လိုက်ရာ ဝေ့လော် သူ့မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။ ကျောင်းကျယ် အဘယ်ကြောင့် ထိုမေးခွန်းကိုမေးရသည်ကို ဝေ့လော်နားမလည်ချေ။ 




‘သူက ဘာကိုပြောချင်တာလဲ။ တကယ်လို့ ငါ့က ပြန်လုပ်ချင်တယ်ဆိုရင်ရော ဘာဖြစ်မှာလဲ။’




ဝေ့လော်၏ မျက်နှာလှလှလေးတွင် သတိထားနေသည့် အရိပ်အယောင်များရှိနေ၏။ ထိုမေးခွန်းကို သူ(မ) ပြန်မဖြေချေ။ သူတို့နှင့် မလှမ်းမကမ်းတွင် ဝေ့ကွမ်းက ဝေ့လော်ကိုလိုက်ရှာနေသည်။ ရှာမတွေ့သောကြောင့် လူအုပ်၏အနောက်သို့ လာရှာလေရာ ကျောင်းကျယ်နှင့်စကားပြောနေသည့် ဝေ့လော်ကို သူတွေ့လိုက်ရသည်။ ထိုအခါ ဝေ့ကွမ်းက နှုတ်ဆက်စကားဆိုလိုက်၏။




“မင်းသားကျင်းကို ဒီမှာတွေ့ရတာ ကျွန်တော်မျိုးရဲ့သမီးနဲ့ ကိစ္စတစ်ခုခုများ ရှိနေလို့ပါလား။”




ကျောင်းကျယ် မတ်တတ်ရပ်လိုက်ပြီး သူ့မျက်နှာပေါ်မှ အပြုံးကို ရုပ်သိမ်းလိုက်သည်။ ဝေ့ကွမ်းဘက်သို့ လှည့်လိုက်ချိန်တွင် သူ့မျက်နှာက အေးစက်စက်ဖြစ်သွားပြီ ဖြစ်သည်။




“ခုနတုန်းက စတုတ္ထသခင်မလေးက ငိုနေတာမို့ ဒီမင်းသားက သူ(မ)ကို ချော့နေတာပါ။”




ဝေ့ကွမ်းက ကျောင်းကျယ်ကို သံသယမဝင်ဘဲ ကျေးဇူးတင်စွာဖြင့် 




“ကျေးဇူးအများကြီးတင်ပါတယ် အရှင့်သား။ ကျွန်တော်မျိုး ဒုက္ခပေးမိသွားပါပြီ။”




နောက်ဆုံးတွင် ဝေ့လော်က အခွင့်အရေးရှာတွေ့ပြီး ကျောင်းကျယ်ဆီမှ ထွက်ပြေးကာ ချောင်ဟုန်အနားသို့ ရောက်သွားတော့သည်။ ထို့နောက် တော်ဝင်သမားတော်လည်း အပြေးအလွှားရောက်လာ၏။ ချောင်ဟုန်ကို ကုသပြီးနောက် မည်သည့်ပြဿနာမျှ မရှိတော့သည်ကို သိရသည်။ ဝေ့လော်ရောက်လာသည်ကို သိလိုက်သည့် ချောင်ဟုန်က နောက်ဆုံးတွင် ပါးစပ်ကိုဖွင့်ကာ 




“အားလော်...”




သို့သော် သူ့အသံက နုန်းခွေနေပြီး အားမရှိခဲ့ချေ။ ဝေ့လော်က သူ(မ)၏အင်္ကျီလက်ကို မြှောက်ကာ ချောင်ဟုန်၏မျက်နှာပေါ်မှ ရေစက်များကိုသုတ်ပေးလိုက်သည်။ ထိုအခါ ချောင်ဟုန်က တုံ့ပြန်သည့်စကားဆိုလိုက်သော်လည်း အခြားသူများက သူ့စကားသံကို မကြားနိုင်ခဲ့ချေ။ သို့သော် ထိုသို့မကြားနိုင်လျှင်ပင် သူတို့မောင်နှမနှစ်ယောက်ကြားမှ နက်ရှိုင်းသည့် သံယောဇဥ်ကို သူတို့ ခံစားမိနိုင်ပေသည်။ ကလေးနှစ်ယောက်တွင် မိခင်မရှိသောကြောင့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်အားကိုးကာ နေထိုင်ခဲ့ကြကြောင်း သိသာနေတော့သည်။ ထိုမြင်ကွင်းကိုမြင်ရသောအခါ ဘေးမှကြည့်နေသူများ၏ မျက်လုံးထဲတွင် သဘောကျမှုတို့ ဖြစ်တည်လာရသည်။




ကျောင်းကျယ်က လက်ကိုနောက်ပစ်ကာ သူတို့နှစ်ယောက်ကို လှမ်းကြည့်နေ၏။ သူ့စိတ်ထဲတွင်‌ တွေးနေသည့်အရာကို မည်သူမျှ သိနိုင်မည်မဟုတ်ချေ။




*




ဝေ့လော်က မေးခွန်းမျိုးစုံကို မေးမြန်းခဲ့သဖြင့် နောက်ဆုံးတွင် ချောင်ဟုန်ကလည်း လီစုန့်နှင့် မည်သို့ သဘောထားကွဲလွဲမှုဖြစ်ပေါ်ခဲ့ကြောင်း ပြောပြလိုက်သည်။ ချောင်ဟုန်နှင့် ဝေ့လော်မှာ အမွှာမောင်နှမဖြစ်သောကြောင့် သူတို့၏ ပုံပန်းသွင်ပြင်မှာ (၇၀)ရာခိုင်နှုန်းလောက် ဆင်တူကြပြီး နှစ်ဦးစလုံးက နူးနူးညံ့ညံ့နှင့် ရုပ်ရည်ချောမောကြသည်။ ၎င်းမှာ မိန်းကလေးဖြစ်သည့် ဝေ့လော်အတွက် အဆင်ပြေပါသော်လည်း ယောက်ျားလေးဖြစ်သည့် ချောင်ဟုန်အတွက်မူ အနည်းငယ် အဆင်မပြေဖြစ်ရသည်။ ယခုအရွယ်တွင် ခန္ဓာကိုယ် များစွာမဖွံ့ဖြိုးသေးလေရာ ရုတ်တရက်ကြည့်လိုက်လျှင် ချောင်ဟုန်၏ပုံစံက မိန်းကလေးတစ်ယောက်နှင့် အလွန်တူနေခဲ့သည်။ သာမန်အားဖြင့် ချောင်ဟုန်၏ ရုပ်ရည်သွင်ပြင်ကို ဝေဖန်ပြောဆိုသူများ ရှိခဲ့သော်လည်း သူတို့အချင်းချင်းကြားတွင်သာ တိုးတိုးတိတ်တိတ် ပြောဆိုခဲ့ကြခြင်းဖြစ်သည်။ မည်သူကမျှ ပွင့်ပွင့်လင်းလင်း မဝေဖန်ရဲခဲ့ကြချေ။ မင်းသားယုရန်၏ သားဖြစ်သူ လီစုန့်မှာ ထိုသို့ပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့သည့် ပထမဆုံးသူဖြစ်သည်။




လီစုန့်က ချောင်ဟုန်အား ယောက်ျားမပီသသောကြောင့် လှောင်ပြောင်ရုံမက စကားပြောရာတွင်လည်း မိန်းကလေးပုံစံ အတုခိုးပြောဆိုစေချင်ခဲ့သည်။ လီစုန့်က နန်းတွင်းအစေခံတစ်ယောက်၏ ဆံပင်ပေါ်မှ ပိုးသားပန်းပွင့်ကိုပင် လှမ်းယူလိုက်ပြီး ချောင်ဟုန်၏ခေါင်းတွင် တင်ပေးခဲ့သေး၏။ ၎င်းကို ချောင်ဟုန်က သဘောမတူခဲ့ချေ။ သို့သော် စကားနည်းတတ်သည့် သူ့ပုံစံက အခြားသူများအတွက် သဘောတွေ့စရာဖြစ်လာခဲ့သည်။ ချောင်ဟုန်က ထိုလုပ်ရပ်များကို ငြင်းဆန်နေသဖြင့် လီစုန့်နှင့် ပဋိပက္ခဖြစ်ခဲ့ပြီးမှ လက်ပါသည်အထိ ဖြစ်ခဲ့ရသည်။ ချောင်ဟုန်က လီစုန့်ထက် (၂)နှစ် ပိုငယ်သောကြောင့် သူ့ကို မည်သို့မျှ မယှဥ်နိုင်ခဲ့ချေ။ ချောင်ဟုန်၏ဗိုက်တွင် အချက်ပေါင်းများစွာ ထိုးခံရပြီးနောက် လီစုန့်က သူ့ကို အင်္ကျီကော်လံမှကိုင်၍ ဆွဲခေါ်ကာ ရေထဲသို့ ပစ်ချလိုက်ခြင်းပင်။




ချောင်ဟုန်၏ဗိုက်တွင် အထိုးခံခဲ့ရသည်ဟူသော စကားကိုကြားသည့်အခါ ဝေ့လော်က သူ့အင်္ကျီကို အလျင်အမြန် လှန်ကြည့်လိုက်သည်။




“ဘယ်လောက်တောင် ထိုးခံလိုက်ရတာလဲ။ ပြစမ်းပါဦး။”




လက်ရှိ ကန်နံဘေးတွင် လူများစွာရှိနေသောကြောင့် ချောင်ဟုန်က မပြချင်ဘဲ အင်္ကျီကိုပြန်ဆွဲယူလိုက်ပြီး 




“ဒီလောက်က ဘာမှမဖြစ်ပါဘူး။ မနာဘူး။”




‘မနာတာကမှ ထူးဆန်းနေတာ ‌ချောင်ဟုန်ရ။ လီစုန့်ရဲ့အဖေက တိုက်ခိုက်ရေးတပ်သားဆိုတော့ သူကလည်း အနည်းနဲ့အများ တတ်ထားမှာပဲ။’




လီစုန့်၏ လက်သီး(၂)ချက်ကိုပင် ချောင်ဟုန် တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ဝေ့လော်အား မနာကြောင်း ငြင်းဆန်နေပြန်သည်။ 




ဝေ့လော် ခေါင်းထောင်လိုက်ပြီး လီစုန့်ကို လှမ်းကြည့်လိုက်သည်။ အေးစက်စက်အကြည့်ထဲတွင် ဝေ့လော်၏ဒေါသများ မဖုံးကွယ်နိုင်ခဲ့ပေ။ မိန်းကလေးတစ်ယောက်ထံမှ ထိုသို့အကြည့်မျိုးဖြင့် အကြည့်ခံရသည်မှာ လီစုန့်အတွက် ပထမဆုံးအကြိမ်ဖြစ်၏။ ရုတ်တရက် ထိတ်လန့်သွားပြီးနောက် သူက ဟန်ပန်ကိုပြန်ထိန်းကာ အလျှော့မပေးချင်သည့် လေသံဖြင့် 




“ဘာကြည့်တာလဲ။ မင်းတို့နှစ်ယောက်က တကယ်တူတာပဲ။ မင်းက မိန်းကလေး၊ သူက ယောက်ျားလေး။ ဒါပေမဲ့ ငါမခွဲတတ်ဘူး။ သူ့ကိုမိန်းကလေးလို့ အထင်မှားသွားတာ ငါမလွန်ပါဘူး။”




စကားကို လှည့်ပတ်ပြောဆိုကာ ချောင်ဟုန်ကို တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ထိုစကားကိုကြားသော် မင်းသားယုရန်က သူ့ကိုဆူငေါက်လိုက်ပြီး ချောင်ဟုန်၏ရှေ့သို့ ဆွဲခေါ်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။




“ကျက်သရေမရှိတဲ့ကောင်။ မင်းကိုငါ ခုနက ဘာပြောထားလဲ။ အခုထိ မတောင်းပန်သေးဘူးလား။” 




လီစုန့်က ခြေလှမ်းအနည်းငယ် ချော်ထွက်နေပြီးမှ ရပ်လိုက်သည်။ သူ့မျက်လုံးများက ချောင်ဟုန်ကို လှမ်းကြည့်လိုက်ပြီးနောက် ဝေ့လော်ကို ပြန်ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် အမှန်တကယ် စိတ်ရင်းဖြင့် တောင်းပန်လိုစိတ် အနည်းငယ်ပင် မရှိနေခဲ့ချေ။ အနီးနားမှ လူများလည်း ထွက်သွားကြပြီဖြစ်သောကြောင့် ယင်းအိမ်တော်မှ လူများ၊ ယုရန်နန်းတော်မှ လူများနှင့် နန်းတော်မှ မိန်းမစိုးအချို့သာ ကျန်တော့သည်။ 




လီကျီလျန်က ဝေ့ကွမ်းကို ဂါရဝပြုလိုက်ပြီးနောက် နောင်တရနေသော အသံဖြင့် 




“ကလေးကို သေသေချာချာမဆုံးမမိလို့ သခင်လေးကို စော်ကားမိသလိုဖြစ်သွားစေတာ ဒီမင်းသားရဲ့ အမှားပါ။ ကလေးရဲ့ မသိတတ်မှုနဲ့ အမှားကို ခွင့်လွှတ်ပေးဖို့ ရှန်မင်လူကြီးမင်းကို တောင်းဆိုပါတယ်။”




‘အခုမှ လာတောင်းပန်တော့ ဘာလုပ်လို့ရတော့မှာလဲ။ ပြီးတော့ သူ့ကိုယ်သူလည်း ဒီမင်းသားလို့ သုံးနှုန်းလိုက်သေးတယ်။ ငါ့သားကိုရော ဘယ်လိုတာဝန်ယူပေးမှာလဲ။’




ဝေ့ကွမ်း၏မျက်နှာထားမှာ သိပ်မကောင်းလှသော်လည်း လောကဝတ်ကြောင့်သာ ယဥ်ကျေးစွာဖြင့် 




“ကလေးတွေဆိုတာ ဒီလိုပဲ စနောက်ကြတာပါပဲ။ ဒီလိုမျိုးကိစ္စတွေက ဖြစ်တတ်ပါတယ်။ မင်းသားအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့မလိုပါဘူး။”




ဝေ့ကွမ်းက စကားရပ်လိုက်၏။ အေးဆေးတည်ငြိမ်သူတွင်လည်း ဒေါသထွက်ရသည့် အခိုက်အတန့်ရှိပေသည်။




“ဒါပေမဲ့ ချောင်ဟုန်မှာက အသက်တစ်ချောင်းပဲရှိတာ။ ဒီလို အသက်အန္တရာယ် စိုးရိမ်လာရတဲ့အထိ စနောက်တာကိုတော့ ကျွန်တော်မျိုး လက်မခံနိုင်ပါဘူး။ နောက်တစ်ခါ ဒါမျိုးမဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။”




မင်းသားယုရန်က ပြုံးလိုက်ပြီး ချက်ချင်းပင်




“အစ်ကိုရှန်မင်ရဲ့စကားတွေက တကယ် မှန်ကန်ပါတယ်။ အိမ်ပြန်ရောက်တဲ့ အခါကျရင် ကလေးကို သေသေချာချာဆုံးမလိုက်ပါ့မယ်။”




ထိုအချိန်တွင် လီစုန့်က ချောင်ဟုန်ကိုတောင်းပန်ရန် အချိန်ဆွဲနေဆဲပင်။ နောက်ဆုံးတွင် မင်းသားယုရန်က လက်သီးဆုပ်ပြလိုက်သည့်အခါမှ လီစုန့်က စိတ်မပါသောလေသံဖြင့် တောင်းပန်စကားကို ပြောလိုက်တော့သည်။




“ခုနတုန်းက အစ်ကိုမှားသွားတာပါ။ မင်းကို ရေထဲပစ်မချလိုက်သင့်ဘူး။ ဘာပဲဖြစ်ဖြစ် မင်းလည်း ဘာမှမဖြစ်တော့ဘူးဆိုတော့ ဒီကိစ္စကို ကျေအေးလိုက်ကြတာပေါ့။”




ဝေ့လော်က လှောင်ပြုံးပြုံးလိုက်သည်။ 




‘ဘာတဲ့။ “ဘာပဲဖြစ်ဖြစ် မင်းလည်း ဘာမှမဖြစ်ဘူးဆိုတော့” တဲ့။ ဟုတ်လား။ တစ်ခုခုဖြစ်သွားခဲ့တယ်ဆိုရင်ရော ဒီအချိန်မှ‌တောင်းပန်ရင် နောက်ကျသွားပြီပဲ မဟုတ်ဘူးလား။’




သူ့စကားများမှာ သင့်တော်မှုမရှိသည်ကို မင်းသားယုရန်သိလိုက်ပြီးနောက် ဒေါသဖြင့် လက်သီးဆုပ်ကာ သူ့ကိုရွယ်လိုက်သည်။




“မင်းအဖေကို ပြန်ကြည့်ပြီး စကားကိုသေချာပြော...”




ဝေ့လော် သူ့ကိုကြည့်လိုက်သောအခါ သူ(မ)မျက်လုံးထဲတွင် တစ်ခုခုကို ကြိတ်၍ကြံစည်နေသည့် ပုံရိပ်များ ဖြတ်ပြေးသွား၏။ သူ(မ)၏လေသံမှာ အားနည်းနေသည့် မိန်းကလေးတစ်ယောက်နှင့် မတူနေဘဲ မခံမရပ်နိုင်သည့် ဒေါသအိုးလေးကဲ့သို့ ဖြစ်နေခဲ့သည်။




“နင်က ငါ့မောင်လေးကို ရေကန်ထဲတွန်းချထားတာလေ။ နင့်ကို ငါပြန်တွန်းချလို့ရမယ်ဆိုရင်တော့ ငါတို့နင့်ကို ခွင့်လွှတ်ပေးမယ်။”




*****




Aurora Novel Translation Team



Report content on this page

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment