Chapter 28.2
နျဥ်ကွေ့ဖေးတွင် မောင်လေးတစ်ယောက်ရှိ၏။ သူ(မ)၏ မောင်လေးမှာ ယခုနှစ်၏ စစ်သည်တော်စာမေးပွဲတွင် ထိပ်တန်းမှ အောင်မြင်သူတစ်ယောက်ဖြစ်သည်။ ထိုအခါ သူ၏လွှမ်းမိုးနိုင်စွမ်းကို မြှင့်တင်ပေးရန် ဧကရာဇ်ချုံကျန်းက ဧကရီမိဖုရား၏ အကြီးဆုံးအစ်ကိုကြီးဖြစ်သော ချန်ရန်တုံ၏ နယ်စပ်စောင့်ကြပ်သည့် ရာထူးကို အစားထိုးကာ နျဥ်ကွေ့ဖေး၏မောင်လေးကို ရာထူးနှင်းအပ်လိုက်လေသည်။ နှစ်အနည်းငယ်အတွင်း ချန်မိသားစု အိမ်တော်၏ အခွင့်အာဏာများကို ဧကရာဇ်က ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
ဝေ့လော် ရောက်တတ်ရာရာ လျှောက်တွေးနေမိ၏။ ဧကရီမိဖုရားချန် ဧကရာဇ်ကို ခွင့်မလွှတ်နိုင်သည်မှာ မထူးဆန်းတော့ချေ။ သူ(မ)၏ ဖခင်နှင့် အစ်ကိုများ တစ်ယောက်ပြီးတစ်ယောက် အရေးနိမ့်လာပြီး နယ်နှင်ခံရခြင်း၊ ကျရှုံးခြင်းတို့ ဖြစ်လာသောအခါ သူ(မ)အလွန် ကူကယ်ရာမဲ့ဖြစ်ရလေသည်။
'အေးလေ။ ကိုယ့်မိသားစု အဲ့လိုဖြစ်မှတော့ ဘယ်သူက ဝမ်းသာပါ့မလဲ။'
"အားလော်။"
ကျောင်းလျူလီ၏ ရုတ်တရက်လှမ်းခေါ်မှုကြောင့် ဝေ့လော်၏အတွေးများ လွင့်စဥ်သွားခဲ့သည်။ ကျောင်းလျူလီက တလည်းသီး အနီရောင်ကြီးကို လက်ညှိုးထိုး၍
"အဲ့ဒီ့ တလည်းသီးကြီးက နီရဲနေတာပဲ။ ငါတို့ သွားခူးရအောင်။ နော်။"
ကျောင်းလျူလီ လက်ညှိုးညွှန်ရာသို့ လှမ်းကြည့်လိုက်သည့်အခါ သူတို့နံဘေးမှ အပင်ပေါ်တွင် တွဲလဲကျနေသော ဝိုင်းစက်စက် တလည်းသီးကြီးကို တွေ့ရလေသည်။ အနီးနားမှ တလည်းသီးအပင်များမှာလည်း ပွင့်နေပြီဖြစ်သော်လည်း ထိုအပင်မှာ အသီးသီးနေခြင်းပင်။ ထိုသို့ဖြစ်စဥ်မျိုးမှာ ရှားပါးပေသည်။ ကံမကောင်းစွာဖြင့် ထိုအသီးမှာ အမြင့်တစ်နေရာတွင်ရှိနေသောကြောင့် သူတို့နှစ်ယောက်၏အရပ်နှင့် မမီနိုင်ခဲ့ချေ။
ကျောင်းကျယ်မှာ အနီးနားတွင်ရှိသော အရပ်(၈)မျက်နှာ ကြည့်နိုင်သည့် အဆောင်တစ်ခုတွင် စာဖတ်နေသည်။ သူ့လက်ထဲတွင် "Fayan Interpretations" ဟူသော စာအုပ်ကို ကိုင်ထားရင်း ကလေးနှစ်ယောက်ကိုလည်း တစ်ခါတစ်ရံ လှမ်းကြည့်နေခဲ့သည်။ ကျောင်းလျူလီမှာ သူ(မ)၏ ဒုတိယအစ်ကိုကြီးကို အကူအညီမတောင်းရဲသောကြောင့် နန်းတွင်းအစေခံတစ်ယောက်ကိုသာ အပင်ပေါ်တက်၍ အသီးခူးရန် အကူအညီတောင်းလိုက်သည်။ ထိုနန်းတွင်းအစေခံမှာ သစ်ပင်ပေါ်သို့ တွယ်တက်သွားပြီး တလည်းသီးကို ခက်ခက်ခဲခဲနှင့် ခူးပေးရှာလေသည်။ သို့သော် သူ(မ)လက်များမှာ တုန်ယင်နေသောကြောင့် လက်ထဲမှ တလည်းသီးလွတ်ကျကာ မြေပေါ်သို့ လှိမ့်သွားတော့သည်။
စကတ်ကို မ,လိုက်ပြီး ကျောင်းလျူလီက ထိုအသီးကို ကောက်တော့မည့်အချိန်တွင် ရွှေရောင်ချည်ထိုးထားသည့် ဖဲသားဂါဝန်ကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က သူ(မ)ရှေ့တွင်ပေါ်လာပြီး တလည်းသီးကြီးကို အလျင်အမြန် ကောက်ယူသွားခဲ့သည်။ ထို့နောက် မျက်နှာကို တစ်ဖက်သို့လှည့်ပြီး ပျော်ရွှင်စွာဖြင့် သူ(မ)က
"ဝမ်းကွဲ လင်းလန်။ ဒီမှာကြည့်ပါဦး။ တလည်းသီးတစ်လုံး ကောက်ရတယ်။"
သူ(မ)၏အနောက်တွင် (၇)နှစ်၊ (၈)နှစ်အရွယ် မိန်းကလေးတစ်ယောက် ပေါ်လာ၏။ သူ(မ)က ဆံပင်ကို ဆံထုံးနှစ်ခု ခွဲ၍ထုံးထားပြီး တိမ်ပုံစံများချည်ထိုးထားသော သန္တာရောင်ဂါဝန်ကို ဝတ်ဆင်ထားသည်။ သူ(မ)မှာ ကျောင်းလျူလီနှင့် ၅၀% လောက် ဆင်တူနေ၏။ ကြည်လင်သော မျက်လုံး၊ ဖြူဖွေးသော သွားများနှင့် ပန်းနုရောင် မျက်နှာလေးတို့ရှိသူမှာ နျဥ်ကွေ့ဖေး၏သမီး ကျောင်းလင်းလန်ပင်။ အစောပိုင်းက တလည်းသီးကို လှမ်းကောက်လိုက်သူမှာ မင်းသမီးကောင်းယန်၏ သမီးဖြစ်သူ လီရှန်းပင်။ မူလက သူတို့နှစ်ယောက်မှာ အခြားတစ်ဖက်တွင်ရှိသော အနောက်ဘက်မြေကွက်တွင် ကစားနေခြင်းဖြစ်သည်။ သို့သော် သူတို့နှစ်ယောက်မှာ ရုတ်တရက် အရှေ့မြေကွက်ဘက်သို့ ရောက်လာပြီး ကျောင်းလျူလီ ခက်ခက်ခဲခဲခူးထားသည့် တလည်းသီးကို လုယူသွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
ကျောင်းလျူလီတွင် ကြောက်တတ်သည့် သဘာဝရှိ၏။ အခြားသူများက သူ(မ)ပိုင်ဆိုင်သည့် ပစ္စည်းများကို လုယူနေလျှင်ပင် သူ(မ) မပြောရဲချေ။ ယခုတွင်လည်း အသံတိုးတိုးဖြင့်သာ သူတို့ကို လှမ်း၍
"အဲ့ဒါ ငါ့ဟာ..."
ကံမကောင်းစွာဖြင့် သူ(မ)၏အသံကို တစ်ဖက်မိန်းကလေးများက ကြားပုံမပေါ်ချေ။ လီရှန်းက သူတို့ဘက်သို့လှည့်ကာ ယခုမှသာ ရုတ်တရက် သူတို့နှင့်တွေ့ရသကဲ့သို့ နှုတ်ဆက်လေ၏။
"ဝမ်းကွဲ လျူလီပါလား။ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ။"
ကျောင်းလျူလီမှာ ကျန်းမာရေးအခြေအနေကြောင့် အိပ်ရာထဲတွင် လှဲနေရသည့်အချိန်က ခပ်များများပင်။ ထို့ကြောင့် လီရှန်း ထိုသို့မေးလိုက်သည်မှာလည်း မထူးဆန်းခဲ့ချေ။ သို့သော် ထိုမေးခွန်းက လျူလီကို ပို၍ အရှက်ရသွားစေ၏။ ချက်ချင်း နီရဲလာသောမျက်နှာဖြင့် လျူလီက
"ငါ...ငါ အားလော်နဲ့ ကစားနေတာ။"
သို့သော် ဝေ့လော်ကမူ လျူလီကဲ့သို့ ရှက်ကြောက်တတ်သူမဟုတ်သလို မတရားမှုကို လက်ခံမည့်သူလည်း မဟုတ်ပေ။ သူ(မ)ပိုင်ဆိုင်ရမည့်အရာကို မည်သူ့ကိုမျှ မပေးလိုသူဖြစ်သည်။
ဝေ့လော်က သစ်ပင်ပေါ်မှ ပြန်မဆင်းရသေးသော နန်းတွင်းအစေခံမိန်းကလေးကို လက်ညှိုးထိုးပြလိုက်ပြီးနောက် လီရှန်းလက်ထဲမှ တလည်းသီးကို လက်ညှိုးထိုးပြလိုက်ရင်း
"ဒီတလည်းသီးက လျူလီကိုယ်တိုင် နန်းတွင်းအစေခံကို ခူးခိုင်းထားတဲ့အသီးပါ။ သခင်မလေးတို့ နှစ်ယောက်အတွက် မဟုတ်ဘူး။"လီရှန်းမှာ ဝေ့လော်ကို မြို့ထဲတွင်တွေ့ဖူးသောကြောင့် သူ(မ)ပုံစံကို မှတ်မိခဲ့သည်။ ထို့ပြင် ဝေ့လော်မှာ သူ(မ)၏အစ်ကိုကို အနိုင်ကျင့်ကာ ဖျားသည်အထိ ဖြစ်စေခဲ့သော မိန်းကလေးလည်းဖြစ်သည်။ ယခု သူ(မ)နှင့်ဆုံရသောကြောင့် လီရှန်း ခံစားချက်မကောင်းလှပေ။ သူ(မ)က လက်ထဲမှ တလည်းသီးကို ဝန်လေးစွာကိုင်ထားရင်း အလိုမကျသောမျက်လုံးများဖြင့် ဝေ့လော်ကိုကြည့်ကာ
"ငါတို့က ဘာလို့ နင့်စကားကို ယုံရမှာလဲ။"
သာမန်အားဖြင့်ဆိုလျှင် တလည်းသီးတစ်လုံးကြောင့် ထိုသို့ငြင်းခုံနေရန် မထိုက်တန်လှပေ။ ထိုတလည်းသီးမှာလည်း လတ်ဆတ်သည့် သစ်သီးတစ်လုံးထက် မပိုခဲ့ချေ။ သူတို့အိမ်တော်များတွင် ထိုထက် အဖိုးတန်သည့် ရတနာများအပြည့်ရှိနေပေသည်။ သို့သော် ယနေ့တွင်မူ လီရှန်းက ဝေ့လော်နှင့်တိုက်ခိုက်ရန် စိတ်ဆုံးဖြတ်ထား၏။ ဝေ့လော်မှာ သူ(မ)၏အစ်ကို လီစုန့်ကို အနိုင်ကျင့်ထားသောကြောင့် သူ(မ)စိတ်ထဲတွင် မကျေနပ်စိတ်များရှိနေကာ ဒေါသကို ပေါက်ကွဲချင်နေခဲ့လေသည်။
"အိုး။"
ဝေ့လော်က ထိုအံ့ဩသံကို တမင်တကာလုပ်ပြောလိုက်ပြီး အချိန်ဆွဲနေ၏။ ထို့နောက် တစ်ဖက်သို့လှည့်ကာ ကျောင်းလျူလီကို မေးလိုက်သည်။
"မင်းသမီး လျူလီ။ ကျွန်တော်မျိုးမ သူတို့ကို ပြောလိုက်တဲ့စကားက မှန်ပါရဲ့လား။"
ကျောင်းလျူလီနှင့် သူ(မ) အကြည့်ချင်းဆုံကြ၏။ ဝေ့လော်သာ မရှိနေပါက လျူလီမှာ ထိုကိစ္စကို လက်လျှော့လိုက်တော့မည်ဖြစ်သည်။ သို့သော် ယခုတွင် ဝေ့လော်ကကူညီနေသည့်အခါ သူ(မ) သတ္တိရှိလာပြီး ခေါင်းညိတ်လိုက်၏။
"အင်း။ ဝေ့လော်ပြောတာ ဟုတ်တယ်။"
မင်းသမီးကိုယ်တိုင်က ထိုသို့ပြောသည့်အခါ လီရှန်းလည်း ထပ်မံငြင်းခုံ၍ မရတော့သောကြောင့် နှုတ်ခမ်းစူလိုက်၏။ သူ(မ)က မကျေမနပ်နှင့် ထိုတလည်းသီးကို ဝေ့လော်လက်ထဲ လှမ်းထည့်လိုက်ပြီး ဝေ့လော်ကိုလည်း တမင်တကာ တွန်းလိုက်သေးသည်။ ထိုသို့ တွန်းလိုက်သောကြောင့် ဝေ့လော် ခြေနှစ်လှမ်းလောက် နောက်ပြန်ဆုတ်မိသွားပြီး ခက်ခက်ခဲခဲ ဟန်ချက်ပြန်ထိန်းလိုက်ရသည်။ သို့သော် တလည်းသီးကို ရင်ခွင်ထဲတွင်ပိုက်ထားရင်း ဝေ့လော် ဒေါသမထွက်ခဲ့ချေ။ သူ(မ)၏ တောက်ပနေသောမျက်လုံးများက ပျော်ရွှင်စွာ ပြုံးပြလိုက်ပြီး
"သခင်မလေးက လီရှန်းလား။"
လီရှန်းက သူ(မ)ကိုစိုက်ကြည့်လိုက်ပြီး မကျေမနပ်ဖြင့်
"အဲ့တော့ ဘာဖြစ်ချင်လို့လဲ။"
ဝေ့လော် တစ်ဖက်သို့လှည့်လိုက်ပြီး ကျောင်းလျူလီ၏နံဘေးသို့ ပြန်သွားလိုက်သည်။ ထိုသို့သွားနေရင်း ခပ်ပေါ့ပေါ့လေသံဖြင့် သူ(မ)က
"သခင်မလေး လီရှန်းရဲ့ခေါင်းပေါ်မှာ ပိုးကောင်ကြီး။"
လီရှန်း ဖြူဖျော့သွားပြီး ချက်ချင်းပင် သူ(မ)၏ဦးခေါင်းထက်ရှိ ပန်းပွင့်ပေါ်မှ ပိုးကောင်ကို မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် ထိုပိုးကောင်က သူ(မ)နှာခေါင်းပေါ်သို့ တည့်တည့်ကျလာတော့သည်။
ထိုသို့ အသည်းယားစရာပိုးကောင်များကို မိန်းကလေးအများစု ကြောက်လန့်ကြပြီး အသားပေါ်သို့ ဖြတ်သန်းသွားသည့် ခံစားချက်မှာလည်း ကြက်သီးထစရာကောင်းလေသည်။ လီရှန်းမှာလည်း ထိုနည်းတူ ကြောက်လန့်တတ်သူဖြစ်သောကြောင့် ချက်ချင်းပင် မျက်ရည်များကျလာ၏။ ထိုပိုးကောင်မှာ သူ(မ)နှာခေါင်းပေါ်မှ ပြုတ်ကျကာ မြေပေါ်တွင် လိမ်ကောက်နေသေးသည်။ အလွန်စိတ်ရှုပ်စရာကောင်းသည်ဟု ယူဆကာ လီရှန်းက နန်းတွင်းအစေခံတစ်ယောက်ကိုခေါ်၍ ထိုပိုးကောင်ကို သေသည်အထိ ရိုက်သတ်ခိုင်းလိုက်တော့သည်။
*
ဝေ့လော်နှင့် ကျောင်းလျူလီတို့ ကျောင်းကျယ်စာဖတ်နေသည့် အရပ်(၈)မျက်နှာ အဆောက်အအုံဆီသို့ သွားလိုက်ကြသည်။ ထို့နောက် တလည်းသီးကို ကျောက်စားပွဲပေါ်တွင်တင်ကာ နန်းတွင်းအစေခံတစ်ယောက်အား ခွဲခိုင်းလိုက်ပြီး ကြွေပန်းကန်းအဖြူနှင့် ထည့်ခိုင်းလိုက်လေသည်။ နီရဲနေသည့် တလည်းသီးအစေ့များမှာ အရည်ရွှမ်းနေသော်လည်း ကံမကောင်းစွာဖြင့် ထိုအသီးမှာ မမှည့်သေးချေ။ ထို့ကြောင့် မချိုသည့်အပြင် အနည်းငယ် ချဥ်နေ၏။ ဝေ့လော်က အစေ့အချို့ကိုသာ စားလိုက်ပြီး ဆက်မစားတော့ချေ။ ခံစားချက်မဲ့နေသည့် ကျောင်းကျယ်ကို ခေါင်းလေးစောင်းကာ လှမ်းကြည့်လိုက်ပြီး တလည်းသီး အစေ့တစ်စေ့ကို ကောက်ယူရင်း ဝေ့လော်က
"အစ်ကို။ တလည်းသီး စားမလား။"
ထိုသို့ စကားစပြောလိုက်ခြင်းမှာ ကျောင်းကျယ်ကို စနောက်ချင်သည့် ရည်ရွယ်ချက်အချို့လည်း ပါဝင်လေသည်။ ချဥ်နေသည့် တလည်းသီးအရသာကို ကျောင်းကျယ်အား မြည်းစမ်းစေချင်ခြင်းပင်။ သို့သော် ကျောင်းကျယ်မှာ ခေါင်းမမော့ဘဲ သူ(မ)ဘက်သို့မျက်နှာလှည့်ကာ ပါးစပ်ဟပေးလိမ့်မည်ဟု သူ(မ) မထင်ထားခဲ့ချေ။ ထိုပုံစံမှာ ဝေ့လော်အား ခွံ့ကျွေးစေလိုခြင်းပင်။
တလည်းသီးကိုင်ထားသော ဝေ့လော်၏လက်မှာ လမ်းတစ်ဝက်တွင် ရပ်သွား၏။ အခြား ရွေးချယ်စရာလည်း မရှိတော့သောကြောင့် တလည်းသီးတစ်စေ့ကိုယူကာ ကျောင်းကျယ်ကို ခွံ့ကျွေးလိုက်ရသည်။ တစ်ခဏကြာသော် သူ(မ)လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အနောက်တွင်ရှိသော အဝတ်နှင့် လက်ခိုးသုတ်လိုက်တော့သည်။
ကျောင်းကျယ်မှာ ထိုကဗျာဆီမှ မျက်လုံးမခွာခဲ့ချေ။ ထို့ကြောင့် ဝေ့လော်ကိုလည်း သတိမပြုမိဘဲ ကဗျာကိုသာ ဖတ်မြဲအတိုင်း ဆက်၍ဖတ်နေခဲ့သည်။ အသားကို ဝါးလိုက်ပြီးနောက် အစေ့ကို ပြန်ထွေးထုတ်လိုက်ပြီး စမ်းရေကဲ့သို့ အသံမျိုးနှင့်
"နောက်တစ်စေ့ ထပ်ကျွေးပါဦး။"
'ဟယ်။ မချဥ်ဘူးလား။'ဝေ့လော် စိတ်ထဲတွင် ဝေဖန်နေမိသော်လည်း တကယ်တမ်းတွင် နောက်တစ်စေ့ ထပ်ကျွေးရတော့မည် ဖြစ်သည်။ ကျောင်းကျယ်မှာ ထိုအစေ့ကို ချဥ်သည်ဟု မထင်ပုံပင်။ တစ်စေ့စားပြီးသည်နှင့် နောက်တစ်စေ့ ထပ်တောင်းနေသောအခါ ဝေ့လော် အနည်းငယ် အဆင်မပြေဖြစ်လာသည်။
'ငါက သူ့အစေခံမှ မဟုတ်တာ။ ဟိုမှာ နန်းတွင်းအစေခံတွေ ရှိနေတာပဲ။ သူတို့ကို ကျွေးခိုင်းပါလား။ ဘာလို့ ငါ့ကိုပဲ ကျွေးခိုင်းနေတာလဲ။'
ဝေ့လော် နှုတ်ခမ်းကိုစေ့ထားရင်း တွေးလိုက်မိသည်။ တလည်းသီးများက အရသာဆိုးနေသည့်တိုင် သူ(မ) ကျောင်းကျယ်ကို မကျွေးချင်ပေ။ ဝေ့လော် လက်ညောင်းနေပြီဖြစ်သော်လည်း ကျောင်းကျယ်က မရပ်တန့်သေးချေ။
နောက်ဆုံးတွင် "Fayan Interpretations" ၏ နောက်ဆုံးစာမျက်နှာကို ဖတ်ပြီးသွားသည့်အခါ ကျောင်းကျယ် ခေါင်းထောင်လာသဖြင့် ဝေ့လော်၏ ခါးသက်သက်မျက်နှာထားကိုလည်း မြင်လိုက်ရသည်။ ထိုအခါ သူရယ်မိလိုက်၏။ သူ(မ)ရှိရာဘက်သို့ အနည်းငယ်တိမ်းညွတ်လိုက်ပြီး သူ(မ)၏နဖူးပေါ်မှ ဆံမြိတ်များကို တမင်တကာ ခွဲထုတ်ကာ မျက်ခုံးနှစ်ဖက်ကြားမှ မွေးရာပါအမှတ်လေးကို ကျောင်းကျယ် ပွတ်သပ်လိုက်လေသည်။
"အနောက်မှာ စပျစ်သီးတွေ မှည့်နေပြီ။ စားချင်လား။"
ဝေ့လော် သူ့ကိုစိုက်ကြည့်လိုက်သော်လည်း စကားပြောချိန်မရလိုက်ခင်တွင် ကျောင်းလျူလီက
"လျူလီ စားချင်တယ်။"
ကျောင်းကျယ် မတ်တတ်ရပ်လိုက်ပြီး ပြုံးပြ၍
"ဒါဆို သွားမယ်။ စပျစ်သီးသွားခူးဖို့ မင်းတို့ကို အစ်ကိုခေါ်သွားပေးမယ်။"
အရပ်(၈)မျက်နှာ အဆောက်အအုံနှင့် မလှမ်းမကမ်းတွင် စင်တစ်စင်အောက်၌ စပျစ်နွယ်များ ရှိနေ၏။ ထိုနေရာတွင် လေညင်းခံပြီး အနားယူမည်ဆိုပါက အလွန်သင့်တော်မည်ပင်။ စပျစ်သီးနွယ်များတွင် ပြည့်ဝနေသော စပျစ်သီးများ မှည့်နေသည်မှာ စားချင်စရာကောင်းနေတော့သည်။
နန်းတွင်းအစေခံတစ်ယောက်၏ လက်ပေါ်မှနေ၍ ကျောင်းလျူလီမှာ သူ(မ)၏ခေါင်းပေါ်တွင်ရှိသော စပျစ်သီးများကို လှမ်းခူးနိုင်လိုက်သည်။ သို့သော် သူ(မ)မှာ စပျစ်သီးကို အခိုင်လိုက်ခူးခြင်း မဟုတ်ဘဲ တစ်လုံးပြီးတစ်လုံး စိတ်ကျေနပ်သည်အထိ ခူးနေခြင်းဖြစ်သည်။ လျူလီကို မော့ကြည့်နေသည့် ဝေ့လော်၏မျက်လုံးထဲတွင် အနည်းငယ် အားကျနေသော အရိပ်အယောင်များ ရှိနေသည်။ ထိုမြင်ကွင်းကို ကျောင်းကျယ်ကလည်း ဂရုတစိုက်လေ့လာနေ၏။ ဝေ့လော်လည်း အပေါ်တက်၍ စပျစ်သီးခူးချင်နေသည်ကို မြင်သည့်အခါ ကျောင်းကျယ် ထိုင်ချလိုက်ပြီး သူ(မ)ကိုချီ၍
"ဘယ်တစ်လုံးကို ခူးချင်တာလဲ။"
*****
Aurora Novel Translation Team