no

Font
Theme

Chapter 18.1

ဝေ့လော် ချက်ချင်း ပါးစပ်ပိတ်လိုက်ပြီး ဝိုင်းစက်နေသော မျက်လုံးများဖြင့် သူ့ကိုကြည့်လိုက်သည်။ 




‘သူ(မ) အပြင်ရောက်နေတာဆိုတော့ ‌ဘေးမှာ လူကြီးတွေလည်းမရှိဘူး။ ဒါဆို ငါ့အပေါ်ဆက်ဆံတဲ့ သူ(မ)ပုံစံက ပြောင်းလဲသွားဦးမှာလား။’




ကျောင်းကျယ်က အလွန်စိတ်ဝင်စားနေ၏။ သူ(မ)မှာ ကလေးတစ်ယောက်ဖြစ်သော်လည်း သာမန်ကလေးများနှင့်မတူဘဲ ထူးခြားသည့်ကလေးတစ်ယောက် ဖြစ်သည်။ ယခုတွင် ရှေ့သွားကျိုးနေသဖြင့် ကလေးမလေးတစ်ယောက်ပုံစံဖြစ်နေကာ ရယ်စရာလည်းကောင်းပြီး ချစ်စရာလည်းကောင်းနေခဲ့သည်။ 




သူတို့နှစ်ယောက်၏သိကျွမ်းမှုကို စုန့်ဟွေ့မသိထားချေ။ ထို့ပြင် သူ့ရှေ့တွင်ရှိနေသည့် ကျောင်းကျယ်မှာ မင်းသားကျင်းဖြစ်ကြောင်းကိုလည်း စုန့်ဟွေ့မသိပေ။ ကျောင်းကျယ် မြို့ထဲမှထွက်သွားသည်မှာ နှစ်အတော်ကြာခဲ့ပြီး ယခုမှပြန်ရောက်လာခြင်းဖြစ်သည်။ ကျောင်းကျယ် ထွက်သွားခဲ့စဥ်က စုန့်ဟွေ့မှာ အသက်(၁၀)နှစ်အောက် က‌လေးတစ်ယောက်သာဖြစ်နေသေး၏။ ယခုတွင် ကျောင်းကျယ် မြို့ထဲသို့ပြန်ရောက်သည်မျာ တစ်လနီးပါးရှိပြီဖြစ်သော်လည်း အများရှေ့တွင် လူလုံးထွက်မပြရသေးသောကြောင့် စုန့်ဟွေ့ သူ့ကို မမှတ်မိသည်မှာ မထူးဆန်းတော့ချေ။




ယဥ်ကျေးမှု လောကဝတ်အရ စုန့်ဟွေ့က ဘေးသို့တိုးကာ လမ်းဖယ်ပေးလိုက်၏။ သို့သော် တစ်ဖက်လူက မဆင်းသည်ကိုမြင်သော် သူက ဝေ့လော်ကိုခေါ်၍ သီးသန့်ထမင်းစားခန်းထဲသို့ ခေါ်သွားရန် ဦးဆောင်လိုက်သည်။ သို့သော် ခြေတစ်လှမ်းလှမ်းလိုက်ချိန်တွင် ကောင်းမွန်စွာဝတ်စားထားသည့် အစောင့်တစ်ယောက်က သူတို့လမ်းကိုပိတ်လိုက်ပြန်၏။ စုန့်‌ဟွေ့ အနည်းငယ်လန့်သွားပြီး ထိုသူ၏ ရည်ရွယ်ချက်ကိုလည်း နားမလည်နိုင်ခဲ့ချေ။ 




“တစ်ခုခု လွဲနေတာရှိလို့လား အစ်ကိုကြီး။”




ကျူ့ကုန်းက စကားပြန်မပြောဘဲ ကျောင်းကျယ်၏အမိန့်ကိုသာ စောင့်ဆိုင်းနေခဲ့သည်။ ကျောင်းကျယ်က ဝေ့လော်၏အရှေ့သို့သွားကာ ဝေ့လော်ကို လမ်းပိတ်ထားလိုက်၏။ ထို့နောက် ခါးကိုညွတ်၍ ဝေ့လော်၏မေးစေ့ကို လှမ်းကိုင်လိုက်ပြီး ပြုံးနေသည့်မျက်လုံးများဖြင့် 




“ပါးစပ်ဟပြပါဦး။”




ဝေ့လော်တစ်ယောက် ပါးစပ်ကို တင်းတင်းကျပ်ကျပ်ပိတ်ထားသည်။ ကျောင်းကျယ်က ဖွင့်ရန်ပြောနေသော်လည်း ဖွင့်ပြလိုက်ပါက သူ(မ) အရှက်ရရပေလိမ့်မည်။ ထို့ပြင် ကျောင်းကျယ်က သူ(မ)ကို ဟားတိုက်ရယ်လိမ့်ဦးမည်။ ထို့ကြောင့် သူ့စကားကို လုံးဝနားမထောင်ခဲ့ချေ။




ဝေ့လော်က နားမထောင်လေ ကျောင်းကျယ်က သူ(မ)ကို တိုက်တွန်းချင်လေဖြစ်သည်။ ယနေ့တွင် ခံစားချက်ကောင်းနေသောကြောင့် ထိုနေရာတွင် သူ(မ)နှင့် အချိန်ဖြုန်းနေမိလျှင်လည်း ကိစ္စမရှိချေ။ ထို့ကြောင့် သူက ကျန်လက်တစ်ဖက်ဖြင့် ဝေ့လော်၏နှာခေါင်းကို ဖြစ်ညှစ်လိုက်သေးသည်။ သို့သော် ဝေ့လော် နာသွားမည်ကို စိုးရိမ်သဖြင့် အားမထည့်လိုက်ချေ။ အစပိုင်းတွင် ဝေ့လော်တောင့်ခံပါသော်လည်း အသက်အောင့်ထားသောအခါ တဖြည်းဖြည်းနှင့် သူ(မ)ပါးပြင်က နီရဲလာသည်။ ထို့‌နောက် သူ(မ)မျက်နှာတွင် ဒေါသရိပ်သန်းလာပြီး နောက်ဆုံးတွင် ပါးစပ်ကိုဖွင့်ကာ 




“လွှတ်ပေး။”




ကံမကောင်းစွာဖြင့် ကျိုးနေသောရှေ့သွားကြောင့် ဝေ့လော်၏စကားများမှာ ယခင်ကဲ့သို့ မရှင်းလင်းနေခဲ့ချေ။ ထိုအခါ ကျောင်းကျယ်က ပို၍ပြုံးမိ၏။ သူ(မ)၏နှာခေါင်းကို လွှတ်ပေးလိုက်ပြီး မေးစေ့ကိုမော့ကာ သူ(မ)၏ရှေ့သွားများကို အချိန်ကြာကြာ ကြည့်နေပြီးနောက် ကျောင်းကျယ်က




“အခုရော ငါ့ကိုထပ်ကိုက်ဦးမှာလား။”




ဝေ့လော် အတော်လေးမျက်နှာပျက်ရ၏။ ကလေးတစ်ယောက်တွင်လည်း ကိုယ်ပိုင်ဂုဏ်သိက္ခာရှိလေသည်။ ထို့ကြောင့် သူ(မ)က နှုတ်ခမ်းကိုတင်းတင်းစေ့ကာ သူ့ကိုလျစ်လျူရှုထားလိုက်သည်။ ထိုအခါ နံဘေးမှ စုန့်ဟွေ့က သူတို့နှစ်ယောက်၏ ရင်းနှီးနေသောပုံစံကို သတိထားမိလိုက်သဖြင့် 




“ဒါနဲ့ အစ်ကိုက ဘယ်သူလဲခင်ဗျ။”




ထိုအခါ ကျောင်းကျယ်က အားလော်ကိုလွှတ်ပေးလိုက်ပြီး မတ်တတ်ပြန်ရပ်ကာ စုန့်ဟွေ့ကိုကြည့်လိုက်သည်။ မျက်လုံးထဲတွင် ကျန်ရှိနေသေးသော အပြုံးလက်ကျန်နှင့် ကျောင်းကျယ်က မာနထောင်လွှားခြင်းမရှိဘဲ စုန့်ဟွေ့၏အမေးကို ပြန်ဖြေလိုက်သည်။




“မျိုးရိုးက ကျောင်း။ နာမည်က လီချင်း။”




ကျောင်း ဟူသည်မှာ မျိုးရိုးနာမည်ဖြစ်ပြီး လီချင်းမှာ “ကျင်း”ဟူသော ငြိမ်းချမ်းခြင်းကို ဖော်ဆောင်သည့်နာမည်ဖြစ်သည်။ ရှန်းမြို့တော်တွင် “ကျင်း”ဟူသည့်အမည်ကို ရရှိထားသူ အနည်းစုသာရှိသောကြောင့် ခပ်များများတွေးစရာမလိုလိုက်ဘဲ ‌စုန့်ဟွေ့ သဘောပေါက်သွားခဲ့သည်။ ထိုအခါ သူက လျင်မြန်စွာ အရိုအသေပေးလိုက်ပြီး 




“ကျွန်တော်က တုံးအ,လို့ ချက်ချင်းမမှတ်မိလိုက်တာကို ခွင့်လွှတ်ပေးပါ မင်းသားကျင်း။ ကျွန်တော်က အရေးပိုင်မင်းကျုံးယီ အိမ်တော်က စုန့်ဟွေ့ပါ။”




စုန့်ဟွေ့မှာ ဆင်ခြင်တိုင်းဆတတ်ပြီး လေးစားသမှုဖြင့် တုံ့ပြန်လိုက်သော်လည်း အနည်းငယ် တွေဝေနေဆဲဖြစ်သည်။




‘အားလော်က ဘယ်လိုဖြစ်လို့ မင်းသားကျင်းနဲ့ သိကျွမ်းနေရတာလဲ။ ပြီးတော့ မင်းသားကျင်းရဲ့ပုံစံကလည်း သူ(မ)နဲ့ အရမ်းရင်းနှီးတဲ့ပုံပဲ။ ဒါပေမဲ့ အားလော်က အမြဲလိုလို အိမ်မှာပဲနေပြီး အပြင်မှ သိပ်မသွားတာ။ ဘယ်လိုလုပ် မင်းသားကျင်းနဲ့ဆုံဖို့ အခွင့်အရေးရှိခဲ့တာပါလိမ့်။’




စုန့်ဟွေ့၏နှုတ်ဆက်မှုကို ကျောင်းကျယ် ပြန်မဖြေလိုက်ချေ။ နှာခေါင်းကိုပွတ်သပ်နေသည့် မိန်းကလေးကိုသာ ငုံ့ကြည့်လိုက်ပြီး




“သခင်လေးစုန့်က ဒီညီမလေးကို မုန့်လိုက်ကျွေးဖို့ ခေါ်လာတာလား။”




စုန့်ဟွေ့က ခေါင်းညိတ်လိုက်ပြီး အားလော်ကို သူ့ဘေးသို့ဆွဲခေါ်ကာ မတ်တတ်ရပ်စေလိုက်သည်။




“ဟုတ်ပါတယ်။ ဒီနေ့က နဂါးလှေပွဲတော်နေ့ဆိုတော့ ပွဲမြင်ကွင်းတွေကြည့်ရအောင်လို့ သူ(မ)ကို အပြင်ခေါ်ထွက်လာတာပါ။”




အရေးပိုင်မင်း ကျုံးယီအိမ်တော်နှင့် မြို့စားယင်းစံအိမ်တို့၏ ဆက်ဆံရေးကို သေသေချာချာမသိထားသောကြောင့ ကျောင်းကျယ် ထပ်မမေးလိုက်ချေ။ သို့သော် စုန့်ဟွေ့၏အနောက်တွင် ပုန်းနေသည့် ဝေ့လော်အား




“အရင်တစ်ခေါက်က ညီမလေးပေးခဲ့တဲ့ဆေးက ကုန်သွားပြီ။ အဲ့ဆေးလေး ညီမလေးမှာ ထပ်ရှိသေးလား။”




ထိုဆေး၏အာနိသင်မှာ မဆိုးလှချေ။ အကြိမ်အနည်းငယ် လိမ်းလိုက်ရုံနှင့် သူ့လက်ကောက်ဝတ်ပေါ်မှ အညိုအမည်းများ မှိန်ကျသွားကာ သွားရာတစ်ခုတည်းသာ ကျန်ခဲ့တော့သည်။ ကိုက်ရာမှာ အလွန်နက်သွားသောကြောင့် ထိုအမှတ်က တစ်သက်စာကျန်ရစ်နေလိမ့်မည်ဟု တော်ဝင်သမားတော်က ပြောခဲ့ဖူးသည်။ အစပိုင်းတွင် ကျောင်းကျယ် ဒေါသထွက်ပြီး ထိုမိန်းကလေးကို ပညာပေးချင်ပါသော်လည်း နောက်ပိုင်းတွင် ကျောင်းကျယ်၏အာရုံစိုက်မှုကို လိုအပ်ခဲ့သဖြင့် ထိုသို့ကိုက်ခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်သွားပြီး သူ(မ)ကိုလည်း စိတ်ဝင်စားသွားခဲ့သည်။ ယခုတွင်မူ စိတ်မဆိုးတော့ဘဲ သူ(မ)အကြောင်းကိုပင် ပို၍ သိချင်လာခဲ့သည်။ လက်ရှိအခြေအနေတွင် သူ(မ)ခေါင်းထဲ၌ မည်သည့်အတွေးများ တွေးနေနိုင်ကြောင်းကိုလည်း အဖြေထုတ်ချင်လာသည်။ ထိုသို့ဖြစ်လာရသည်ကို သူ့ကိုယ်သူလည်း အံ့ဩမိ၏။ ကလေးငယ်များအ‌ပေါ် စိတ်မရှည်တတ်သူက ယခုတွင် ဝေ့လော်နှင့်ပတ်သက်၍ အတော်လေးစိတ်ရှည်နေခဲ့သည်။ ဝေ့လော်နေရာတွင် အခြားကလေးတစ်ယောက်သာဖြစ်နေပါက ထိုလှေကားထိပ်မှနေ၍ သူတို့၏လမ်းကို ပိတ်ထားလိမ့်မည်မဟုတ်ချေ။ 




ဝေ့လော်က အရောင်လက်နေသောမျက်လုံးများဖြင့် မော့ကြည့်ကာ ခပ်ပြတ်ပြတ်အသံနှင့် 




“မရှိတော့ဘူး။”




ကျောင်းကျယ်၏မျက်လုံးထဲတွင် ကျေနပ်မှုတစ်ခု ဖြတ်ပြေးသွား၏။ သူ(မ)နှင့် စကားဆက်ပြောချင်သေးသော်လည်း အချိန်မရှိတော့ချေ။ ထိုနေရာတွင် ဆက်၍ရပ်နေပါကလည်း အလွန်သိသာနေရော့မည်။ ထို့ကြောင့် ထိုနေရာတွင်သာ စကားဖြတ်လိုက်ပြီး စုန့်ဟွေ့ကိုလည်းနှုတ်ဆက်ကာ လှေကားပေါ်မှဆင်းခဲ့လိုက်တော့သည်။ 




*




ကျင်းတော်ဝင်နန်းတော်မှ အနက်ရောင် အမိုးပါသော ရထားလုံးထဲတွင်ထိုင်နေရင်း အိမ်သို့မောင်းနှင်ရန် ရထားလုံးမောင်းသူကို ကျောင်းကျယ်အမိန့်ပေးလိုက်သည်။ ရထားလုံးနှင့် ပြန်နေရင်း လမ်းတစ်ဝက်ရောက်သော် သူက ကျူ့ကုန်းကိုလှမ်းခေါ်လိုက်၏။




“ကျူ့ကုန်း။”




ကျူ့ကုန်းက ရွှေရောင်ချည်ထိုးထားသည့် အနက်ရောင်လိုက်ကာကို ဖယ်လိုက်ပြီး ရထားလုံးအနားသို့လာကာ




“ဘာအလိုရှိလို့ပါလဲ အရှင့်သား။”




ရထားလုံးထဲတွင် နောက်ခုံကိုမှီထားရင်း ထိုင်နေချိန်တွင် အနက်ရောင်လိုက်ကာများကလည်း နံဘေးမှကာထာသောကြောင့် မှောင်မည်းနေခဲ့သည်။ ကျူ့ကုန်းက လိုက်ကာကိုဆွဲမ,လိုက်မှသာ နေရောင်အချို့ဝင်ရောက်လာပြီး ကျောင်းကျယ်၏ သေးသွယ်သောလက်များကို မြင်တွေ့ရတော့သည်။ 




ကျောင်းကျယ်က အသံကိုနှိမ့်၍ သေသေချာချာစဥ်းစားရင်း စကားပြောလိုက်သည်။




“ဒီမြို့နဲ့ ဝေးကွာနေတာလည်း အတော်ကြာပြီဆိုတော့ ကျွန်တော် သေသေချာချာမရှင်းလင်းသေးတဲ့ အကြောင်းအရာတွေ အများကြီးရှိနေတာ သတိထားမိသား။ ဒါနဲ့ အရေးပိုင်မင်းကျုံးယီနဲ့ မြို့စားယင်းတို့ မိသားစု(၂)စုက ဘယ်လိုဆက်ဆံရေးမျိုး ရှိနေတာလဲ။”




ကျောင်းကျယ်၏ အနီးကပ် သက်တော်စောင့်တစ်ယောက်ဖြစ်သော ကျူ့ကုန်းမှာ ကိုယ်ခံပညာ ထူးချွန်ရုံမက သတင်းအချက်အလက် အချို့ကိုလည်း သိရှိထားရန်လိုအပ်သည်။ ထို့ကြောင့် ကျောင်းကျယ်၏မေးခွန်းကို သူ ချက်ချင်း ပြန်ဖြေလိုက်နိုင်ပေသည်။




“အရှင့်သား မေ့သွားပြီထင်တယ်။ လွန်ခဲ့တဲ့ (၅)နှစ်က အရေးပိုင်မင်းကျုံးယီနဲ့ မြို့စားယင်းတို့မိသားစုမှာ လက်ထပ်ပွဲတစ်ခု ရှိခဲ့တယ်လေ။ အရေးပိုင်မင်း ကျုံးယီရဲ့ မိန်းမဘက်က တူမက မြို့စားယင်းရဲ့ ပဥ္စမသားနဲ့ လက်ထပ်သွားတာ။ ဒါပေမဲ့ ဒုတိယအိမ်ထောင်ပါ။”




ကျူ့ကုန်းက တစ်ခဏရပ်လိုက်ပြီး ကျောင်းကျယ် မည်သည့်အကြောင်းကို သိချင်သည်ကို စဥ်းစားလိုက်ပြီးနောက် ဆက်၍




“မြို့စားယင်း အိမ်တော်က စတုတ္ထသခင်မလေးနဲ့ အရေးပိုင်မင်းအိမ်တော်က စုန့်ဟွေ့ကိုလည်း လက်ထပ်ပေးဖို့ သူတို့ငယ်ငယ်လေးထဲက စီစဥ်ထားကြတာပါ။”




‘ဪ။ စုန့်ဟွေ့က ဒီကောင်မလေးကို ဒီလောက်တောင်ဂရုစိုက်နေတာ အကြောင်းအရင်းက ရှိနေတာကိုး။’




ကျောင်းကျယ် သူတို့နှစ်ယောက်အကြောင်း တွေးလိုက်မိသည်။ ဝေ့လော်ဟူသည့် မိန်းကလေးမှာ ဒေါသကြီးပြီး အထိမခံတတ်သည့် သဘောရှိသောကြောင့် တစ်နေ့ အရွယ်ရောက်လာလျှင်လည်း သေချာပေါက် ဒေါသအိုးလေးဖြစ်နေလိမ့်မည်။ စုန့်ဟွေ့မှာမူ စိတ်သဘောထား အေးဆေးတည်ငြိမ်ပြီး စိတ်ရှည်တတ်သူဖြစ်၏။ သို့သော် နောင်တွင် သူ ဝေ့လော်ကို သည်းခံနိုင်ပါ့မလား မသိနိုင်ချေ။ မင်းသားတွင် မေးစရာမရှိတော့သောကြောင့် ကျူ့ကုန်းလည်း လိုက်ကာကိုပြန်ချကာ ထွက်လာလိုက်တော့သည်။ မင်းသား သိချင်နေသည့် မေးခွန်းကို သူမှန်မှန်ကန်ကန် ဖြေပေးလိုက်နိုင်သည်ဟုလည်း မှတ်ယူလိုက်လေသည်။




ကျန်း‌ချွေ့ကျိုက် စားသောက်ဆိုင်ထဲတွင်။




စားပွဲထိုးက ဟင်းလျာများကို လာချပေးပြီးနောက်




“ဧည့်သည်တို့။ အေးအေးဆေးဆေး သုံးဆောင်ကြပါ။”




စုန့်ဟွေ့က ငွေရောင်တူကို ကိုင်လိုက်ပြီး ပင်လုံးကြိုင်ငါးရိုးကို ပန်းကန်ထဲမှလှမ်းယူကာ ဝေ့လော်ကို ထည့်ပေးလိုက်ပြီး 




“အားလော်။ မင်းသားကျင်းနဲ့ အားလော်နဲ့ ဘယ်လိုဖြစ်ပြီး ရင်းနှီးနေတာလဲ။”




ကြက်ဥအနှစ်ကို တစ်ကိုက်ကိုက်ပြီးနောက် ဝေ့လော် ငါးရိုးကို စားကြည့်လိုက်သည်။ နူးညံ့ကြွပ်ဆတ်နေပြီး အရသာမှာ ဆားလေးလေးနှင့် အလွန်စားကောင်းလှ၏။ ထိုဟင်းလျာ၏အရသာမှာ အလွန်ထူးကဲနေသောကြောင့် လူအများစည်ကားလျက်ရှိသည်မှာ မထူးဆန်းတော့ချေ။ ရှေ့သွားကျိုးသွားသဖြင့် ကျောင်းကျယ်ထံမှ လှောင်ပြောင်ခြင်းကိုခံခဲ့ရသောကြောင့် ဝေ့လော် ခံစားချက်ပျက်စီးသွားခြင်းမဟုတ်ပါက ထိုအရသာကို သေသေချာချာအရသာခံမိမည်ပင်။ ထို့နောက် သူ(မ)က 




“ဟိုတစ်ခေါက် ဟူးကော်ဘုရားကျောင်းမှာ အမွှေးတိုင်သွားထွန်းပြီး ပြန်လာတော့ အပြန်လမ်းမှာ မဒမ်က အားလော်ကို ကျွန်ကုန်သည်တွေဆီမှာ ရောင်းစားဖို့ ကြိုးစားခဲ့တာလေ။ အဲ့တုန်းက အားလော်ကိုကယ်ဖို့ မင်းသားကျင်းကို အကူအညီတောင်းခဲ့ရင်းကနေ သူနဲ့ ရင်းနှီးသွားတာ။”




ဝေ့လော်က ဇာတ်လမ်းအကြောင်းကို အတိုချုပ်ပြောပြလိုက်သော်လည်း စုန့်ဟွေ့က အလွန်အံ့အားသင့်သွားပြီး အချိန်အတော်ကြာ မှင်တက်မိနေခဲ့သည်။




“ဘာ။ အားလော် ဘာပြောလိုက်တယ်။ မဒမ်ဆိုတာကရော ဘယ်မဒမ်ကိုပြောတာလဲ။”




သူ့ကို အံ့အားသင့်စေသည့်အကြောင်းအရာကို ဝေ့လော်က ဂရုမစိုက်သည့်ပုံစံဖြင့် ကလေးဆန်ဆန် ပြန်ဖြေလိုက်သည်။




“ဝေ့ကျန်းရဲ့အမေ၊ အဖေ့မိန်းမပေါ့။”




ထိုအကြောင်းကို ဝေ့လော် အကြောင်းမဲ့ပြောပြလိုက်ခြင်းမဟုတ်။ မဒမ်တု၏ စိတ်သဘောထားကို စုန့်ဟွေ့ကို ပေးသိလိုက်ခြင်းက အရေးပိုင်မင်း ကျုံးယီအိမ်တော်မှ လူများကို အသိပေးလိုက်ခြင်းနှင့် ထပ်တူပင်။ မဒမ်တုက ထိုသို့ လက်မခံချင်စရာကိစ္စတစ်ခု ပြုလုပ်ခဲ့သော်လည်း သူ(မ)ကိုယ်စား သက်ညှာခွင့်တောင်းဆိုပေးရန် အချိန်ကျလာလျှင်ပင် အရေးပိုင်မင်း ကျုံးယီ၏လူများက ပါးစပ်ပိတ်နေကြဦးမည်ဖြစ်သည်။ 




*****




Aurora Novel Translation Team



Report content on this page

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment