no

Font
Theme

Chapter 5.2

ဝေ့‌လော်ကို ယင်းအိမ်တော်သို့ပြန်ပို့ပေးလိုက်ပြီးနောက် ဝေ့လော်အိမ်ထဲဝင်သည်ကိုကြည့်ပြီး ကျူ့ကုန်းပြန်ထွက်လာခဲ့သည်။ ဝေ့လော်ကို ချမ်းသာသောမိသားစုတစ်ခု၏ သမီးတစ်ယောက်ဟုသာ သူထင်ခဲ့‌သော်လည်း တကယ်တမ်းတွင် ယင်းအရာရှိ၏မြေးဖြစ်နေလေ၏။ ချောင်ကျုံးအင်ပါယာတွင် စီမံခန့်ခွဲမှု တင်းကျပ်ကာ ဖြောင့်မှန်သည့် ယင်းအိမ်တော်၏ဂုဏ်သိက္ခာမှာ ကြီးမားလှပြီး သက်ကြီးပိုင်းများမှာ ပို၍မြင့်မြတ်ပြီး ဩဇာတိက္ကမနှင့်ပြည့်စုံကြသည်။ ယင်းအိမ်တော်၏သခင်ကြီးမှာ အရာရှိတာဝန်များကို စေ့စပ်သေချာစွာဆောင်ရွက်ရသော်လည်း ယနေ့ဖြစ်ရပ်ကိုကြည့်သော် မိသားစုကိစ္စရပ်များတွင် စီမံခန့်ခွဲနိုင်စွမ်းမရှိကြောင်း သိသာနေသည်။ မြေးဖြစ်သူက မိထွေးနှင့်ရန်ငြှိုးရှိပြီး ကျွန်ကုန်သည်များထံ ရောင်းစားခံရလုနီးပါးဖြစ်သွားကြောင်းကို သူကိုယ်တိုင်က မသိထားခဲ့ချေ။




ကျူ့ကုန်းလည်း ကျင်းနန်းတော်သို့ပြန်သွား၏။ အရှင်မင်းသားက သူ့ကိုရှာနေကြောင်း ရန်ဟောက်မှတစ်ဆင့်ကြားသိပြီးနောက် စာသင်ဆောင်သို့ချက်ချင်းပြေးသွားတော့သည်။ စာသင်ဆောင်တွင် ကျောင်းကျယ်မှာ တည်သီး၏အကိုင်းပုံစံများပါဝင်သော အဖြူရောင်ဝတ်ရုံကိုလဲကာ စားပွဲအနောက်ဘက်တွင် ခေါင်းငုံ့၍ထိုင်နေ၏။ သို့သော် သူစာဖတ်နေခြင်းမဟုတ်ဘဲ ယနေ့မနက်အစောပိုင်းက သမားတော်ချန်ယုံး ပို့ပေးခဲ့သည့် သစ်ခွပန်းအိုးကို ကြည့်ရှုလေ့လာနေခဲ့သည်။ ထိုသစ်ခွပန်းမှာ ရွှေရောင်ကိုင်းရှိသည့် ရှားပါးမျိုးစိတ်ဖြစ်သောကြောင့် အလွန်တန်ဖိုးရှိသည်။ တောင်ပိုင်းမှ ထိုပန်းကိုရရန် ချန်ယုံးက ငွေအတော်များများ သုံးခဲ့ရ၏။ ထိုသို့သောပန်းမျိုးကို ဂရုစိုက်ရှာဖွေခဲ့ရသည်မှာ အတော်လေးခက်ခဲသော်လည်း အရှင်မင်းသားက စိတ်ဝင်တစားရှိသည်ဆိုသောကြောင့် မည်သည့်အရာကမျှ ပြဿနာမရှိတော့ပေ။ အရှင်မင်းသားက သစ်ခွပန်းများကိုခုံမင်နှစ်သက်ကြောင်း ချောင်ကျုံးတစ်နိုင်ငံလုံးသိထား၏။ ထို့ကြောင့် အရှင်မင်းသားပြန်ရောက်နေသည့် သတင်းကိုကြားသည်နှင့် အရာရှိများက မျက်နှာသာပေးခံရရန်အလို့ငှာ သစ်ခွပန်းများကို တက်ကြွစွာပို့ပေးတတ်ကြသည်။ 




သမားတော်က ဒဏ်ရာကိုကြည့်ရှုကုသပေးပြီးနောက် အရှင်မင်းသား၏လက်တွင် ပတ်တီးစည်းပေးထားခဲ့သည်။ ကိုက်ခံရသည့်ဒဏ်ရာက အလွန်နက်သောကြောင့် ဒဏ်ရာပျောက်ကင်းသွားလျှင်ပင် သွားရာအမာရွတ်က ကျန်နေလိမ့်ဦးမည်ဟုလည်း သမားတော်ကပြောခဲ့သေးသည်။ ကျူ့ကုန်းက အရှင့်သားကို ဦးညွတ်လိုက်ပြီး အစောပိုင်းမှအဖြစ်အပျက်ကို သတင်းပို့လျှောက်တင်၏။ ဝူကျိုးကို ဝေ့လော်ဆံထိုးနှင့်ထိုးလိုက်သည့်အခန်းကို ပြောပြသည့်အချိန်တွင် သူ့အသံအနေအထား၌ အားကျမှုတချို့ပါဝင်နေခဲ့သည်။




“အဲ့ဒီ့ကလေးမလေးက တကယ့်ကိုသတ္တိကောင်းတာ။ အဲ့လူရဲ့မျက်နှာမှာ သွေးတွေရွှဲသွားတာပဲ။”




သူ တစ်ခဏရပ်လိုက်၏။ သူ၏အရှင်မင်းသားသည်လည်း ထိုမိန်းကလေးကြောင့် ဒဏ်ရာရကာ ကုသမှုခံယူနေရသည်ကိုပြန်သတိရသွားချိန်တွင် သူချက်ချင်းပါးစပ်ပိတ်လိုက်တော့သည်။ သို့သော် ကျောင်းကျယ်က စိတ်ကိုချုပ်ထိန်းထားဟန်ဖြင့်




“မင်းသူ(မ)ကို ပြန်ပို့လိုက်လား။”




ကျူ့ကုန်းက ခေါင်းညိတ်၍




“သူ(မ) အိမ်ထဲဝင်သွားတာကို သေချာအောင်ကြည့်ခဲ့ပြီးမှ ပြန်ခဲ့ပါတယ်အရှင့်သား။”




ထိုအကြောင်းကိုပြန်တွေးလိုက်သည့်အခါ ကျူ့ကုန်းနားမလည်နိုင်ခဲ့ပေ။




“အရှင့်သား။ ဘာလို့သူ(မ)ကို လွယ်လွယ်နဲ့အလွှတ်ပေးလိုက်ရတာလဲ။”




ကျောင်းကျယ်က စားပွဲကိုလက်ချောင်းဖြင့်ပုတ်ကာ ပြုံးလျက်




“သူ(မ)က တအားငိုနေတယ်ဆိုပြီး မင်းပဲပြောတာမဟုတ်ဘူးလား။”




အန္တရာယ်များသည့် ကလေးမလေး၏ ငိုနေသောမျက်နှာထားကိုခန့်မှန်းကြည့်ရန်မှာ ခက်ခဲလှသည်။ ထိုမျက်နှာကို မမြင်လိုက်ရသည်မှာ နောင်တရစရာကောင်းသည်ဟု ကျောင်းကျယ်တွေးမိ၏။ 




ကျူ့ကုန်း၏မျက်နှာတွင် ရှက်ရွံ့မှုအချို့ဖြင့်




“ဟုတ်ပါတယ်။ အစတုန်းကတော့ သူ(မ)က အကောင်းအတိုင်းပါပဲ။ ဒါပေမဲ့ နည်းနည်းလောက်ငေါက်လိုက်တာနဲ့ ငိုသွားလိမ့်မယ်လို့ ကျွန်တော်လည်းမထင်မိလိုက်ဘူး။”




ကျောင်းကျယ် အနည်းငယ်ပြုံးလိုက်၏။ အမှန်တကယ်ဖြစ်ပျက်သွားသည့်အကြောင်းအရာကို သက်တော်စောင့်က သတိမထားမိခဲ့သော်လည်း ကျောင်းကျယ်ကတော့ ခန့်မှန်းကြည့်လိုက်နိုင်ပြီဖြစ်သည်။ ထိုမိန်းကလေးမှာ သနားစရာကောင်းစွာ ဟန်ဆောင်ငိုကြွေးပြီး သူ(မ)ကိုလွှတ်ပေးရန် ကျူ့ကုန်း၏စိတ်ကို လှည့်စားခဲ့ခြင်းပင်။ ထိုခန့်မှန်းချက်သည်သာ အမှန်တကယ်ဖြစ်နေပါက ထိုကလေးမလေးမှာ အရွယ်နှင့်မလိုက် အလွန်ဉာဏ်များသည့်ကလေးတစ်ယောက်ဖြစ်ပေလိမ့်မည်။




ကျောင်းကျယ် သစ်ခွပန်းဘက်သို့ပြန်လှည့်ကာ ဆင်ခြင်တွေးဆကြည့်နေ၏။ ဝေ့လော်ကိုလွှတ်ပေးရန် ကျူ့ကုန်းအားအမိန့်ပေးခဲ့ခြင်းမှာ အလွန်ကြင်နာတတ်နေခြင်းကြောင့်မဟုတ်ဘဲ ဝေ့လော်မှာ ယင်းအိမ်တော်၏မမ‌လေးဖြစ်နေကြောင်း သိလိုက်ရသောကြောင့်သာဖြစ်သည်။ ယင်းအိမ်တော်၏အရာရှိ ဝေ့ကျောင်းချွမ်၏ လုပ်ရပ်အချို့ကို ကျောင်းကျယ်မှတ်မိနေသေး၏။ ထိုလူကြီးက အလုပ်ကိစ္စကို တင်းတင်းကျပ်ကျပ်လုပ်ဆောင်တတ်သောကြောင့် နန်းတော်သို့ အမြဲလိုလိုဆင့်ခေါ်ခံရသည့်အခါတိုင်း ဧကရာဇ်ကို စိတ်ဆိုးစေရန်သာတတ်နိုင်ခဲ့သည်။ ဝေ့ကျောင်းချွမ်က လိုက်လျောညီထွေနေနိုင်ခြင်းမရှိသောကြောင့် ဧကရာဇ်ကိုယ်တိုင်ကပင် ပြောစရာစကားများပျောက်ရှခဲ့ရသည်။ သို့သော် ဧကရာဇ်ကလည်း မည်မျှပင်ဒေါသထွက်ရသည့်တိုင် ဂုဏ်သိက္ခာကြီးမားသည့်ထိုအရာရှိဝေ့ကို ဖယ်ရှားနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ကျောင်းကျယ်က ကိုက်ခံရသည့်ဒဏ်ရာ အလကားမဖြစ်သွားစေရန် ယင်းအိမ်တော်နှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်ပြီး သူ့ဘက်ပါလာအောင် ကြိုးစားလိုခြင်းဖြစ်သည်။ 




ဝေ့လော်အကြောင်း အသေးစိတ်ပြောပြနေသည့် ကျူ့ကုန်းကိုကြည့်ရင်း ကျောင်းကျယ်က စိတ်ဝင်စားစွာဖြင့်




“သူ(မ)က ဘယ်မမလေးလို့မင်းပြောလိုက်တာလဲ။”




ကျူ့ကုန်းက




“စတုတ္ထသခင်မလေးပါ။ ဂိတ်စောင့်တွေ သူ(မ)ကို စတုတ္ထသခင်မလေးလို့ခေါ်လိုက်တာကို ကျွန်တော်ကိုယ်တိုင် နားနဲ့သေချာကြားခဲ့တာပါ။”




ယင်းအိမ်တော်၏ စတုတ္ထသခင်မလေး ဝေ့လော်။ ကျောင်းကျယ် အလွယ်တကူ သိရှိခွင့်မရခဲ့သည့် တစ်ဦးတည်းသောသူမှာ သူ(မ)ပင်။ (၆)နှစ်အရွယ်ကလေးတစ်ယောက်က မျက်တောင်ခတ်ခြင်းမရှိဘဲ ယောက်ျားကြီးတစ်ယောက်၏မျက်နှာကို ဆံထိုးဖြင့်ခြစ်လိုက်ခြင်းမှာ လူတိုင်းမလုပ်နိုင်သည့် သတ္တိနှင့် ရက်စက်မှုများပင်။ သိပ်မနာတော့သည့်ဒဏ်ရာကို သူပွတ်သပ်ကြည့်လိုက်၏။ ပထမဦးဆုံးအကြိမ် တွေ့ဆုံရာတွင် သူ(မ)က ထိုသို့လက်ဆောင်မျိုးကိုပေးသွားလေရာ ၎င်းမှာ အရှင့်သား၏သတိထားခြင်းကိုခံယူလိုသည့် အရိပ်အမြွက်မျိုးဟု သုံးသပ်ရလေသည်။




*




ယင်းအိမ်တော်တွင်။ 




မဒမ်တုနှင့်အတူ အပြင်ထွက်သွားသည့်ဝေ့လော်က သူစိမ်းအမျိုးသားတစ်ယောက်နှင့် အိမ်ပြန်ရောက်လာ၏။ ဂိတ်စောင့်ကလည်း ထိတ်လန့်စွာဖြင့် တံခါးဖွင့်ကာ သူ(မ)ကို အမြန်ပေးဝင်လိုက်သည်။ သူ(မ)ဒဏ်ရာမရလာကြောင်း သေချာအောင် စေ့စေ့စပ်စပ်ကြည့်ပြီးနောက် ဂိတ်စောင့်သူက 




“မမလေး။ ဘာဖြစ်လို့ တစ်ယောက်တည်းပြန်လာတာလဲ။ ပဥ္စမမဒမ် (မဒမ်တု)ရော ဘယ်မှာကျန်ခဲ့တာလဲ။”




ဝမ်းနည်းနေသည့်မျက်နှာထား၊ နီရဲနေသည့်မျက်လုံးများဖြင့် ဝေ့လော်က ချွဲနွဲ့ကာ




“အဖေဘယ်မှာလဲဟင်။”




သူ(မ)အကြည့်ကိုမြင်ပြီးနောက် အရေးကြီးကိစ္စတစ်ခုရှိနေပြီဟု ကောက်ချက်ချလိုက်ပြီး ဂိတ်စောင့်က မိန်းကလေးအစေခံတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။ ထို့နောက် အိမ်တော်အထဲသို့ ဝေ့လော်ကိုလိုက်ပို့ပေးရန် ပြောကြားလိုက်သည်။




“သခင်ကြီး(၅)က ခုနကပဲ တော်ဝင်ကျောင်းတော်ကနေပြန်ရောက်လာတာ။ အခုတော့ ဧည့်ကြိုဆောင်မှာရှိနေတယ်။ ဒီမိန်းက‌လေးအစေခံကို လိုက်ပို့ခိုင်းလိုက်မယ်နော်။ မမလေး သူ(မ)နောက်က လိုက်သွားလိုက်ပါ။”




ဝေ့လော်က ညင်သာပြီး မျက်ရည်လွယ်သည့်အသံဖြင့် ပြန်ပြောလိုက်၏။




“ဟုတ်။”




မိန်းကလေးအစေခံက ဝေ့လော်အား ဧည့်ကြိုဆောင်သို့ခေါ်သွားပေးသည်။ သူ(မ)ကိုယ်တိုင်လည်း သိချင်စိတ်ပြင်းပြနေသော်လည်း ဝေ့လော်ကိုမမေးရဲချေ။ ဧည့်ကြိုဆောင်နှင့် တဖြည်းဖြည်းနီးလာသည့်အခါ အနီးနားမှ စကားပြောသံအချို့ကိုကြားရသဖြင့် သူတို့အာရုံစိုက်မိသွားသည်။ 




ဝရံတာအပြင်ဘက်တွင် ကလေးနှစ်ယောက်ရပ်နေသည်။ တစ်ယောက်က မိန်းကလေး၊ တစ်ယောက်က ယောက်ျားလေးဖြစ်၏။ မိန်းကလေးမှာ အသက်(၅)နှစ်အရွယ်ခန့်ရှိပြီး အဝါဖျော့ရောင် အပေါ်ထပ်အင်္ကျီနှင့် အနီရောင်စကတ်ကိုဝတ်ဆင်ကာ နူးနူးညံ့ညံ့ပုံစံရှိသည်။ ဆံပင်ကို ကျစ်ဆံမြီးနှစ်ဖက်ကျစ်ထားပြီး အနီရောင်ကြိုးဖြင့်ချည်ထားသည်။ သူ(မ)လှုပ်ရှားလိုက်တိုင်း ဆံချည်ကြိုးပေါ်မှခေါင်းလောင်းလေးများ အသံမြည်နေ၏။ ယောက်ျားလေးမှာမူ နီရဲသောနှုတ်ခမ်း၊ ဖြူဖွေးသောသွားများနှင့် မျက်နှာကလည်း ရိုးသားဖြူစင်ပြီး ချောမောနေကာ ဝေ့လော်နှင့်လည်းရုပ်ချင်းဆင်တူသည်။ သူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ မိန်းကလေး၏ရှေ့မှ ခပ်ဝေးဝေးလမ်းလျှောက်သွားလိုက်သည်။ ကြည့်ရသည်မှာ သူတို့ဆက်ဆံရေးက သိပ်မကောင်းလှပေ။




မိန်းကလေးက မကျေမနပ်ဖြင့် သူ့ကိုလှမ်းအော်လိုက်သည်။




“ဝေ့ချောင်ဟုန်။ ငါပြောနေတာ မကြားဘူးလား။ ဘာလို့ငါ့ကို အာရုံမစိုက်တာလဲ။”




ထိုကလေးနှစ်ယောက်မှာ ဝေ့လော်၏မိသားစုဝင်များဖြစ်သည့် ဆဋ္ဌမသခင်လေး ဝေ့ချောင်ဟုန်နှင့် ပဥ္စမ သခင်မလေး ဝေ့ကျန်းတို့ဖြစ်ကြသည်။ ဝေ့ကျန်း၏စကားများကို ဂရုမစိုက်သည့်ချောင်ဟုန်က ရှေ့သို့ဆက်လျှောက်လာရင်း ခြံဝန်းထဲမှဝေ့လော်ကို သတိထားမိသွားသည်။ ထိုအခါ အေးစက်နေသည့်မျက်နှာထားက ချက်ချင်းပြောင်းသွားပြီး ဝေ့လော်ဘေးသို့အပြေးလာကာ




“နင်ပြန်လာပြီလား။”




ဝေ့လော်က သူ့ကိုရပ်ကြည့်လိုက်၏။ သူ(မ)ပြန်လည်မွေးဖွားပြီးနောက် ချောင်ဟုန်ကိုပြန်တွေ့ရသည်မှာ ယခုမှပထမဆုံးဖြစ်သည်။ ယခင်ဘဝတုန်းကလည်း ဝေ့လော် သူ(မ)မောင်လေးနှင့်မတွေ့ရသည်မှာ (၁၀)နှစ်ကြာသွားခဲ့သည်။ အသက် (၁၅)နှစ်ပြည့်ပြီး မြို့သို့ပြန်လာကာ ဆွေမျိုးများကိုလာရှာခဲ့စဥ်က ချောင်ဟုန်ကို သူ(မ) အဝေးကသာလှမ်းကြည့်ခဲ့ရသည်။ ထိုအချိန်တွင် ချောင်ဟုန်က သူ(မ)သိခဲ့သည့်ချောင်ဟုန် မဟုတ်တော့ပေ။ မဒမ်တုနှင့် ဝေ့ကျန်းတို့၏ အကြံအစည်ကြောင့် (၁၅)နှစ်အရွယ်ကောင်လေး၏အနာဂတ်က ပျက်စီးခဲ့ရပြီး တွေဝေမှုများစွာဖြင့်သာ ဘဝကိုကုန်ဆုံးခဲ့ရသည့် လူသားအမှိုက်ဖြစ်ခဲ့ရသည်။ ထိုမြင်ကွင်းကို ပြန်မြင်ယောင်မိတိုင်း ဝေ့လော် ဝမ်းနည်းမှုကိုမထိန်းထားနိုင်ဘဲ သူ(မ)မောင်လေးအား ဖက်ထားချင်စိတ်ဖြစ်မိသည်။ ချောင်ဟုန်မှာ မွေးကတည်းက သူ(မ)နှင့်အတူကြီးပြင်းလာသည့် အမြွှာမောင်လေးဖြစ်သောကြောင့် သာမန်မောင်နှမများထက် ပို၍ရင်းနှီးပေ၏။




‘အခု ချောင်ဟုန်က ငယ်ငယ်လေးပဲရှိသေးတာပေါ့။ ငါနဲ့တူတူ အသက်(၆)နှစ်ပဲရှိသေးတာ။’




သည်တစ်ကြိမ်တွင်‌ ချောင်ဟုန်ကို လက်လွှတ်ဆုံးရှုံးမခံပါက သူတို့နှစ်ယောက်စလုံး ကောင်းမွန်စွာနေထိုင်သွားနိုင်ပေမည်။ မဒမ်တုနှင့် ဝေ့ကျန်းတို့က သူတို့နှစ်ယောက်ကို ခွဲထားရန်ကြိုးစားပါက သူ(မ)ကိုယ်တိုင် သူတို့ကိုဖျက်ဆီးပစ်မည်ဖြစ်သည်။




အားလော်က ခံစားချက်ကိုမျိုသိပ်ကာ ရင်းနှီးသည့်အပြုံးတစ်ခုဖြင့်




“အဖေ အထဲမှာရှိလား။”




ချောင်ဟုန်က ထိုမေးခွန်းကိုပြန်မဖြေဘဲ အားလော်ကိုသာ လေ့လာနေ၏။ အားလော် စိတ်အခြေအနေမကောင်းဘဲ မျက်လုံးများလည်းနီနေသည်ကို သူတွေ့ရသည်။ ပါးပြင်ပေါ်မှ မျက်ရည်ကျထားသည့်လမ်းကြောင်းများကိုမြင်သည့်အခါ မကြာသေးခင်ကမှ သူ(မ)ငိုထားကြောင်း ပေါ်လွင်နေတော့သည်။ ထိုအခါ ချောင်ဟုန်၏ ပျော်ရွှင်နေသောမျက်နှာထားလည်း ပြောင်းလဲသွားသည်။ ချောင်ဟုန်က သူ(မ)မျက်နှာကိုခပ်ဖွဖွကိုင်၍ မျက်ရည်သုတ်ပေးလိုက်ပြီး ညှိုးငယ်သောမျက်နှာလေးဖြင့် သူ့အစ်မကိုမေးလိုက်သည်။




“နင်ငိုထားတာလား။”




ဝေ့လော်နေမကောင်းဖြစ်နေသဖြင့် အဖျားကူးမည်စိုးသောကြောင့် နေကောင်းမှသာတွေ့လို့ရမည်ဟုပြော၍ မဒမ်တုက ချောင်ဟုန်နှင့် ဝေ့လော်ကိုခွဲထားခဲ့သည်။ ထို့ကြောင့် ချောင်ဟုန် ဝေ့လော်ကိုမတွေ့ရသည်မှာ (၃)၊ (၄)ရက်ရှိနေလေပြီ။ ထိုသို့စောင့်ဆိုင်းနေရသည့်နေ့ရက်များတွင် အချိန်များက နှေးကွေးစွာကုန်ဆုံးနေသည်ဟု သူခံစားရ၏။ သူတို့နှစ်ယောက်လုံးတွင် မိခင်မရှိ၊ ဖခင်တစ်ယောက်တည်းသာရှိသည်။ သို့သော် ထိုဖခင်မှာလည်း နေ့တိုင်း စာမေးပွဲများနှင့် အလုပ်များနေသောကြောင့် သူတို့နှင့်အဖော်လုပ်ပေးရန် အချိန်မရချေ။ ထို့ကြောင့် အား‌လော်နှင့် ချောင်ဟုန်က အလွန်ရင်းနှီးစွာ ကြီးပြင်းလာကြသည်။ ထို့ပြင် သူတို့နှစ်ယောက်မှာ အမြွှာဖြစ်သောကြောင့် သူတို့ကြားမှ သံယောဇဥ်နှင့် မေတ္တာတရားတို့မှာ အခြားမောင်နှမများနှင့်မယှဥ်နိုင်ဘဲရှိသည်။




ချောင်ဟုန်က စကားပြောရခြင်းကို များစွာနှစ်သက်ခြင်းမရှိသောကြောင့် သူ့အား တမူထူးသည်ဟု လူကြီးများက သတ်မှတ်ထားကြသည်။ သို့သော် မိန်းကလေးများ၏ ချစ်ခင်မှုကိုရရှိထားခြင်းက သူ့အတွက် စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်လာ၏။ ချောမောသောမျက်နှာဖြင့် မွေးဖွားလာသောကြောင့် အထူးတလည် အားစိုက်ထုတ်စရာမလိုဘဲ အလွယ်တကူ ကျော်ကြားနေခဲ့သည်။ ဝေ့လော်၏အနားသို့ရောက်လျှင်မူ သူ့ပုံစံက လုံးဝပြောင်းလဲသွား၏။ အထူးသဖြင့် အစောပိုင်းက ဝေ့ကျန်းကိုဆက်ဆံနေခဲ့သည့် အေးစက်စက်အမူအရာမျိုး မရှိတော့ချေ။ ယခုတွင်မူ ဝေ့လော်၏မျက်ရည်စများအတွက် သူစိတ်ပူနေပြန်သည်။ 




နူးညံ့သည့်မျက်ခုံးညိုညိုကို မျက်မှောင်ကြုတ်ကာ ချောင်ဟုန်က




“နင့်ကို ဘယ်သူအနိုင်ကျင့်လိုက်တာလဲ။”




ဝေ့လော်ကခေါင်းငုံ့ကာ မျက်လုံးကိုပွတ်သပ်လိုက်ပြီး ဝမ်းနည်းသံလေးဖြင့်




“ချောင်ဟုန်။”




ချောင်ဟုန်နှင့်မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်သောကြောင့် သူ(မ)အလွန်သတိရနေခဲ့သည်။ သို့သော် ချောင်ဟုန်ကမူ သူ(မ)အမှန်တကယ် အနိုင်ကျင့်ခံလာရသည်ဟုထင်သွားပြီး မျက်နှာတွင် ဒေါသရိပ်လေးသန်းသွားခဲ့သည်။ 




အပြင်ဘက်မှ ဆူဆူညံညံအသံကိုကြားသဖြင့် ဧည့်ကြိုဆောင်ထဲမှ ဝေ့ကွမ်းထွက်လာ၏။ ယခုလေးတင် တောင်ဝင်ကျောင်းတော်မှပြန်ရောက်ခြင်းဖြစ်သောကြောင့် အဝတ်အစားပင်မလဲရသေးချေ။ ဝင်ပေါက်အနီးတွင် ကလေး(၃)ယောက်လုံးကို တွေ့လိုက်ရသောအခါ သူရယ်မောလိုက်မိ၏။




“ဘာတွေဖြစ်နေကြတာလဲ။ ဘာလို့ အားလုံးက ဒီမှာရှိနေတာလဲ။”




ဝေ့လော်က မျက်ရည်စိုနေသေးသည့်မျက်လုံးဖြင့် မော့ကြည့်လိုက်သည်။ ဝေ့ကွမ်းကိုမြင်သော် သူ(မ)၏ မူလအစီအစဥ်ကို ပြန်သတိရသွား၏။ နှုတ်ခမ်းများတုန်ယင်လျက် ဝေ့ကွမ်း၏ရင်ခွင်ထဲသို့ဝင်သွားပြီး ငိုကြွေးမြည်တမ်းကာ ဝမ်းနည်းပက်လက်ဖြင့်




“အဖေ။ မဒမ်က အားလော်ကိုမလိုချင်ဘူး။ မဒမ်က အားလော်ကိုရောင်းစားချင်နေတာ။”




*****




Aurora Novel Translation Team



Report content on this page

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment