no

Font
Theme

Chapter 18.2

စုန့်ဟွေ့ ချက်ချင်းငိုင်ကျသွား၏။ လွန်ခဲ့သောရက်က သူတို့ မြို့စားယင်းအိမ်သို့ သွားခဲ့ရာတွင် မဒမ်တု အမှားတစ်ခုလုပ်ထားကြောင်း ဝေ့ကွမ်းပြောပြသည်ကို သူမှတ်မိသည်။ သို့သော်လည်း ထိုအမှားက ထိုမျှလောက် ကြီးမားနေမည်ဟု စုန့်ဟွေ့မထင်ထားခဲ့ချေ။ ဝေ့လော်ကလည်း လိမ်ညာပြောဆိုတတ်သူမဟုတ်။ ထိုရက်က မြို့စားယင်းအိမ်တော်မှ ထူးဆန်းသည့် အနေအထားကို ပြန်တွေးကြည့်လိုက်သော် ထိုကိစ္စမှာ အမှန်တကယ်ဖြစ်နိုင်နေလေသည်။ ထို့ကြောင့် စုန့်ဟွေ့တစ်ယောက် ပြောစရာစကားပျောက်ရှသွား၏။




‘မဒမ်က ဘာဖြစ်လို့ ဒီလောက်ထိ လုပ်ရက်ရတာလဲ။ ဝေ့လော်က သူ(မ)ကို ဘာတွေများလုပ်ထားလို့လဲ။ ဝေ့လော်က ဘာမှမသိသေးတဲ့ ကလေးတစ်ယောက်။ လူကိုတွေ့ရင်လည်း ပါးချိုင့်လေးတွေပေါ်တဲ့အထိ ချစ်စရာကောင်းအောင် ရယ်ပြတတ်တဲ့ ကလေးလေး။ ဒါကိုများ သူ(မ) ဘယ်လိုနှလုံးသားနဲ့ လုပ်ရက်နိုင်ရတာလဲ။”




ထိုအကြောင်းကိုကြားသော် စုန့်ဟွေ့မှာ ဝေ့လော်အပေါ် အပြစ်ရှိစိတ်ရော သနားစိတ်ပါဖြစ်မိသည်။ မဒမ်တုက စုန့်ဟွေ့၏မိသားစုနှင့် ဆွေမျိုးတော်စပ်သောကြောင့် ထိုကိစ္စတွင်လည်း သူတို့မိသားစုအနေနှင့် တာဝန်ရှိနေသည်။ လက်ရှိအနေအထားအရ သူတို့တွင် မည်သည်ကိုမျှ ပြောပိုင်ခွင့်မရှိချေ။ မြို့စားယင်းမိသားစုက မဒမ်တုကို အပြစ်ပေးရန်ဆုံးဖြတ်လျှင်လည်း ကြားဝင်ဖျောင်းဖျနိုင်လိမ့်မည် မဟုတ်ပေ။ ဝေ့လော်ဘက်က ကျောင်းကျယ်နှင့် မည်သို့သိကျွမ်းခဲ့သည့်အကြောင်း ပြောပြရင်းနှင့် ထိုကိစ္စကို ပြောခဲ့သော်လည်း စုန့်ဟွေ့ကမူ ထိုကိစ္စကို သူ့မိဘများအား မည်သို့ပြောပြသင့်ကြောင်း မစဥ်းစားတတ်တော့ချေ။ 




စားသောက်ဆိုင်မှ ထွက်လာပြီးနောက် သူတို့နှစ်ယောက်စလုံး လျှောက်လည်ရန်စိတ်မပါတော့ချေ။ စံအိမ်သို့သာ ပြန်တော့မည်ဟု ပြင်ဆင်လိုက်ချိန်တွင် ဝေ့လော်က တစ်စုံတစ်ခုကို သတိရသွားသဖြင့် စုန့်ဟွေ့ကိုလှမ်းဆွဲလိုက်ပြီး 




“အစ်ကိုစုန့်ဟွေ့။ အားလော် သက်စောင့်လက်ပတ်လေး မဝယ်ရသေးဘူးလေ။”




ထိုအခါမှသာ စုန့်ဟွေ့ အသိစိတ်ပြန်ဝင်လာပြီး ဟန်လုပ်၍ပြုံးပြကာ ‌ဝေ့လော်၏ခေါင်းလေးကို ခပ်ဖွဖွပုတ်၍




“ဟုတ်သားပဲ။ အားလော်လေးကို သက်စောင့်လက်ပတ်လေးဝယ်ဖို့ လိုက်ပို့ရဦးမှာပဲ။”




နဂါးလှေပွဲတော်တွင် သက်စောင့်လက်ပတ်ကို နေရာမရွေးဝယ်ယူနိုင်သည်။ စုန့်ဟွေ့၏လက်ကိုဆွဲရင်း အားလော်က လမ်းတစ်လျှောက် တစ်နေရာချင်းလိုက်ကြည့်နေသည်။ လမ်းနှစ်ဖက်လုံးတွင် လက်ဝတ်တန်ဆာအပေါစားများ ရောင်းချသူများလည်းရှိပြီး အလွန်စည်ကားလှသောကြောင့် ဝေ့လော် သေသေချာချာမကြည့်နိုင်ခဲ့ချေ။ တစ်ခဏလမ်းလျှောက်လိုက်ပြီးနောက် (၅)ရောင်ပါသည့် လက်ပတ်များကိုသာခင်းကျင်းထားသော လက်ဝတ်တန်ဆာဆိုင်တစ်ခုရှေ့တွင် ရပ်လိုက်တော့သည်။  


ဝေ့လော်က အရပ်ပုနေသောကြောင့် ဆိုင်အခင်းအကျင်း စင်ရှေ့တွင်ရပ်လိုက်သည့်အခါ စင်ပေါ်မှပစ္စည်းများကို မမြင်ရတော့ချေ။ ထို့ကြောင့် စုန့်ဟွေ့က သူ(မ)ကိုပွေ့ချီလိုက်ပြီး ပစ္စည်းများကို ကြည့်ရှုစေလိုက်သည်။ ထိုကလေးမလေးမှာ အလွန်လက်တွေ့ကျကာ စေ့စေ့စပ်စပ်ရှိလှ၏။ အထူထဲဆုံးနှင့် အခိုင်ခံ့ဆုံးဟုထင်ရသော လက်ပတ်ကြိုးတစ်ခုကိုယူကာ သူ(မ)က 




“ဒါလေးယူမယ်။”




အရောင်းအဝယ်ကိစ္စကို စုန့်ဟွေ့က ဆက်လက်လုပ်ဆောင်ပေးရင်း သက်တော်စောင့်ကို ငွေရှင်းရန်အချက်ပြလိုက်သည်။ ထို့နောက် စုန့်ဟွေ့က ပြုံး၍ ထိုလက်ပတ်လေးကို သူ(မ)လက်တွင် ဝတ်ဆင်ပေးတော့မည့်အချိန်တွင် ဝေ့လော်က ငြင်းဆန်လိုက်၏။




“ဒါ အားလော်ဝတ်မလို့မဟုတ်ပါဘူး။ ချောင်ဟုန်ကို ပေးမလို့။”




စုန့်ဟွေ့ မှင်တက်မိသွား၏။ ဝေ့လော်မှာ သူ(မ)ကိုယ်တိုင်ဝတ်ရန် ဝယ်နေသည်ဟုသာ သူထင်ထားခဲ့သည်။ ယခုအသက်အရွယ်တွင်ပင် မောင်လေးအတွက် စဥ်းစားပေးနေပြီဖြစ်ရာ ဝေ့လော်မှာ သေချာပေါက် စဥ်းစားချင့်ချိန်တတ်သော မိန်းကလေးတစ်ယောက်ပင်။ ထိုသို့ အလိုက်သိတတ်လှသည့် မိန်းကလေးမှာ ကျွန်ကုန်သည်များထံတွင် ရောင်းစားခံရလုနီးပါးဖြစ်ခဲ့သည်ကို ပြန်တွေးကြည့်သော် စုန့်ဟွေ့ရင်ထဲတွင် နာကျင်လာရတော့သည်။




“ဒါကို ဘယ်လိုသုံးရတာလဲ သိလို့လား အားလော်။”




အားလော်က ခေါင်းညိတ်ကာ ပြုံးပြလိုက်ပြီး 




“အထိန်းတော်ကြီးကပြောတယ်။ သက်စောင့်လက်ပတ်လေးက အသက်ရှည်အောင်လုပ်ပေးနိုင်တယ်တဲ့။”




၎င်းမှာ အလွန်လက်တွေ့ကျသည့် ပြောဆိုပုံတစ်ခုပင်။ စုန့်ဟွေ့က သူ(မ)၏အပြောကို သဘောကျသွားပြီး အစောပိုင်းမှ စိတ်ညစ်နေသည်များပင် အနည်းငယ်လျော့ပါးသွားခဲ့သည်။ ထို့နောက် ဝေ့လော်ကိုချီ၍ခေါ်ကာ ရထားလုံးဆီသို့ ပြန်သွားလိုက်လေသည်။




“ငါတို့အားလော်လေးက တကယ့်ကို အလိုက်သိတာပဲ။”




ဝေ့လော်က သူ့လည်ပင်းကိုဖက်ထားပြီး ပြုံးရွှင်နေသော်လည်း စိတ်ထဲတွင်မူ သူပြောသလို အလိုက်သိသည်ဟု မယူဆခဲ့ချေ။ ယခင်ဘဝက ချောင်ဟုန်၏ ခက်ခဲသောဘဝအတွေ့အကြုံများကို မှတ်မိနေသောကြောင့် ယခုဘဝတွင် သက်စောင့်လက်ပတ်လေးဖြင့် သူ့ဘဝကို ငြိမ်းချမ်းစေလိုခြင်းဖြစ်သည်။ ချောင်ဟုန်ကို ကျန်းကျန်းမာမာနှင့် ကြီးပြင်းစေလိုသည့် ဆန္ဒသာရှိလေသည်။




စုန့်ဟွေ့နှင့် ဝေ့လော်တို့နှစ်ယောက်၏ အဝတ်အစားများမှာ အဆင့်အတန်းမြင့်နေပြီး သူတို့၏ ရုပ်ရည်များကလည်း ထူးခြားနေသည်။ မဲနယ်ရောင် ဝတ်ရုံကိုဝတ်ဆင်ထားသည့် အရပ်မြင့်မြင့် ခန္ဓာကိုယ်ဖွံ့ဖြိုးသော ကောင်လေးတစ်ယောက်နှင့် သူ၏ရင်ခွင်ထဲမှ အကြည့်စူးရှသော မိန်းကလေးတစ်ယောက်ကို ကြည့်လိုက်ရုံဖြင့် သာမန်မိသားစုမှ ကလေးများမဟုတ်ကြောင်း အလွန်သိသာနေခဲ့သည်။ အထူးသဖြင့် လည်ပင်းတွင် သက်စောင့်လည်ဆွဲကို အပြာရောင် ကျောက်များဖြင့်ဆင်မြန်းထားသည့်အခါ အခြားသူများ၏အာရုံကို အလွယ်တကူဖမ်းစားနေခဲ့၏။ သူတို့နှစ်ယောက် လမ်းလျှောက်သွားသည့်အခါ လူအများက အတော်လေးအာရုံစိုက်လာကြသည်။




လက်ထဲတွင် ကြိမ်ခြင်းတစ်လုံးကို ဆွဲလာသည့် အမျိုးသမီးတစ်ယောက်က အပန်းရောင် ပိုးသား ပန်းတစ်ပွင့်ကိုထုတ်လိုက်ပြီး ရှေ့သို့တိုး၍




“သခင်မလေး။ သခင်မလေးက အရမ်းလှတာပဲ။ ဒီပိုးသားပန်းပွင့်လေးနဲ့ဆိုရင် အရမ်းလိုက်မှာ။ အစ်ကိုကြီးကို တစ်ခုလောက်ဝယ်ပေးခိုင်းလိုက်ပါလား။”




စုန့်ဟွေ့က သူ့လက်မောင်းများဖြင့် ဝေ့လော်ကိုကာကွယ်ပေးထားသည်။ ထိုအသံကိုကြားသဖြင့် ဝေ့လော်လှည့်ကြည့်လိုက်သည့်အခါ သူ(မ)မျက်လုံးထဲမှ ပျော်ရွှင်နေသည့်အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး အေးစက်စက်အကြည့်များအဖြစ် ပြောင်းလဲသွားတော့သည်။ 




ထိုအမျိုးသမီးက ဝါဖျော့ဖျော့ အဝတ်အစားကိုဝတ်ဆင်ထားပြီး ဝတ်စုံကလည်း ပြောင်ရှင်းကာ တိမ်ပုံစံထုံးထားသောဆံပင်တွင် အစိမ်းရောင်ပိုးကောင်ပုံစံ ငွေဆံထိုးတစ်ခုကို ထိုးထား၏။ သူ(မ)၏ပုံစံက သာမန်သာဖြစ်ပြီး နှုတ်ခမ်းထူထူ၏ထောင့်နားတွင် မှည့်တစ်ခုရှိနေသည်။ ထိုမှည့်မှာ ဝေ့လော် လုံးဝမေ့ပျောက်၍မရနိုင်မည့် မှည့်တစ်ခုပင်။ ယခင်ဘဝတွင်သာမက ယခုဘဝတွင်ပါ သူ(မ) သေသေချာချာ မှတ်မိနေခဲ့သည်။




ယခင်ဘဝတုန်းက ဝေ့လော် မြစ်ထဲသို့ပြုတ်ကျသွားပြီး လုံရှိုဟူသော ရွာလေးတွင် သောင်တင်နေခဲ့သည်။ လုံရှိုရွာမှာ ရှန်းမြို့တော်နှင့် (၅)ကီလိုမီတာအကွာမှ ဝေးလံခေါင်ဖျားသည့်နေရာတစ်ခုဖြစ်ပြီး လူခြေနည်းသည့် ဒေသတစ်ခုဖြစ်သောကြောင့် နေထိုင်မှုဘဝများမှာ ဆင်းရဲလှသည်။ ထိုရွာတွင် ပိုင်ရန်နှင့် လင်းဟွေ့လျန်ဟူသည့် လင်မယားနှစ်ယောက်က ဝေ့လော်ကို မွေးစားထားခဲ့သည်။ ဝေ့လော်ကို သူတို့၏သမီးရင်းကဲ့သို့ သဘောထားခဲ့သောကြောင့် အမြဲတမ်း အကောင်းဆုံးကိုသာပေးခဲ့သည်။ ထိုသို့ အလွန်ဆင်းရဲလှသည့်ရွာတွင် ထိုသို့မိသားစုနှင့်ဆုံရသည်မှာ အလွန်ရှားပါးလှသည့် အခွင့်အရေးတစ်ခုပင်။ ကြင်နာတတ်သည့် မိဘနှစ်ပါးကိုရလိုက်သောကြောင့် ဝေ့လော် ကံကောင်းလှပြီဟု ထင်မှတ်ထားခဲ့သည်။ မြို့စားယင်း၏ အိမ်တော်သို့ပြန်ကာ မိထွေး၏မကောင်းကြံခြင်းကို ခံရမည့်အစား ထိုရွာလေးတွင် သူတို့သမီးအဖြစ်နေထိုင်ခြင်းက ပို၍ကောင်းလိမ့်မည်ဟု ဝေ့လော်ယုံကြည်ထားခဲ့သည်။ 




သို့သော် အမှန်တရားမှာ ဝေ့လော်ထင်မှတ်ထားသကဲ့သို့ မဟုတ်ခဲ့ချေ။ လွန်ခဲ့သော နှစ်များစွာက ထိုလင်မယားတွင် သားတစ်ယောက်ရှိခဲ့ဖူးသည်။ သူတို့၏သားမှာ ဝေ့လော်မျောလာခဲ့သည့်မြစ်ထဲတွင် ရေနစ်၍ သေဆုံးခဲ့ရသည်။ ထို့ကြောင့် ထိုမြစ်ထဲတွင် မျောလာသည့် ဝေ့လော်ကိုမွေးစားခဲ့ခြင်းမှာလည်း သမီးတစ်ယောက်အဖြစ် မွေးစားခြင်းမဟုတ်ဘဲ ချွေးမတစ်ယောက်အဖြစ် မွေးစားခြင်းသာဖြစ်ခဲ့သည်။ ဝေ့လော်အရွယ်ရောက်လာလျှင် သူတို့၏သားနှင့် လက်ထပ်စေချင်ပြီး တမလွန်တွင်ရှိနေသော သူတို့၏သားကို ပြုစုစောင့်ရှောက်ပေးစေချင်ခဲ့သည်။




ထိုအကြောင်းကို စတင်သိလိုက်သည့်အချိန်တုန်းက ဝေ့လော် အတော်လေး အံ့အားသင့်သွားခဲ့ပြီး မည်သို့ဆက်လုပ်ရမည်ကို မသိခဲ့ချေ။ သူတို့နှစ်ယောက်မှာ သူ(မ)ကို ကယ်တင်ကာ ကျွေးမွေးပျိုးထောင်ထားသည့် ကျေးဇူးရှင်များဖြစ်လေရာ ထိုသို့တောင်းဆိုမှုပြုလုပ်လာလျှင် သူ(မ)က လိုက်လျောပေးရတော့မည်ပင်။




ထိုအချိန်က ဝေ့လော်မှာ အသက်(၁၄)နှစ်ရှိခဲ့ပြီး လုံရှိုရွာတွင် အလှဆုံးမိန်းကလေးတစ်ယောက် ဖြစ်ခဲ့သည်။ သူ(မ)ကို ဇနီးတော်ချင်သည့် လူငယ်လေးများစွာရှိခဲ့ပြီး မိဘနှစ်ပါးထံတွင် လက်ထပ်ထိန်းမြားရေး လာရောက်ကမ်းလှမ်းကြသူများလည်း ရှိခဲ့သည်။ သို့သော် သူတို့နှစ်ယောက်က ဝေ့လော်နှင့် လိုက်ဖက်သည့် လက်တွဲဖော်ကို ရှာမတွေ့ခဲ့ကြချေ။ အကြောင်းမှာ ဝေ့လော်ကို သူတို့သားအတွက် ဝိညာဥ်သတို့သမီးဖြစ်စေရန် စီစဥ်ထားသောကြောင့်ပင်။




ပိုင်ရန်တို့ လင်မယားက သူတို့တွင် ကလေးမရှိသောကြောင့် တမလွန်ဘဝတွင်ရှိနေသည့် သူတို့၏သားကို တစ်ယောက်တည်းမနေစေလိုကြောင်း ဝေ့လော်ကို တောင်းဆိုခဲ့သည်။ နှစ်ပေါင်းများစွာ မိသားစု အပြန်အလှန် ချစ်ခင်ခဲ့ကြပြီးနောက် ထိုလက်ထပ်ပွဲကိုသဘောတူပေးရန် ဝေ့လော်ကို တောင်းဆိုခဲ့ကြသည်။ လက်ထပ်ပြီးသွားလျှင်လည်း ယခင်ကအတိုင်း သူ(မ)အပေါ် ကောင်းမွန်စွာဆက်ဆံပြီး သူတို့၏ သမီးအရင်းကဲ့သို့ သဘောထားပါမည်ဟုလည်း ကတိပေးခဲ့ကြသည်။ ထိုအကြောင်းကို ဝေ့လော် အချိန်(၃)ရက်ယူကာ စဥ်းစားခဲ့ပြီးနောက် သဘောတူလိုက်သည်။ အကြောင်းမှာလည်း သူတို့၏ကျေးဇူးကြွေးများ သူ(မ)အပေါ် တင်ကျန်နေသောကြောင့်ပင်။ 




လက်ထပ်ပွဲကိုမူ ဝေ့လော် အသက်(၁၅)နှစ်ပြည့်မွေးနေ့တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုသတင်းကိုကြားသော် ရွာထဲမှလူအများစုက နှမြောတသဖြစ်ကြပြီး သူ(မ)နောက်ကွယ်တွင် အကြောင်းအရာအချို့ကို ပြောဆိုခဲ့ကြသော်လည်း သူ(မ)အား ထိုစကားများကို ပြန်ကြားခွင့်မပေးခဲ့ချေ။ လက်ထပ်ပွဲနေ့တွင် ဝေ့လော်က အနီရောင်သတို့သမီးဝတ်စုံကို ဝတ်ဆင်ထားပြီး လွမ်းဆွတ်တမ်းတသည့် ကျောက်တိုင်ရှေ့တွင်သာ မင်္ဂလာပွဲကျင်းပရမည်ဟု ထင်ထားခဲ့သည်။ သို့သော် တကယ်တမ်းတွင် ပိုင်ယင်တို့ လင်မယားနှစ်ယောက်က ဝေ့လော်ကို ရွာအနောက်ဘက်မှ တောင်အနီးတွင်ရှိသော သင်္ချိုင်းသို့ခေါ်သွားပြီး အခေါင်းတစ်လုံးကို အရိုအသေပေးစေခဲ့သည်။ သူတို့၏ သားဖြစ်သူမှာ နှစ်ပေါင်းများစွာကတည်းက ကွယ်လွန်သွားပြီဖြစ်သောကြောင့် အလောင်းမှာ ပုပ်ပွနေပြီး အရိုးစုများသာကျန်တော့သည်။ ဝေ့လော်လည်း ကြောက်စိတ်ကို ထိန်းချုပ်ထားရင်း လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ပြီးနောက် သူ(မ)ခြေထောက်များ အားလျော့ကာ ခွေကျသွားခဲ့လေသည်။ သူ(မ) အိမ်ပြန်ရန်ပြင်ဆင်လိုက်ချိန်တွင် ပိုင်ရန်တို့လင်မယားက သူ(မ)ကို အခေါင်းထဲသို့တွန်းထည့်လိုက်ပြီး သူတို့၏သားနှင့်အတူ ဝေ့လော်ကိုမြှုပ်နှံရန် ရည်ရွယ်ထားကြသည်။




ဝေ့လော် အလွန်ထိတ်လန့်သွား၏။ သူတို့၏ အပြုအမူကောင်းများမှာ ယခုတွင် မှားယွင်းနေပြီး သူ(မ)ကိုလည်း အစကတည်းက ရည်ရွယ်ချက်ရှိရှိ မွေးစားခဲ့ခြင်းပင်။ ရွာသားများက ထုတ်ပြောလိုသော်လည်း တုံ့ဆိုင်းနေရသည့် အကြောင်းအရင်းမှာလည်း ထိုအကြောင်းပင်။ ထိုအချိန်တွင် ဝေ့လော် မည်သည့်နေရာမှ အားအင်များစုဆောင်းမိလာသည်ကို မသိလိုက်ဘဲ သူတို့လက်ထဲမှ ရုန်းကန်ထွက်ပြေးလာရင်း တောင်အောက်သို့ပြေးဆင်းကာ ညအမှောင်ကိုအကြောင်းပြု၍ တစ်နေရာရာတွင် ပုန်းကွယ်နေခဲ့သည်။ 




ထိုသို့ဖြင့် လုံရှိုဟူသောရွာမှ ဝေ့လော် ထွက်ပြေးခဲ့လေသည်။ ထိုနေရာမျိုးတွင် သူ(မ) ဆက်မနေနိုင်တော့ချေ။ သူ(မ) ရယူခဲ့သည့်အရာတိုင်းကိုလည်း ပေးဆပ်ခဲ့ပြီးပြီဖြစ်သောကြောင့် မည်သူ့ကိုမျှ ကျေးဇူးကြွေးမတင်နေတော့ပေ။ ရှန်းမြို့တော်သို့ပြန်ကာ မြို့စားယင်းအိမ်တော်တွင် ဆွေမျိုးများနှင့်တွေ့လိုသော်လည်း မည်သည့်နေရာကမျှ သူ(မ)ကို ခိုလှုံခွင့်မပေးခဲ့ချေ။ ဝေ့လော် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ လမ်းအဆုံးသာရှိနေခဲ့လေသည်။




လက်ရှိ နဂါးလှေပွဲတော်တွင်တွေ့ရသော ထိုအမျိုးသမီးမှာ ယခင်ဘဝက သူ(မ)ကိုမွေးစားခဲ့သော မွေးစားအမေ၊ ပိုင်ရန်၏ ဇနီး၊ လင်းဟွေ့လျန်ပင်။




*****




Aurora Novel Translation Team



Report content on this page

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment