Chapter 31.1
"ဒါ ဘာလဲ။"
ခံစားချက်မဲ့သည့်မျက်နှာမျိုးဖြင့် ဝေ့ချောင် သူ(မ)ကို မေးလိုက်သည်။ ထိုအခါ မဒမ်လျူက အသက်ပြင်းပြင်းရှူလိုက်သည်။ တစ်ခဏကြာသော် သူ(မ) ပျာယာခတ်လာသော်လည်း ချက်ချင်းပင် သူ(မ)၏မျက်နှာထားကို ထိန်းထားလိုက်သည်။
ထို့နောက် သူ(မ)က ပြုံး၍
"ဒါက နားကပ်တစ်ရံ မဟုတ်လား။ ပုံစံက တော်တော်လေး ရိုးရှင်းတာပဲ။ ဒါနဲ့ သခင်ကြီးက ဘာလို့ ကျွန်မကို ဒီနားကပ်ပြရတာလဲ။"
ထိုနားကပ်မှာ အမှန်တကယ် ရှင်းလင်းသောပုံစံရှိ၏။ ထိုသို့ ရိုးရှင်းသောကြောင့်သာ ဝေ့ချောင် ထိုနားကပ်ကို သေသေချာချာ မှတ်မိနေခြင်းပင်။ သူ့ဇနီး၏ အဝတ်အစားလဲခန်းထဲတွင် ရှိနေသော ပစ္စည်းများအားလုံးမှာ ထူးခြားခမ်းနားပြီး တင့်တယ်နေကြသည်ချည်းပင်။ ယခုကဲ့သို့ ရိုးရှင်းလှသော နားကပ်ပုံစံကို မြင်တွေ့ရသည်မှာ ရှားပါးလှသောကြောင့် တစ်ချက်မြင်လိုက်ရုံနှင့် ဝေ့ချောင် မှတ်မိနေခဲ့လေသည်။
ထိုကိစ္စကို ထုတ်ပြောရန် ဝေ့ချောင် အလျင်မလိုနေခဲ့ပေ။ ဝေ့ချောင်က အေးဆေးနေသည့် အသံဖြင့်
"ဒီနားကပ်နဲ့ တော်တော်လေးတူတဲ့ နားကပ်တစ်ရံ မင်းမှာရှိတာ ငါမှတ်မိနေသလားလို့။ အဲ့ဒီ့နားကပ် ဘယ်မှာလဲ။ သွားယူလာပေးဦး။ ယှဥ်ကြည့်ချင်လို့။"
မဒမ်လျူ၏အပြုံးမှာ အေးဆေးနေ၏။ သူ(မ)၏အဖြေမှာ ယုံကြည်ချက်ရှိနေခဲ့သည်။
"ဪ၊ ကျွန်မ အဲ့ဒီ့နားကပ်ရဲ့ပုံစံကို မကြိုက်လို့။ လမ်းသွားရင်းနဲ့ တစ်ယောက်ယောက်ကို ပေးလိုက်ပြီလေ။"
ထို့နောက် သူ(မ)က သိချင်စိတ်အနည်းငယ်နှင့် ပြန်မေးလိုက်၏။
"ဘာဖြစ်လို့လဲ သခင်ကြီး။ ဘာဖြစ်လို့ ဒီနေ့မှ ဒီနားကပ်ကို မေးနေရတာလဲ။ ဟင်းတွေက နွှေးထားရတာ။ မအေးသွားခင် ညစာအရင်စားရအောင်ပါ။"
သူ(မ)၏လှည့်စားမှုကို ဝေ့ချောင် အလွှတ်မပေးချင်ခဲ့ပေ။ ထို့ကြောင့် သူ(မ)လက်ကိုဆွဲကာ စားပွဲဆီသို့ ဆွဲခေါ်သွားလိုက်သည်။ ထို့နောက် သူ(မ)လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး သူ(မ)ရှေ့တွင် ရပ်လိုက်လေ၏။
"အဲ့ဒီ့နားကပ်ကို မင်း ဘယ်သူ့ကို ပေးလိုက်တာလဲ။ အစေခံတစ်ယောက်ကို သွားပြန်ယူခိုင်းလိုက်။။
"ဒါမှမဟုတ်... ဒီနားကပ်ကို ပဥ္စမမိသားစုရဲ့ အစေခံမိန်းကလေးကို ပေးလိုက်တယ်လို့ မင်းပြောဦးမလား။"
မဒမ်လျူ မျက်နှာပျက်သွား၏။ ထို့နောက် သူ(မ)က စိတ်ဆိုးစွာဖြင့်
"သခင်ကြီး ဘာကိုပြောချင်တာလဲ။ ဒီနေ့မှ သခင်ကြီး ဘာတွေဖြစ်နေတာလဲ။ ဒါက နားကပ်လေးတစ်ရံပဲလေ။ ဘာတွေများ ဒီလောက်ထိ ရေးကြီးခွင်ကျယ်ဖြစ်နေစရာ လိုလို့လဲ..."
သူ(မ) စကားမဆုံးသေးချိန်တွင် ဝေ့ချောင် သူ(မ)ကို ပါးရိုက်လိုက်သည်။ ယောက်ျားတစ်ယောက်၏အင်အားမှာ မသေးငယ်လှပေ။ အထူးသဖြင့် စိတ်ဆိုးနေသည့်အချိန်တွင် ပိုဆိုးလေသည်။ သူပါးရိုက်လိုက်သည့်အခါ ထိုအားကြောင့် မဒမ်လျူ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေ၏။ သူ(မ)၏ပါးတစ်ဖက်မှာ ချက်ချင်း ယောင်ကိုင်းသွားတော့သည်။ မဒမ်လျူမှာ သူ(မ)၏ပါးကို ကိုင်ထားရင်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် ရှိနေသည်။ ထို့နောက် မယုံနိုင်မှုများစွာဖြင့် သူ(မ)က ဝေ့ချောင်ကို မော့ကြည့်လိုက်ပြီး
"သခင်ကြီး။"
တစ်ချိန်တည်းတွင်ပင် စင်္ကြံလမ်း၌ "အမေ" ဟူသော အော်သံတစ်ခု ကြားလိုက်ရသည်။ တတိယသခင်မလေး ဝေ့ယာက တံခါးကိုမှီ၍ ရပ်နေ၏။ အထဲမှမြင်ကွင်းကို ကြည့်နေရင်း သူ(မ)မျက်နှာတွင် အံ့ဩမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ(မ)၏ဖခင်မှာ စိတ်ဆိုးစွာဖြင့် ရိုက်လိုက်သောကြောင့် သူ(မ)၏မိခင်က ယခုတွင် ပါးတစ်ဖက်လုံး ယောင်ကိုင်နေပြီဖြစ်သည်။ ထိုမြင်ကွင်းကြောင့် သူ(မ) ထိတ်လန့်သွားပြီး နှုတ်ခမ်းများ တုန်ယင်စွာဖြင့် ဝေ့ချောင်ကို ကြည့်လိုက်လေသည်။
တစ်ခဏကြာသော် တုံ့ဆိုင်းစွာဖြင့် ဝေ့ယာ ရှေ့တိုးလာပြီး
"အဖေ... အမေ့ကို မရိုက်ပါနဲ့..."
ဝေ့ချောင်မှာ အတော်လေး ဒေါသထွက်နေ၏။ ဒေါသထွက်သည့် အချိန်တိုင်းလည်း ပေါက်ကွဲတတ်သူဖြစ်သောကြောင့် မည်သူ့ကိုမျှ အလွတ်မပေးခဲ့ချေ။ ယခုတွင် ဝေ့ယာကို သူစိုက်ကြည့်လိုက်ပြီး
"ထွက်သွားစမ်း။"
သူ့အကြည့်ကြောင့် ဝေ့ယာ မှင်တက်သွားလေ၏။ သူ(မ)တစ်ကိုယ်လုံးလည်း တုန်ယင်နေပြီး မျက်ရည်များကျလာတော့သည်။ အလွန်ကြောက်လန့်ကာ နေရခက်နေသည့် သူ(မ)က
"အဖေ..."
ဝေ့ချောင် သူ(မ)ကို ပြန်မကြည့်တော့ချေ။ တံခါးအနီးတွင်ရှိနေသော အစေခံတစ်ယောက်ဘက်သို့ လှည့်ကာ ဝေ့ယာကို ခေါ်ထုတ်သွားရန် အမိန့်ပေးလိုက်သည်။ မဒမ်လျူအတွက် သူ(မ) ဆက်၍ တောင်းပန်ပေးနေမည်ကို ဝေ့ချောင် ခွင့်မပြုနိုင်ချေ။ အစေခံက ချီသွားသည့်အခါ ဝေ့ယာရုန်းကန်ပြီး ငိုကြွေးတော့လေ၏။
"အမေ... အမေ့ကိုပဲ လိုချင်တယ်..."
မူလကတည်းက မဒမ်လျူ ဝမ်းမနည်းမိစေရန် စိတ်ကိုတင်းထားခဲ့သည်။ ယခုတွင် ဝေ့ယာ၏ငိုသံကို ကြားရသောအခါ သူ(မ) ပို၍ဝမ်းနည်းသွား၏။ သူ(မ)က မျက်လုံးနီများဖြင့် ဝေ့ချောင်ကို လှမ်းကြည့်လိုက်ပြီး
"ဒီနေ့ အပြင်သွားတုန်းက သခင်ကြီး စိတ်တိုစရာ တစ်ခုခုဖြစ်လာလို့လား။ အဲ့ဒါကြောင့် ကျွန်မနဲ့ သမီးလေးအပေါ် ဒေါသတွေ လာပေါက်ကွဲနေတာလား။ ဘာဖြစ်လို့ ဒီနေ့မှ အရင်နဲ့မတူဘဲ ဒီလောက်တောင် ပြောင်းလဲနေရတာလဲ။"
ယခုအချိန်ထိတိုင် သူ(မ)က ဟန်ဆောင်နေဆဲပင်။ ဝေ့ချောင်၏အကြည့်များလည်း ပို၍ အေးစက်လာ၏။ ထို့နောက် မဒမ်လျူ၏သိက္ခာကို အနည်းငယ် ငဲ့တွက်ပေးသည့်အနေဖြင့် အစေခံများကို အပြင်သို့ထွက်သွားရန် ဝေ့ချောင် မောင်းထုတ်လိုက်လေသည်။
"ပြောစမ်း။ ဝေ့လော်စားမဲ့ ဆန်ပြုတ်ထဲကို အဆိပ်ခတ်တာ မင်းလား။"မဒမ်လျူ၏မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားလေ၏။ ထို့နောက် သူ(မ)က ခေါင်းမော့လိုက်ပြီး
"အဆိပ် ဟုတ်လား။ ဝေ့လော် အဆိပ်မိနေတာလား။"
ဝေ့ချောင်က သူ(မ)ကို ထပ်မံဖြည့်စွက်ပေးလိုက်၏။
"ဂင်ဂိုသီးအဆိပ်။"
ထိုအခါ သူ(မ) ဆက်၍ဟန်မဆောင်နိုင်တော့ချေ။ ထိုကိစ္စကို ဖော်ထုတ်လိုက်သည့်သူ ရှိနေပြီဖြစ်ရာ ယခုတွင် သူ(မ)အနေနှင့် ပြဿနာကိုသာ ရင်ဆိုင်ရတော့ပေမည်။ သို့သော် သူ(မ)မျက်နှာက ဖြူဖျော့နေပြီး တုံ့ဆိုင်းစွာဖြင့်
"ဘာဖြစ်လို့လဲ။ သမီးလေး ဝေ့ယာလည်း ဂင်ဂိုသီးတွေ စားတာပဲ။ ဘာမှမဖြစ်ပါဘူး။ ဘာဖြစ်လို့ ဝေ့လော်က ဂင်ဂိုသီးနဲ့ အဆိပ်ဖြစ်ရတာလဲ။ ကျွန်မအထင်တော့ ကလေးတွေအားလုံး ဂင်ဂိုသီးစားရတာ ကြိုက်တယ်လားလို့။ ပြီးတော့ ဂင်ဂိုသီးက ခန္ဓာကိုယ်အတွက် ကောင်းတယ်လေ။ အဲ့ဒါကြောင့် ဝေ့လော် မြန်မြန်ပြန်ကောင်းလာအောင်လို့ ထင်းရှူးဆောင်က အစေခံတစ်ယောက်ကို ဆန်ပြုတ်ထဲ ဂင်ဂိုသီးတွေထည့်ပေးဖို့ ကျွန်မ ခိုင်းလိုက်တာ။"
အမျိုးသမီးတစ်ယောက်အနေဖြင့် ဆေးပညာအသိမရှိခြင်းမှာ သာမန်ဟု လက်ခံ၍ရနိုင်ပေသည်။ သို့သော် သေသေချာချာ စဥ်းစားကြည့်လိုက်သောအခါ သူ(မ)၏စကားလုံးများထဲတွင်ပင် အမှားပါနေလေ၏။ သူ(မ)မှာ ယခင်က ဝေ့လော်အား တစ်ကြိမ်တစ်ခါမျှ ဂရုမစိုက်ပေးခဲ့ဖူးပေ။ ယခုမှသာ အဘယ်ကြောင့် ဝေ့လော်၏အစားအသောက်ကို ဂရုစိုက်ပေးနေရပါသနည်း။
ဝေ့ချောင် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး သူ(မ)ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ ထို့နောက်
"ကျောင်းမြောင်လန်ကို မင်းမကျေနပ်ဘူးဆိုရင်လည်း သူ(မ)ရဲ့ကလေးတွေကို လိုက်ဒုက္ခမပေးနဲ့။ ကလေးနှစ်ယောက်မှာ ဘာအပြစ်မှမရှိဘူး။"
မဒမ်လျူ ထိတ်လန့်သွားပြီး မယုံနိုင်မှုများစွာဖြင့် ဝေ့ချောင်ကို ပြန်ကြည့်လိုက်သည်။
"ရှင်... ရှင်ဘာပြောလိုက်တယ်။"
ကျောင်းမြောင်လန်၏အမည်မှာ မြို့စားယင်းစံအိမ်တွင် တားမြစ်ထားသည့် စကားလုံးတစ်ခုပင်။ ကျောင်းမြောင်လန် မြို့စားယင်းအိမ်တော်တွင် ရှိစဥ်ကတည်းက သူ(မ)အကြောင်းကို လူတိုင်းက တီးတိုးသာ ပြောဆိုကြသည်။ သူ(မ) မည်သည့်အရိပ်အမြွက်မှ မချန်ခဲ့ဘဲ နှစ်ပေါင်းများစွာ ပျောက်သွားသည့်အခါ လူတို့၏မှတ်ဉာဏ်ထဲတွင် ကျောင်းမြောင်လန်ဟူသော စကားလုံးမှာ ပျောက်ကွယ်နေပြီဖြစ်သည်။ သို့သော် တစ်စုံတစ်ယောက်ကတော့ သတိရနေဆဲပင်။ မနာလိုမှုများနှင့် အမုန်းတရားများကို နှလုံးသားထဲတွင် ထိန်းသိမ်းထားသောအခါ တဖြည်းဖြည်းနှင့် အမြစ်တွယ်ကာ အားကောင်းလာခြင်းပင်။ ၎င်းကို အမြစ်မှဆွဲနုတ်ပေးမည့်သူရှိမှသာ ထိုအမုန်းတရားတို့ ပျောက်ကွယ်သွားပေတော့မည်။
ဝေ့ချောင် သူ(မ)ကို စိတ်ပျက်မိသွားပြီး သေချာပေါက် သင်ခန်းစာပေးလိုက်ချင်နေလေသည်။
"အဲ့ဒီ့နှစ်တုန်းက မင်းနဲ့ မဒမ်တုတို့ ဘယ်လိုလုပ်ရပ်မျိုး လုပ်ခဲ့တယ်ဆိုတာ ပဥ္စမညီလေးကတော့ ဘယ်သိမလဲ။ ဒါပေမဲ့ ငါကတော့ အားလုံးသိတယ်။"
ထိုစကားလုံးများမှာ မဒမ်လျူကို လျှပ်စီးတစ်ခုကဲ့သို့ ရိုက်ခတ်လိုက်လေ၏။ သူ(မ) ခက်ခက်ခဲခဲနှင့် ခန္ဓာကိုယ်ကို ထိန်းထားလိုက်ပြီး မျက်နှာကလည်း ဖျော့တော့သွားခဲ့သည်။ သူ(မ) အကောင်းဆုံး ကြိုးစားကာ ထိန်းထားခဲ့သော်လည်း အနည်းငယ် တုန်ယင်နေလေသည်။
"သခင်ကြီး ဘာတွေပြောနေတာလဲ... သခင်ကြီးပြောတာတွေကို ကျွန်မ နားထောင်နေရင်းနဲ့ တစ်ခုမှကို နားမလည်တော့ဘူး။"
သူ(မ) မသိချင်ယောင်ဆောင်နေကြောင်း ဝေ့ချောင်သိပေ၏။ ထိုအခါ အေးစက်စက်အကြည့်များနှင့် သူက
"အခုထိတောင် အမှန်တရားကို ဖုံးကွယ်ထားချင်သေးတယ်ပေါ့။ မင်းက ကျောင်းမြောင်လန်ကို မနာလိုဖြစ်တယ်၊ မဒမ်တုက ဝေ့ကွမ်းကို လက်ထပ်ချင်တယ်။ မင်းတို့နှစ်ယောက် ပေါင်းပြီးတော့ ကျောင်းမြောင်လန်ကို အေးစက်ပြီး ပျောက်ကွယ်သွားအောင် ဇာတ်လမ်းဖန်တီးခဲ့တာလေ။ အဲ့ဒါကြောင့် ဒီလို ပျော်စရာမကောင်းတဲ့နေရာကနေ ထွက်သွားဖို့အတွက် သူ(မ)ရဲ့ကလေးတွေကိုပါ သူ(မ) ထားခဲ့ရတာ။"
တစ်ဆင့်ချင်း ပြန်ပြောပြနေရင်းနှင့် ဝေ့ချောင် ပို၍စိတ်တိုလာခဲ့သည်။ ထို့နောက် ကြမ်းပြင်ပေါ်မှ မဒမ်လျူကို အေးစက်စက် လှမ်းကြည့်လိုက်ပြီး
"ဘယ်လိုလဲ။ ငါပြောတာတွေက အမှန်တွေပဲမဟုတ်လား။ အဲ့ဒီ့ဇာတ်လမ်းကို မင်းတို့နှစ်ယောက် ဘယ်လိုမျိုးဖန်တီးခဲ့တယ်ဆိုတာကိုရော ငါထပ်ပြောပြပေးရဦးမလား။"
'ဒါဆို သူက အားလုံးကိုသိနေခဲ့တာပေါ့။ ဒါတွေအားလုံး သိနေတာတောင်မှ ငါနဲ့အတူတူ အချိန်အကြာကြီး နေခဲ့သေးတာလား။ သူ့စိတ်ထဲမှာ ငါ့ကို ဒီလိုမိန်းမမျိုးလို့ပဲ အမြဲတမ်း ထင်နေခဲ့တာလား။'
မဒမ်လျူမှာ သူ(မ)မျက်နှာတစ်ခုလုံး နာကျင်စွာပူလောင်နေသည်ကိုသာ ခံစားလိုက်ရ၏။ သူ(မ) ဝမ်းနည်းသလို အလွန်လည်း အရှက်ရမိသည်။
'ဒါဆို အတူတူနေခဲ့တဲ့ နှစ်တွေမှာ သူ ငါ့အပေါ် အေးစက်စက် မဆက်ဆံခဲ့သလို နွေးနွေးထွေးထွေးလည်း မဆက်ဆံခဲ့တာ ဒီအကြောင်းတွေကြောင့်ပေါ့။'
ထိုမျှသာမက မဒမ်လျူက ဝေ့ယာအပြင် နောက်ထပ် ကလေးတစ်ယောက်ထပ်ယူလိုကြောင်း ပြောခဲ့စဥ်ကလည်း ဝေ့ချောင် လက်မခံခဲ့ချေ။ ၎င်းမှာ ဝေ့ချောင်အနေနှင့် လိင်ကိစ္စကို စိတ်မဝင်စားခြင်းကြောင့် မဟုတ်ဘဲ မဒမ်လျူကို စိတ်မဝင်စားသောကြောင့်သာ ဖြစ်လေသည်။ ထိုဖြစ်ရပ်ကြီးမှာ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားသည့်ကိစ္စကို အရှက်ရစရာကောင်းသည့် နည်းလမ်းမျိုးဖြင့် ဖော်ထုတ်ခံလိုက်ရသလိုပင်။
*****
Aurora Novel Translation Team