Chapter 16.2
ထို့နောက် ဝေ့ကွမ်းက အားလော်၏ တစ်နေ့တာသင်ခန်းစာများအကြောင်း မမေးတော့ချေ။ ဝေ့လော်ကို သေချာဂရုစိုက်ပေးမည်ဆိုသည့်စကားကိုပြောခဲ့သော ထိုနေ့မှစ၍ ဝေ့ကွမ်းက အမှန်တကယ်စကားတည်ခဲ့သည်။ နေ့တိုင်း တော်ဝင်ကျောင်းတော်မှ အိမ်သို့အပြေးပြန်လာပြီး အိမ်သို့ရောက်သည်နှင့် ပထမဦးဆုံးမေးသည့်မေးခွန်းမှာ “ဒီနေ့ စတုတ္ထသခင်မလေး အခြေအနေ ဘယ်လိုရှိလဲ။” ဟူ၍ဖြစ်သည်။ ဝေ့လော်နှင့်အတူ နေ့တိုင်း အချိန်ကုန်ဆုံးပေးပြီး ဝေ့လော်ကိုလည်း အတော်လေး ဖူးဖူးမှုတ်ထားသည်။ ဝေ့လော်တွင် အမေမရှိတော့သောကြောင့် ဝေ့ကွမ်းသာလျှင် အဖေ၊ ဝေ့ကွမ်းသာလျှင် အမေဖြစ်သည်။ ဝေ့လော်ကို နောက်တစ်ကြိမ် စိတ်ဒဏ်ရာရစေရန် သူခွင့်မပြုနိုင်ခဲ့ပေ။
ဝေ့လော်အခန်းထဲတွင် အဝတ်အစားအသစ်များလည်း တစ်နေ့ထက်တစ်နေ့ ပိုများလာခဲ့သည်။ ရာသီအလိုက် အဝတ်အစားပြောင်းလဲရချိန်တွင် စံအိမ်မှ အခြားသခင်မလေးများတွင် စုစုပေါင်း (၄)စုံလောက်သာရှိသော်လည်း ဝေ့လော်တစ်ယောက်တည်းတွင်မူ (၁၂)စုံတိတိ ရှိနေခဲ့သည်။ ထိုအဝတ်အစားများအားလုံးကလည်း ဝေ့ကွမ်းကိုယ်တိုင် သူ၏ပိုက်ဆံဖြင့် ဝယ်ပေးထားခြင်းပင်။ ထို့ပြင် ဝေ့လော်ကြိုက်တတ်သည့် မုန့်သရေစာများ၊ အဆင်တန်ဆာ ပစ္စည်းများနှင့် အရုပ်များမှာလည်း မနည်းလှချေ။ အခြားသူများနှင့်ယှဥ်လျှင် ဝေ့လော်၌ အစစအရာရာ အလျှံအပယ်ရှိနေခဲ့သည်။
ဝေ့လော်က စိတ်ဖြေဖျောက်နိုင်သော ပစ္စည်းများကို သဘောကျသည်ကိုလည်း ဝေ့ကွမ်းသိထား၏။ ညဘက်တွင် ဝေ့လော် စိတ်မတည်မငြိမ်ဖြစ်ပြီး အတွေးလွန်မည်ကို စိုးရိမ်သဖြင့် ဝေ့ကွမ်းက ထင်းရှူးဆောင်၏အနောက်တွင် ပန်းစင်များကိုလည်း ဆင်ထားပေးသည်။ ဥယျာဥ်ငယ်လေးထဲတွင် သစ်ခွပန်းများ၊ ဂန္ဓမာပန်းများ၊ တရုတ်ပျိုနီပန်းများနှင့် အခြားပန်းများစွာကိုလည်း စိုက်ပျိုးထားပေး၏။ ဝေ့ကွမ်းက နေ့တိုင်း ဝေ့လော်ကိုခေါ်၍လည်း ထိုပန်းများကို ရေလောင်းတတ်သေးသည်။ ပန်းပင်လေးများ နေ့စဥ်ကြီးပြင်းလာသည်ကို ကြည့်ရင်းနှင့် ဝေ့လော်မှာ ထိုပန်းလေးများထက် များစွာပိုလှကြောင်းလည်း တဖွဖွပြောတတ်သေးသည်။
ဝေ့ကွမ်းနှင့် ဝေ့လော်တို့ သားအဖနှစ်ယောက်၏ မေတ္တာဓာတ်တို့မှာ တစ်နေ့ထက်တစ်နေ့ ပို၍တိုးပွားလာသောကြောင့် ချောင်ဟုန်ပင် မနာလိုဖြစ်လာရ၏။
“အဖေ။ အားလော်ကိုပဲ အမြဲတမ်းလိုက်မရှာနေနဲ့လေ။ အားလော်က သားနဲ့ဆော့ဖို့တောင် အချိန်မရှိတော့ဘူး။”
ဝေ့ကွမ်းက သဘောကျစွာရယ်မောလိုက်ပြီး ချောင်ဟုန်၏ခေါင်းကိုလည်း ခပ်ဖွဖွပွတ်သပ်လိုက်သည်။ ဘေးဘက်မှနေ၍ ထိုမြင်ကွင်းကို တိတ်တဆိတ်ငေးကြည့်နေသူမှာ ဝေ့ကျန်းပင်။ ယခင်ကနှင့်မတူဘဲ ဝေ့ကျန်းမှာ အလွန်အေးချမ်းသွားသဖြင့် ညတွင်းချင်း အရွယ်ရောက်သွားသည်ဟုပင် ထင်ရသည်။ ယခင်ကကဲ့သို့ တဇွတ်ထိုးမနိုင်တော့ဘဲ သူ(မ)၏ဦးနှောက်လည်း ဖွံ့ဖြိုးလာ၏။ ယခုအနေအထားတွင်မူ သူ(မ)က အပြုံးတစ်ခုဖြင့် ဖခင်ထံသို့ပြေးသွားပြီး
“အဖေ။ သမီး ဒီကျောက်စိမ်းပန်းအိုးလေးကို ကြိုက်တယ်။ ဒီပန်းအိုးလေး သမီးကိုပေးလို့ရမလားဟင်။”
ယခင်က ဝေ့ကျန်းသာဖြစ်ပါက ထိုပန်းအိုးကို လှိမ့်သွားသည်အထိ ကန်ထုတ်လိုက်မည်ပင်။
ကျောက်စိမ်းပန်းတွင် အဖြူရောင် အရွက်ရှည်ရှည်ရှိပြီး ၎င်း၏ ပွင့်ဖတ်များကလည်း တလက်လက်နှင့် အလင်းဖောက်မြင်နိုင်ရုံမက အနံ့ကလည်း မွှေးလှသည်။ ထိုကျောက်စိမ်းပန်းပင်မှာ သာမန်အခြေအနေတွင်မူ တစ်လအတွင်း ညှိုးသွားလောက်ပြီဖြစ်သော်လည်း အားလော်၏ ဂရုစိုက်ပျိုးထောင်မှုကြောင့် တစ်လအတွင်း ကြီးထွားမှုအားကောင်းကာ အပွင့်များပွင့်လာခဲ့သည်။ ယခုတွင် ဝေ့ကျန်းက ထိုပန်းပင်ကိုလိုချင်သည်ဟု ဆိုလာသောအခါ ဝေ့ကွမ်းက သူ(မ)ကို ချက်ချင်းမပေးလိုက်ဘဲ
“ဒါက သမီးရဲ့ စတုတ္ထအစ်မပျိုးထောင်ထားတဲ့ ပန်းပင်လေ။ ဒီတော့ အစ်မကို သမီးကိုယ်တိုင် တောင်းသင့်တယ်မဟုတ်လား။ အစ်မက ပေးတယ်ဆိုရင် ဒီပန်းအိုးကို သမီးယူလို့ရပြီပေါ့။”
သူ(မ) ဝေ့လော်ဘက်သို့လှည့်လိုက်၏။ ထို့နောက် ပန်းသီးပုံသဏ္ဌာန်မျက်နှာဝိုင်းဖြင့် သူ(မ)က ပြုံး၍
“ဝေ့လော်။ ဒီပန်းအိုးလေး ငါ့ကို လက်ဆောင်ပေးလို့ရမလား။”
အချိန်ယူ၍ သေသေချာချာပျိုးထောင်ထားရသည့် ပန်းပင်ဖြစ်သောကြောင့် ဝေ့လော် မပေးချင်ပေ။ ဝေ့ကျန်းကလည်း ပန်းစိုက်ရသည်ကို ကြိုက်နှစ်သက်သူမဟုတ်။ ဖျက်ဆီးပစ်မည်ကိုပင် စိုးရိမ်ရသေးသည်။ ထို့ကြောင့် အားလော်က ခပ်ပြတ်ပြတ်လေသံဖြင့်
“မပေးပါဘူး။ ငါလည်း ဒီပန်းပင်ကို ကြိုက်တာပေါ့။ နင့်ကိုမပေးချင်ပါဘူး။ ဘာလို့ပေးရမှာလဲ။”
ဝေ့ကျန်းက အနောက်မှပန်းရုံကို လက်ညှိုးထိုးပြလိုက်ပြီး
“နင့်မှာ ပန်းတွေအများကြီးရှိတာပဲ။ ငါက ဒီပန်းအိုးလေးတစ်ခုတည်းကိုပဲ လိုချင်လို့ တောင်းတာပါ။”
ဝေ့ကျန်း၏ သနားစရာမျက်နှာထားကြောင့် ဝေ့ကွမ်း၏နှလုံးသားမှာ ပျော့ပြောင်းသွားခဲ့ပြီး ထိုပန်းအိုးလေးကို သူ(မ)အားပေးရန် ဝေ့လော်ကို ဖျောင်းဖျချင်စိတ်ဖြစ်မိခဲ့သည်။ ထိုသို့ဖြင့် သူက
“အားလော်...”
ဖခင်ကို စကားဆက်ခွင့်မပေးဘဲ ဝေ့လော်က ခေါင်းလေးကိုစောင်း၍
“ငါ့မှာ ပန်းတွေအများကြီးရှိတယ်ဆိုတာကလည်း ဒီပန်းတွေကို ငါနဲ့အဖေနဲ့ အတူတူစိုက်ထားတာလေ။ နင်က အခုမှလာပြီး နင့်ကို ပန်းပင်တစ်ပင်ပေးပါဆိုတော့ အကြောင်းပြချက်က ဘာလဲ။”
ဝေ့လော်မှာ အသက်ငယ်သော်လည်း အရာအားလုံးကို ပိုင်ဆိုင်လိုစိတ် ကြီးမားလွန်း၏။ သူ(မ)ပိုင်ဆိုင်သည့်အရာများကို သူ(မ)တစ်ယောက်တည်းသာ ပိုင်ဆိုင်ချင်ပြီး မည်သူ့ကိုမျှ ထိခွင့်မပေးနိုင်ချေ။ ဖခင်တစ်ယောက်အနေဖြင့် ဝေ့ကွမ်းက ထိုသဘောထားကို နားလည်သွားခဲ့သည်။ ဝေ့လော်၏စကားများကို ကြားသည့်အခါ နောက်တစ်ကြိမ် ဖျောင်းဖျပေးရန် သူရှက်ရွံ့သွားခဲ့ရသည်။ ဝေ့လော်ကိုယ်တိုင်က ပေးချင်စိတ်မရှိသောကြောင့် ဝေ့ကျန်းလည်း ထပ်တောင်းရန်မကောင်းတော့ချေ။ ထို့ပြင် ဝေ့ကွမ်းကို လှမ်းကြည့်လိုက်သောအခါတွင်လည်း ဝေ့ကွမ်းက ကူညီနိုင်သည့်အခြေအနေတွင် မရှိတော့ပေ။ ဝေ့ကွမ်းမှာ ပန်းခြင်းများကို အလှဆင်နေယောင်ဆောင်ပြီး သူတို့ဘေးတွင်ရပ်ကာ နားကိုသာစွင့်ထားခဲ့လေသည်။
ဝေ့ကျန်းက နှုတ်ခမ်းလေးစူကာ
“ငါက နင့်ညီမလေးပဲလေ။ ပန်းအိုးလေးတစ်လုံးလောက်တောင် ငါ့ကိုမပေးချင်ဘူးလား။”
‘ညီမလေးတဲ့။ အခုတော့ နင်က ငါ့ထက်အငယ်ဆိုတာကို နားလည်သွားပြီပေါ့။’
အားလော်က သူ(မ)ကိုဂရုမစိုက်ဘဲ ဝေ့ကွမ်းဆီသို့သွားကာ အင်္ကျီစကိုဆွဲ၍
“အဖေ။ ဝေ့ကျန်းက အားလော်ရဲ့ညီမလေးဆိုပြီး အားလော်ကို အစ်မလို့လည်း တစ်ခါမှမခေါ်ဘူး။”
ဝေ့ကွမ်းက ချောင်းဟန့်လိုက်ပြီး ဝေ့ကျန်းကိုလှမ်းကြည့်လိုက်သည်။ ဝေ့ကျန်းမျက်နှာမှာ ချက်ချင်းနီရဲလာပြီး သူ(မ)ကို တမင်သက်သက်ခေါ်ခိုင်းနေသည်ဟု မှတ်ယူလိုက်သည်။ အချိန်အတော်ကြာ တွေဝေနေပြီး နောက်ဆုံးတွင် သူ(မ)က “စတုတ္ထအစ်မ”ဟု ဝေ့လော်ကိုခေါ်ခဲ့လေသည်။
ထိုအခါ ဝေ့လော်ပြုံးမိ၏။ နောက်ဆုံးတွင် သနားညှာတာသောအားဖြင့် အိုင်းရစ်ပန်းတစ်အိုး ဝေ့ကျန်းကိုပေးလိုက်သည်။ ထိုပန်း၏ မျိုးစိတ်မှာ ရှားပါးသဖြင့် အလွယ်တကူ ရှာမတွေ့နိုင်ချေ။ ပန်းအိုးကိုကိုင်ထားရင်း ဝေ့ကျန်း၏စိတ်ထဲတွင် အလွန်စိတ်ပျက်နေမိသည်။ ထို့ကြောင့် ခံစားချက်မပါသည့် မျက်နှာထားဖြင့် သူ(မ)က“ကျေးဇူးပါ အစ်မ။”ဟု ပြောပြီး အခန်းထဲသို့ ပြေးဝင်သွားတော့သည်။
*
တဖြည်းဖြည်းနှင့် ရာသီကူးပြောင်းလာပြီး နွေရာသီသို့ရောက်လာ၏။ မေလ (၅)ရက်နေ့မှာ နဂါးလှေပွဲတော်၏ အချိန်အခါဖြစ်သည်။
ယခုရက်များတွင် ပန်းပင်စိုက်ခြင်းနှင့် အပြင်ထွက်၍ ငါးမျှားခြင်းအပြင် ဝေ့လော်က ဆရာမဟန်၏အခန်းသို့ အလည်သွားရသည်ကိုလည်း သဘောကျလာ၏။ ဆရာမဟန်၏ အခန်းထဲတွင် ဆန်းဆန်းပြားပြားနှင့် စိတ်ဝင်စားစရာ ပစ္စည်းများစွာရှိသည်။ ကောလာဟလများအရ နန်းတော်ထဲတွင် ဖန်တီးခဲ့သည့် လျှို့ဝှက်ဆေးနည်းများလည်းရှိသည်ဟု ဆိုကြသည်။ စားပွဲပေါ်တွင် ပုလင်းများ၊ ဗူးများဖြင့် ပြည့်နေ၏။ ထိုပုလင်းများတွင် အသားအရေနူးညံ့ရန်၊ အသားဖြူရန်၊ ခန္ဓာကိုယ် အနံ့သင်းရန်ဟူ၍ စာအသီးသီးကပ်ထားသည်။ ထိုအရာများအားလုံးမှာ မိန်းကလေးများနှင့် မစိမ်းသောပစ္စည်းများဖြစ်သော်လည်း အားလော်၏အရွယ်မှာ အလွန်ငယ်သေးသောကြောင့် ဆရာမဟန်က အားလော်ကို အကြောင်းစုံမရှင်းပြခဲ့ချေ။
ကျင့်ဝတ်သင်ခန်းစာများကို သင်ယူပြီးသည်နှင့် ဝေ့လော်က ဆရာမဟန်၏အခန်းထဲသို့လာကာ ဟိုဟိုသည်သည် စပ်စု၍ စမ်းသပ်ကြည့်တတ်သည်။ ကလေးတစ်ယောက်အနေဖြင့် ထိုအရာများကို စိတ်ဝင်စားသည်မှာ ရှားပါးဖြစ်ရပ်တစ်ခုဟု ဆရာမဟန်က ယူဆ၏။ အစပိုင်းတွင် သူ(မ)က သဘောကျရုံသက်သက်သာ ဖြစ်မိသော်လည်း နောက်ပိုင်းတွင် ပစ္စည်းတစ်ခုကို ဖန်တီးသည့်အခါတိုင်း ဝေ့လော်ကိုခေါ်ကာ အတူတူစမ်းသပ်ကြည့်ကြသည်။ ရနံ့သင်းသည့် အမွှေးရနံ့ထုပ်ကိုဖြစ်စေ၊ ရေချိုးရာတွင်သုံးရသည့် အမွှေးရည်ကိုဖြစ်စေ ဝေ့လော်ကို စမ်းသပ်ကြည့်ရန် ခွင့်ပြုသည်။ ထိုအရာများတွင် ပန်းပွင့်ဖတ်များ ပါဝင်နေရုံမက ဆေးဘက်ဝင်သည့် ပစ္စည်းများလည်း ပါဝင်ပေသည်။
သို့သော် တစ်လဟူသည့် အချိန်တိုလေးတွင်ပင် ဝေ့လော်၏ပါးများက ယခင်ထက်ပို၍ နူးညံ့လာခဲ့သည်။ ပါးကို ဖျစ်ညှစ်ကြည့်သည့်အခါတွင်လည်း ယခင်ကနှင့်မတူဘဲ ပန်းရောင်သန်းပြီး အစိုဓာတ်ပြည့်ဝလာသည်။ အသက် (၆)နှစ်အရွယ်တွင်ပင် ထိုမျှ လှပနေပါက အရွယ်ရောက်လာလျှင် မည်မျှ ဆွဲဆောင်မှုရှိနေလိမ့်မည်နည်း။ ၎င်းမှာလည်း အလွန်အမင်း ချဲ့ကားပြောဆိုခြင်းမဟုတ်ခဲ့ချေ။
နဂါးလှေပွဲတော်မတိုင်ခင် ရက်အနည်းငယ်ခန့်က အရေးပိုင်မင်း ကျုံးယီတို့မိသားစု လာရောက်လည်ပတ်ရာတွင် စုန့်ဟွေ့နှင့် စုန့်ယုဝေတို့ကိုပါ ခေါ်လာခဲ့သည်။ အရေးပိုင်မင်း ကျုံးယီ၏ ဆက်ခံသူ စုန့်ပိုင်ယဲ့နှင့် သူ၏ဇနီး မဒမ်ရှုတို့က လော်ရန်မြို့သို့ ခရီးသွားရန် ပြင်ဆင်နေကြသည်။ မဒမ်ရှု၏မိခင် နာမကျန်းဖြစ်သောကြောင့် လော်ရန်မြို့သို့ တစ်ခဏအလည်သွားရန် သူတို့ဆုံးဖြတ်ခဲ့ခြင်းပင်။ ခရီးဝေးဖြစ်သောကြောင့် စုန့်ဟွေ့နှင့် စုန့်ယုဝေတို့မောင်နှမကို မခေါ်ဘဲထားခဲ့မည်ဖြစ်သည်။ ထို့ပြင် နဂါးလှေပွဲတော် ပြီးဆုံးသွားပြီးနောက် ဧကရီမိဖုရား၏မွေးနေ့ပွဲ အချိန်အခါလည်း ကျရောက်လာတော့မည်။ အရေးပိုင်မင်း ကျုံးယီမှာ အသက်ကြီးပြီဖြစ်ပြီး လမ်းလျှောက်ရန် အဆင်မပြေတော့သောကြောင့် အရေးပိုင်မင်း ကျုံးယီ၏ မိသားစုကိုယ်စား စုန့်ဟွေ့က ပွဲတက်ရမည်ဖြစ်ပြီး ဧကရီမိဖုရားချန်ကို မွေးနေ့ ဂါရဝပြုလက်ဆောင် ဆက်သရမည်ဖြစ်သည်။ ထို့ကြောင့် စုန့်ဟွေ့ကို သူတို့နှင့်ခေါ်သွားရန် အဆင်မပြေတော့ချေ။
ဒီတစ်ကြိမ် စုန့်ပိုင်ယဲ့ လာရောက်လည်ပတ်ခြင်းမှာ သူတို့မိသားစုနှစ်စု ပိုရင်းနှီးစေရန် အချင်းချင်းထံသို့ မကြာခဏ လည်ပတ်ကြရန်လည်း ရည်ရွယ်သည်။ သူတို့ဇနီးမောင်နှံ ခရီးသွားနေစဥ်အတွင်း မြို့စားယင်း မိသားစုအနေဖြင့် အရေးပိုင်မင်းကျုံးယီ၏ အိမ်တော်ကို ပို၍ဂရုစိုက်ပေးရန်လည်း တောင်းဆိုလိုခြင်းဖြစ်သည်။
*****
Aurora Novel Translation Team
Report content on this page