Chapter 9.2
ထင်းရှူးဆောင်ခြံဝင်း၏ ဝင်ပေါက်သို့ရောက်သော် ဝေ့ကွမ်းရပ်၍ အချိန်အတော်ကြာ ပတ်ဝန်းကျင်ကိုလေ့လာပြီးမှ ခြံဝင်းထဲသို့ လေးလံသောခြေလှမ်းများဖြင့် လမ်းလျှောက်ဝင်သွားသည်။
ယနေ့တွင် ကိစ္စပေါင်းများစွာ တစ်ပြိုင်နက်တည်းဖြစ်ပျက်လာလိမ့်မည်ဟု ဝေ့ကွမ်းမထင်မှတ်ထားပေ။ ခြံဝင်းထဲမှအစောင့်များမှာ သူပေးထားသည့် ပြစ်ဒဏ်များကိုခံထားရသောကြောင့် ဒဏ်ရာများစွာဖြင့် အလုပ်လုပ်နေကြ၏။ ဝေ့ကွမ်းကိုမြင်သော် နောက်တစ်ကြိမ် အပြစ်ပေးခံရမည်ကိုစိုးရိမ်သဖြင့် စကားမပြောရဲဘဲ ငြိမ်ကုပ်နေကြသည်။
ပင်မအိမ်တော်ထဲသို့ ဝေ့ကွမ်း တည့်တည့်မတ်မတ်ဝင်သွား၏။ ဝေ့ကွမ်း၏ စိတ်အခြေအနေကို သိထားသောကြောင့် အခန်းအပြင်ဘက်မှ မိန်းကလေးအစေခံနှစ်ယောက်မှာလည်း သခင်ကြီးရောက်နေကြောင်း ဆော်ဩအသိပေးရန်မဆိုထားနှင့် အသက်ပင် ခပ်ပြင်းပြင်းမရှူရဲကြချေ။ ထင်းရှူးပုံများဆွဲထားသည့် မျက်နှာပြင်အကာအရံကို သူဖြတ်သွားပြီး အိပ်ခန်းထဲသို့ဝင်သွားသည်။ အခန်းထဲတွင် မဒမ်တုက အဝါရောင် သစ်သားကုတင်ပေါ်တွင် လဲလျောင်း၍ ဆေးတစ်ခွက်ကိုသောက်နေသည်။ သူ(မ)၏မျက်နှာ၊ ကိုယ်ဟန်အနေအထားတို့မှာ မနေ့ကထက်ပို၍ သက်သောင့်သက်သာရှိနေပုံရသည်။ သူ(မ)ဘဝကို ကယ်တင်ပေးနိုင်မည့် သန္ဓေသားလေးက အချိန်မီရောက်လာခဲ့သောကြောင့် သူ(မ)မျက်နှာတွင် ပြုံးရိပ်အနည်းငယ်ကိုပင် တွေ့နေရသည်။ နျဥ်းရွှယ်နှင့် ဟန်ရွှမ်းတို့ကို အပြစ်ပေးထားပြီး ထင်းတဲထဲတွင်ပိတ်ထားသောကြောင့် မဒမ်တု၏အနားတွင် မိန်းကလေးအစေခံ ခပ်ငယ်ငယ် (၂)ယောက်သာ ခစားနေသည်။ ဝေ့ကွမ်းဝင်လာသည်ကိုမြင်သော် မဒမ်တုက စိတ်ပူပန်ခြင်းမရှိတော့ဘဲ သူ့ကိုတောင် ပြုံးပြပြီး
“ရှန်မင်။ သမားတော်ပြောတာတွေ ကြားပြီးပြီလား။ ကျွန်မတို့မှာ နောက်ထပ်ကလေးတစ်ယောက် ရလာတော့မယ်။ သားလေးလား သမီးလေးလားဆိုတာတော့...”
(ရှန်မင်မှာ ဝေ့ကွမ်းကို လေးစားသမှုဖြင့် ခေါ်သည့်အမည်ဖြစ်သည်။)
ဝေ့ကွမ်းက ပိတ်ကား၏တစ်ဖက်တွင်သာ ရပ်နေဆဲပင်။ သူ(မ)ကိုကြည့်နေသည့် သူ့မျက်လုံးများထဲတွင် ခံစားချက်တစ်စုံတစ်ရာ မရှိနေချေ။ ထို့ပြင် မည်သည့်စကားမျှလည်း ပြန်မပြောချေ။ သူ့မျက်လုံးများနှင့် အကြည့်ချင်းဆုံသည့်အခါ မဒမ်တု အနည်းငယ် နေရခက်သွားသော်လည်း အပြုံးကိုထိန်းထားပြီး
“ထင်းရှူးဆောင်ရဲ့အနောက်မှာ ဂင်ဂိုဆောင်ရှိတယ်။ အဲ့ဒီ့အဆောင်နဲ့ ခြံဝင်းကို မင်းအစေခံတွေနဲ့ ရှင်းလင်းခိုင်းလိုက်။ ပြီးရင် ဒီညပဲ မင်း အဲ့ဒီ့အဆောင်ကို ပြောင်းလိုက်တော့။”
ခြံဝင်းအပြင်ဘက်တွင် ဂင်ဂိုပင်များစွာ ပေါက်ရောက်နေသောကြောင့် ဂင်ဂိုဆောင်ခြံဝင်းဟု အမည်တွင်လာခြင်းဖြစ်သည်။ ထိုခြံဝင်းကို အားလုံးက လျစ်လျူရှုထားကြသဖြင့် အစေခံများကလည်း ထိုနေရာကို ဂရုစိုက်ထိန်းသိမ်း၍ ရှင်းလင်းခြင်းမလုပ်ကြပေ။ ထို့ကြောင့် နှစ်ပေါင်းများစွာကြာသည့်အခါ ခြံဝင်းတစ်ခုလုံးတွင် မြက်ပင်ပေါင်းပင်များ ထူထဲလာခဲ့သည်။ ထိုနေရာတွင် နေထိုင်မည့်အကြောင်းကို မည်သူမျှမစဥ်းစားကြချေ။ ဝေ့ကွမ်းက သူ(မ)အား ထိုအဆောင်သို့ပြောင်းခိုင်းသောကြောင့် သူ(မ)၏မျှော်လင့်ချက်များ ပျက်စီးသွားခဲ့ရတော့သည်။
မျက်နှာပေါ်မှအပြုံးတို့ မှိန်ကျသွားပြီး သူ(မ)က မယုံနိုင်မှုများစွာဖြင့်
“သခင်ကြီး ဘာပြောလိုက်တာလဲ။”
ဝေ့ကွမ်းက သူ(မ)ကို တစ်ချက်ပင်ကြည့်ချင်စိတ်မရှိသောကြောင့် ပြတင်းပေါက်ကိုသာကြည့်၍
“အဲ့ဒီ့အဆောင်မှာ မနေချင်ဘူးဆိုရင် ငါကွာရှင်းဖို့အတွက် စာတစ်စောင်ရေးပြီး မင်းကို ဦးလေးကျုံးယီတို့အိမ်မှာ ပြန်သွားနေလို့ရအောင်လုပ်ပေးရလိမ့်မယ်။”
မဒမ်တု သည်းမခံနိုင်တော့သောကြောင့် မျက်လုံးနီများဖြင့် သူ့အမည်ကိုခေါ်လိုက်သည်။
“ဝေ့ရှန်မင်။ ကျွန်မက ရှင့်ကလေးကို ဝမ်းနဲ့လွယ်ထားရတာပါ။”
"အဲ့ဒီတော့ ဘာဖြစ်လဲ။"
ဝေ့ကွမ်း သူ(မ)ကိုမချစ်သောကြောင့် သူ(မ)ဗိုက်ထဲမှကလေးကိုလည်း မလိုအပ်သည့်အရာတစ်ခုဟုသာ သူမြင်သည်။ သူ(မ)၏သရုပ်မှန်ကို မသိခဲ့စဥ်တုန်းကလည်း သူ(မ)ကို မချစ်မနှစ်သက်ခဲ့သောကြောင့် သူ(မ)အတွက် အပြစ်ရှိစိတ်သာရှိခဲ့သည်။ ယခုတွင် သူ(မ)၏သရုပ်မှန်နှင့် လုပ်ရပ်များကိုပါသိလိုက်ရသည့်အခါ စိတ်သက်သာရာရပြီး လွတ်လပ်မှုကိုခံစားလိုက်ရသည်။ သူ့ဘေးနားတွင် သူ(မ)ရှိနေသည်ကို လက်မခံနိုင်တော့သောကြောင့် သူ(မ)ကိုလည်း မမြင်ချင်တော့ပေ။ ကွာရှင်းရန်လည်း မဖြစ်နိုင်သေးသဖြင့် လက်ရှိတွင် သီးခြားနေထိုင်ကြရန် နည်းလမ်းရှာနေခြင်းဖြစ်သည်။ ထိုသို့ သီးခြားနေထိုင်လိုက်ပါက ယခင်ကကဲ့သို့ နီးနီးကပ်ကပ်မရှိနိုင်တော့ပေ။
ဝေ့ကွမ်းက သူ(မ)စကားကို ဂရုမစိုက်ဘဲ လက်ကိုနောက်ပစ်ကာ
“ဒီမိန်းကလေးအစေခံနှစ်ယောက်ကိုခေါ်ပြီး ဒီအခန်းထဲက မင်းပစ္စည်းတွေအားလုံးကိုလည်း ယူသွားလိုက်။ မင်းနဲ့ အားလော်ကို အတူတူနေခွင့်မပေးနိုင်ဘူး။ အားလော်က အခုမှ ကလေးပဲရှိသေးတာ။ ဂရုစိုက်မှုတွေ အများကြီးလိုအပ်သေးတယ်။ အဲ့ဒါကြောင့် ငါကိုယ်တိုင် သူ(မ)ကိုပျိုးထောင်မယ်။”
ဝေ့ကွမ်းက တစ်ခဏရပ်လိုက်ပြီး
“မင်းဗိုက်ထဲကကလေးအတွက်တော့...မွေးပြီးသွားရင် စတုတ္ထမရီးက စောင့်ရှောက်ပေးလိမ့်မယ်။ မင်းက ကလေးတွေကို ပြုစုပျိုးထောင်ဖို့အတွက် စွမ်းဆောင်နိုင်တာမရှိဘူး။ မွေးလာမဲ့ကလေးအတွက် ငါကိုယ်တိုင် စတုတ္ထမရီးနဲ့ စကားပြောခဲ့မယ်။”
ဝေ့ကွမ်းကိုကြည့်ရင်း မဒမ်တု နောက်ဆုံးအထိမှင်တက်နေခဲ့မိသည်။
‘သူက ငါ့ကိုမချစ်ဘူးဆိုတာ ထားလိုက်ပါတော့။ ဒါပေမဲ့ ငါ့ကလေးကိုပါ ငါ့ဆီကနေ ခေါ်ထုတ်သွားချင်နေတာတဲ့လား။ သူငါ့ကို ဘယ်လိုသဘောထားတာလဲ။ ကိုယ်ဝန်ဆောင်ပြီး မွေးဖွားပြီးသွားရင်ရော သူ့အတွေးထဲကနေ ငါ့ကိုထုတ်ပစ်လိုက်တော့မှာလား။’
ခြုံထားသောစောင်ကိုဖယ်ကာ မဒမ်တု အိပ်ရာပေါ်မှထလာပြီး ဖိနပ်မစီးဘဲ ဝေ့ကွမ်းဆီသို့လျှောက်သွားလိုက်သည်။ ထို့နောက် မျက်ရည်များဖြင့် သူ(မ)က
“ဒီလောက်ထိတောင် ရက်စက်တော့မှာလား သခင်ကြီး။ ကျွန်မအပေါ်မှာ တကယ်ပဲ ဘာခံစားချက်လေးမှတောင် မရှိခဲ့ဘူးလား။ ဒီလောက်နှစ်တွေအကြာကြီး ပေါင်းသင်းလာခဲ့တာတောင် သခင်ကြီးရဲ့ရင်ထဲမှာ ကျွန်မဆိုတာ အရေးမပါခဲ့ဘူးလား။”
ဝေ့ကွမ်း တစ်ဖက်သို့လှည့်သွားပြီး ပင်မအိမ်ဘက်သို့ ပြန်ထွက်သွားလိုက်သည်။
“ငါ့မှာ မင်းအတွက် ခံစားချက်မရှိဘူးဆိုတာထက် ဒီတစ်ခေါက် မင်းလုပ်ရပ်က အရမ်းကိုလွန်လွန်းသွားခဲ့တာပဲ။ မင်းပစ္စည်းတွေကို အခုသွားသိမ်းလိုက်တော့။”
“ဝေ့ရှန်မင်”
ဒေါသကြီးစွာဖြင့် မဒမ်တု သူ့ကိုလှမ်းခေါ်လိုက်သည်။ သူ(မ)၏အသံတွင် ဒေါသနှင့် ဝမ်းနည်းပူဆွေးမှုတို့ရောယှက်နေ၏။
“အခုချိန်အထိ ကျောင်းမြောင်လန်ကို ချစ်နေတုန်းပဲမဟုတ်လား သခင်ကြီး။ သူ(မ)ကို အခုချိန်ထိ မမေ့နိုင်သေးဘူး မဟုတ်လား။”
ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဝေ့ကွမ်းက ခေါင်းညိတ်၍
“အင်း။ ဟုတ်တယ်။”
မဒမ်တုတစ်ယောက် ထိုနေရာတွင်သာ မှင်တက်၍ကျန်နေခဲ့ပြီး ဝေ့ကွမ်း၏နောက်ကျောကို ငေးကြည့်နေမိတော့သည်။ သူထွက်သွားပြီးနောက် ရုတ်တရက် သူ(မ) အသိစိတ်ပြန်ဝင်လာပြီး ထိုသို့အော်ပြောလိုက်သည်။
“ကျွန်မမွေးလာမဲ့ကလေးက ကျွန်မကလေးပဲ။ အဲ့ဒီ့ကလေးကို ကျွန်မရင်ခွင်ထဲကနေ ဘယ်သူမှဆွဲထုတ်သွားလို့မရဘူး။ စတုတ္ထယောင်းမကိုပေးဖို့ဆိုတာလည်း လုံးဝမဖြစ်နိုင်ဘူး။”
ကံမကောင်းစွာဖြင့် ဝေ့ကွမ်းက ထွက်သွားလိုက်ပြီဖြစ်သောကြောင့် သူ(မ)ကို ပြန်လည်မတုံ့ပြန်တော့ချေ။ သူ(မ)တစ်ယောက်တည်းသာ ဒေါသများ၊ အမုန်းများဖြင့် ကျန်နေရစ်၏။ ဝေ့ကွမ်း၏ ရက်စက်မှုနှင့် သူ(မ)ကိုယ်တိုင်၏ စွမ်းဆောင်ရည်မရှိမှုတို့ကို သူ(မ)မုန်းတီးသည်။ ထို့ပြင် ကျောင်းမြောင်လန်၏တည်ရှိမှုကိုလည်း သူ(မ) အလွန်မုန်းမိသည်။ ဝေ့ကွမ်းနှင့် လက်ထပ်ခဲ့သည့် (၆)နှစ်လုံးလုံး ကျောင်းမြောင်လန်၏ လွှမ်းမိုးမှုအောက်တွင်သာ သူ(မ)နေထိုင်ခဲ့ရသည်။ သူ(မ) ဝေ့ကွမ်းကို ရခဲ့တာမှန်သော်လည်း နောက်ဆုံးတွင် သူ(မ) ဆုံးရှုံးလိုက်ရပြန်သည်။ အထူးသဖြင့် လွန်ခဲ့သော (၆)နှစ်ခန့်ကဆုံးသွားခဲ့သည့် ကျောင်းမြောင်လန်ကို သူ(မ)ရှုံးနိမ့်သွားခြင်းဖြစ်သည်။ သို့သော် ထိုအချက်ကို သူ(မ)လက်မခံနိုင်ပေ။
တုယွယ်ယင်း အံကိုကြိတ်၍ ဝင်ပေါက်ဆီသို့လှမ်းကြည့်ရင်း လက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်ထားမိသည်။ လက်သည်းများ အသားထဲထိုးဝင်နေသော်လည်း နာကျင်မှုကို သူ(မ)မခံစားရချေ။ သူ(မ)ကိုယ်တိုင် မသိလိုက်ဘဲနှင့် မျက်ရည်များစွာလှိမ့်ဆင်းလာသည်။ ရှုံးနိမ့်ခြင်းကို သူ(မ)လက်မခံနိုင်။ ဝေ့ကွမ်းက သူ(မ)အား ဂင်ဂိုအဆောင်သို့ ပြောင်းရွှေ့စေချင်ပါက သူ(မ)ပြောင်းပေးမည်။ ကလေးမွေးပြီးသည့်အခါ ဝေ့ကွမ်းစိတ်ပြောင်းသွားနိုင်သည်ဟု သူ(မ)ယုံကြည်နေဆဲပင်။
“အမေ...”
ဝင်ပေါက်ဆီမှ ခေါ်သံတစ်ခုကို ကြားလိုက်ရ၏။ မဒမ်တု မော့ကြည့်လိုက်သည့်အခါ တံခါးပေါက်တွင်ရပ်နေသည့် ဝေ့ကျန်းကိုတွေ့လိုက်ရသည်။ မဒမ်တု၏ပုံစံကို ထိတ်လန့်သွားသောကြောင့် စိတ်မကောင်းဖြစ်သည့် မျက်လုံးနီများဖြင့် ဝေ့ကျန်းကြည့်နေခြင်းဖြစ်ပေမည်။
*****
Aurora Novel Translation Team
Report content on this page