no

Font
Theme

Chapter 29.2

ယနေ့တွင် ကောင်းသန်းယန်က ကောင်းမွန်စွာဝတ်စားလာ၏။ အရွယ်ရောက်လာပြီဖြစ်သော (၁၃)နှစ်၊ (၁၄)နှစ် အရွယ် မိန်းမပျိုလေးမှာ နူးညံ့သိမ်မွေ့ကာ ကျက်သရေရှိသည့် အလှတရားကို ပိုင်ဆိုင်ထားလေသည်။ သူ(မ)ဝတ်ဆင်ထားသည် အဖြူရောင်ဝတ်ရုံမှာလည်း မြင့်မားသည့်အရပ်နှင့် လှပသည့် ခန္ဓာကိုယ်ကို ပို၍သိသာနေစေသည်။ ဆံပင်အချို့ကို ဆံထုံးအဖြစ် ထုံးထားပြီး ကျန်အချို့ကိုမူ ခပ်လျော့လျော့ ဖြည်ချထားသည်။ နားထင်နားတွင်မူ အစိမ်းရောင် ကျောက်စိမ်းဆံညှပ်နှစ်ခု ထိုးထားလေ၏။ မျက်ခုံးများကိုလည်း ပို၍ ထင်ရှားလှပစွာ ဆွဲထားသောကြောင့် ပန်းချီကားတစ်ချပ်နှင့် တူနေခဲ့သည်။


သို့သော် သူ(မ)ကိုမြင်ပြီးနောက် ကျောင်းကျယ်မှာ ဝေ့လော်၏ မျက်ခုံးနှစ်ဖက်ကြားတွင်ရှိသော မွေးရာပါ အမှတ်နီလေးကို တွေးမိသွားခဲ့သည်။ ထိုအမှတ်မှာ ဆံမြိတ်အောက်တွင် ဖုံးကွယ်နေသောကြောင့် သာမန်အခြေအနေများတွင် မမြင်ရချေ။ ထိုဆံမြိတ်ကို ဘေးနှစ်ဖက်သို့ ဖယ်လိုက်သည့်အခါမှသာ မြင်ရလေသည်။ ထို့ပြင် အခြားအရာများနှင့် ခြယ်သထားသော အမှတ်အသားနှင့်ယှဥ်သော် သူ(မ)၏ မွေးရာပါအမှတ်က များစွာပို၍ ဆွဲဆောင်မှုရှိနေလေသည်။


ဧကရီမိဖုရားချန်က ခေါင်းညိတ်လိုက်ပြီး


"ဟုတ်တယ်။ သူ(မ)က အခု လျူလီရဲ့ စာသင်ဘက်ဖြစ်နေပြီလေ။ ဘာဖြစ်လို့မေးတာလဲ။ သမီးက ဝေ့လော်နဲ့ သိလို့လား။"


ကောင်းသန်းယန်က ခေါင်းခါပြလိုက်ပြီး ကျောင်းကျယ်ဘက်သို့ လှည့်ကြည့်ကာ


"မသိပါဘူး။ သန်းယန် သူ(မ)အကြောင်း ကြားဖူးလို့ပါ။"


'အဲ့ဒီ့တုန်းက ကြောင်နဲ့အတူ ရှိနေတဲ့ မိန်းက‌လေးမဟုတ်လား။'


ကျောင်းကျယ် ခေါင်းငုံ့လိုက်ပြီး ကောင်းသန်းယန်၏အကြည့်ကို မမြင်ချင်ယောင်ဆောင်ကာ လက်ထဲတွင်ကိုင်ထားသည့် ကော်ဖီခွက်ကိုသာ စိုက်ကြည့်နေလေ၏။ စကားစပ်မိသည့်အခါ ဧကရီမိဖုရားက ကျောင်းလျူလီကို ဆေးသောက်ရန် ဝေ့လော်ဖျောင်းဖျနိုင်ခဲ့ပုံကို ပြောပြလိုက်သည်။ ထိုသို့ပြောပြနေရင်းမှ ယခုတွင် လျူလီက ဆေးမသောက်ရန်ငြင်းဆန်နေသည်ကို ပြန်သတိရလေ၏။ ထိုအခါ သူ(မ)က စကားရပ်လိုက်ပြီး လျူလီကို ကိုယ်တိုင်ဖျောင်းဖျရန် အထိန်းတော်ချူနှင့်အတူ ချန်းဟွာခန်းမသို့ သွားလေတော့သည်။


ကောင်းသန်းယန်မှာ ဝေ့လော်ကို စိတ်မဝင်စားသော်လည်း အစောပိုင်းက ဧကရီမိဖုရားကို သူ(မ)အကြောင်းမေးလိုက်မိသောကြောင့် တမင်တကာလုပ်ပြုံးကာ နားထောင်နေရလေသည်။ ယခုတွင် ဧကရီမိဖုရားက ချန်းဟွာခန်းမသို့ သွားတော့မည်ဟုဆိုသောအခါ သူ(မ)လည်း မတ်တတ်ရပ်လိုက်ပြီး မိဖုရားကို အဖော်ပြုပေးလိုက်၏။ သူ(မ)ကိုယ်တိုင်လည်း လျူလီ၏အခြေအနေကို လိုက်လံကြည့်ရှုမည်ဖြစ်သည်။ ကောင်းသန်းယန်က ကျောင်းကျယ်ကိုပါ လိုက်စေချင်သော်လည်း ကျောင်းကျယ်က ငြင်းဆန်လိုက်ပြီး ထိုင်ခုံမှထကာ


"ကျွန်တော့်မှာ လုပ်စရာတွေရှိသေးလို့ မနက်ဖြန်မှပဲ လျူလီကို သွားတွေ့လိုက်ပါ့မယ်။"


ထိုသို့ပြောပြီးနောက် ကျောင်းကျယ်မှာ ကောင်းသန်းယန်ကိုပင် နှုတ်မဆက်ဘဲ နန်းတော်ထဲမှ ထွက်သွားလိုက်လေသည်။ တစ်ခဏကြာသော် သူ့ပုံရိပ်လည်း မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။ ထွက်သွားသည့် သူ့နောက်ကျောကို ငေးကြည့်နေရင်း ကောင်းသန်းယန် စိတ်ဆိုးကာ နှုတ်ခမ်းစူလိုက်မိသည်။


နန်းတော်အပြင်ဘက်သို့ ထွက်သွားသည့်လမ်းတွင် ကျောင်းကျယ်က သူ့နံဘေးတွင်ရှိနေသော သက်တော်စောင့်ကျူ့ကုန်းအား


"မြို့စားယင်းအိမ်တော်ကို သွားပြီး သတင်းစုံစမ်းခဲ့။ စတုတ္ထသခင်မလေး ဘာဖြစ်လို့ဖျားတာလဲ ဆိုတာရယ် ဘယ်အချိန် သက်သာမလဲဆိုတာရယ်ကို သိရ‌အောင်လုပ်။ ဆေးရဲ့ ပါဝင်ပစ္စည်းတွေလိုအပ်ရင် ဒီမင်းသားရဲ့ အိမ်တော်မှာ အများကြီးရှိတယ်။"


ကျူ့ကုန်း အနည်းငယ်ထိတ်လန့်သွားသော်လည်း ချက်ချင်းပင် "ဟုတ်ကဲ့"ဟု ပြန်ပြောကာ မင်းသားအမိန့်အတိုင်း နန်းတော်မှ ထွက်သွားလေတော့သည်။


*


မြို့စားယင်း အိမ်တော်တွင်။


ဝေ့လော်၏အခြေအနေမှာ များစွာကောင်းမွန်လာသော်လည်း ပထမရက်တုန်းက အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ အလွန်ဆိုးဝါးခဲ့သောကြောင့် အားအင်ကုန်ခမ်းနေခဲ့သည်။ (၂)ရက်ကြာ အိမ်တွင် အနားယူခဲ့ပြီးနောက် သူ(မ) အတော်လေး ပြန်ကောင်းလာ၏။ မနက်ဖြန်အတန်းများကို တက်နိုင်မည်ဟုလည်း သူ(မ) မျှော်လင့်မိလိုက်သည်။ နန်းတော်ထဲတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကိုမူ သူ(မ)မသိချေ။ ထိုအချိန်တွင် သူ(မ)မှာ ဆေးကိုသာ သေသေချာချာသောက်နေရလေသည်။


အလွန်ခါးသော ဆေးအရသာကြောင့် စကားမပြောနိုင်ဖြစ်နေချိန်တွင် ချောင်ဟုန်က ကြွေရည်သုတ်ထားသော ပစ္စည်းလေးတစ်ခုကိုကိုင်ကာ အထဲဝင်လာခဲ့သည်။ ထို့နောက် ၎င်းကို ရတနာကဲ့သို့ သူ(မ)အား လှမ်းပေးလိုက်ပြီး


"ရော့ အားလော်။ နင့်အတွက်။"


အလွန် သိချင်နေသဖြင့် အားလော်က ဖွင့်ကြည့်နေရင်း မေးလိုက်လေသည်။


"ဘာလေးလဲ။"သူ(မ)က ထိုပစ္စည်းလေးကို စပ်စုနေသည့်အချိန်တွင် ချောင်ဟုန်က သူ(မ)မေးခွန်းကို ပြန်မဖြေချေ။ အထဲတွင်ရှိနေသည်မှာ အရောင်စုံလင်လှသော ဝိုင်းစက်စက် သကြားလုံးလေးများပင်။ အနီရောင်မှာ ဘယ်ရီသီးအရသာ၊ အဝါရောင်မှာ လိမ္မော်သီးအရသာဖြစ်ပြီး ခရမ်းရောင်မှာ စပျစ်သီးအရသာ ဖြစ်လေသည်။ ထိုသကြားလုံးများကို အပြင်တစ်လွှာတွင် သကြားရည်ကြည်လောင်းထားသေး၏။ ထို့ကြောင့် အမြင်လည်းလှပကာ အနံ့လည်းမွှေးလေသည်။ ဝေ့လော်က ဘယ်ရီသီးအရသာ သကြားလုံးတစ်လုံးကို လှမ်းယူကာ ပါးစပ်ထဲပစ်ထည့်လိုက်သည်။ ၎င်း၏အရသာမှာ ချိုမြိန်ရုံသာမဟုတ်ဘဲ ဘယ်ရီသီး၏ ချဥ်သောအရသာတစ်ခုလည်း ပါဝင်သေးသည်။ အချိုနှင့် အချဥ်ကို ပေါင်းစပ်ထားသည့်အရသာမှာ သူ(မ)ခံတွင်းထဲတွင် ရှိနေသော ဆေးခါးအရသာကို တိုက်ထုတ်လိုက်သောကြောင့် အလွန်အရသာရှိသွားလေသည်။


ထိုကဲ့သို့သော သကြားလုံးမျိုးကို ဝေ့လော်မတွေ့ဖူးသောကြောင့် ချောင်ဟုန်ကို သကြားလုံးတစ်လုံး လှမ်းကျွေးလိုက်ရင်း


"ဒီသကြားလုံးတွေကို နင်ဘယ်က ရလာတာလဲ။"


ချောင်ဟုန် သူ(မ)ကို ပြုံးပြလိုက်၏။ မူလကတည်းက ချောမောလှသော ချောင်ဟုန်မှာ ပြုံးလိုက်သည့်အခါ ပို၍ပင် ကြည့်ကောင်းသွားလေတော့သည်။


"ဒီနေ့ အကြီးဆုံးအစ်ကို အပြင်သွားတော့ ငါ သူနဲ့လိုက်သွားပြီး မြို့ထဲကနေ ဒါကိုဝယ်လာတာလေ။"


တစ်ခဏရပ်လိုက်ပြီးနောက် လူကြီးလေးကဲ့သို့ ချောင်ဟုန်က


"နင်ကြိုက်တယ်ဆိုတော့ တော်ပါသေးတယ်။"


ဝေ့လော်က သကြားလုံးပုလင်းလေးကို လက်နှစ်ဖက်ဖြင့် သေသေချာချာကိုင်ထားလိုက်ပြီး မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးပြလိုက်၏။


"အင်း။ ငါ အရမ်းကြိုက်တယ်။"


ဝေ့လော် ဆေးခါးများသောက်နေရသည်ကို ချောင်ဟုန်သိလေသည်။ ထို့ကြောင့် မြို့ထဲသွားသည့်အခါ သူ(မ)အတွက် စဥ်းစားပေးပြီး လက်ဆောင်ဝယ်လာသည့်အခါ ဝေ့လော်တစ်ယောက် အလွန်ဝမ်းသာသွားခြင်းပင်။ ချောင်ဟုန် မည်သည့်ပိုက်ဆံနှင့် ဝယ်လာကြောင်း ဝေ့လော် သံသယဝင်မိသဖြင့် မေးလိုက်သည့်အခါ ဝေ့ကွမ်း သူ့ကို ပေးထားသည့် နှစ်သစ်ကူးမုန့်ဖိုးနှင့် ဝယ်လာကြောင်း ချောင်ဟုန်က ပြောပြလိုက်လေသည်။ ထိုအခါမှသာ ဝေ့လော်လည်း စိတ်ချသွားတော့သည်။


ချောင်ဟုန်ထွက်သွားပြီးနောက် ဝေ့လော်က ထိုသကြားလုံးပုလင်းလေးကို ခေါင်းရင်းမှ စင်တစ်ခုပေါ်တွင် တင်ထားလိုက်၏။ နောင်တွင် ဆေးခါးကြီးများကိုသောက်ရန် ဝေ့လော် စိုးရိမ်တော့မည်မဟုတ်ချေ။ တစ်ခါတစ်ရံ နန်းတော်သို့ ယူသွားကာ ကျောင်းလျူလီကိုလည်း သူ(မ) ကျွေးချင်သေးသည်။ သို့သော် ဝေ့လော် နန်းတော်သို့ သကြားလုံးအများကြီး ယူသွားလိမ့်မည် မဟုတ်ချေ။ ထိုသကြားလုံးများမှာ ချောင်ဟုန် သူ(မ)ကိုပေးသည့် ပထမဦးဆုံး လက်ဆောင်ဖြစ်သောကြောင့် စားလိုက်ရမည်ကို ဝေ့လော်နှမြောနေသောကြောင့်ပင်။


စိတ်ကူးများထဲတွင် နစ်မျောနေရင်း ဝေ့လော် အိပ်ရာပေါ်သို့လှဲကာ တစ်ခဏနှင့် အိပ်ပျော်သွား၏။ ညနေ (၅)နာရီ ဝန်းကျင်လောက်တွင် အနောက်အရပ်၌ နေဝင်နေပြီဖြစ်ပြီး ခြံဝင်းတစ်ခုလုံးတွင်လည်း ဆည်းဆာရောင်ကောင်းကင်က ခြုံလွှမ်းထားလေသည်။ ကျင်းလုက တံခါးဖွင့်ကာ အခန်းထဲဝင်လာ၏။ သူ(မ)လက်ထဲတွင် ပန်းကန်လုံးတစ်လုံးတင်ထားသော ခရမ်းရောင်ဗန်းတစ်ခု ကိုင်ထားသည်။ ထို့နောက် သူ(မ)က ဝေ့လော်ကို နှိုးလိုက်၏။


"မမလေး။ ခဏလောက်ထပြီး ဆန်ပြုတ်စားပါဦး။ နေ့လယ်ကတည်းက ဘာမှမစားရသေးဘူးဆိုတော့ အခု တစ်ခုခုစားရမယ်လေ။"


ဝေ့လော်မှာ အိပ်မက်ကမ္ဘာထဲတွင် ရောက်ရှိနေလေ၏။ မျက်လုံးဖွင့်ကြည့်လိုက်သောလည်း သူ(မ) အိပ်ချင်မူးတူး ဖြစ်နေဆဲပင်။ နေ့လယ်ခင်း ဆေးသောက်ခဲ့ပြီးနောက် သူ(မ)ခံတွင်းမှာ ခါးသက်နေခဲ့၏။ ထို့ကြောင့် အစာစားချင်စိတ်လည်း မရှိခဲ့ချေ။ သို့သော် ယခုတွင်မူ သူ(မ)အနည်းငယ် ဗိုက်ဆာနေပြီဖြစ်သည်။


ဝေ့လော်က မျက်လုံးကိုပွတ်သပ်လိုက်ပြီး


"အစ်မကျင်းလု။ အားလော်ကို ခွံ့ကျွေးပါ။"


ကျင်းလုက သဘောကျမိသဖြင့် ရယ်လိုက်လေ၏။ ထို့နောက် သူ(မ)ကို ဆန်ပြုတ်တစ်ဇွန်းချင်း ခွံ့ကျွေးလိုက်သည်။ အိပ်ရာနိုးစဖြစ်သောကြောင့် သူ(မ)၏ စားချင်စိတ်မှာ အားနည်းနေခြင်း ဖြစ်ပေမည်။ ပန်းကန်လုံး၏ တစ်ဝက်ခန့်ကိုသာ စားလိုက်နိုင်ပြီး နောက်ထပ် ဝေ့လော်ထပ်မစားချင်တော့ချေ။ ထို့နောက် စောင်ထဲသို့ပြန်ဝင်ကာ အနားယူလိုက်ပြန်လေသည်။ ကျင်းလု မည်မျှပင်ဖျောင်းဖျပါစေ ထပ်ကျွေး၍ မရတော့သောကြောင့် နောက်ဆုံးတွင် လက်လျှော့ခဲ့ရသည်။ ကျင်းလုက ထိုဆန်ပြုတ်ကို နွေးနေစေရန် စားဖိုဆောင်အား ထိန်းသိမ်းထားခိုင်းလိုက်လေ၏။ ထိုမှသာ ဝေ့လော်ဗိုက်ဆာသည့်အခါ အဆင်သင့် ထပ်စားနိုင်မည်ပင်။


တော်ဝင်နန်းတော်မှ ဝေ့ကွမ်းပြန်ရောက်လာချိန်တွင် အစေခံများ၏ တီးတိုးပြောသံကို ကြားလိုက်ရလေ၏။ ဝေ့လော်၏အခြေအနေမှာ တစ်ဖန်ပြန်၍ ပြင်းထန်လာကြောင်း သူတို့ပြောနေခြင်းပင်။ ထိုအခါ ဝေ့ကွမ်းမှာ အဝတ်အစားပင်မလဲတော့ဘဲ ဝေ့လော်၏အခန်းသို့ အပြေးအလွှားသွားလိုက်လေသည်။ အခန်းထဲသို့ ရောက်သည့်အခါ အိပ်ရာပေါ်တွင် လှဲလျောင်းနေသော ဖြူဖျော့နေသည့် သမီးဖြစ်သူကို တွေ့ခဲ့ရသည်။ ဝေ့လော်မှာ တစ်ချက်တစ်ချက် တုန်ယင်နေ‌သေး၏။


ဝေ့ကွမ်း ကြောက်လန့်စိုးရိမ်နေခဲ့သည်။ အိပ်ရာနံဘေးကိုသွားကာ ဝေ့လော်ကို ရင်ခွင်ထဲထည့်ချီလိုက်ပြီး အနီးနားမှ အစေခံများကို မေးလိုက်လေသည်။


"ဒါက ဘယ်လိုဖြစ်ရတာလဲ။"


~~~


[In a1uthor's notes]


မင်းသားကျင်းရဲ့ ဒိုင်ယာရီ။ပထမနေ့ အားလော် ရောက်မလာတော့ သူ(မ)ကိုလွမ်းတယ်။


ဒုတိယနေ့ အားလော် ရောက်မလာပြန်ဘူး။ သူ(မ)ကိုလွမ်းတယ်။


တတိယနေ့ အားလော် မလာပြန်ဘူး။ သူ(မ)ကို လွမ်းနေတုန်းပဲ။


စတုတ္ထနေ့ အားလော် ရောက်မလာသေးဘူး။ ရထားလုံးပြင်ဖို့ ကျူ့ကုန်းကိုခေါ်လိုက်တယ်။ ငါမင်းသားကိုယ်တိုင် မြို့စားယင်းအိမ်တော်ကို သွားကြည့်မယ်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment