Chapter 6.1
သမီးဖြစ်သူကို ချီလိုက်ရင်း ဝေ့ကွမ်းက အံ့အားသင့်စွာဖြင့်
“သမီးအားလော် ဘာတွေပြောနေတာလဲ။ မဒမ်က သမီးကိုရောင်းစားချင်နေတာ ဟုတ်လား။ သူ(မ)က ဟူးကော်ဘုရားကျောင်းမှာ အမွှေးတိုင်ထွန်းဖို့ သမီးကိုခေါ်သွားတာမဟုတ်ဘူးလား။ တခြားသူတွေရော ဘယ်မှာလဲ။”
ဝေ့လော်တစ်ယောက်တည်းဖြစ်နေသည်ကို သတိထားမိသွားပြီး လှည့်ပတ်ကြည့်လိုက်သော် မဒမ်တုကိုလည်း မတွေ့ရသဖြင့် သူက မျက်မှောင်ကြုတ်၍
“သမီး ဘယ်လိုပြန်ရောက်လာတာလဲ။”
ဝေ့လော်ကို ဧည့်ကြိုဆောင်သို့လိုက်ပို့ပေးသည့် မိန်းကလေးအစေခံက ဝေ့ကွမ်းအား တိတ်တဆိတ်ရှင်းပြ၏။
“သက်တော်စောင့်တစ်ယောက်က မမလေးကိုပြန်လာပို့သွားတာပါ။ အဲ့ဒီ့အချိန်တုန်းက မမလေးနဲ့အတူ အခြားဘယ်သူမှမပါလာပါဘူး။”
ကိစ္စများက ထိုသို့ဖြစ်သွားခဲ့လေသည်။ မဒမ်တုနှင့်အတူ ထွက်သွားသည့်ဝေ့လော်က တစ်ယောက်တည်းပြန်ရောက်လာ၏။ မည်သို့ပင်ဆိုစေကာမူ မဒမ်တုက ဝေ့လော်ကိုမရှာဖွေခဲ့ကြောင်း သေချာသွားသည်။ ဝေ့ကွမ်းလည်း မျက်နှာမကောင်းတော့ပေ။ အားလော်က ဝမ်းနည်းကြီးစွာငိုနေသဖြင့် သူ့နှလုံးသားထဲတွင် နာကျင်နေခဲ့သည်။ သူ ထိုင်ချလိုက်ပြီး အားလော်၏မျက်နှာလေးကို ခပ်ဖွဖွကိုင်ကာ ညင်သာသည့်အသံဖြင့်
“အားလော်။ အဖေ့ကို သေချာလေးပြောပြပါလား။ သမီး ဘာတွေဖြစ်လာတာလဲ။ သမီးကိုပြန်လာပို့တဲ့ သက်တော်စောင့်ဆိုတာကရော ဘယ်သူလဲ။ မဒမ်ကရော ဘယ်ရောက်နေတာလဲ။”
အနီးနားတွင်ရှိနေသည့် ဝေ့ချောင်ဟုန်လည်း အလွန်စိတ်ညစ်သွား၏။ အစ်မဖြစ်သူက ဝမ်းနည်းစွာငိုကြွေးနေသော်လည်း မည်သည့်အကြောင်းကြောင့်ငိုနေသည်ကို သူ မသိချေ။ သူ(မ)ကိုနှစ်သိမ့်ပေးရန် ရှေ့သို့တိုးသွားခဲ့သော်လည်း မည်သည့်စကားမျိုးကိုပြောရမှန်းမသိဖြစ်နေခဲ့သည်။ ဝေ့လော်၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်၍ သူကနှစ်သိမ့်ပေးလိုက်သည်။
“အားလော်။”
ဝမ်းနည်းပက်လက်ငိုကြွေးနေသည့် သနားစရာဝေ့လော်၏မျက်နှာလေးက နီရဲလာသည်။ တဖြည်းဖြည်းနှင့် မျက်ရည်များစွာလှိမ့်ဆင်းလာရင်း ဝေ့လော်က အဖြစ်အပျက်များကိုပြန်ပြောပြ၏။
“အမွှေးတိုင်ထွန်းပြီးတော့ အပြန်လမ်းမှာ တောအုပ်တစ်ခုကိုဖြတ်ရတယ်။ အဲ့ဒီ့တောအုပ်မှာ လူနှစ်ယောက်က အဆင်သင့်စောင့်နေတာ။ သူတို့တွေ မဒမ်တုနဲ့စကားပြောနေတာကို အစ်မကျင်းလုကကြားလိုက်တာ။ မဒမ်တုက သမီးကို သူတို့ဆီမှာရောင်းဖို့ကြိုးစားနေတာတဲ့။”
မနက်ခင်းကဖြစ်ပျက်သွားခဲ့သည့် အကြောင်းအရာအားလုံးကို ဝေ့လော် သေသေချာချာပြောပြနေသည်။ သူ(မ)၏ စကားလုံးများမှာ ကလေးစကားကဲ့သို့ ရှင်းလင်းတိကျနေသော်လည်း စကားတိုင်း၏အဆုံးတွင် မဒမ်တုကိုသာ ဦးတည်နေခဲ့သည်။ အားလော်၏ပြောစကားအရ မဒမ်တုမှာ ကျွန်ကုန်သည်များကိုဆက်သွယ်ခဲ့သူ၊ သတိလစ်စေသည့် ဆေးမှုန့်များကိုပြင်ဆင်ခဲ့သူ၊ ဝေ့လော်အား အားသုံး၍ အတင်းခေါ်ဆောင်ရန် ကြိုးစားခဲ့သူဖြစ်သည်။ ဝေ့လော်ပိုငိုလေ မဒမ်တုကို ခါးခါးသီးသီးဖြစ်နေကြောင်း သိသာလေဖြစ်လာသည်။ နောက်ဆုံးတွင် သူ(မ)က ကြောက်လန့်နေသည့်ပုံစံဖြင့် ဝေ့ကွမ်းအား မေးခွန်းတစ်ခုမေးလိုက်သည်။
“အဖေ။ အားလော် အမှားတစ်ခုခုလုပ်မိလို့များလားဟင်။ အဲ့ဒါကြောင့် မဒမ်က အားလော်ကို မလိုချင်တာလားဟင်။ အဖေ အားလော်ကိုပြောပြပါ။ အားလော် ပြောင်းလဲပါ့မယ်နော်။”
ဝေ့ကွမ်း အလွန်မျက်နှာမကောင်းဖြစ်သွား၏။ ဝေ့လော်၏ပါးပြင်မှ မျက်ရည်စများကို လက်မဖြင့် ညင်သာစွာသုတ်ပေးလိုက်ရင်း
“အားလော် ဘာအမှားမှ မလုပ်ထားပါဘူးသမီးရယ်။ သမီးက အဖေ့ရဲ့ အဖိုးတန်ရတနာလေးပါ။”
ထိုအခါ ဖြစ်ပုံအစအဆုံးကိုကြားလိုက်သည့် ဝေ့ကျန်းက ဝင်ပေါက်မှနေ၍ စိတ်ဆိုးစွာအော်လိုက်၏။
“နင် အဓိပ္ပာယ်မရှိတာတွေလျှောက်ပြောမနေနဲ့။ ငါ့အမေက အဲ့လိုမလုပ်ဘူး။ ငါ့အမေက လူဆိုးမဟုတ်ဘူး။ နင်ညအဖေ့ကိုလိမ်နေတာ။”
အသက် (၅)နှစ်သာရှိသေးသော်လည်း အဖြစ်အပျက်များ၏ အကြမ်းဖျင်းကို ဝေ့ကျန်းနားလည်လေသည်။ သူ(မ)၏မိခင်က မှားယွင်းသည့်လုပ်ရပ်တစ်ခုကိုလုပ်ခဲ့ကြောင်း ဝေ့လော်ကပြောပြချိန်တွင် ဝေ့ကွမ်း၏မျက်နှာက အလွန်စိတ်ဆိုးနေပြီး သူ(မ)အမေကို အပြစ်ပေးတော့မည်ဖြစ်ကြောင်း သူ(မ)သိလိုက်သည်။ ထို့ပြင် သူ(မ)ကလည်း သူ(မ)အမေကိုကာကွယ်ပေးပြီး ဝေ့လော်၏လိမ်လည်မှုကို ဖော်ထုတ်ရန်ဆုံးဖြတ်ထားလိုက်သည်။
ထိုကိစ္စတစ်ခုလုံး၏ နောက်ကွယ်မှအမှန်တရားကို ဝေ့ကျန်းမသိခဲ့ပေ။ ထိုကိစ္စအားလုံးကို မဒမ်တုက တစ်ယောက်တည်း တိတ်တဆိတ်စီစဥ်ခဲ့ခြင်းဖြစ်သည်။ ယနေ့မနက်က ဟူးကော်ဘုရားကျောင်းသို့ သူတို့နှင့်အတူ ဝေ့ကျန်းလည်းလိုက်ချင်ခဲ့၏။ သို့သော် မဒမ်တုက ဝေ့လော်ကိုသာဦးစားပေး၍ သူ(မ)ကိုထားရစ်ခဲ့သည်။ သူ(မ)သာ ကောင်းမွန်စွာပြုမူနေထိုင်ပါက ဝေ့လော်ကို နောက်တစ်ကြိမ်ထပ်မတွေ့နိုင်တော့ဘူးဟု မဒမ်တုကဖျောင်းဖျခဲ့သဖြင့် ဝေ့ကျန်းလည်း သဘောတူခဲ့ကာ နေရစ်ခဲ့ရသည်။
ဝေ့ကျန်းနှင့် ဝေ့လော်တို့မှာ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသကဲ့သို့ အမူအကျင့်လည်း ကွဲပြားသည်။ ဝေ့ကျန်း၏ အမူအကျင့်တို့မှာ မဒမ်တုနှင့်တူ၏။ ဦးစားပေးခံရရန် အရာအားလုံးကိုယှဥ်ပြိုင်တိုက်ခိုက်ပြီး အခြားသူများထက် ပို၍တော်ချင်တတ်ချင်သည်။ ထို့ကြောင့် အရာရှိယင်းက ဝေ့လော်ကိုချီးကျူးသည့်အခါတိုင်း သူ(မ) လက်မခံနိုင်ခဲ့ချေ။
‘ဝေ့လော်က ဘယ်နေရာတွေမှာများ ငါ့ထက်သာနေလို့လဲ။ ဘာလို့လူတိုင်းက သူ(မ)ကိုဆို သဘောကျကြတာလဲ။ အမေပြောတာတော့ ဝေ့လော်မှာ အမေမရှိဘူးတဲ့။ ပြီးတော့ သူ(မ)က တရားမဝင်သမီးပဲ။”
ထိုစကားလုံးများကို စိတ်ထဲတွင်ထိန်းသိမ်းထားရင်း အားလော်က သူ(မ)ထက်နိမ့်ကျသည်ဟု အမြဲတွေးနေခဲ့သည်။ ယခုတွင် ဝေ့ကွမ်းက ဝေ့လော်ကိုအလွန်ကောင်းမွန်စွာဆက်ဆံနေသောကြောင့် သူ(မ)ပို၍ဒေါသထွက်ရလေသည်။ ထိုအခါ သူ(မ)က ရှေ့သို့တိုးကာ ဝေ့ကွမ်းရင်ခွင်ထဲမှ ဝေ့လော်ကိုဆွဲထုတ်ရန်ပြင်လိုက်ပြီး
“နင်လိမ်နေတာ။ နင်က လူလိမ်။”
သို့သော် ဝေ့လော်၏အဝတ်အစားများကိုပင် သူ(မ)မထိလိုက်နိုင်ခင်တွင် ချောင်ဟုန်က သူ(မ)ကိုတွန်းထုတ်လိုက်၏။ ထိုအခါ နောက်သို့ခြေလှမ်းများဆုတ်သွားပြီး အရှိန်မထိန်းနိုင်ဘဲ မြေပေါ်သို့ပြုတ်ကျသွားသည်။ ချောင်ဟုန်က ဝေ့လော်၏ရှေ့တွင် ရပ်တည်ကာ ကာကွယ်ပေးရင်း သူ့မျက်နှာလေးကလည်း တည်နေပြီး မျက်လုံးများလည်း အေးစက်နေခဲ့သည်။
“ငါ့အစ်မကိုမထိနဲ့။”
ချောင်ဟုန် ထိုသို့ဒေါသထွက်သည်ကို ဝေ့ကျန်းမမြင်ဖူးပေ။ ချောင်ဟုန်ကိုလည်း အမြဲတမ်း “ဝေ့ချောင်ဟုန် ဝေ့ချောင်ဟုန်”ဟုသာ ခေါ်နေခဲ့ပြီး ဆဋ္ဌမအစ်ကိုဟု မည်သည့်အခါကမျှ သူ(မ)မခေါ်ခဲ့ချေ။ အစ်ကိုတစ်ယောက်ဟုပင် မသတ်မှတ်ထားသောကြောင့် လေးစားသမှုလည်း မရှိခဲ့။ သို့သော် ယခုတွင်မူ ဒေါသထွက်နေသည့် ချောင်ဟုန့်မျက်နှာကိုကြည့်ရင်း သူ(မ) အတော်လန့်သွားခဲ့သည်။ ဝေ့ကွမ်းဘက်ကိုလှည့်ကြည့်လိုက်သော်လည်း ငိုနေသည့်ဝေ့လော်ကိုသာ အရေးတယူချော့မြှူနေပြီး သူ(မ)ကိုမူ အာရုံစိုက်ချိန်ပင်မရခဲ့ပေ။ ထို့ကြောင့် စိတ်ခံစားချက်များရှုပ်ထွေးသွားသည့် ဝေ့ကျန်းက စတင်ငိုကြွေးတော့သည်။
***
ဝေ့ကွမ်းက ဝေ့လော်ကို ခက်ခက်ခဲခဲချော့လိုက်ရ၏။ ထို့နောက် အပြာရောင်ဆေးသုတ်ထားသည့်အခန်းထဲတွင် တစ်ခဏအနားယူစေချင်သောကြောင့် သူ(မ)ကိုခေါ်သွားရန် အစေခံကျင်းကယ်အားပြောလိုက်သည်။ သို့သော် ကျင်းကယ်အနားကပ်လာသည်နှင့် ဝေ့လော်က ဖခင်၏လည်ပင်းကိုအတင်းအကျပ်ဖက်ထားလိုက်ပြီး မလွှတ်ပေးချေ။
“သူ(မ)နဲ့မလိုက်သွားချင်ဘူး။”
ကျင်းကယ်လည်း နေရခက်စွာဖြင့် မှင်တက်မိသွား၏။ ယခင်ဘဝက ကျင်းကယ်နှင့်ကျင်းစီတို့၏ လုပ်ရပ်များကို သူ(မ)ရှင်းရှင်းလင်းလင်းမှတ်မိသည်။ ထို့ကြောင့် သူတို့ကိုမြင်လိုက်သည်နှင့် မဒမ်တု သူ(မ)ကိုလည်ပင်းညှစ်ခဲ့သည့် အခိုက်အတန့်ကို ပြန်သတိရသွား၏။ ထိုနေရာတွင်ရှိနေခဲ့သော လူအားလုံးကို သူ(မ)မုန်းတီးသော်လည်း ဘာသိဘာသာနေကာ လျစ်လျူရှုနေခဲ့သည့် ကျင်းစီနှင့်ကျင်းကယ်ကို သူ(မ)ပိုမုန်းသည်။ ထိုအချိန်က သူတို့နှစ်ယောက်မှာ မဒမ်တု၏ဘက်တော်သားများဖြစ်သောကြောင့် ယခုတွင်လည်း သူတို့ကို မယုံကြည်နိုင်ပေ။ အခွင့်အရေးရလာသည်နှင့် သူတို့နှစ်ယောက်လုံးကို သင်ခန်းစာပေးပစ်မည်။
ထို့ပြင် မရင်းနှီးသည့် အစေခံများကိုလည်း ဝေ့လော်က အနားကပ်မခံပေ။ အလွန်ကြောက်လန့်သွားသဖြင့် မည်သူ့ကိုမျှ အနားမကပ်စေလိုခြင်းဖြစ်လိမ့်မည်ဟု ဝေ့ကွမ်းယူဆကာ သူကိုယ်တိုင်ပင် သူ(မ)ကိုပြန်ချော့လိုက်ရတော့သည်။
“ဟုတ်ပါပြီ။ သူ(မ)နဲ့မလိုက်ချင်ရင် အဖေလိုက်ပို့မယ်နော်။”
အပြာရောင်ဆေးသုတ်ထားသည့်အခန်းထဲတွင် သစ်မာကုတင်တစ်လုံးရှိ၏။ ဝေ့ကွမ်းက သူ(မ)ကို ကုတင်ပေါ်တွင် အသာအယာတင်ပေးလိုက်ပြီး ခေါင်းကိုပွတ်ပေးကာ
“အားလော်လေး။ ဒီမှာခဏလောက်နေလိုက်နော်။ တစ်ခုခုစားချင်တာရှိရင် အဖေ့ကိုပြော။ အဖေပြင်ဆင်ခိုင်းပေးမယ်။”
ဝေ့လော်က တစ်နေ့လုံးတုန်ယင်နေ၏။ မနက်အစောပိုင်းတုန်းကစားထားသည့် ဖက်ထုပ်ဟင်းရည်တစ်ပန်းကန်မှတစ်ပါး သူ(မ) ဘာမျှမစားရသေးချေ။ ထို့ပြင် ယနေ့တွင် သာမန်နေ့များထက် များစွာပို၍ပင်ပန်းသောကြောင့် သူ(မ)အလွန်ဗိုက်ဆာနေခဲ့သည်။ ချောင်ဟုန်ကိုကြည့်လိုက်သောအခါ သူတို့ အမြဲစားနေကျဖြစ်သည့်ဟင်းလျာများကို သူ(မ)သတိရသွားသည်။
“အဖေ။ အားလော် ခေါင်ရန်းကိတ်နဲ့ ထင်းရှူးသီးငါးကင်စားချင်တယ်။”
အစောပိုင်းကကိစ္စကို တနုံ့နုံ့တွေးမိနေသည့်ဝေ့ကွမ်းက ခက်ခက်ခဲခဲပြုံးကာ
“ဟုတ်ပါပြီ။ အားလော်စားချင်တာတွေ ချက်ပေးဖို့ စားဖိုဆောင်ကို အဖေလှမ်းပြောလိုက်မယ်နော်။”
သူအပြင်ထွက်သွားပြီးနောက် ထိုဟင်းလျာနှစ်ခုကို ပြင်ဆင်စေရန် အစေခံတစ်ယောက်ကို စားဖိုဆောင်သို့သတင်းပို့ခိုင်းလိုက်၏။ ထိုဟင်းလျာနှစ်ခုအပြင် ကြက်သားဟင်း၊ ပုဇွန်တို့ဖူး၊ ငါးစတူးဟင်းရည်နှင့် အခြားအရံပွဲအချို့ကိုပါ ပြင်ဆင်ခိုင်းလိုက်သည်။ သူကိုယ်တိုင်သည်လည်း တော်ဝင်ကျောင်းတော်မှ မကြာသေးမီကလေးတင် ပြန်ရောက်လာသောကြောင့် နေ့လယ်စာမစားရသေးချေ။ သို့သော် ယခုတွင်မူ စားချင်စိတ်လည်းမရှိတော့ပေ။ ကလေးနှစ်ယောက်ကို အေးအေးဆေးဆေးဖြစ်အောင် အရင်ထားခဲ့ပြီးမှ မဒမ်တု၏ စုန့်ယွမ်အဆောင်သို့ လူစေလွှတ်လိုက်သည်။ မဒမ်တုကို ခစားသည့်လူများအားလုံးကို အဆောင်ရှေ့သို့ခေါ်ထုတ်ပြီး တန်း(၂)တန်းစီကာ ဒူးထောက်ခိုင်းထားလိုက်သည်။ ထိုသူများမှာ မဒမ်တုကို နေ့စဥ်ခစားနေကြသူများဖြစ်သောကြောင့် အကြောင်းအရာကို တစ်စိတ်တစ်ပိုင်းလောက် သိထားမည်မှာသေချာပေ၏။ သို့သော်လည်း သူတို့က မည်သည့်အကြောင်းကိုမျှ ထုတ်မပြောခဲ့ကြပေ။ သူတို့၏အတွေးများက အားလော်ကိုအန္တရာယ်ပေးရန်အထိ ဖြစ်သွားခဲ့သောကြောင့် ဝေ့ကွမ်းအလွန်ဒေါသထွက်နေလေသည်။
စုန့်ယွမ်အဆောင်သို့ရောက်သော် အစေခံတစ်ယောက်က လတ်လတ်ဆတ်ဆတ်ကြိုထားသော လက်ဖက်ရည်တစ်အိုးကို ယူလာပေးသည်။ ဝေ့ကွမ်းက မင်ရောင်ရှိသောထိုခွက်ငယ်ကိုလှမ်းယူလိုက်ပြီး အစေခံ၏ရှေ့သို့ပစ်ထုတ်လိုက်သောကြောင့် လက်ဖက်ရည်ပူများ မြေပြင်ပေါ်တွင် ဖိတ်စင်ကုန်၏။ ထို့နောက် ဝေ့ကွမ်းက
“တစ်ယောက်ချင်းစီ ကြိမ်ဒဏ်အချက်(၂၀) အပြစ်ခံကြ။ လုံးဝသက်ညှာမပေးဘူး။”
ထိုအပြစ်ဒဏ်ကိုကြားလိုက်ရသည့်အခါ သူတို့က အပြစ်ကင်းစင်ကြောင်း၊ ဘာမှမသိကြောင်း ပြောဆိုတောင်းပန်ကာ ငိုကြွေးကြသည်။ အမှန်တကယ်လည်း သူတို့ဘာမှမသိရချေ။ မဒမ်တုက သိုသိုသိပ်သိပ် တစ်ယောက်တည်းလုပ်ဆောင်ခြင်းဖြစ်ပြီး သူ(မ)နှင့်အနီးကပ်ဆုံး အစေခံတစ်ယောက်ကိုသာ အသိပေးထားခြင်းဖြစ်သည်။ သို့သော် လက်ရှိတွင် ဝေ့ကွမ်းက အလွန်ဒေါသထွက်နေသောကြောင့် မည်သည့်ဆင်ခြေကိုမျှ နားမထောင်နိုင်ခဲ့ပေ။ မဒမ်တုပြန်ရောက်လာပြီး ရှင်းပြသည့်အချိန်အထိပင် မစောင့်နိုင်တော့သောကြောင့် စုန့်ယွမ်အဆောင်တွင်ရှိနေသမျှအစေခံအားလုံးကိုသာ အပြစ်ပေးလိုက်တော့သည်။
*****
Aurora Novel Translation Team
Report content on this page