Chapter 35.2
ဝေ့ချောင်မိကလည်း လည်ချောင်းကိုခြစ်၍ အော်ငိုနေပြီး မဒမ်ချင်းဆီသို့သာ လက်လှမ်းနေခဲ့သည်။ ထိုမြင်ကွင်းမှာ မဒမ်တု၏နှလုံးသားကို လွန်စွာထိခိုက် နာကျင်စေသောကြောင့် ချောင်မိ၏လက်များကို သေသေချာချာတားလိုက်ပြီး သူ(မ)က
"ချောင်မိလေး... သေချာကြည့်ပါဦး... အမေက သားရဲ့အမေလေ... သားကို မွေးခဲ့တဲ့အမေလေ။ သားကိုမွေးဖို့ အမေ တစ်ရက်လုံး နာကျင်နေခဲ့တာလေ... သားက ဘာဖြစ်လို့ သူ(မ)ဆီကိုပဲ သွားချင်နေရတာလဲ။"
သို့သော် ထိုစကားများကို တစ်လသား ကလေးတစ်ယောက်က အဘယ်သို့ နားလည်နိုင်လိမ့်မည်နည်း။ သက်သောင့်သက်သာရှိခြင်းနှင့် သက်သောင့်သက်သာ မရှိခြင်းကိုသာ သူသိပြီး နေရခက်ပါက ကြောက်လန့်ကာ ငိုတတ်လေသည်။ သူ့ကို မွေးပေးခဲ့သည့်အမေဟူသည်မှာ သူ့အတွက် အရေးမကြီးလှချေ။
မဒမ်ချင်းက တံခါးအနီးမှ အစေခံများကို မျက်လုံးနှင့်လှမ်း၍ အချက်ပြလိုက်၏။ မဒမ်တု တစ်ဖက်သို့လှည့်လိုက်သည်နှင့် အမျိုးသမီး အစေခံ(၄)ယောက်က သူ(မ)၏လမ်းကို ပိတ်ထားလိုက်ပြီး ပေးမထွက်တော့ချေ။ မဒမ်တု ကတိတည်မည်မဟုတ်ကြောင်းကို ဝေ့ကွမ်းကလည်း သိထားပြီးသားဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် သူ(မ)၏လမ်းကို ပိတ်ဆို့ရန် အစေခံ အမျိုးသမီး(၄)ယောက်ကို အဆင်သင့်ထားရှိထားခြင်းပင်။
ထိုအစေခံ အမျိုးသမီး (၄)ယောက်မှာ ကိုယ်ခံပညာ လေ့ကျင့်ထားသူများဖြစ်သောကြောင့် အလွန် သန်မာကြသည်။ သူတို့ထဲမှ နှစ်ယောက်မှာ မဒမ်တု၏လက်ကို ချုပ်ထားကြပြီး ကျန်နှစ်ယောက်မှာ ဝေ့ချောင်မိကို ပြန်ခေါ်နေကြသည်။ မဒမ်တုလည်း ခြေလှမ်းတစ်လှမ်းပင် မလှုပ်ရှားနိုင်ခဲ့ဘဲ ချောင်မိ ပြန်ပါသွားသည်ကိုသာ ကြည့်နေခဲ့ရတော့သည်။ ထို့နောက် သူ(မ)မျက်လုံးထဲမှ မျက်ရည်များ တစ်လှိမ့်ချင်းစီးကျလာပြီး ဝမ်းနည်းကြီးစွာ ငိုကြွေးလေတော့သည်။
"ပြန်ပေး... ငါ့သားလေး... ငါ့သားကို ပြန်ပေး..."
မဒမ်ချင်းမှာ စိတ်ကိုတင်းထားပြီး မဒမ်တု၏အသံကို မကြားချင်ယောင်ဆောင်လိုက်သည်။ ထို့နောက် အစေခံ အမျိုးသမီး (၄)ယောက်အား
"ပဥ္စမမဒမ်ကို ဂင်ဂိုဆောင်ကို ပြန်ခေါ်သွားလိုက်။ လမ်းသွယ်ကနေသွားကြ။ အခြားသူတွေ သူ(မ)ကို မမြင်စေနဲ့။"
မဒမ်ချင်းက ခဏရပ်လိုက်ပြီး မဒမ်တုအား
"တကယ်လို့ ပဥ္စမယောင်းမ ပြဿနာမရှာဘူးဆိုရင်တော့ ချောင်မိလေးနဲ့ ကြာကြာနေလို့ရမှာ။ ဒါပေမဲ့ ထားလိုက်ပါတော့လေ။ ဘာပဲဖြစ်ဖြစ် ချောင်မိကို တွေ့ပြီးပြီပဲ မဟုတ်လား။ စိတ်ချလိုက်ပါတော့။ ပဥ္စမခဲအိုက ချောင်မိလေးကို ကျွန်မဆီမှာ သေသေချာချာအပ်ထားတာ။ ဒါကြောင့် ကျွန်မက ချောင်မိလေးကို သေချာပျိုးထောင်ပြီး ပညာတွေသင်ပေးမှာ။ ကျွန်မမှာ သား(၃)ယောက်ရှိတယ်ဆိုပေမဲ့ ချောင်မိလေးကိုလည်း ကျွန်မ ခွဲခွဲခြားခြား မဆက်ဆံဘူး။ ဒါကြောင့် ဒါတွေအတွက် ဘာမှစိတ်မပူပါနဲ့။"
ထိုစကားများကို ပြောလိုက်ပြီးနောက် အစေခံအမျိုးသမီးများက မဒမ်တုကို ခေါ်သွားလိုက်ကြသည်။ သူတို့နောက်သို့ လိုက်သွားရသည့်တိုင် မဒမ်တု၏အကြည့်များမှာ ချောင်မိထံတွင်သာ ကျန်ရစ်နေခဲ့၏။
'တစ်ခါလောက်လေး မြင်ရရုံနဲ့ ဘယ်လိုလုပ်ပြီးတော့ လုံလောက်မှာလဲ။ ချောင်မိက ငါ့သား။ အခါတစ်ရာ မြင်ရမယ်ဆိုရင်တောင် မလုံလောက်နိုင်တာကို သူတို့က ငါ့ကို တစ်ခါလေးပဲ ပေးတွေ့တာ။'
ထိုသို့ တစ်ကြိမ်ပေးတွေ့လိုက်ခြင်းမှာ မဒမ်တု၏နှလုံးသားကို ယခင်ကထက်ပို၍ နာကျင်သွားစေခဲ့လေသည်။
မဒမ်ချင်း၏လက်ထဲသို့ ပြန်ရောက်လာသောအခါ ဝေ့ချောင်မိက ချက်ချင်းအငိုတိတ်သွား၏။ ထို့ပြင် မဒမ်ချင်းအနားသို့ တိုးကပ်ကာ ပွတ်သပ်နေသေးသည်။ ချောင်မိမှာ မဒမ်ချင်းနှင့်ဆိုလျှင် အမေရင်းနှင့် သားအရင်းကဲ့သို့ အလွန်ရင်းနှီးသည့် အပြုအမူမျိုး ပြုမူတတ်လေ၏။ မဒမ်တုကို ပို၍ဝမ်းနည်းစေသည်မှာ ဝေ့လော်၏လက်ကို ပါးစပ်ထဲထည့်ရာတွင် ချောင်မိထံ၌ မည်သည့်ကြောက်ရွံ့မှုမျှ မရှိခဲ့ခြင်းပင်။ သို့သော် သူ(မ)ပွေ့ချီသည့်အခါတွင်မူ ချောင်မိက သူ(မ)ကို အလွန်ကြောက်ရွံ့ခဲ့လေသည်။ ဝေ့လော်မှာ မဒမ်ချင်း၏နံဘေးတွင် ရပ်နေပြီး မဒမ်တုကို ပြုံး၍ကြည့်နေသည်။ သူ(မ)အပြုံးတွင် လှောင်ပြောင်သရော်မှုနှင့်အတူ သနားစိတ်တို့လည်း ပါဝင်နေသော်ငြား သက်ညှာပေးမည့် အရိပ်အယောင်မျိုးတော့ မပါဝင်ခဲ့ချေ။
မဒမ်တုမှာ သေချင်လောက်သည်အထိ ဝမ်းနည်းနေပြီး ခံပြင်းမှုတို့က သူ(မ)ရင်ထဲတွင် ပြည့်နှက်နေခဲ့သည်။ တွေ့မြင်ပြီးမှ ခွဲခွာရခြင်းထက် မတွေ့ရခြင်းကသာ ပို၍ကောင်းမွန်ခဲ့လေ၏။ ယခုခံစားချက်မှာ သေသွားရသည်ထက်ပင် ပို၍ ဆိုးဝါးနေပေတော့သည်။
——
စတုတ္ထမဒမ်နှင့် တိုက်နယ်မင်းကြီး ဖင်းယွမ်၏ ဇနီးတို့ ဧည့်ခံစံအိမ်ထဲတွင် စကားပြောနေချိန်တွင် ဝေ့လော်နှင့် လျောင်ယူရုန်တို့က အပြင်ဘက်တွင် လမ်းလျှောက်နေကြသည်။ သူတို့နှစ်ယောက်မှာ ဘေးချင်းကပ်၍ ခြံဝင်းဆီသို့ လမ်းလျှောက်ရန် ပြင်ဆင်နေရင်း ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် လျောင်ယူရန်၏စိတ်ထဲတွင် သိချင်စိတ် ဖြစ်မိလေ၏။
'ပဥ္စမမဒမ်က ဘာဖြစ်လို့ သူ(မ)သားကို သူ(မ)ကိုယ်တိုင် မပျိုးထောင်ဘဲ စတုတ္ထမဒမ်ကို ပျိုးထောင်ခိုင်းရတာလဲ။'ထိုမျှသာမက အခြေအနေကို တစ်ချက်မြင်လိုက်ရုံနှင့် ပဥ္စမမဒမ်မှာ ကြေကွဲဝမ်းနည်နေကြောင်း သိသာနေခဲ့သည်။ ယခင်က မြင်ခဲ့ဖူးသည့် ပဥ္စမမဒမ်မှာ စိတ်ထဲတွင် အားနည်းသည့်တိုင် အပြင်ပန်းတွင်တော့ သန်မာသည့်အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့သည်။ သို့သော် အချိန်တိုအတွင်း ယခုကဲ့သို့ ပုံစံမျိုးအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု လျောင်ယူရုန် မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း ၎င်းမှာ ဝေ့လော်၏ မိသားစုကိစ္စဖြစ်သောကြောင့် မေးချင်စိတ်ကို သည်းခံထားလိုက်ပြီး အင်္ကျီလက်ထဲမှ တစ်ခုခုကိုထုတ်ကာ ဝေ့လော်ကို ပေးလိုက်လေသည်။
"အားလော် ဒီမှာကြည့်။ ဒီရနံ့အိတ်လေးကို ငါ့အစ်ကို ဝယ်လာပေးတာလေ။ သူက (၂)ခု ဝယ်လာပေးတာ၊ ဒါလေးက နင့်အတွက်။"
၎င်းမှာ ရွှေရောင်ချည်များနှင့် ပြုလုပ်ထားသော ရနံ့အိတ်လေးပင်။ ထိုရနံ့အိတ်လေး၏ အထဲတွင် ပွင့်ဖတ်အခြောက်များနှင့် အမွှေးနံ့တို့ရှိနေ၏။ ရိုးရှင်းပြီး မသိမသာ ပြေပြေလေးရှိနေသောအနံ့က အလွန်ကောင်းမွန်ခဲ့သည်။ ထို့ကြောင့် လျောင်ယူရုန်က ထိုရနံ့အိတ်လေးကို ဝေ့လော်၏ခါးတွင် ချည်နှောင်ထားပေးလိုက်၏။ ထို့နောက် အနောက်သို့ ခြေနှစ်လှမ်းပြန်ဆုတ်ကာ ဝေ့လော်ကိုကြည့်လိုက်ပြီး ကျေနပ်မှုများစွာဖြင့်
"ကြည့်ကောင်းလိုက်တာ။"
ဝေ့လော်ကလည်း သဘောကျသဖြင့် ပြုံးပြလိုက်ပြီး လျောင်ယူရုန်ကို ကျေးဇူးတင်လိုက်သည်။ သို့သော် လျောင်ယူရုန်က မပြောပလောက်ဟု ဆိုကာ ဝေ့လော်၏လက်ကိုကိုင်၍ ရှေ့သို့လှမ်းဆက်လျှောက်လိုက်လေ၏။
"ငါတို့ မြန်မြန်သွားမှရမယ်။ နောက်ကျနေရင် စားသောက်ပွဲ မမှီဘဲနေလိမ့်မယ်။"
ဝေ့လော်ကလည်း ခေါင်းညိတ်၍ သဘောတူလိုက်ပြီး သူ(မ)အနောက်မှ လိုက်သွားတော့သည်။
ဝရန်တာအပြင်ဘက်တွင် နှင်းပွင့်နှင်းဖတ်လေးများ တစ်ခုချင်း ညင်သာစွာကျဆင်းနေ၏။ နှင်းကျသည့် ပမာဏမှာ မများလှသောကြောင့် မြေပေါ်ကျသည်နှင့် အရည်ပျော်၍ ပျောက်ကွယ်သွားခဲ့သည်။ သူတို့နှစ်ယောက် လမ်းခဏလျှောက်လိုက်ပြီး မကြာခင်တွင် သူတို့ရှေ့မှ ထင်းရှူးပင်၏အောက်တွင် လူတစ်ယောက်ကို တွေ့ရလေ၏။ ထိုသူမှာ နှင်းထက်ပင် ပို၍သန့်ရှင်းကာ အထက်တန်းကျနေခဲ့သော်လည်း သူ့ပုံစံက အထီးကျန်နေသည့်နှယ်။
ထိုအခါ လျောင်ယူရုန်က ရုတ်တရက် ရပ်လိုက်ပြီး ထိုသူရှိရာသို့ လက်ညှိုးထိုးလိုက်လေ၏။
"အားလော်။ ဟိုမှာ နင့်ရဲ့ ဝမ်းကွဲအစ်ကိုကြီးမဟုတ်လား။"
လျောင်ယူရုန် ညွှန်ပြရာသို့ လှမ်းကြည့်လိုက်သည့်အခါ ဝမ်းကွဲအစ်ကိုကြီး ဝေ့ချောင်ယင်ကို မြင်ရလေ၏။ ဝေ့ချောင်ယင်မှာ သစ်ပင်အောက်တွင် တစ်ယောက်တည်းထိုင်နေရင်း အရှေ့ကိုကြည့်နေသည်။ သူ မည်သည့်အကြောင်းအရာကို တွေးနေသည်ကိုတော့ ဝေ့လော်မသိနိုင်ချေ။ သူ့အနားတွင် နှင်းများကျနေရင်း နှင်းစအချို့က သူ့ခေါင်းနှင့် ပခုံးပေါ်တွင် တင်နေကြသည်။ သို့သော် သူက ထိုနှင်းများကို အလျင်စလိုမဖယ်ရှားဘဲ ဖြည်းဖြည်းချင်းသာ ခေါင်းငုံ့လိုက်၏။ ခပ်စောင်းစောင်းမြင်ရသည့် သူ့မျက်နှာအနေအထားမှာ အတော်လေး ကြည့်ကောင်းနေခဲ့သည်။ သူ့မျက်နှာတွင် ပန်းချီကားတစ်ချပ်ကဲ့သို့ အလင်းအမှောင်ပုံရိပ်များ ပါဝင်နေသေး၏။ ထိုမြင်ကွင်းမှာ နှလုံးသားကို နွေးထွေးစေခဲ့ပြီး အမြင်အာရုံအရလည်း ကျေနပ်စရာဖြစ်ခဲ့လေသည်။
"အင်း ဟုတ်တယ်။"
ထိုသို့ပြောလိုက်ပြီးနောက် ဝေ့လော်ပင် တားချိန်မရလိုက်ဘဲ လျောင်ယူရုန်က ဝေ့ချောင်ယင်ထံသို့ ပြေးသွားလေ၏။ သူ့အနားသို့ရောက်သောအခါ "အစ်ကိုကြီး"ဟု အော်ခေါ်လိုက်ပြီး ဆွေးစရာကောင်းသည့် အခိုက်အတန့်ကို ဖျက်ဆီးလိုက်တော့သည်။ ထိုအခါ ဝေ့ချောင်ယင်လည်း အသိစိတ်ပြန်ဝင်လာပြီး သူ(မ)ကို လှည့်ကြည့်လိုက်လေ၏။ သူ့မျက်ခုံးများ ပြေလျော့သွားပြီး သဘောကောင်းလှသည့် အပြုံးတစ်ခုဖြင့် သူက
"ဟင်... ဘာဖြစ်လို့လဲ။"
လျောင်ယူရုန်က ရှက်သွေးဖြာသွားပြီးနောက် သူ့ဆံပင်ကို လက်ညှိုးထိုးပြလိုက်သည်။
"နှင်းတွေ ကျနေလို့လေ။ အစ်ကိုကြီးက ဘာဖြစ်လို့ ဒီမှာထိုင်နေတာလဲ။ အစ်ကို့ခေါင်းပေါ်မှာ နှင်းတွေချည်းပဲ။ ဒီလိုပဲ ဆက်နေနေမယ်ဆိုရင် အအေးမိလိမ့်မယ်နော်။"
ထိုသို့ပြောပြီးနောက် သူ(မ)က ဝေ့ချောင်ယင်၏ ဘီးတပ်ထိုင်ခုံကို သတိထားမိသွားပြီး တစ်ခုခုကို နားလည်သွားသည့် မျက်နှာထားလေး ဖြစ်သွားလေသည်။ ထို့နောက် သူ(မ)က အရှက်ရသွားသည့်ပုံစံဖြင့်
"အစ်ကို့ထိုင်ခုံကို တွန်းပေးမဲ့သူ မရှိလို့လား။ ညီမလေး တွန်းပေးမယ်လေ။ အစ်ကိုလည်း ဧည့်ခန်းထဲကို သွားမှာမဟုတ်လား။ အားလော်နဲ့ ညီမလေးလည်း အဲ့ဒီ့ကိုပဲ သွားမလို့။"
ထိုသို့ပြောလိုက်ပြီးနောက် လျောင်ယူရုန်မှာ ဝေ့ချောင်ယင်၏အနောက်သို့ သွားလိုက်ပြီး သူ(မ)၏ သေးငယ်သောလက်လေးများဖြင့် ထိုင်ခုံကို ကြိုးစားတွန်းပေးလိုက်သော်လည်း ထိုင်ခုံက မရွေ့သွားခဲ့ချေ။ ထိုဘီးတပ်ထိုင်ခုံမှာ အလွန်လေးသောကြောင့် သူ(မ)၏အင်အားနှင့် မရွေ့လျားနိုင်ခြင်းပင်။ ထိုအခါ ဝေ့ချောင်ယင်က မနေနိုင်တော့ဘဲ ရယ်လိုက်မိလေ၏။ သူ(မ)ကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပြီးနောက် အရှေ့သို့ပြန်လာရန် ထပ်ပြောလိုက်ရသည်။
"အစ်ကိုက လူတစ်ယောက်ကို စောင့်နေတာပါ။ မင်းရဲ့ စိတ်ထားကောင်းလေးအတွက် ကျေးဇူးတင်ပါတယ်။ မင်းနာမည် ဘယ်လိုခေါ်လဲ။"
ချောင်ယင်က လက်ကိုလှမ်းကာ သူ(မ)ခေါင်းပေါ်မှ နှင်းစလေးကို ဖယ်ပေးလိုက်၏။ လျောင်ယူရုန်ကလည်း သူ့ကိုကြည့်လိုက်ပြီး
"လျောင်ယူရုန်လို့ ခေါ်ပါတယ်။ ညီမရဲ့ အဖေက တိုက်နယ်မင်းကြီး ဖင်းယွမ်ပါ။"ချောင်ယင် ခေါင်းညိတ်လိုက်ပြီး မလှမ်းမကမ်းတွင်ရှိသော ဝေ့လော်ကို လှမ်းကြည့်ကာ
"မင်းက အားလော်ရဲ့ သူငယ်ချင်းလား။"
လျောင်ယူရုန်က အားတက်သရော ထောက်ခံလိုက်ပြီးနောက် သူ့စကားကို ထပ်ဖြည့်ပြောလိုက်သေးသည်။
"ညီမတို့က ညီအစ်မတွေလိုပါပဲ။"
ဝေ့ချောင်ယင် အနည်းငယ်ပြုံးလိုက်ပြီး ဘာမှဆက်မပြောတော့ချေ။ ဝရန်တာအောက်မှ ဝေ့လော်မှာ သူတို့နှစ်ယောက်ကို လှမ်းကြည့်နေရင်း စိတ်ထဲတွင် ခံစားချက်များရှုပ်ထွေးနေ၏။ သူတို့၏ အနာဂတ်ကို ကြိုသိထားပြီးသား လူတစ်ယောက်ဖြစ်သောကြောင့် သူတို့နှစ်ယောက်ကို ဝေ့လော် မနီးစပ်စေချင်ခဲ့ပေ။ သူတို့နှစ်ယောက်ကို တားသင့်မတားသင့် စဥ်းစားနေချိန်တွင် ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည့်လူတစ်ယောက်ကို ဝေ့လော် ရုတ်တရက်မြင်လိုက်ရ၏။ မည်သည့် အသိပေးချက်မျှမရှိဘဲ ထိုသူက သူ(မ)ရှေ့တွင် ရုတ်တရက်ပေါ်လာခြင်းဖြစ်သည်။ ထိုသူမှာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာစိမ်းလည်းဖြစ်၏။ အစောင့်တစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသည့်တိုင် မြို့စားယင်းအိမ်တော်မှ အစောင့်များနှင့် တူမနေချေ။
ဝေ့လော် ခပ်များများမစဥ်းစားလိုက်ဘဲ ခြေတစ်လှမ်း နောက်ဆုတ်လိုက်၏။ ထိုလူကြီးက သူ(မ)ဆီသို့ လျှောက်လာပြီး စကားတစ်ခွန်းမျှ မပြောဘဲနှင့် သူ(မ)ကိုကောက်ချီလိုက်သည်။ ထို့နောက် ဝေ့လော်၏ပါးစပ်ကို လက်ဖြင့်ပိတ်ကာ အခြားခြံဝင်းတစ်ခု၏ နံရံဆီသို့ ခုန်တက်သွားတော့သည်။ ထိုသို့မထွက်သွားခင် ထိုအစောင့်က ဝေ့ချောင်ယင်ကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သေး၏။ သူတို့နှစ်ယောက် အချင်းချင်း သိနေကြသည်မှာ သေချာနေလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် လျောင်ယူရုန်မှာ မှင်တက်မိသွားလေ၏။
"အားလော်..."
ဝေ့ချောင်ယင်က သူ(မ)၏ခေါင်းကို ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့။ သူ အားလော်ကို ဘာမှထိခိုက်အောင် မလုပ်ပါဘူး။"
အခြားနံရံတစ်ခုကို ကျော်တက်သွားပြီးနောက် ထိုအစောင့်မှာ မြို့စားယင်းအိမ်တော်ထဲမှ ဝါးတောတစ်ခုရှိသည့် ခြံဝင်းတစ်ခုထဲသို့ ရောက်သွားသည်။ ထိုနေရာတွင် လမ်းသွယ်များမှာ မထင်မရှားသာဖြစ်သောကြောင့် လူသွားလူလာနည်းကြောင်း သိသာနေ၏။ ဝေ့လော်လည်း ထိုနေရာသို့ သိပ်မသွားဖူးသောကြောင့် စိတ်ထဲတွင် နေရခက်နေခဲ့သည်။ အစောင့်က သူ(မ)ကိုချပေးသည့်အချိန်တွင် အကူအညီတောင်းရန် အော်ဟစ်မည်ဟု ပြင်ဆင်ထားသော်လည်း မော့ကြည့်လိုက်သောအခါ သူ(မ)ရှေ့တွင် ရင်းနှီးသောလူတစ်ယောက် ထိုင်နေသည်ကို မြင်လိုက်ရ၏။
ကျောင်းကျယ်မှာ ရွှေရောင်နဂါးကြီးပုံစံ ချည်ထိုးထားသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်ခုံပေါ်တွင် အေးဆေးစွာထိုင်နေ၏။ မေးစေ့အောက်တွင် လက်ကိုထောက်ကာ ဝေ့လော်ကို အေးအေးဆေးဆေးကြည့်နေသည်။ သူမျက်လုံးများတွင်လည်း ပြုံးရိပ်များရှိနေ၏။ အစောင့်အား ဝေ့လော်ကို ခေါ်ခိုင်းလိုက်သည်မှာ သေချာပေါက် ကျောင်းကျယ်ပင်။ ဝေ့လော် အနည်းငယ် အံ့အားသင့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။
'ဘာလဲ... ငါက ငါ့အိမ်နဲ့ငါတောင် ပြန်ပေးဆွဲခံနေရပြီလား။ စည်းတွေ ဥပဒေတွေ တစ်ခုမှ မရှိတော့ဘူးလား။ ဒါမှမဟုတ် သူကပဲ စိတ်ကြီးဝင်လွန်းလို့ ဘာကိုမှ ဂရုမစိုက်တာလား။'
ကျောင်းကျယ် အဘယ်ကြောင့် သူ(မ)ကိုကြည့်နေသည်ကို ဝေ့လော် ဂရုမစိုက်ချေ။ သူ(မ)လည်း သတ္တိကိုမွေးကာ ထိုနေရာမှထွက်သွားရန် တစ်ဖက်သို့ လှည့်လိုက်လေ၏။
---
ထိုညနေက အဝေးတစ်နေရာတွင် ကျောင်းကျယ်တစ်ယောက် အကြံဉာဏ်တောင်းစာကို အမည်မသိ ပို့ဆောင်ခဲ့၏။
"ငါ့ကို စိတ်ဆိုးနေတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုချော့ရမလဲ။ ချိုမြိန်တဲ့ စကားလုံးတွေက အလုပ်ဖြစ်လောက်လား။
စာကြွင်း - သူ(မ)က အသက်(၆)နှစ်ပဲ ရှိသေးတယ်။"
*****
Aurora Novel Translation Team