Chapter 20
ဧကရီမိဖုရားချန်၏မွေးနေ့ကို မေလ (၈) ရက်နေ့တွင် ကျင်းပခဲ့သည်။ မကြာသေးခင် နှစ်များက ဧကရာဇ်နှင့် မိဖုရားတို့၏ဆက်ဆံရေးမှာ တဖြည်းဖြည်းဆိုးဝါးလာခဲ့သောကြောင့် တိုးမသာဆုတ်မသာအခြေအနေသို့ ရောက်ခဲ့ရသည်။ သူတို့၏အခြေအနေကိုလည်း လူတိုင်းက အနည်းနှင့်အများ သတိပြုမိလာကြ၏။
ယခုနှစ်တွင် ကျင်းပသော မွေးနေ့စားသောက်ပွဲမှာ ယခင်ပွဲများနှင့်ယှဥ်လျှင် ခံ့ညားထည်ဝါမှုမရှိနေခဲ့ချေ။ မွေးနေ့စားသောက်ပွဲကို တော်ဝင်နန်းတော်ထဲမှ မြစ်၏နံဘေးတွင်ရှိသော ငန်းရိုင်းစံအိမ်တွင် ကျင်းပ၏။ အပြင်အဆင်များကိုလည်း ခမ်းခမ်းနားနား ပြင်ဆင်ထားသည်။ ခေါင်မိုးအနီပေါ်မှ အရောင်လက်နေသည့် အုတ်ချပ်များ၊ ခပ်မြင့်မြင့် တံစက်မြိတ်များပေါ်တွင် ဦးချိုမပါသည့် နဂါးရုပ်တုများကို တန်ဆာဆင်ထားသည်။ အဝေးမှလှမ်းကြည့်သော် ထိုမြင်ကွင်းမှာ ပန်းချီကားထဲမှ နတ်သမီးပုံပြင်ဆန်ဆန် နေရာတစ်ခုကဲ့သို့ စိတ်ကူးယဥ်ဆန်နေ၏။ အနီးကပ်ကြည့်လျှင်လည်း အဆောက်အအုံနှစ်ခုပေါ်တွင်ရှိသော နဂါးနှင့် ဖီးနစ်တို့၏ ရုပ်လုံးကြွပြီး အရောင်စုံလင်သော ပန်းပုလက်ရာကိုမြင်နိုင်သည်။ ဖီးနစ်အပေါ်တွင် နဂါးရုပ်ကိုထားရှိပြီး အကွေ့အကောက်များနှင့် တိမ်များပေါ်တွင် စီးနင်းလာသည့်ပုံစံများကို ဖော်ဆောင်ထားကြသည်။
ထိုအဆောက်အအုံနှစ်ခုတွင် အင်ပါယာ၏ အရာရှိများနှင့် ဝန်ကြီးများကို ဧည့်ခံသည်။ ငန်းရိုင်းစံအိမ်မှ ကလေးများကိုမြင်သော် ဝေ့ကွမ်းက သူ့ကလေးများကို စတုတ္ထမဒမ်ချင်းအား အပ်ခဲ့လိုက်ပြီး
“ဒီတစ်ခေါက်လည်း ကလေးတွေကိုကြည့်ပေးဖို့ စတုတ္ထမရီးကိုပဲ အကူအညီတောင်းရဦးမှာပဲ။ သူတို့ကို မနိုင်တော့ဘူးဆိုရင် အစေခံတစ်ယောက်ကိုခေါ်ပြီး ကြည့်ခိုင်းထားလိုက်ပါ မရီး။”
မဒမ်ချင်းတွင် သား(၃)ယောက်ရှိနေပြီဖြစ်ရာ ဝေ့လော်၊ ဝေ့ကျန်း၊ ဝေ့ချောင်ဟုန်တို့ပါ ရောက်လာပါက သူ(မ)ထိန်းမနိုင်သည့် အရေအတွက်ဖြစ်သွားလေသည်။ မဒမ်တုကိုလည်း ယခင်ကတည်းက ထိုသို့သော ပွဲအခမ်းနားမျိုးသို့ ခေါ်လာလေ့မရှိချေ။ ထို့ပြင် မဒမ်တုမှာ မကြာသေးမီကမှ ပြဿနာရှာထားသူဖြစ်သောကြောင့် သူ(မ)ကိုခေါ်သွားရန် မည်သူကမျှ ဝေ့ကွမ်းကိုနားမချခဲ့ကြပေ။ ထို့ကြောင့် မဒမ်တုမှာ နေအိမ်တွင်သာ ကျန်ရစ်ခဲ့ရသည်။ တော်ဝင်နန်းတော်သို့ရောက်သော် မိခင်မပါဘဲ လိုက်လာရသည့်ဝေ့ကျန်းမှာ အလွန်ငယ်သေးသောကြောင့် မဝံ့မရဲနှင့် ဝေ့ကွမ်းနောက်မှသာလိုက်၍ ယခင်ကထက်ပို၍လည်း တိတ်ဆိတ်နေခဲ့သည်။
မဒမ်ချင်းက ကလေးတစ်စုကို ခေါ်ထားလိုက်ရင်း အပြုံးတစ်ခုဖြင့် စနောက်လိုက်၏။
“အမယ်လေး။ ပဥ္စမခဲအိုက ဘာတွေပြောနေတာလဲ။ ဒီကိစ္စက ထင်သလောက်လည်း မခက်ပါဘူး။ သူတို့ကို ကျွန်မနဲ့ထားခဲ့ပြီး လုပ်စရာရှိတာလုပ်ပါ။”
မြို့စားယင်းအိမ်တော်မှ မိသားစုမှာ ပွဲတော်သို့ စောစီးစွာရောက်ခဲ့ကြသည်။ ထိုအချိန်တွင် အဆောက်အအုံနှစ်ခုရှေ့၌ သစ်သီးများ၊ မုန့်သရေစာများကို သယ်ယူနေသော အစေခံများနှင့် မိန်းမစိုးများမှတစ်ပါး မည်သူမျှမရှိသေးချေ။ မဒမ်ချင်းက အစေခံ(၃)ယောက်ကို ခေါ်လာပြီး ကလေးတစ်ယောက်စီတွင် သူတို့၏အထိန်းတော်များကို ကိုယ်စီထိန်းထားစေခဲ့သည်။ ထို့ကြောင့် မည်သည့်ပြဿနာမျှရှိလိမ့်မည်မဟုတ်ဟု ဝေ့ကွမ်းယုံကြည်ကာ မဒမ်ချင်းကို ခေါင်းညိတ်ပြလိုက်ပြီး မြစ်နံဘေးမှအိမ်တော်ထဲသို့ ဦးတည်သွားလိုက်တော့သည်။
ဝေ့ကွမ်းထွက်သွားသည်ကိုကြည့်ရင်း မဒမ်ချင်းက သက်ပြင်းခပ်ဖွဖွချမိသည်။ မဒမ်တုမှာ ဝေ့ကွမ်းနှင့်လိုက်ဖက်သည့် လက်တွဲဖော်တစ်ယောက် မဟုတ်ချေ။ ဝေ့ကွမ်းအနီးတွင် သူ၏ကလေးများရှိနေသော်လည်း သူ့နှလုံးသားမှာ လူတစ်ယောက်ကိုသာ လွမ်းဆွတ်တမ်းတနေဆဲဖြစ်ပြီး အချိန်တိုင်း အထီးကျန်နေစေခဲ့သည်။ ကျောင်းမြောင်လန်သာ သူ့နံဘေးတွင်ရှိနေဦးမည်ဆိုပါက မဒမ်တုဟူ၍ ရှိလာလိမ့်မည်မဟုတ်ချေ။
သူ(မ) အတွေးများနေရင်း ကလေးများကို အဆောက်အအုံထဲသို့ ဦးဆောင်ခေါ်သွားလိုက်သည်။ ကလေး(၆)ယောက်က တစ်ယောက်တစ်ပေါက် စကားပြောနေကြသောကြောင့် သူ(မ)အနီးတွင် အသက်ဝင်တက်ကြွသော မြင်ကွင်းတစ်ခုဖြစ်ပေါ်နေ၏။ အကြီးဆုံးမဒမ်က နံဘေးမှကြည့်နေရင်း ပြုံး၍
“ကလေးတွေအားလုံးကို ထိန်းနိုင်လို့လား ညီမလေးရဲ့။ မထိန်းနိုင်ရင် အားလော်နဲ့ ချောင်ဟုန်ကို အစ်မကြည့်ပေးလို့ရပါတယ်။”
အကြီးဆုံးမဒမ်တွင် အကြီးဆုံးသခင်လေး ဝေ့ချောင်ယင်ဟူသည့် သားတစ်ယောက်သာရှိ၏။ သူ(မ)တွင် သမီးမရှိသောကြောင့် စံအိမ်မှ သခင်မလေးများကို သူ(မ)အလွန်ချစ်ခင်သည်။ မဒမ်ချင်းက နှုတ်ခမ်းကိုစေ့ကာ ပြုံးပြလိုက်ပြီး သူ(မ)၏ကမ်းလှမ်းမှုကို လက်တွေ့ကျကျငြင်းဆန်လိုက်သည်။
“အားလော်နဲ့ ချောင်ဟုန်ကိုက ညီမပဲထိန်းလာတာဆိုတော့ ဘာပြဿနာမှမရှိပါဘူး။”
ထိုသို့ပြောလိုက်ပြီးနောက် ဝေ့ကျန်းမှာ မဒမ်ချင်း၏လက်ကိုလွှတ်၍ တတိယမဒမ်လျူဆီသို့ ပြေးသွားလေသည်။
“သမီး တတိယအဒေါ်နဲ့ပဲ လိုက်ချင်တယ်။”
ဝေ့ကျန်းက ရုတ်တရက်လှမ်းဆွဲလိုက်သောကြောင့် မဒမ်လျူမှာ လန့်သွားပြီး တစ်ဖက်သို့လှည့်ကြည့်လိုက်သည်။ ထိုအခါမှသာ အဖြစ်အပျက်များကို သူ(မ)နားလည်သွားပြီး မဒမ်ချင်းကိုပြုံးပြကာ ဝေ့ကျန်းကိုခေါ်သွားလေသည်။ မဒမ်လျူမှာ မဒမ်တုနှင့် ရင်းနှီးသောကြောင့် ဝေ့ကျန်းကို ပို၍သံယောဇဥ်ရှိသည်။ ထို့ကြောင့် ဝေ့ကျန်းကလည်း စတုတ္ထမဒမ်ချင်းနှင့် ယှဥ်လျှင် တတိယမဒမ်လျူနှင့် ပို၍ရင်းနှီးလေသည်။
မဒမ်ချင်း အနည်းငယ်ထိတ်လန့်သွားသော်လည်း ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြုံးပြလိုက်ရသည်။ ထို့နောက် ဝေ့ကျန်းလွှတ်သွားသည့် သူ(မ)၏လက်ဖြင့် ချောင်ဟုန်ကို လက်တွဲလိုက်ပြီး ညင်သာစွာဖြင့်
“ကဲ။ အပေါ်တက်ကြစို့။”
ငန်းရိုင်းစံအိမ်တွင် စုစုပေါင်း အထပ်(၃)ထပ်ရှိသည်။ ပထမအထပ်မှာ ရှုခင်းကြည့်ရန်ဖြစ်ပြီး ဘေးပတ်လည်တွင် နံရံဆေးရေးပန်းချီများကို ပြင်ဆင်ထားသည်။ ထောင့်(၄)ထောင့်တိုင်းတွင် ကြွေပန်းအိုးကြီးတစ်လုံးရှိပြီး ၎င်း၏အပေါ်တွင် ငှက်ပုံဆွဲထားသည့် ပန်းချီများရှိသည်။ အရောင်စိုလှသည့် ရတနာ(၈)ပါး ထိုင်ခုံကြီးကို အရှေ့ဘက်တွင်ထားရှိပြီး ထိုထိုင်ခုံပေါ်တွင် ပန်းပုံစံချည်ထိုးထားသည့် ခေါင်းအုံးများလည်း တင်ထားပေးသည်။ ဧကရီမိဖုရားချန် ကြွချီလာပါက ထိုနေရာတွင် ထိုင်မည်ဖြစ်သည်။
ဒုတိယထပ်နှင့် တတိယထပ်တွင်မူ ခရုပုံစံ အဆင်တန်ဆာများဖြင့် အနီရောင် သစ်စေးသုတ်ထားသော စားပွဲများကို အလယ်တွင်စုစည်းထားသည်။ ထိုစားပွဲများပေါ်တွင် မြေပဲ၊ သစ်တော်သီးနှင့် အခြားသစ်သီးများကို အစာပြေစားစရာများအဖြစ် ခင်းကျင်းထားသည်။
မဒမ်ချင်းနောက်မှ လိုက်သွားရင်းနှင့် ဝေ့လော် မိန်းကလေးတစ်ယောက်ကို သတိထားမိသွားသည်။ ထိုမိန်းကလေးမှာ အဝါရောင်ဂါဝန်၏အပေါ်တွင် ခရမ်းရောင် ပိုးသားကုတ်လေးကို ဝတ်ဆင်ထားပြီး မြေပဲခွာခြင်းကို အာရုံစိုက်နေသည်။ သူ(မ)ရှေ့တွင်ရှိသော မြေပဲများကို တစ်ခုချင်းအခွံခွာနေသော်လည်း မြေပဲကိုမစားသေးဘဲ ထိုမြေပဲများဖြင့် ငန်းပုံစံပုံဖော်နေခဲ့သည်။ သူ(မ)သည်လည်း အသက် (၆)နှစ်၊ (၇)နှစ်အရွယ် ဝန်းကျင်သာ ရှိပေလိမ့်ဦးမည်။ မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများနှင့် သူ(မ)ရယ်လိုက်သည့်အခါ ဝိုင်းစက်စက် ပါးနှစ်ဖက်ပေါ်တွင် ပါးချိုင့်လေးနှစ်ဖက်ကိုလည်း မြင်တွေ့ရသည်။
သူ(မ)၏အနီးနားမှ အစေခံတစ်ယောက်က သူ(မ)ကို “ဒုတိယသခင်မလေး”ဟုခေါ်လိုက်သည်ကို ဝေ့လော်ကြားလိုက်သဖြင့် မည်သည့်မိသားစုမှ ဒုတိယသခင်မလေးဖြစ်ကြောင်း ဝေ့လော်စပ်စုချင်နေခဲ့သည်။ ထိုအချိန်တွင် ဝေ့လော်ကိုလှမ်းခေါ်လိုက်သူမှာ လျောင်ယူရုန်ပင်။ လျောင်ယူရုန်က အဖြူရောင် ပိုးသားစကတ်၏အပေါ်တွင် ရွှေချည်ရက်လုပ်ထားသည့် အစိမ်းရောင်ဂျာကင်အတိုလေးကို ဝတ်ဆင်ကာ ဆံပင်ကိုလည်း ခပ်ဝိုင်းဝိုင်းထုံးထားသဖြင့် လှပသိမ်မွေ့နေသည်။ ဝတ်စုံ၏ နူးညံ့သောသဘာဝက သူ(မ)ကို ပို၍ပင် တောက်ပသွားစေခဲ့သည်။ သူ(မ)က ခုံတစ်လုံးပေါ်တွင်ထိုင်နေပြီး ခုံ၏လက်ရန်းတွင်မှီကာ အပြင်ဘက်ကိုကြည့်၍ စိတ်အားထက်သန်စွာဖြင့် လက်ညှိုးထိုးပြနေခဲ့သည်။
“အားလော်။ ဟိုမှာကြည့်။ ဟိုးက မြင်ကွင်းကို မြင်နေရတယ်။”
ဝေ့လော် သူ(မ)ဆီသို့သွားကာ သူ(မ)နံဘေးတွင် ထိုင်လိုက်၏။ ထိုနေရာမှနေ၍ မျက်နှာချင်းဆိုင်ရှိနေသော မြစ်နံဘေးစံအိမ်၏အတွင်းပိုင်းကို မြင်တွေ့ရလေသည်။ မြစ်နံဘေးစံအိမ်တွင် အပြာရောင်လိုက်ကာများကို နေရာတိုင်းတွင် မချထားဘဲ ဖွင့်ထား၏။ အဆောက်အအုံနှစ်ခုမှာ တစ်ခုနှင့်တစ်ခု မဝေးလှသောကြောင့် အတွင်းရှိလူတို့၏ လှုပ်ရှားမှုများကို လှမ်းမြင်ရလေသည်။ လျောင်ယူရုန်မှာ ထိုမြင်ကွင်းကိုသဘောကျနေသောကြောင့် သူ(မ)နှင့် သိကျွမ်းသည့်မိသားစုများကို စတင်ရှာဖွေလိုက်တော့သည်။ ထိုအခါ သူ(မ)၏အဖေ၊ သူ(မ)၏အစ်ကိုနှင့် သူ(မ)သိသော ဦးလေးအချို့ကိုပင် ရှာတွေ့လေ၏။ ထို့နောက် သူ(မ)က ရုတ်တရက် တစ်ဖက်အဆောက်အအုံကို လက်ညှိုးထိုးကာ
“အားလော်။ ဟိုမှာ နင့်ရဲ့အကြီးဆုံးအစ်ကို မဟုတ်လား။”
လျောင်ယူရုန် ညွှန်ပြနေသည့်နေရာကို လှမ်းကြည့်လိုက်သည့်အခါ ကန်နံဘေးတွင်ရှိနေသော သူ(မ)၏ အကြီးဆုံးအစ်ကိုကို တွေ့လိုက်ရသည်။ ဝေ့ချောင်ယင်မှာ ခပ်လှမ်းလှမ်းတစ်နေရာတွင် ဘီးတပ်ကုလားထိုင်ဖြင့် ထိုင်နေသောကြောင့် သူ့မျက်နှာအနေအထားကို သေသေချာချာမတွေ့ရပေ။ သူ့အရှေ့တွင် ကြီးမားသော အင်္ကျီလက်များဖြင့် ချုပ်ထားသည့်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ရပ်နေသည်။ ထိုလူငယ်လေးမှာ ဝေ့လော်တို့ကို ကျောပေးကာ လက်နှစ်ဖက်ကို အနောက်ပစ်ထားသောကြောင့် မည်သူဖြစ်ကြောင်း မသိနိုင်ခဲ့ပေ။
ဝေ့လော်က ခေါင်းညိတ်လိုက်ပြီး စကားပြောတော့မည့်အချိန်တွင် ရုတ်တရက် ရပ်လိုက်သည်။ လက်ရှိတွင် လျောင်ယူရုန်မှာ ဝေ့ချောင်ယင်ကို အကြိမ်အနည်းငယ်သာ တွေ့ဖူးသေးပြီး စာနာစိတ်၊ ဂရုဏာစိတ် ဖြစ်မိကာစပင်ရှိသေးသည်။ ယခင်ဘဝမှ သူတို့နှစ်ယောက်၏ ဝမ်းနည်းကြေကွဲစရာအဆုံးသတ်ကို ပြန်တွေးကြည့်လိုက်ပြီးနောက် ဝေ့လော် မေးကိုထောက်ကာ တွေးဆနေမိသည်။
‘ဒီဘဝမှာ သူတို့ရဲ့ဇာတ်လမ်းကို အစကနေပြောင်းလဲဖို့ ဖြစ်နိုင်ပါ့မလား။’
ယခင်ဘဝတုန်းက လျောင်ယူရုန် အလွန်ကြိုးစားခဲ့သော်လည်း အချည်းအနှီးသာဖြစ်ခဲ့ရသည်။ ယခုတွင်မူ ထိုသို့သောဒုက္ခများကို ခံစားခြင်းထက် အစကတည်းက သူတို့၏ခံစားချက်ရင်းမြစ်များကို ဖြတ်တောက်ထားခြင်းက ပို၍ကောင်းပေလိမ့်မည်။
ဝေ့လော်က လျောင်ယူရန်ကိုဆွဲခေါ်လိုက်ပြီး စားပွဲပေါ်မှ မြေပဲအချို့ကိုယူကာ သူ(မ)ကိုလှမ်းပေးလိုက်သည်။
“အရမ်းဝေးလို့ထင်တယ်။ ငါတော့ သေသေချာချာ မမြင်ရပါဘူး။ ကဲပါ။ ကြည့်မနေနဲ့တော့။ မြေပဲစားရအောင်။”
လျောင်ယူရုန်က ဝေ့လော်ပေးသည့်မြေပဲများကို လက်ခံလိုက်ပြီး အခွံခွာလိုက်ချိန်တွင် တစ်နေရာရာမှ ခပ်စိမ်းစိမ်းအကြည့်များဖြင့် လှမ်းကြည့်နေသည်ကို ခံစားမိလိုက်သည်။ ခေါင်းထောင်ကြည့်လိုက်သည့်အခါ စားပွဲ၏အခြားတစ်ဖက်တွင် သူတို့ကိုစိုက်ကြည့်နေသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရ၏။ သူ(မ)လည်း တွေဝေသွားသောကြောင့် မျက်တောင်ဖြည်းဖြည်းခတ်လိုက်ပြီး ကောင်းမွန်စွာခွာထားသော မြေပဲများကိုလှမ်းပေးလိုက်သည်။
“မြေပဲစားပါဦး။”
ထိုမိန်းကလေးက မြေပဲစားချင်နေခြင်းမဟုတ်ချေ။ သူ(မ) မြေပဲနှင့်ပုံဖော်နေသည့် ငန်းရိုင်းစံအိမ်ပုံ မပြီးသေးသောကြောင့် လှမ်းကြည့်နေခြင်းဖြစ်သည်။ အစောပိုင်းတုန်းက ဝေ့လော်မှာ ပန်းကန်ထဲမှမြေပဲများကို လှမ်းယူသွားသဖြင့် သူ(မ)၏စံအိမ်ပုံဖော်ရန်အတွက် မြေပဲမလောက်တော့ချေ။ သူ(မ)က ရှေ့တွင်ရှိနေသာ မြေပဲများနှင့် နေ့တစ်ဝက်လောက် အချိန်ယူကာ သူ(မ)ဖန်တီးထားသည့်လက်ရာတို့ကို တွန်းထုတ်ပြီး ထိုနေရာမှ ချက်ချင်းထွက်သွားလိုက်သည်။ ထို့နောက် နှုတ်ခမ်းစူ၍ သူ(မ)က
“မဆွဲတော့ဘူး။ ဘာပုံမှ မဆွဲတော့ဘူး။”
ထိုမိန်းကလေးမှာ မြို့စားကျန်းအိမ်တော်မှ ဒုတိယသခင်မလေး ကောင်းချင်းယန်ဖြစ်လေ၏။ သူ(မ)သည်လည်း ဝေ့လော်နှင့် လျောင်ယူရုန်တို့နှင့် သက်တူရွယ်တူ (၆)နှစ်ကလေးတစ်ယောက် ဖြစ်သည်။ မြို့စားကျန်း၏ ဇနီးမှာ ဧကရီမိဖုရားချန်၏ ညီမဖြစ်၏။ သူ(မ)တွင် သားတစ်ယောက်မျှမရှိဘဲ သမီးနှစ်ယောက်ကိုသာ ဖွားမြင်ခဲ့သည်။ သို့သော် မြို့စားကျန်း၏ဇနီးက ဧကရီမိဖုရားနှင့် မိခင်ဘက်မှသာ ဆွေမျိုးတော်စပ်သောကြောင့် ရာထူးနေရာများတွင် ပြဿနာမရှိခဲ့ချေ။ ထိုနှစ်များစွာထိတိုင် မြို့စားကျန်းက ကိုယ်လုပ်တော်တစ်ဦးကိုသာ လက်ခံပြီး ကိုယ်လုပ်တော်က သားတစ်ယောက်ကိုမွေးဖွားပေးနိုင်လျှင်ပင် ထိုကလေးကို သူ(မ)၏အမည်အောက်တွင်သာ ကြီးပြင်းခွင့်ပေးမည်ဖြစ်သည်။ မြို့စားကျန်း၏ ဇနီးမှာ သူ(မ)၏သမီးနှစ်ယောက်ကို အလွန်ချစ်ခင်၏။ ကောင်းချင်းယန်အပြင် သမီးအကြီးဖြစ်သူ ကောင်းသန်းယန်လည်းရှိသေးသည်။ ကောင်းသန်းယန်မှာ ယခုနှစ်တွင် အသက်(၁၄)နှစ်ပြည့်မည်ဖြစ်ပြီး အလွန်ချစ်စရာကောင်းကာ အဆင့်တန်းမြင့်သည့်အလှမျိုးပိုင်ဆိုင်ထားသည်ဟု လူအများကဆိုကြသည်။
ယခုတွင် ကောင်းချင်းယန်ဒေါသထွက်နေသောအခါ လျောင်ယူရုန်က အခြားသူများကဲ့သို့ ထိတ်လန့်သွားခြင်းမရှိဘဲ သိချင်စိတ်များဖြင့် မေးလိုက်သည်။
“ဒီမြေပဲတွေ ယူဦးမလား။”
ကောင်းချင်းယန်က
“မလိုချင်တော့ဘူး။”
လျောင်ယူရုန်က လက်ကိုင်ပဝါတစ်ခုဖြင့် မြေပဲများကိုထုပ်နေသည်ကို မြင်သော် သူ(မ)စားချင်သဖြင့် ထုပ်ယူသွားသည်ဟု ကောင်းချင်းယန်က ထင်လိုက်သည်။ ထို့ကြောင့် သရော်သည့်စကားအချို့ကို ပြောလိုက်ရန်ပြင်ဆင်နေချိန်တွင် လျောင်ယူရုန်က
“အားလော်။ အနောက်ကကြောင်လေးတွေကို ဒီမြေပဲတွေ သွားကျွေးရအောင်။ ခုနတုန်းက လမ်းမှာ ကြောင်လေးတွေအများကြီးတွေ့ခဲ့တယ်။ ဒီအဆောက်အအုံရဲ့ အနောက်မှာပဲ။ ကြောင်လေးတွေက အရမ်းကိုချစ်စရာကောင်းတာ။”
ဧကရီမိဖုရားမှာ မည်သည့်အချိန်မှ ကြွချီလာမည်ကိုမသိပေ။ ထို့ပြင် အပေါ်ထပ်တွင်လည်း လုပ်စရာမရှိသောကြောင့် ဝေ့လော်က လျောင်ယူရုန်၏အဆိုကို ထောက်ခံလိုက်ပြီး အနီးနားမှ မဒမ်ချင်းကို ခွင့်တောင်းလိုက်သည်။
“စတုတ္တအဒေါ်၊ အားလော် အောက်မှာ ခဏလောက်သွားဆော့လို့ ရမလား။”
မဒမ်ချင်းက တိုက်နယ်မင်းကြီး တင်းလျဉ်အိမ်တော်မှ လူများနှင့် စကားပြောနေသည်။ ဝေ့လော်၏မေးခွန်းကိုကြားသော် သူ(မ)က အနည်းငယ်တုံ့ဆိုင်းသွားခဲ့သော်လည်း အားလော်၏ မျှော်လင့်ချက်မျက်နှာလေးကို ဥပေက္ခာမပြုနိုင်ခဲ့ချေ။ ထို့ပြင် အခြားသူများကလည်း သူတို့၏ကလေးများကို အောက်ထပ်တွင် ကစားခွင့်ပြုထားသောကြောင့် သူ(မ)လည်း သဘောတူလိုက်တော့သည်။ သို့သော် သူ(မ)စိတ်ထဲတွင် သိပ်စိတ်မချသောကြောင့် အစေခံနှစ်ယောက်ကိုပါ ကလေးများနှင့်ထည့်ပေးလိုက်ပြီး အားလော်ကို
“အဝေးကြီးလျှောက်မသွားနဲ့နော်။ ပြီးတော့ အကြာကြီးလည်း မသွားနဲ့။ မြန်မြန်ပြန်လာနော် အားလော်။”
ဝေ့လော်က “ဟုတ်ကဲ့”ဟုပြောရင်း ပါးချိုင့်လေးနှစ်ဖက်ပေါ်သည်အထိ ပြုံးပြလိုက်တော့သည်။
ကျန်နေခဲ့သည့် ကောင်းချင်းယန်မှာ မည်သည့်စကားတစ်ခွန်းမျှမပြောဘဲ သူတို့ထွက်သွားသည်ကို စိတ်တိုစွာဖြင့် စိုက်ကြည့်နေခဲ့သည်။ စားပွဲပေါ်တွင်ကျန်နေသည့် မြေပဲများကိုလှမ်းယူကာ သူတို့ကိုပစ်ပေါက်တော့မည့်အချိန်တွင် တစ်ယောက်ယောက်က သူ(မ)ကိုတားလိုက်သည်။ ချောင်ဟုန်၏မျက်နှာလေးမှာ လေးနက်တည်ငြိမ်နေ၏။ ရှည်လျားသောမျက်တောင်များ ဝန်းရံထားသည့် မျက်ဝန်းနက်တစ်စုံက သူ(မ)ကိုကြည့်ကာ သူ(မ)လက်ကိုလှမ်းတားလိုက်ရင်း
“မရဘူး။”
ကျောင်းချင်းယန် ယခင်က သူ့ကိုမမြင်ဖူးသောကြောင့် အလိုအလျောက်မေးလိုက်မိသည်။
“ဘာကိုမရတာလဲ။”
ချောင်ဟုန်မှာ စကားနည်းသူဖြစ်သောကြောင့် စကားထပ်မပြောတော့ချေ။ သို့သော် သူက ကောင်းချင်းယန်၏ လက်ချောင်းများကို ထိုးဖွင့်ကာ သူ(မ)ဆုပ်ကိုင်ထားသည့် မြေပဲများကိုယူလိုက်ပြီး စားပွဲပေါ်သို့ချလိုက်သည်။ ထို့နောက် သူ(မ)ကို တစ်ချက်ပင်ပြန်မကြည့်ဘဲ ဝေ့လော်တို့နောက်သို့ လိုက်သွားလေတော့သည်။
ကောင်းချင်းယန်က သူ့ကိုလှမ်းကြည့်ရင်း မှင်တက်မိနေခဲ့သည်။
‘အေးပေါ့။ သူတို့က ကလေးတွေပဲ။’
*
အောက်ထပ်သို့ဆင်းကာ ကျောက်ခင်းလမ်းတစ်လျှောက် ဝေ့လော်က လျောင်ယူရုန်နောက်မှ လိုက်သွားသည်။ သူတို့နှင့် မလှမ်းမကမ်းတွင် အနီရောင် ငှက်ပျောပန်းပွင့်များအောက်၌ ကြောင်ဖြူလေးများ ရှိနေ၏။ ကြောင်လေးများမှာ အလွန်သေးငယ်နေရာ လသားအရွယ်သာ ရှိလိမ့်ဦးမည်။ စိမ်းလန်းနေသည့် မြက်ခင်းပေါ်တွင် သူတို့ပျော်ရွှင်နေကြ၏။ အနီးနားတွင် နန်းတော်မှအစေခံများလည်း မရှိသောကြောင့် ထိုကြောင်လေးများကို မည်သူမျှဂရုမစိုက်ကြချေ။ လျောင်ယူရုန်က ကြောင်လေးများရှေ့တွင် ထိုင်ချလိုက်ပြီး ကြောင်လေးများကို ပွတ်သပ်လိုက်တော့သည်။
“အားလော်။ ဒီကြောင်လေးတွေက လှလိုက်တာ။ အမွေးတွေကလည်း ဖြူဖွေးပြီး နူးညံ့နေတာပဲ။ လာကြည့်ပါလား။”
ဝေ့လော်က ကြောင်လေးများကို စိတ်မဝင်စားချေ။ အဆောက်အအုံထဲတွင် ရှိနေရသည်မှာ အလွန်ပျင်းစရာကောင်းသောကြောင့်သာ အပြင်ထွက်လာခြင်းဖြစ်သည်။ လျောင်ယူရုန်က လှမ်းခေါ်သည့်အခါ သူ(မ) တစ်ခဏတုံ့ဆိုင်းနေပြီးမှ ကြောင်လေးများဆီသို့ ချဥ်းကပ်လာတော့သည်။ ထိုကြောင်လေး (၃)ကောင်မှာ အမှန်တကယ် ချစ်စရာကောင်း၏။ မျက်လုံးပြာလေးများနှင့် တစ်ကိုယ်လုံးဖြူဖွေးနေသောကြောင့် အလွန်လည်းလှပေသည်။ အားလော် သူတို့ကိုကြည့်နေသည်ကို သိသည့်အခါ သူတို့ကလည်း သူ(မ)ကို စိတ်ဝင်စားစရာ ပြန်ကြည့်ကြသည်။ ထိုမျက်လုံးလေးများမှာ အလွန်အပြစ်ကင်းစင်၏။ အချိန်ကြာကြာငေးကြည့်ပါက လူတို့ကို ဆွဲဆောင်နိုင်လိမ့်မည်ပင်။
ဝေ့လော် ကြောင်လေးများကို စိတ်ဝင်စားသည်မှာ ယခုမှ ပထမဆုံးအကြိမ်ဖြစ်၏။ လက်တစ်ဖက်ကို ရှေ့သို့လှမ်းလိုက်ပြီး ကြောင်နားရွက်လေးကို ထိလိုက်ချိန်တွင် မထင်မှတ်ထားဘဲနှင့် ထိုကြောင်လေးက အားလော်၏လက်ကို လှမ်းကုတ်လိုက်လေသည်။ ဝေ့လော်လည်း လန့်သွားပြီး ချက်ချင်းမတ်တတ်ရပ်ကာ ထိုကြောင်လေးကို ပစ်ထုတ်လိုက်ချင်ခဲ့သည်။ သို့သော် ထိုကြောင်လေးများမှာ နန်းတော်အနီးတွင် ရှိနေပြီး အသွေးအမွေးပြောင်ယောင်နေသောကြောင့် ပိုင်ရှင်ရှိနေမည်ဟု သူ(မ)ယူဆလိုက်သည်။ နန်းတော်မှ ဧကရာဇ်ကိုယ်လုပ်တော် သို့မဟုတ် မင်းသမီးတစ်ပါးက မွေးထားခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် ကြောင်လေးများကို ပစ်ချလိုက်ပါက ပြဿနာဖြစ်လာနိုင်သည်။ မည်သို့မျှ မတတ်နိုင်တော့သဖြင့် ဝေ့လော်က ထိုကြောင်လေးကို မူလနေရာတွင်ပြန်ချထားလိုက်သော်လည်း ကြောင်လေးက သူ(မ)အနားတွင် ကပ်နေခဲ့ပြီး အလွှတ်မပေးဘဲ ဝေ့လော်၏လက်ကို လျှာနှင့်လျက်လိုက်သေးသည်။
‘သူ(မ)က အရသာလည်းမရှိဘူး။’
ဝေ့လော်က လျောင်ယူရုန်ကိုခေါ်လိုက်ပြီး
“ဟေး။ ကြောင်ကိုဖယ်ပေးဦး။”
ဝေ့လော်၏လက်တစ်ဖက်လုံး ကြက်သီးထသွား၏။ သူ(မ)ကိုယ်တိုင်ကလည်း ထိုသို့ အမွေးပါသည့်တိရစ္ဆာန်မျိုးကို မနှစ်သက်ချေ။ သူ(မ)ကိုလှမ်းကြည့်ရင်း လျောင်ယူရုန်က ရယ်လိုက်လေသည်။ သူ(မ)က မကူညီရုံမက ဝေ့လော်၏ပုံစံကိုကြည့်ကာ သဘောကျနေခဲ့သည်။ ဝေ့လော်က ချောင်ဟုန်ကို အကူအညီတောင်းသော်လည်း ချောင်ဟုန်ရောက်ပြီး တစ်ခဏကြာသော် ဝေ့ကွမ်း၏လူများကို သူ့ကိုအခေါ်လွှတ်လိုက်သဖြင့် ပါသွားတော့သည်။ ဝေ့လော် မည်သည်ကိုမျှမတတ်နိုင်တော့ဘဲ ကြောင်က လျှာနှင့်လျက်သည်ကိုသာ ခံနေရသည်။ ၎င်းမှာ အလွန်ကူကယ်ရာမဲ့သည့် ခံစားချက်မျိုးပင်။
တဖြည်းဖြည်းနှင့် ဝေ့လော်မျက်လုံးများနီရဲလာသည်ကို တွေ့သည့်အခါ လျောင်ယူရုန်က ရယ်မနေတော့ဘဲ သူ(မ)ကိုကူညီရန် ပြင်ဆင်လိုက်သည်။ သူ(မ)ထလိုက်သည့်အချိန်တွင် အရှေ့ဘက်မှ ရှင်းလင်းပြတ်သားသည့် မိန်းကလေးအသံတစ်ခုကို ကြားလိုက်ရသည်။
“နင်တို့နှစ်ယောက်က ဘယ်သူတွေလဲ။ ဘာလို့ ဒီနားမှာ ရှိနေတာလဲ။”
လျောင်ယူရုန် မော့ကြည့်လိုက်သည့်အခါ ငှက်ပျောပန်း၏အနာက်ဘက် မလှမ်းမကမ်းတွင် ချယ်ရီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ(မ)က ဝေ့လော်၏လက်ပေါ်မှ ကြောင်ဖြူလေးကို လှမ်းကြည့်နေ၏။ အသက်အရွယ်အားဖြင့် (၁၃)နှစ်၊ (၁၄)နှစ်ဝန်းကျင်တွင် ရှိနေပြီး အနက်ရောင်ဆံပင်၊ ဖြူဖွေးသောအသားအရေနှင့် အလွန်နူးညံ့လှပသည့် ပုံစံမျိုးဖြစ်သည်။
“ညီမတို့က...”
ထိုမိန်းကလေးမှာ ကြောင်ပိုင်ရှင်ဖြစ်နိုင်ကြောင်း တွေးကြည့်လိုက်ပြီးနောက် လျောင်ယူရုန်က အဖြေတစ်ခုကိုပြန်ဖြေရန် ပြင်ဆင်လိုက်ချိန်တွင် ထိုမိန်းကလေးက ဝေ့လော်အနားသို့ရောက်လာပြီး ဝေ့လော်၏လက်ပေါ်မှ ကြောင်လေးကို ပြန်ခေါ်သွားခဲ့သည်။ ထို့နောက် သူ(မ)က
“ဒီကြောင်က နင်တို့ကြောင်မဟုတ်ဘူး။ လျှောက်မကိုင်နဲ့။”
သူ(မ)က တစ်ဖက်သို့လှည့်လိုက်ပြီး မကျေမနပ်လေသံဖြင့်
“ဝမ်းကွဲအစ်ကိုကျင်း။ ကြောင်တွေကို ဘာလို့ ဒီလိုနေရာမှာထားထားရတာလဲ။ ညီမပေးထားတဲ့ကြောင်လေးတွေကို နည်းနည်းလေးတောင် ဂရုမစိုက်တာလား။”
သူ(မ)နှင့် ခပ်လှမ်းလှမ်းတွင် တိမ်ပုံစံ အပြာရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် ကျောင်းကျယ်ရှိနေ၏။ ကျောင်းကျယ်က သူ(မ)၏စကားလုံးများကို စိတ်မဝင်စားဘဲ သူ(မ)နံဘေးတွင် ရပ်နေသည့် မျက်မှောင်ကြုတ်ထားသောဝေ့လော်ကိုသာ လှမ်းကြည့်နေခဲ့သည်။
*****
Aurora Novel Translation Team
Report content on this page